ကိုသန်းလွင် အတွေးအမြင်

ကိုသန်းလွင် – ဂါစီယာထံပေးသော စာတစောင်

ကိုသန်းလွင် – ဂါစီယာထံပေးသော စာတစောင်
(မိုးမခ) ဧပြီ ၇၊ ၂၀၁၅

(၁)

အမေရိကန်က စပိန်ကို ၁၈၉၈ ဧပြီလ ၂၅ နေ့တွင်စစ်ကြေညာသည်၊ ထိုစစ်ပွဲကာလအတွင်းက ဖြစ်ပါသည်။  ကျူးဘားနိုင်ငံ တောထဲတောင်ထဲတွင် စပိန်အစိုးရကို တော်လှန်နေသူ ဗိုလ်ချုပ် ဂါစီယာရှိသည်။ အမေရိကန် သမ္မတကြီးအဖို့  ဂါစီယာထံ ရောက်အောင် စာတစ်စောင်ပို့ရမည်။ ထိုခေတ်က တယ်လီဂရပ်ဆိုတာ မရှိသေး စာတိုက်ကစာပို့၍လည်းမရ၊ အမေရိကန်တို့အဖို့ ဂါစီယာ၏ ပူးပေါင်းပါဝင်မှုမှာ သေရေး ရှင်ရေး အရေးကြီး နေသည်။

သမ္မတ၏ အကြံပေးပုဂ္ဂိုလ်များက ရိုဝန် (Rowen)ဆိုသူကိုခိုင်းပါ။ စာကတော့ရောက်သွားမှာဘဲဟုပြောကြသည်။   သမ္မတကြီးက လက်ဖတင်နင် ရိုဝန် ကိုခေါ်ပြီးတွေ့ရလေသည်။ ရိုဝန်သည် သမ္မတထံမှ စာကိုယူသည်။ ဆီစိမ်စက္ကူ နှင့် ရစ်ပတ်ပြီးရင်အုပ်မကွာ သိမ်းဆည်းသည်။ လေးရက်နှင့် လေးည ကြာသော် လှေတစ်စီးဖြင့် ကျူးဘားကမ်းခြေသို့  ကပ်မိသည်။  တောအထပ်ထပ်၊  တောင်အသွယ်သွယ်ကိုခြေလျင်ဖြတ်ကာ ၁၈၉၈ခု မေလ ၁ရက်နေ့တွင် ဂါစီယာ ထံအရောက် စာကိုပို့ ပေးလေသည်။

(၂)

ကျွန်တော်ပြောလိုသည်မှာ သူပုန်ခေါင်းဆောင် ဗိုလ်ချုပ်ဂါစီယာ ထံ သမ္မတ မက်ကင်းလီ (Mc Kinley) ကရေးလိုက် သော စာရောက်သွားသည်ဆိုခြင်းပင်  “ဂါစီယာက ဘယ်မှာလဲဟင်” ဟုသမ္မတကြီးကို သူမမေးခဲ့ပါ။ သူ့ အလုပ် က ဗိုလ်ချုပ်ဂါစီယာ ထံ စာကို အရောက် ပို့ပေးရန်သာ ဖြစ်ပါသည်။  မိမိ၏တာဝန်ကို သိသည်၊ သစ္စာရှိသည်၊ ချက်ခြင်း ဆောင်ရွက်သည်။  မိမိကိုယ်စွမ်းအားရှိသမျှ ဥာဏ်စွမ်းရှိသမျှ အားတက်သရော လုပ်ဆောင်ခဲ့သည်၊ သမိုင်းတွင် ဗိုလ်ချုပ်ဂါစီယာက ရိုဝန်နှင့်အတူ ကျူဘားအရာရှိတွေ မြေပုံတွေ၊ သတင်းတွေ ပြန်ပို့ပေး လိုက်သည်ဟု ရေးကြသည်၊

စစ်ကြီးပြီးသော် ရိုဝန် ကိုလူတွေက၀ိုင်းပြီးချီးကြူးကြသည်၊ ညဥ့်ဦးယံတွင် ကောင်းကင်ထိပ်၌ ရောက်နေသော အင်္ဂါဂြိုလ်ကဲ့ သို့ သူ့ဂုဏ်သတင်းမှာ ထွန်းလင်းတောက်ပနေသည်ဟုဆိုကြသည်၊

ဂျင်နရယ်ဂါစီယာ ( General Calixo Gacia) မှာကွယ်လွန်သွားခဲ့ပါပြီ။ သို့သော် ဤလောကကြီး၌ တခြားဂါစီယာတွေ မြောက်များစွာရှိပါ သေးသည်။

ကျွန်တော်တို့သည် အလုပ်ခွင်တွေထဲမှာပေါင်းသင်းဆက်ဆံရေးခက်ခဲသူ၊ မိုက်မိုက်မဲမဲ ပြုမူနေထိုင်သူ၊ တာဝန်ပေါ့သူ အလုပ်ကို ဂရုမစိုက်သူ၊ အလုပ်အပေါ်မှာသစ္စာမရှိသူ၊ တဝက်တပျက်သာ တာဝန်ယူတတ်သူ လူအမျိုးမျိုးကို တွေ့ကြုံ ရတတ် ကြပါသည်။  ပေးအပ်လိုက်သောတာဝန်ကိုကျေပွန်စေရမည်၊  By hook or by crook  မရမနေ ဖြစ်အောင် လုပ်မည်။ လာဘ်ထိုးမှ ရမည်ဆိုလျင် လာဘ်ထိုးရမည်။ မအိပ်မနေလုပ်ရမည်ဆိုလျင်လည်း အိပ်ရေး ပျက်ခံရမည်၊ အရိုးကြေကြေ အရေခမ်းခမ်း စိတ်ဓာတ်ရှိသူတွေမှာ ရှာမှရှားပါသည်။

စာရှုသူသည်  အလုပ်ရှင်တယောက်ဆိုပါစို့၊  သင့်တွင် ခိုင်းစရာလူတွေရှိသည် ဆိုပါစို့၊ သူတို့ကိုခေါ်ပြီး စနေမင်း အကြောင်း သိလိုပါသဖြင့် စွယ်စုံကျမ်းထဲကရှာပြီး သူ့အကြောင်း စာတမျက်နှာလောက် ရေးခဲ့ပါဟုခိုင်းကြည့်ပါ။

စနေမင်းဆိုတာ ဘယ်သူလဲ၊

စွယ်စုံကျမ်းက ဘယ်မှာလဲ၊

ဘယ် စွယ်စုံကျမ်းလ၊ဲ

ကျွန်တော့်တာဝန်ထဲမှာ ဒါတွေပါသလား၊

တနင်္ဂနွေမင်းဆိုရင်တော့ သိမယ်ထင်တယ်၊

ဟိုအသစ်ခန့်ထားတဲ့ စာရေးမလေးကိုခိုင်းလိုက်ပါလား၊

စနေမင်း ဆိုတာရှိသေးလို့လား၊

အမြန် လိုနေတာလား၊

စွယ်စုံကျမ်း ယူခဲ့မယ်လေ၊ ဖြစ်မလား၊

စနေမင်း အကြောင်းဘာတွေသိချင်တာလဲ၊

ဆိုသောအူကြောင်ကြောင် မေးခွန်းတွေကိုမလွဲမသွေကြားရပါလိမ့်မည်။ သင့်တွင် အချိန်မရှိ၍၎င်း၊ ပြောမဖြစ်၍၎င်း၊ ညွှန်ကြားချက်ကိုစကားလုံးနည်းနည်း၊ အချိန်တိုတိုအတွင်းပြောရတာတွေရှိပါလိမ့်မည်။ သင်လိုချင်သည် မှာအချိန် တိုတို အတွင်း စနေမင်း အကြောင်းဖော်ပြချက် စာတစ်မျက်နှာသာဖြစ်သည်။

သင့်ကို ပြန်မပြောရဲ၍ ထွက်သွားလျင်လည်းသူသည် သူက ခိုင်းရသူတစ်ယောက်ကို ခိုင်း၍ သင်ကမေးလျင် ခိုင်းထားပါသည်ဟု ဖြေလိုကဖြေမည်။ ကျွန်မ ရှာနေတုံးပါဟု ပြောလိုကပြောမည်၊ သို့မဟုတ် စနေမင်းဆိုတာ စွယ်စုံကျမ်းထဲမှာ မရှိ ပါဘူးပြောလိုကပြောမည်။

သင်သည်အမြော်အမြင်ရှိသူဖြစ်ပါက စနေမင်းဆိုသည်မှာ ပုဂံခေတ်ကမင်းမဟုတ်ကြောင်း၊ ညောင်ရမ်းခေတ်ကမင်းတစ်ပါး ဖြစ်ကြောင်း ရှင်းပြနေတော့မည် မဟုတ်ပါ။ ချိုသာစွာပြုံးပြီး “ရှိပါစေတော့ဗျာ”ဟု ပြောကောင်းပြောမိပါလိမ့်မည်။

ဟုတ်ကဲ့ရေးခဲ့ပါမယ်ဆိုပြီး စာတမျက်နှာကို နာရီပိုင်းအတွင်း ရေးလာမည့်လူရှိလျင် သင်သည် အလွန်ကံကောင်းသော အလုပ်ရှင်တယောက်ဖြစ်ပါလိမ့်မည်၊ ထိုအလုပ်သမားကို ကြာရှည်ထိမ်းထားနိုင်ဘို့ကိုသာကြိုးစားပါ၊ သူ့လိုအပ်ချက် တွေ ကို သိအောင်ကျိုးစားပြီးဖြည့်စည်းပေးပါလေ၊

မိမိဖါသာ တာဝန်ယူ မဆောင်ရွက်နိုင်ခြင်း၊ အသက်အရွယ်ကြောင့် ခွန်အားမစိုက်ထုတ်နိုင်ခြင်း၊  တာဝန်ကို ဝမ်းမြောက် ဝမ်းသာလက်ခံ မဆောင်ရွက်တတ်ခြင်းတို့ကြောင့် ကျွန်တော်တို့လိုရာပန်းတိုင်ကိုမရောက် နိုင်ကြခြင်း လည်းဖြစ်ပါ သည်။ လူတို့သည် မိမိအတွက် မဆောင်ရွက်ဘူးဆိုလျင် အများကောင်းကျိုး၊ ပရဟိတအကျိုးအတွက် ဘယ်လို လုပ်ဆောင်ကြပါမည်နည်း။

လက်ရေးတိုစာရေးမ၊ အတွင်းရေးမှူးမတစ်ယောက်ကိုအင်တာဗျူးခေါ်ကြည့်ပါ၊ သတ်ပုံသတ်ညွှန်းမှန်ကန်မှု၊ စာတပိုဒ် ကိုအဓိပ္ပါယ်ပေါ်အောင် ရေးနိုင် မရေးနိုင် စစ်ဆေးကြည့်ပါ။ ယနေ့ခေတ်တွင် သတ်ပုံသတ်ညွှန်းကို အရေးထား ရကောင်းမှန်း သိသူတွေ အတော်နည်းသွားပါပြီ၊ ထိုအတွင်းရေးမှူး ကိုဂါစီယာထံ စာတစ်စောင် ရေးခိုင်း၍ ရပါမည် လား။

ကျွန်တော်တွေ့ဘူးသော ဒရိုက်ဘာတစ်ယောက်မှာ ခိုင်းလိုက်တာကို လုပ်ကောင်းလုပ်မည်၊ သို့ပေမဲ့ အလုပ်ပြီးလျင် ဈေးဆိုင်တွေ၊ လ္ဘက်ရည်ဆိုင်တွေဘက်ကို သဝေထိုးသွားမည်။ တစ်ခါတရံ မိမိကိုယ်ရေးကိုယ်တာ အတွက် လည်ပတ် စရာတွေ လည်ပတ်နေရင်းခိုင်းလိုက်သည့် ကိစ္စကိုလုံးဝမေ့လျော့သွားတတ်သည်။ ထိုလူမျိုးကိုဂါစီယာထံစာ ပေးခိုင်း၍ ဖြစ်နိုင်မည်မထင်။

အလုပ်ရှင်ကတစ်ဖက်သို့ လှည့်လိုက်သည်နှင့် တပြိုင်နက်အလုပ်ရှင်ကို အပုတ်ချတာတွေ၊ အမနာပ ပြောဆိုတတ်တာတွေ၊  အလုပ်အခြေအနေကို  ငြီးငြူကြတာတွေ မှာ တွေ့နေကျလုပ်သားတို့၏ အမူအကျင့်များ ဖြစ်ပါသည်။

လူတစ်ယောက်အတွက် အလုပ်လုပ်သည်ဆိုလျှင် သူ့အပေါ်မှာ သစ္စာရှိပါ။ သူကသင့်မိသားစုစားသောက်ရေး  လစာ တွေပေးနေသည်ဆိုလျှင် သူ့အကြောင်းကို အကောင်းပြောပါ၊ သူ့အတွက် အားသွန်ခွန်စိုက် စိတ်ပါလက်ပါ လုပ်ပါ။ သူ့ အတွက် တဝက်တပျက်လုပ်သည်ဆိုတာမရှိ၊ လုံးဝဥဿုံ ၁ဝဝရာခိုင်နှုန်းသူ့အတွက်လုပ်ပါ။ မလုပ်ဖူးဆိုလျှင် ရှိစေ အလုပ်လုပ်ပြီဆိုလျှင် သင့်ဘဝတစ်ခုလုံးကို နှစ်၍လုပ်ရပါလိမ့်မည်။ သင်ဘယ်မျှ ပညာတတ်ကျွမ်း၊ အပေါင်းအသင်း ဝင်ဆန့်ပါစေ၊ သင်၏သစ္စာရှိမှုက အလုပ်ရှင်အတွက် ပို၍ အရေးကြီးသည်။

သူ့ကိုမလေးစား ၊ မကြည်ညို၊ သစ္စာမရှိနိုင်ဘူးဆိုလျှင် အလုပ်ကနှုတ်ထွက်သွားတာသာ အကောင်းဆုံးဖြစ်သည်။ အပြင်ရောက်ပြီဆိုလျှင် သင်ကြိုက်တာပြောနိုင်ဆိုနိုင်ပါသည်။ သင်သည် ကုမ္ပဏီတစ်ခုမှာအလုပ်ဝင် လခ ယူမိပြီ ဆို လျင်၊ ထိုအလုပ်ရှင် ၊ ထိုကုမ္ပဏီကိုအပုတ်မချပါလေနှင့်၊ မိမိကိုယ်ကို အပုတ်ချတာနှင့် တူတော့သည်။ “ကျွန်တော် မေ့သွားလို့” ဆိုတာ အလုပ်အတွက်မကောင်းပါ။

ကျွန်တော်တွေ့ဘူးသောလူတစ်ယောက်မှာအလွန်ဉာဏ်ထက်မြက်၍ ကျောင်းစာတော်ပါသည်။ သို့ပါသော်လည်း သူသည် သူ့အလုပ်ရှင်က သူ့ကိုရွေး၍ နှိပ်ကွပ်သည်ဟု မြင်တတ်သည်။ သူ့ ကိုယ်ပိုင်အလုပ်မှာလည်း မအောင် မြင်ခဲ့၊ သူသည်အမိန့်မပေးတတ်သလို၊ အမိန့်ပေးတာကိုလည်းမခံယူတတ်ပေ။ ဂါစီယာထံ ဒီစာကိုသွားပေးပေးပါ ဟုခိုင်းကြည့်သည်ဆိုပါစို့ “ခင်ဗျားဖာသာယူသွားပါလား”ဟုသာသူပြောမည်ထင်သည်။

သူအလုပ်ရှာသော် အမြဲအလိုမကျနေတတ်သော သူ့သဘောကို သိလျင်အလုပ်ရှင်များက အလုပ်ခန့်လိုကြမည် မဟုတ် ပေ။ သဘာဝကျကျ တွေးခေါ်ခြင်းဆိုသည်ကိုနားမလည်၊ နှစ်ဖက်မျှအောင် ညှိညှိနှိုင်းနှိုင်း ဆွေးနွေးရမည် ဆိုတာကိုမသိ၊ ထိုလူမျိုးမှာစည်းရုံးရေး သဘောအပြောနှင့်မရ၊  ကြိမ်လုံးကိုသာ ကြောက်တတ်သူ တွေဖြစ်သည်။

ကျွန်တော်တွေ့ဖူးသမျှ လခစားအလုပ်သမားတွေမှာ အလုပ်ခွင်တွင်ပျော်ရွှင်၍ အလုပ်အကြောင်းကို အကောင်းဖက် ကချည်း ပြောဆိုနေသူတွေမှာ ရှာမှရှားသည်၊ တနည်းမဟုတ် တနည်းအလိုမကျ နေသူတွေသာများသည်၊ အလုပ်ခွင် အချိန် တာရှည်သည် ဟု၎င်း၊ အလုပ်ရှင်မှာ ဆက်ဆံရေးမောက်မာသည်ဟု၎င်း၊ တက်လမ်းကမရှိပိတ်နေပြီဟု၎င်း၊ အိမ်နှင့် အကြာကြီးခွဲနေရသည်ဟူ၍၄င်း တနည်းနည်းဖြင့် စိတ်ပျက် စိတ်ဓါတ်ကျနေသည်က အများစုဖြစ်သည်၊

ကျွန်တော်သည် အလုပ်သမားလည်းလုပ်ခဲ့ဘူးသည်၊ အလုပ်ရှင်နေရာကလည်းနေခဲ့ဘူးရာ နှစ်ဖက်စလုံးက ရှုံ့ချအပြစ် တင်မှုတွေရှိနေတတ်ကြောင်းနားလည်ပါသည်။ အလုပ်သမားတိုင်းသိက္ခာတွေရှိ၊ မတရားတာကိုခံနေရသူတွေချည်း မဟုတ်သလို ၊ အလုပ်ရှင်တိုင်းကလည်းဖိနှိပ်ချုပ်ချယ် တတ်သူတွေချည်းမဟုတ်ကြပါ။

အလုပ်ရှင် ရှိတာမရှိတာအပထား၊ မြင်တာမမြင်တာအပထား၊ မိမိတာဝန်ကို ပြီးပြည့်စုံအောင် အမှုထမ်းမည့် ဝန်ထမ်း တွေကိုတွေ့လျင် ကျွန်တော်အလွန် လေးစားမိပါသည်။ ဂါစီယာထံစာသွားပေးပါ ဆိုသောတာဝန်ကို အဓိပ္ပါယ်မဲ့ တာဝန်မဲ့ မေးခွန်းတွေမေးမနေဘဲ စာသွားပေးသူသာ ဖြစ်စေချင်သည်။ စာကိုယူသွားပြီး တွေ့ကရာရေမြောင်း ထဲပစ်ချထား ခဲ့မည်ဆို လျှင် အလုပ်ရှင်မှာကိုယ်ကျိုးနည်းရပေလိမ့်မည်။

စာကိုယူပြီးလိုရာရောက်အောင်ပို့ပေးသူတွေမှာ အလုပ်ထုတ်ခံရသည်ဟုလည်းရှိမည်မဟုတ်ပါ။ သူတို့သည်လခတိုး ပေးပါဟု ဆန္ဒပြကြမည့်သူလည်း မဟုတ်ပါ။  လူ့ယဉ်ကျေးမှုကြီးသည်ထိုသို့သောအလုပ်သမားမျိုးကို အစဉ် တစိုက် ရှာဖွေနေကြရသည်မဟုတ်ပါလား။ ထိုအလုပ်သမားမျိုးကတောင်းဆိုတာကိုအလုပ်ရှင်တွေကလည်းလိုက်လျောတတ် ကြပြီး ထိုလူမျိုးကိုဘယ်သူမှ အလုပ်ထုတ်မည်မဟုတ်ပါ။ သူ့ကိုမြို့တိုင်း၊ ရွာတိုင်းရှိ အလုပ်ရှင်၊ ရုံးတွေ၊ စက်ရုံ၊ အလုပ်ရုံ၊ ဈေးဆိုင်တွေ ကငှားရမ်းလိုကြပြီးထိုလူမျိုးကိုတွေ့ရန်ရှာဖွေနေကြဆဲလည်း ဖြစ်ပါသည်။ ဂါဒီယာထံ စာယူ သွားမည့် လူတွေလိုနေပါသည်။

ဘုရားဇာတ်တော်ထဲက အင်္ဂ္ဂုလိမာလ ၏ ဆရာကဲ့သို့ တပည့်အပေါ် လက်ညှိုး အချောင်း တစ်ရာ ဆောင် ကျဉ်း ပေး ရမည် ဟုဆိုသော ဆရာမျိုးကိုတော့ ရှောင်ကွင်းကြရမည်မှန်ပါသည်။ အမိန့်က ဂါစီယာ ဆီစာသွားပို့တာမျိုး နိုင်ငံကြီးတခု ၏ကောင်းကျိုးကိုဆောင်ကျဉ်းပေးမည့်အမိန့် မျိုးတော့ဖြစ်ရန်လိုပါသည်။ အခုခေတ်တွင် အမေရိကန် သမ္မတ လိုပုဂ္ဂိုလ်ကလည်း ရိုဝန်လို လူကို လက်ညှိုးတွေဖြတ်ခိုင်းမှာ မဟုတ်သလို ရိုဝန်ကလည်း ပေးလိုက်သော တာဝန်၏ ယုတ္တိတန်ခြင်းမတန်ခြင်းကို ခွဲခြားသိမှာသေချာပါသည်၊

ကျွန်တော်သည် သူငယ်တန်းဖတ်စာအုပ်တွင်ပါသော ဦးဆွေးဆံမြေ့ အမှုတော်ကိုထမ်းဆောင်သူ အုပ်လှငယ် အကြောင်း ကိုသွားပြီးသတိရမိသည်၊ အုပ်လှသည် ရွှေနန်းရှင်ဘုရင်က ခိုင်းလိုက်သော အမှုတော်ကို ထမ်းရွက်ရန် တရပ်တရွာသို့သွားရလေသည်၊ တာဝန်ပြီးဆုံးသော် မြို့တော်ကြီးသို့ ပြန်အလာ ပင်ပမ်းနွမ်းနယ်သဖြင့် ဘုရင်နှင့် မတွေ့မှီ တညတာကို လမ်းတွင်အိပ်လိုက်မိသည်၊ ရွှေနန်းရှင်ဘုရင်က နောက်ကျရကောင်းလားဆိုကာ အပြစ် တင်သောအခါမှ ခေါင်းပေါင်းကို ဖြေကာပြသော် ဆံပင်တွေ အထွေးလိုက် ပြုတ်ကျလာသည်ဟုဆိုသည်၊ ဘုရင်က နှစ်ထောင်းအားရ ချီးကျူးတော်မူသည်၊

(၃)

မိမိအလုပ်မှာ တိုးတက်ကြီးပွားလိုပါသော် ရိုဝန်၏မိမိ ကိုပေးအပ်လာသော အလုပ်တာဝန်အပေါ် သစ္စာရှိရှိကြိုးပမ်း ဆောင်ရွက်ခြင်းကို အတုယူပါလေ၊

Ref: Message to Gacia By Elbert Hubbard


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုသန်းလွင် – ဂါစီယာထံပေးသော စာတစောင်
  1. “ထိုခေတ်က တယ်လီဂရပ်ဆိုတာ မရှိသေး” ဆိုတာကတော့မဟုတ်သေးပါဘူး။ ၁၈၉၈ ဧပြီလ ၂၅ နေ့ထက် အနှစ် ၂၅ လောက်စောတဲ့ မင်းတုန်းမင်းခေတ်ဗမာပြည်မှာတောင် သံကြိုးပို့စနစ်ရှိနေပါပြီ။ အမေရိကန်သမတက စပိန်အစိုးရကြားကဖောက်ဖတ်မှာကြောက်လို့ (security reason ကြောင့်) သံကြိုးမပို့ပဲ စိတ်ချရတဲ့ဆက်သားလွှတ်ခဲ့တာဖြစ်ပါလိမ့်မယ်။

Comments are closed.