ရသဆောင်းပါးစုံ သူတို့အာဘော်

စိုးနေလင်း – မြန်မာနိင်ငံက ရင်လေးစရာ အနာဂတ်ဗုဒ္ဓသာသနာ

 စိုးနေလင်း – မြန်မာနိင်ငံက ရင်လေးစရာ အနာဂတ်ဗုဒ္ဓသာသနာ
(မိုးမခ) ဧပြီ ၇၊ ၂၀၁၅

သူတို့ရဲ့ဘား အရောင်းမြှင့်တင်ရေးအတွက် လုပ်ငန်းဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ နားကြပ်တပ်ဆင်ထားတဲ့ ဗုဒ္ဓရဲ့ပုံကိုတင် လို့ဆိုပြီး၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှာ ဖမ်းဆီးထားတဲ့ ဗီဂက်စ်ထရိုဘားပိုင်ရှင် ကိုထွန်းသူရိန်၊ မန်နေဂျာ  နယူဇီလန်နိုင်ငံသား မစ္စတာ ဖီးလစ်ပ် ဘလက်ဝုဒ်၊ ၀န်ထမ်းတဦးဖြစ်တဲ့ ကိုထွတ်ကိုကိုလွင်တို့သုံးယောက်ကို စွဲဆိုထားတဲ့ သာသနာညှိုးနွမ်းစေမှု ဥပဒေ ပုဒ်မ၂၉၅/၂၉၅ (က) နဲ့ ဒေသန္တရ ဥပဒေပုဒ်မ ၁၈၈ တို့အရ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ပြီး သုံးယောက်စလုံး
ကို အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ခွဲစီ ပြစ်ဒဏ်ချမှတ်လိုက်တာကို တီဗီသင်းမှာတွေ့လိုက်ရပါတယ်။

သူတို့တွေဟာ ဖမ်းဆီးခံရပြီးကတည်းက အချုပ်လွတ်ထုခြေခွင့်ကို လျှောက်ထားခဲ့ပေမယ့် အမျိုးဘာသာသသနာ စောင့် ရှောက်ရေးအဖွဲလို့နာမည်ခံထားတဲ့ ဘုန်းကြီးအဖွဲ့က တရားရုံးအထိ ၀ိုင်းပြီးဖိအားပေးခဲ့တဲ့အတွက် အချုပ်လွတ်ထုခြေခွင့် ပေးရမယ့်အမှုဖြစ်ရဲ့နဲ့ အချုပ်လွတ်ထုခြေခွင့်ကို သံသယရှိခံရသူတွေအနေနဲ့ ခံစားခွင့်မရခဲ့ပါဘူး။ နောက်ပိုင်းမှာ နယူးဇီလန် နိုင်ငံသား မစ္စတာ ဖီလစ်ဘလက်ဝုဒ်က ရဟန်းတော်တွေကို သူ့အနေနဲ့ တမင် တခြားသူတွေ ကိုယ်းကွယ်ယုံကြည်တဲ့ဘာသာ
တခုကို စော်ကားခဲ့တာမဟုတ်ဘဲ သူ့ဆိုင်အရောင်းမြှင့်တင်ရေးလုပ်တာသာဖြစ်ပြီး အဲဒီလိုခံစားမှုမျိုးရှိတယ်လို့ မသိခဲ့မှု ကြောင့်လုပ်ခဲ့တာသာဖြစ်တဲ့အတွက် ခွင့်လွှတ်ပေးဖို့ အနူးအညွတ်တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီး ဦးရဲလွင်က တော့ ဘလက်ဝုဒ်ဟာ ဘာသာယုံကြည်မှုကို တမင်ရည်ရွယ်ချက်ရှိရှိ စော်ကားမော်ကားပြုဖို့ ကြံစည်တာဖြစ်တယ်။ နိုင်ငံခြား သားတယောက်တည်းကို အပြစ်ပုံချမယ်ဆိုရင်လည်း ကြောင်းကျိုးမကျတဲ့အတွက် အားလုံးကို ပြစ်ဒဏ်ချမှတ်တာဖြစ်တယ် လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် သံသယ ရှိခံရသူတွေ ပထမဆုံးခံစားခဲ့ရတာကတော့ အချုပ်လွတ် ခုခံခြေပခွင့်တရား ဥပဒေအရ ရရှိခွင့်ရှိရဲ့နဲ့ ဘုန်းကြီးတချို့ရဲ့ ဖိအားပေးမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတာပါပဲ။ တရားဥပဒေ စိုးမိုးမှုမရှိဘူးဆိုတာ အထင် အရှား ပြသလိုက်တာဖြစ်ပါတယ်။
နောက်တခုပြောချင်တာကတော့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အမည်ခံပြီး ပြည်သူလူထုကို ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်ပြီး အမုန်းတရား အစွန်းရောက်တရားတွေဟောပြောနေတဲ့ ဘုန်းကြီးဆိုသူတွေကရော ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းစေတာ မဟုတ်ပါဘူးလား။ ဦးဝီရသူဆိုသူ ဘုန်းကြီးဆိုရင် မကြာခင်ကပဲ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အထူးကိုယ် စားလှယ် သံတမန်ကြီးတယောက်ကိုတောင် ယုတ်ရင်းကြမ်းတမ်းတဲ့ ဆဲရေးစကားနဲ့ ပုတ်ခတ်ပြောဆိုခဲ့တာကို မြန်မာပြည် သူလူထု သာမက နိုင်ငံတကာပြည်သူလူထုပါ ကြားသိ အံ့သြ ထိတ်လန့်ခဲ့ကြရပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးက ဒီကိစ္စကို အရေးယူဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပေမယ့် ဘာမှအရေးဆောင်ရွက်တာ မတွေ့ရသေးပါဘူး။ အဲဒီဘုန်းကြီး ကရော ဗုဒ္ဓဘာသာကိုညှိုးနွမ်းသိမ်ဖျင်းအောင် လုပ်လိုက်တာ မဟုတ်ပါဘူးလားလို့ မေးရမှာပါပဲ။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုမိုးမှုလုံးဝမရှိဘဲ အုပ်ချုပ်တဲ့ စစ်တပိုင်းအာဏာရှင်တွေရဲ့ စိတ်ကူးပေါက်ရာတွေကပဲ ဥပဒေဖြစ်နေတယ်လို့ ပြည်တွင်း ပြည်ပ ဥပဒေပညာရှင်တွေရဲ့ဝေဖန်သုံးသပ်ချက်တွေဟာ အမှန်တွေပဲလို့ ကောက်ချက်ချရမှာပါပဲ။

ဒီနေရာမှာ ဗုဒ္ဓရဲ့ထင်ရှားတဲ့အဆုံးအမတခုကို သွားသတိရမိပါတယ် …။

“ဦးပြည်းတုံးကာမျှနှင့် သာမဏမဖြစ်၊ အကျင့်လည်းမရှိသော၊ ချို့ယွင်းသောစကားကိုလည်းပြောတတ်သော၊ လိုချင်တပ် မက်မှုနှင့်လည်းပြည့်စုံသောသူသည် အဘယ်မှာ သာမဏဖြစ်မည်နည်း”
ဓမ္မပဒ ပါဠိတော် (ဂါထာ ၂၆၄)

အဲဒီဗုဒ္ဓရဲ့အဆုံးအမအရ အဲဒီသူတွေဟာ ရဟန်းမဟုတ်ပါဘူး။ သာမန်လူတွေလို့ပဲ သဘောထားရမှာဖြစ်ပါတယ်။ ဒီထက် ပြောရရင် အကြမ်းဖက်လိုသူ ရန်လိုသူတွေအဖြစ် အစိုးရက ဥပဒေအရ အရေးယူရမှာဖြစ်သလို ဗုဒ္ဓဘာသာယုံကြည်သူ စစ်စစ်တွေကလည်း ဓမ္မအန္တရာယ်အဖြစ် ၀ိုင်းဝန်းဆန့်ကျင်ရှုံ့ချကြရမှာဖြစ်ပါတယ်။ အစိုးရက အရေးမယူရင်တော့ အစိုးရ ဟာ ဥပဒေကို မလေးစားမလိုက်နာတဲ့အတွက် အပြစ်ရှိတယ်လို့ပြောရမှာပါပဲ။ ဒါကတော့ ဒီကနေ့ အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးလို့ပြောနေတဲ့အုပ်စုဝင်တွေနဲ့ အစိုးရကို သတိပေးချင်တာပါ။ ဗီဂက်စ်ထရိုဘားကိစ္စမှာ နောက် တခုပြောချင်တာက ဒီကြော်ငြာလေးဟာ ဗုဒ္ဓလို့သမိုင်းမှာထင်ရှားခဲ့သူပုဂ္ဂိုလ်တဦးတောင် နားကြပ်တပ်ဆင် နားထောင်တယ် ဆိုပြီး ပရိသတ်ကိုဆွဲဆောင်ဖို့သက်သက်သာ ရည်ရွယ်တယ်ဆိုတာ ရှင်းပါတယ်။ မဖွယ်မရာတဲ့နေရာတွေမှာ မဖွယ်မရာ တဲ့ပုံစံမျိုးတွေဝတ်ဆင်ပေးပြီး ဒီဇိုင်းပုံဖန်တီထားတာမှမဟုတ်တာ။ နောက် အနုပညာရှင်တွေရဲ့ နိုင်ငံတကာက လက်ခံအ တည်ပြုလေးစားရတဲ့ အခွင့်အရေးတခုရှိပါတယ်။ ဒါကို အနုပညာရှင်တွေရဲ့လွတ်လပ်စွာဖန်တီးခွင့်လို့ခေါ်မလား အင်္ဂလိပ် ဘာသာနဲ့ poetic licence လို့ခေါ်ကြပါတယ်။ အနုပညာရှင်တွေသိကြပါတယ်။Collins dictionary ရဲ့ဖွင့်ဆိုချက်အရတော့           justifiable departure from conventional rules of form, fact, logic, etc, as in poetry ဒီပုံကို ပုံဖော်ဖန်တီးသူဟာ အဲဒီအခွင့်အရေးရှိပါတယ်။ မစ္စတာ ဘလက်ဝုဒ်ကိုယ်တိုင်ဖန်တီးတယ်ဆိုရင်လည်း ဒါသူ့ရဲ့အနုပညာရပ်ဆိုင်ရာ အခွင့် အရေးတခုဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံးဖြစ်တယ်လို့ ဆရာတော်ကြီးတွေရဲ့တရားဟောပြောမှုတွေ မှာကြားရလေ့ရှိပါတယ်။ ဒါက ကောင်းပါတယ်။ ၀မ်းသာဂုဏ်ယူစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာဟာ ငြိမ်းချမ်းတဲ့ ဘာသာတခု အလွန်သိမ်မွေ့ယဉ်ကျေးသည်းခံခြင်းတရားတွေရှိတဲ့ ဒီမိုကရေစီပြည့်ဝတဲ့အတွေးအခေါ်နဲ့ တည်ဆောက် ထားတယ်လို့ နိုင်ငံတကာဘာသာရေးသုတေသီတွေနဲ့ အတွေးအခေါ်ပညာရှင်တွေက နားလည်လက်ခံထားခဲ့ကြလို့ပါပဲ။ အဲဒီအတွေးအခေါ် ထွန်းကားတယ်ဆိုတော့ အလွန်ဂုဏ်ယူစရာ တိုင်းပြည်တခုလို့ မှတ်ယူရမှာပါပဲ။

ဒါပေမယ့် တကယ်ရော ဟုတ်ရဲ့လား။ မည်ကာမတ္တ ဗုဒ္ဓဘာသာဝင် အစဉ်အလာ မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုယ်းကွယ်ယုံကြည် သူတွေချည်းပဲများပြားပြီး ဗုဒ္ဓအတွေးအခေါ်နဲ့ ဗုဒ္ဓ ဓမ္မကို တကယ်လက်ခံယုံကြည်သူတွေက လူနည်းစုဖြစ်နေတဲ့နိုင်ငံတခုများ ဖြစ်နေပြီလားဆိုတာကို ပြန်ပြီးဆန်းစစ်ဝေဖန်သင့်ပြီလို့ ထင်ပါတယ်။ ဒါကို ဒီကနေ့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ အစိုးရရဲ့အကြမ်းဖက်နှိမ်နှင်းမှုတွေ၊ အစွန်းရောက်ဘုန်းကြီးတွေ လူရမ်းကားတွေရဲ့အကြမ်းဖက်ရမ်းကားမှုတွေကိုကြည့်ရင် ဒီကနေ့ ဗုဒ္ဓဘာသာတိုင်းပြည်တခုရော ဟုတ်သေးရဲ့လားလို့မေးရင်တောင် မလွန်လောက်ဘူးလို့ ထင်ပါတယ်။

ဗီဂက်စ်ထရိုဘားကိစ္စကိုပြန်ကောက်ရင် မစ္စတာဘလက်ဝုဒ်ရဲ့ရှေ့နေက ဗဟန်းမြို့နယ်တရားရုံးမှာ ဗုဒ္ဓရဲ့ပုံတော်တွေ၊ ဘုရားစေတီပုံတွေ၊ ယေရှုခရစ်ရဲ့ပုံတော်တွေကို ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံတ၀ှမ်းလုံးက မြို့တွေရဲ့လမ်းဘေးမှာ စီးပွား ရေးအရ ချရောင်းနေကြပြီး အဲဒီဓာတ်ပုံတွေ၊ ရုပ်ပုံတွေဟာအနေကဇာတင်ထားတာမဟုတ်သေးတဲ့အတွက် အဲဒီလိုလမ်း ဘေးချရောင်းနေတဲ့သူတွေမှာ အပြစ်မရှိပါဘူးလို့ခုခံခြေပခဲ့ပေမယ့် တရားရုံးက လက်မခံ ပယ်ချခဲ့ပါတယ်။ တကယ်တော့ အဲဒါဟာ အမှန်ပါပဲ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့မြေး သန့်မြင့်ဦးရေးသားခဲ့တဲ့ “ ပျောက်ဆုံးခြေရာ တို့ရဲ့မြစ်- ဗမာ့ကိုယ်ရေးသမိုင်း” ဆိုတဲ့စာအုပ်မှာလည်း စာရေးသူက မြန်မာနိုင်ငံမှာ နေ၀င်းရဲ့ ၁၉၆၂ ခု စစ်တပ် အာဏာ သိမ်းမှုနောက်ပိုင်း  ဗုဒ္ဓဘာသာဟာ တခြားအရာရာတိုင်းလိုပဲ အလွန်ရှေးရိုးစွဲ ဖြစ်လာခဲ့ပြီလို့ ထောက်ပြထားခဲ့ပါ့တယ်။

ဗိုလ်နေ၀င်းနောက်ပိုင်း စစ်အာဏာရှင် အဆက်ဆက်လက်ထက်တွေမှာတော့ နောက်လာတဲ့ မောင်ပုလဲ…..ဖြစ်လာခဲ့ကြပြီး ဘာသာရေးကို နိုင်ငံရေးကစားစရာတခုအဖြစ် သိက္ခာချ အသုံးချလာခဲ့ကြတာ ဒီကနေ့အထိပဲဆိုတာကိုတော့ ကျနော် အထက်မှာတင်ပြခဲ့တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဟောပြောချက်တွေနဲ့လုပ်ရပ်တွေ စစ်အရေခွံလဲ အစိုးရရဲ့ အလိုတူရပ်တည်မှု သွယ်ဝိုက်တဲ့နည်းနဲ့စေခိုင်းမှုတွေကိုကြည့်ရင် တွေ့မြင်နိုင်ကြမှာပါ။

မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားမြတ်လေးပါးနဲ့ တည်ဆောက်ထားတဲ့ သည်းခံခြင်းတရား နား လည်ခွင့်လွှတ်ခြင်းတရားတွေ ဒီမိုကရေစီလွပ်လပ်ခွင့်အခြေခံတွေနဲ့ပြည့်လျှမ်းနေတဲ့ ဗုဒ္ဓဘာသာတရားရဲ့ ဂုဏ်အင်္ဂါကို ညှိုးနွမ်းသေးသိမ်အောင်လုပ်ကြတော့မှာလားလို့ မေးခွန်းထုတ်သင့်ကြပါပြီ။

ကျနော်တို့မြန်မာနိုင်ငံကဗုဒ္ဓဘာသာရဲ့အနာဂတ်ကတော့ ဒီလိုပုံနဲ့မိုးကြီးချုပ် ရင်……လို့ ပြောရတော့မယ်ထင်ပါတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “စိုးနေလင်း – မြန်မာနိင်ငံက ရင်လေးစရာ အနာဂတ်ဗုဒ္ဓသာသနာ
  1. “ဗီဂက်စ်ထရိုဘားကိစ္စမှာ နောက် တခုပြောချင်တာက ဒီကြော်ငြာလေးဟာ ဗုဒ္ဓလို့သမိုင်းမှာထင်ရှားခဲ့သူပုဂ္ဂိုလ်တဦးတောင် နားကြပ်တပ်ဆင် နားထောင်တယ် ဆိုပြီး ပရိသတ်ကိုဆွဲဆောင်ဖို့သက်သက်သာ ရည်ရွယ်တယ်” ဆိုရင်လဲ ဗုဒ္ဓပုံတော်သာမက ခရစ်တော်၊ မိုဟာမက်၊ မောရှေ စတဲ့ တမန်တော်တွေရဲ့ပုံတော်တွေပါ နားကြပ်တပ်ဆင်ပြီးကြာ်ငြာပါလား။ သူတို့လဲသမိုင်းမှာထင်ရှားခဲ့သူ ပုဂ္ဂိုလ်တွေဘဲမဟုတ်ပါလား။ နောက်ပြီးတော့ မြန်မာပြည်ဟာ ဗုဒ္ဓဘာသာဝင်တွေချည်းနေတဲ့တိုင်းပြည်မှမဟုတ်ဘူးလေ။

  2. I read this page very sad and happy because I am htut ko ko lwin mother. Until now I have mind sick still I don’t know how to belive myanmar police and myanmar law.

Comments are closed.