ပင်တိုင်ကဏ္ဍ မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၂၄) ခင်ယုမေ

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၂၄)  ခင်ယုမေ
မာမာအေး
မေ ၁၆၊ ၂၀၁၄
 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဆရာတော်ဦးဥတ္တမအကြောင်း၊ အတုယူဘွယ်ကေါင်းလို့ တညောင်းကြီးပြောခဲ့ပြီးပါပြီ။ နားဆင်ပေးတဲ့သောတရှင်များ သုတဖြိုးကြွယ် မျိုးဂုဏ်ထပ်လို့ စိတ်များ ပွားများနိုင်ပါစေရှင် …။

နှစ်ဦးလထဲမှာ မာအေးတို့ညီအမတွေလိုနေခဲ့တဲ့ အကယ်ဒမီမမကြယ်ပွင့် လွင့်ပျောက်ဝေးကွာသွားရှာပြန်ပြီလို့  ဖေ့ဘွတ်မှာ သတင်းတက် လာတာကို ဖတ်ခဲ့ရပါတယ်။  မောင်ကျော်သူရေးတဲ့ စာတမ်းလေးလဲ တွေ့ပါတယ်။ ပရိသတ်တွေလဲသိပြီးနေလောက်ပြီ။ ဆရာတော် ဦးဥတ္တမအကြောင်းကလဲ ကြားဖြတ်ဖို့မကောင်းတာနဲ့ မပြောဘဲနေခဲ့တာကို၊ ဒီကိစ္စကျတော့ ဘာလို့မပြောသေးတာလဲလို့ မာအေးရဲ့ပြောပြ စရာတွေ ပရိသတ်က ဂျီတိုက်ကြတာကြောင့် အခုပြောမယ်လို့ပါ။ အဆိုတော် အကယ်ဒမီ ရုပ်ရှင်မင်းသမီးချော “ခင်ယုမေ” အကြောင်းပါ။

“ခင်ယုမေ” လို့ ရုပ်ရှင်ကြည့်ပရိသတ်တွေကြား ရေပန်းစားလာတဲ့ ဂန္ဓာလရဇ်နွယ်ဖွား “မအိဝါ” လေးဟာ မာအေးတို့ကလေးဘဝကတဲက “ ရိုင်းတဲ့ဇင်ယော်” သီချင်းနဲ့ နာမည်ရနေခဲ့တဲ့သူပါ၊ သူ့အသံက ချိုသလို၊ အပြုံးလေးကလဲ ချိုတဲ့မျက်နှာလေးပိုင်ရှင်ဖြစ်ပါတယ်။ မာ အေးကတော့ “မမမေ” လို့ဘဲ ခေါ်ခဲ့ပါတယ်။ မမမေမှာ အလွန်သဘောကောင်းတဲ့ညီမ “ခင်ယုဆွေ” ဆိုတာလဲ ရှိပါတယ်။ မာအေးတို့ တတွေဟာ စံပြအမျိုးသမီးအထက်တန်းကျောင်းလို့လဲခေါ်၊ မရမ်းခြံကျောင်းလို့လဲခေါ်ခဲ့ကြတဲ့၊ မရမ်းရောင်ဆင်တူဝတ်ကြတဲ့ကျောင်း၊ အခု အထက (၁) ကမာရွတ်မှာ ပညာရင်နို့သောက်စို့ခဲ့ကြတဲ့သူတွေမို့လို့လဲ ချစ်ကြပါတယ်ထင်ပါရဲ့။

မာအေးက ပဉ္စမတန်းအကူးမှာ ရောက်သွားခဲ့အခါ၊ မမမေက ကျောင်းထွက်ပြီး မမခင်ယုဆွေက (၇) တန်းမှာပါ။ မမနွဲ့လေးလဲရှိတယ်။ သူက (၈) တန်းမှာပါ။ မာအေးကကျောင်းမှာ မမနွဲ့လေးအရမ်းတော်တဲ့ သရိုးဘော (လ်) ကစားနည်းကို ဝင်ကစားပါတယ်။ မမဆွေနဲ့ကျတော့ အတူသီချင်းတွေဆိုပါတယ်။ မာအေးက ကပ္ပလီကွက်သစ်ပဲခေါ်၊ ဦးဝိစာရကွက်သစ်လဲခေါ်တဲ့နေရာ၊ အခု တော်လှန်ရေးပန်းခြံလုပ်ထားတဲ့နေရာမှာ နေတာပါ။ မမမေနဲ့ မမဆွေတို့မိသားစုက မာအေးတို့ရပ်ကွက်နဲ့ မျက်နှာချင်းဆိုင် ရွှေဂုံတိုင်ရပ်ကွက်ထဲမှာ နေကြပါတယ်။ ဦးဝိစာရလမ်းမကြီးဘဲ ခြားတာပါရှင်။

မာအေးတို့ရပ်ကွက်က သိပ်ကိုရေရှားတာကိုး။ မမမေတို့အိမ်နဲ့ မလှန်းမကမ်းမှာရှိတဲ့ “တက်တိုး ရွှေတံဆိပ်တိုက်” ဆိုတဲ့ဆိုင်းဘုတ်ကြီး ထောင်ထားတဲ့အိမ်မှာ ရေသွားတောင်းရ၊ ရေသွားထမ်းရလေတော့ ခဏခဏ မမမေတို့အိမ်ကိုရောက်သွားခဲ့တာပေါ့။ မမမေက အပြင် ထွက်ခဲပါတယ်။ အများအားဖြင့် အင်္ကျီလေးတွေချုပ်နေတာ၊ ထွင်ကြည့်ညှပ်ကြည့်လုပ်နေတာဘဲ။ မမဆွေဆီလာလာနေတဲ့ မာအေး လေးကလဲ သီချင်းဆိုနေတဲ့ကောင်မလေးဘဲလို့ သူသိသွားတဲ့အခါ ပိုခင်သွားတာပေါ့လေ။

မမဆွေနဲ့ မာအေးတို့က သူတို့အိမ်ရောက်ရင်၊ ကုလားသီချင်းဆိုကြလေ့ရှိတယ်။ ဒါဆိုမမမေက ဒီနှစ်ယောက် ပေါက်ပေါက်ရှာရှာ ဘာတွေ မှန်းလဲ မသိဘဲနဲ့  ဆိုရကောင်းလားဆိုပြီး မျက်မှောင်ကျုံ့ထားရင်း တဟင်းဟင်းရယ်တော့တာဘဲ။ ကုလားသီချင်းမျိုးကလည်း အနိမ့်အမြင့် အတွန့်အတက်တွေကများတော့ ဟိုမရာက် ဒီမရောက် အသက်ရှုပေါက်မှားခဲ့ရင် ကီးမကိုက်တော့ဘဲ အူကြောင်ကြောင်အသံတွေ ထွက်လာတတ်တာကိုး အဲဒီလိုနေလာကြတာပါ၊

မာအေးတို့ကုလားသီချင်းဆိုကြတယ်ဆိုလို့ သောတရှင်တို့က ပြုံးစေ့စေ့ ဖြစ်ချင်ဖြစ်ကြပါလိမ့်မယ်။ အဲဒီတုန်းက ကိုယ့်ဝန်းကျင်မှာ အထူး အဆန်းဂီတဆိုတာ ဒါဘဲကြုံတာကိုးရှင့်။ မိဘတွေက မောင်နဲ့ နှမ သားနဲ့အမိကြည့်လို့ကောင်းတဲ့၊ ဘိုလိုနမ်းတာရှုံ့တာမပါတဲ့ အိန္ဒိယ ဇာတ်ကားတွေကိုဘဲ ကြည့်ခွင့်ပေးတဲ့ခေတ်ဖြစ်နေလို့ပါ။ ပြီးတော့ ကိုယ့်ရပ်ကွက်နဲ့ တဆက်ထဲလိုဖြစ်နေတဲ့ မြေနီကုန်းရပ်ကွက်မှာလဲ အိန္ဒိ ယနွယ်ဖွားတွေအနေများတာကြောင့်၊ ဝိဇယရုပ်ရှင်ရုံမှာ ပြသတဲ့ရုပ်ရှင်ကားရဲ့ ရှစ်ဆယ်ရာနှုန်းဟာ အိန္ဒိယရုပ်ရှင်တွေဖြစ်ပါတယ်။ သီချင်းဆိုချင်တဲ့ မာအေးတို့က အလွန်တော်တဲ့ ကောင်းတဲ့ အိန္ဒိယအဆိုကျော်ကြီး “လက်သမန်ရှစ်” အသံကို စွဲလန်းအတုယူချင်တာနဲ့ ကုလားသီချင်းဆိုဖြစ်ကြတာပါ။ မမဆွေက အသံမထွက်တတ်ရင် သင်ပေးတဲ့ဆရာကြီးပေါ့လေ။

၁၉၅၈ ခုနှစ်မှ ဦးဝိစာရရပ်ကွက်ကြီး တောင်ဥက္ကလာ ရိုးပြတ်တောကြီးထဲ ပြောင်းဆောက်နေထိုင်ရတဲ့အခါကျမှ အနေဝေးခဲ့တာပါ။ မမမေက ရုပ်ရှင်ဖက်ကူးသွားပြီး ကျော်ကြားတဲ့ အကယ်ဒမီရုပ်ရှင်မင်းသမီးကြီးဖြစ်လာတယ်။ မမဆွေက ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးမှာ “ယုဆွေ” ဓါတ်ပုံတိုက် တည်ထောင်အောင်မြင်ခဲ့ပါတယ်။ မာအေးလဲ ဂီတဘဝ အောင်မြင်ခဲ့ပါတယ်။ တခါမှ ညီအမစိတ် မပြောင်းခဲ့ကြပါဘူး။
မမမေလဲ ဘဝဒုက္ခတွေနဲ့ မာအေးလဲ ဘဝဒုက္ခတွေနဲ့ကိုယ်စီရှိကြလေတော့ တွေ့ကြတဲ့အခါ၊ အာပေးစရာရှိပေး၊ ရှေ့ရေးတွေလဲတွက်နဲ့ နေကြရင်း မမမေက နိုင်ငံ့အပြင်ထွက်ချသွားခဲ့ပါတယ်။ ရှားရှားပါးပါး ဖအေတူသားကလေးနဲ့အတူ ဘဝကို ကြံ့ကြံ့ခံ ရုန်းကန်ခဲ့တဲ့ မိန်းမ သားပါ။ ချောချောလှလှ၊ အိမ်ထောင်ရှင်မ နုနုရွရွလေးတန်မဲ့၊ မာအေးတို့တိုင်းပြည်မှာ တွေ့နေရတဲ့ လော်ရီကားအရှည်လောက်ကို- အတွင်းမှာ စားစရာသောက်စရာတွေ စံနစ်တကျ ဆိုင်တဆိုင်လိုထားပြီး၊ ပြည်နယ်တကာ့ပြည်နယ် ဒီကားနဲ့လိုက်ရောင်းတဲ့ ဒရိုင်ဘာ အရောင်းစာရေးဘဝနဲ့ ရပ်တည်ပြခဲ့သူပါရှင်။ သူ့အနုပညာတီထွင်တတ်ပုံတွေက  သိပြီးသားဖြစ်မှာပါနော်။

မမမေကို မာအေး (၁၉၉၃) ခုနှစ်က အမေရိကန်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းရံပုံငွေပွဲအတွက် သွားကူတဲ့အခါကျမှ ပြန်တွေ့ခဲ့ရပါတယ်။ အခုမာအေးပြောပြတဲ့ သူတယောက်ထဲ ကားတစီးနဲ့ ဈေးလိုက်ရောက်တဲ့ကိစ္စကြားရတော့ မကြောက်ဖူးလားလို့ မေးမိတာပေါ့ရှင်။ သူတွေ့ ရမယ့် ဈေးဝယ်သူဟာ အများအားဖြင့် လူဖြူ လူမည်း လူထွားကြီးတွေသာဖြစ်မှာလေ။ သေနတ်တွေကလဲပေါ၊ ကိုယ့်အမကြီးကလဲချောတော့ စိတ်ပူလို့ပါ။ မမမေက သိုင်းလဲတတ်တယ်။ ပြီတီတီလဲ အထာမပေးတဲ့ မိန်းမစားမျိုးဆိုတာ သူတို့လဲ အကဲခတ်တတ်ပါတယ်လို့ ပြောပါ တယ်။

မာအေးနဲ့ မမမေ  တယောက်သီချင်း တယောက်လဲဆိုကြတာမျိုးလဲရှိပါတယ်။ ဓာတ်ပြားခေတ်က မာအေး စာချုပ်မိနေချိန်မှာ၊ ဆရာရွှေပြည် အေးရဲ့ “ရွှေမန်းမေ” ရုပ်ရှင်ပဏါမသီးချင်းကို  မမမေဓာတ်ပြားသွင်းခဲ့ရတော့ မာအေးကို ဖုန်းဆက်ပြောခဲ့တယ်။ ညီမလေး သီချင်းကို မမမေဆိုလိုက်ပြီ။ ခွင့်လွှတ်နော်တဲ့။ မာအေးကလဲ မမမေရဲ့ “စကားတက္ကသိုလ်” သီချင်းကို ကက်ဆက်ခေတ်မှာပြန်ဆိုတော့- အမေရိကန် မှာပြန်တွေ့မှ ပြောဖြစ်ခဲ့ရပါတယ်။ မမမေရဲ့သား မိုးလေးမင်္ဂလာဆောင်တောင်မှ မီခဲ့ပါသေးတယ်။ ပဌာန်းဆက်က အဲဒီလောက်ရှည်ကြ တာပါ။ ခုတော့ မမသွားနှင့်ခဲ့ပြီ။ သူ့သီချင်းလေးနဲ့ဘဲ အလွမ်းပြေရတော့မှာပေါ့ရှင်။

(စကားတက္ကသိုလ်မှ-ခင်ယုမေ)
စကားတောင်စား မွေးထားတဲ့သားလိုလို xxx ကြားသူမှာ ဖရဏာပီတိ ဂွမ်းဆီထိပုံ တအိအိစို xxxx  စေတနာသဒ္ဒါထား တကယ်ရိုး သားရဲ့လားအကို xxxx ကဗျာအလား တာသွားလျှာဖျားစကားတက္ကသိုလ်… xxxx ဟိုအရင်စပါယ်ပင်နဘေး  xxxx   သူ့အကြိုက်နဲ့တွေ့ခွင့်ပေး၊ နုလိုက်တဲ့အထေ့အဖွင့်လေး xxxx သဲအေးအေးနားဝင်ချို၊ ခင်ပျိုပျို လှယမင်း xxx သွားကလေးကဖွေးရောင်လင်း xxxx ပါးကလေးက သွေးရောင်ဝင်း xxx  မင်းပပထက်နှစ်ဆပို…xxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

2 thoughts on “မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် – အမှတ် (၅၂၄) ခင်ယုမေ
  1. ဒေါ်မာမာအေး ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ အသက်ရာကျော်ရှည်ပါစေ ၊ မြန်မာ့ဂီတအကျိုးဆထက်တံဘိုးဆောင်ရွက်နိုင်ပါစေ။ သရုပ်ပျက်မြန်မာသီချင်းများအန္တရာယ်ကကြီးသထက်ကြီးနေပါပြီ။ ဒေါ်မာမာအေးရဲ့” ဘောလ်ဒန့်စ် ပွတ်သဘင် ဖန်ရှင်ပွဲတွေရယ်၊ မြန်မာအမျိုးသမီးများပျက်စီးစရာ လမ်းစဖြစ်ပေတယ်၊ ဒါကြောင့်မို့ ဆိုရှယ် မလိုတယ်”၊ ဆိုတဲ့သီချင်းဟာ ဗေဒင်ဟောခဲ့သလို အခုခေတ်မှာတော့ လက်တွေ့ဖြစ်လာပါပြီ။ လင်ကောင်မပေါ်ဘဲမွေးတဲ့ကလေးတွေ များလာပါပြီ။ အနုပညာရှင်တွေ တတ်နိုင်သလောက် ကြည့်ထိန်းပေးကြပါ။

  2. Who is ‘ Ma Ma Nwe ” ?

    တွဟာ စံပြအမျိုးသမီးအထက်တန်းကျောင်းလို့လဲခေါ်၊ မရမ်းခြံကျောင်းလို့လဲခေါ်ခဲ့ကြတဲ့၊ မရမ်းရောင်ဆင်တူဝတ်ကြတဲ့ကျောင်း၊ အခု အထက (၁) ကမာရွတ်မှာ ပညာရင်နို့သောက်စို့ခဲ့ကြတဲ့သူတွေမို့လို့လဲ ချစ်ကြပါတယ်ထင်ပါရဲ့။

    မာအေးက ပဉ္စမတန်းအကူးမှာ ရောက်သွားခဲ့အခါ၊ မမမေက ကျောင်းထွက်ပြီး မမခင်ယုဆွေက (၇) တန်းမှာပါ။ မမနွဲ့လေးလဲရှိတယ်။ သူက (၈) တန်းမှာပါ။ မာအေးကကျောင်းမှာ မမနွဲ့လေးအရမ်းတော်တဲ့ သရိုးဘော (လ်) ကစားနည်းကို ဝင်ကစားပါတယ်။ မမဆွေနဲ့ကျတော့ အတူသီချင်းတွေဆိုပါတယ်။ မာအေးက ကပ္ပလီကွက်သစ်ပဲခေါ်၊ ဦးဝိစာရကွက်သ

Comments are closed.