ဓာတ်ပုံသတင်း

(D-Wave) ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်မည်

(D-Wave) ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်မည်
(ဒီလှိုင်းဖေ့စ်ဘွတ်) ဧပြီ ၇၊ ၂၀၁၅

အဖိနှိပ်ခံမြန်မာပြည်သူတို့၏ သံမဏိသူရဲကောင်းကြီးဖြစ်သော ဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခဲ့သည်မှာ လာမည့်၂၀၁၅ ဧပြီလ(၂၁) ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါသည်။

ဆရာကြီးဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်းတစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားပွဲကို လာမည့် ဧပြီလ(၂၁) ရက်တွင် နံနက် (၁၀)နာရီမှ (၁၂) နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီသီရိခန်းမ ၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ဆရာကြီးအား အလေးထားဂုဏ်ပြုသည့်အနေဖြင့် ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ထူထောင်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊(၈၈)မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲတို့နှင့်အတူ ဆရာကြီး၏မိသားစုဝင်များ၊ ရင်းနှီးသောမိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ စုပေါင်းလျှက် ဆရာကြီး ကွယ်လွန်ခြင်း တစ်နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါအောက်မေ့ဖွယ်အခမ်းအနားတွင် အထင်ကရပုဂ္ဂိုလ်များနှင့် ဆရာကြီး၏ လုပ်ဖော်ကိုင်ဖက် အချို့က အမှတ်တရစကားများပြောကြားမည့်အပြင် ဆရာကြီးပုံတူပန်းချီကားများ မှတ်တမ်းတင်ဓာတ်ပုံများ၊ ဆရာကြီးရေးသားခဲ့သည့်စာအုပ်များ၊ လက်ရေးစာမူများ၊ အမှတ်တရစကားများ၊ ဆရာကြီး၏ အသုံးအဆောင် ပစ္စည်းများကို အမှတ်တရခင်းကျင်းပြသမည့်အပြင် ဆရာကြီး၏ နေ့စဉ်နေထိုင်မှုဘ၀ဖြစ်စဉ်နှင့် ဈာပနကျင်းပ ခဲ့ပုံ မြင်ကွင်း အချို့ကိုလည်း အခမ်းအနားမစမီ စီစဉ်ပြသပေးသွားမည် ဖြစ်သည်။

အဆိုပါ တစ်နှစ်ပြည့်အောက်မေ့ဖွယ်အခမ်းအနားသို့ ရွှေဝါရောင်သံဃာများနှင့် အခြားဘာသာရေး ခေါင်းဆောင်များ၊ NLD ပါတီအပြင် အခြားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ စာပေ ဂီတ ရုပ်ရှင်နယ်ပယ်တို့မှ အနုပညာရှင်များ၊ နယ်ပယ်အသီးသီးမှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အခြားတက်ကြွလှုပ်ရှားသူများ တက်ရောက်ကြမည် ဖြစ်ပြီး ဖိတ်ကြားရန် လက်လှမ်းမမီသည့် ရန်ကုန်မြို့နှင့် နယ်မြို့အသီးသီးမှ NLD အဖွဲ့ဝင်များအပါအ၀င် ဆရာကြီးအား ကြည်ညိုလေးစားသူ မည်သူမဆို အင်တိုက်အားတိုက် တက်ရောက်ကြပါရန်လည်း အသိပေး နိုးဆော်အပ်ပါသည်။

တက်ရောက်လာသူများအား နေ့လည်စာဖြင့် တည်ခင်းကျွေးမွေးမည်ဖြစ်ပါသည်။

အဆိုပါနှစ်ပတ်လည်အခမ်းအနားအတွက် ဆရာကြီးနှင့်ပတ်သက်သော ပန်းချီကားများ၊ ဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာများ ပေးပို့လိုသူများနှင့် အသေးစိတ်သိရှိလိုသူများ ဦးကျော်အောင် (ဟံသာဝတီဦး ၀င်းတင်ဖောင်ဒေးရှင်း အတွင်းရေးမှူး) ဖုန်း-၀၉-၅၀၂၆၄၅၀ ထံ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts