ကဗ်ာ ဇင္လင္း

ဇင်လင်း – နှစ်သစ်ကူးပြန်ပေါ့ …

ဇင်လင်း – နှစ်သစ်ကူးပြန်ပေါ့ …

(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၉

– နှစ်တွေ  နှစ်တွေ သစ်လိုက် ညစ်လိုက်နဲ့

သစ်ခဲ့ပေါင်းလည်း များလှပေါ့၊ ညစ်ခဲ့ပေါင်းလည်း များလှပေါ့

– သစ်ပြီးရင် ညစ်

ညစ်ပြီးရင် ဟောင်း

ဟောင်းပြီးတော့ နွမ်းရတာ … ဓမ္မတာဆိုပေမယ့်

အသွင်သဏ္ဍာန်သာ သစ်ရုံမဟုတ်ဘဲ

အတွင်းအနှစ်ပါ သစ်ဖို့လိုတယ်

– အသွင်သဏ္ဍာန်ဆိုတာ …

အပေါ်ယံခြယ်သ တဒင်္ဂ

ခမ်းနားကြီးကျယ်သလောက်

နေ့မြင်ညပျောက် … ညမြင်နေ့ပျောက်

နေ့ချင်းပျောက် … ညချင်းပျောက်

အနှစ်သာရလောက် အဓွန့်မရှည်။

– နှစ်အသစ်ဟာ … ဟောင်းနွမ်းရမှာ ဓမ္မတာဆိုပေမယ့်

– အနှစ်သာရ တခုခု ဆစ်ထုထားရစ်ခဲ့ဖို့ လိုတယ်

– ၁၃၀ဝ ပြည့်နှစ်ဟာ ဟောင်းခဲ့တာကြာပေမယ့် ညစ်မသွားခဲ့

– ၁၃၀ဝ ပြည့်နှစ်မှာ ရေနံမြေသပိတ်ကြီး ပေါ်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ နယ်ချဲ့ဆန့်ကျင်ရေးပြယုဂ်ဖြစ်တယ်

– ၁၃၀ဝ ပြည့်နှစ် ရေနံမြေသပိတ်ဟာ လွတ်လပ်ရေးတိုက်ပွဲခေါ်သံဖြစ်တယ်

– ၁၃၀ဝ ပြည့်နှစ်မှာ ပုဒ်မ ၁၄၄ ကို ထွန်းလှန် အာဏာဖီဆန်ခဲ့ကြတယ်

– ၁၃၀ဝ ပြည့်နှစ်မှာ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်လို့ ကြွေးကြော်ခဲ့ကြတယ်

– ၁၃၀ဝ ပြည့်နှစ်မှာ သခင်ခေါင်းဆောင်တွေ ထွန်းပေါ် တိုက်ပွဲပျော်တွေ ကျော်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ်မှာ ပုလိပ်တပ် လှံစွပ်တပ် မြင်းစီးတပ် သေနတ်ကိုင်တပ်တွေကို ထိုးဖေါက်  ရွှေတိဂုံခံတပ်အထိ ရောက်ခဲ့တယ်

– ၁၃၀ဝ ပြည့်နှစ်ဟာ သမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့နှစ်ပေပဲ

– ၁၃၀ဝ ပြည့်နှစ်ဟာ မဟောင်းနိုင်တဲ့ နှစ်၊ မညစ်နိုင်တဲ့ ခေတ်ရဲ့ အောင်ပွဲ သင်္ကေတပေပဲ

– လာမယ့် နှစ်သစ်ဟာ ၁၃၀ဝ ပြည့်နှစ်ရဲ့ စံချိန်စံညွှန်းတွေကို အရောင်ပြန်တင်ပေးနိုင်မလား

– မေးခွန်းတခု၊ စိန်ခေါ်မှုသဖွယ် ရှိနေတယ်

– တကယ့်နှစ်သစ်ဖြစ်ဖို့ စိန်ခေါ်မှုတွေ ကျော်ဖြတ်ရဦးမယ်

– သမိုင်းမှတ်တိုင်အသစ် စိုက်ထူရဦးမယ်

– သစ်ပြီးရင် ညစ်

ညစ်ပြီးရင် ဟောင်း

ဟောင်းပြီးတော့ နွမ်းမသွားစေချင်ဘူး

– လာမယ့် နှစ်သစ်မှာ တန်းတူရေးကို အလေးပြု

ငြိမ်းချမ်းမှုကို ဦးထိပ်ပန်

ဓမ္မကို ရည်သန်

အဓမ္မမှုကို ဖီဆန်ဖို့တော့ ဒိဋ္ဌ လိုပေလိမ့်ဦးမယ်။

ဇင်လင်း

၁၇ ဧပြီ၊ ၂၀၁၉။

(သရုပ်ဖော် သန်းဌေးမောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts