သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၈)
(မိုးမခ) ဧပြီ ၁၈၊ ၂ဝ၁၉


ချောက်မှာနေ့လည်စာစားပြီး ချောက် – ဆိပ်ဖြူမြစ်ကူးတံတားကိုဖြတ်တော့ မွန်းတိမ်းပြီ။ တံတားပေါ် ဥဒဟိုသွားလာနေတဲ့ ကားတွေ ဆိုင်ကယ်တွေငေးရင်း.. သြော် .. တချိန်တုန်းက ဒီမြစ်ကြီးကို ကူးတို့မော်တော်လေးနဲ့ ငါ ကြိမ်ဖန်များစွာ ဖြတ်ခဲ့ဖူး ပါသော်ကော။ ချောက်နဲ့ဆိပ်ဖြူဆိုတာ ဧရာဝတီမြစ်ရဲ့ ဟိုဘက်ကမ်းဒီဘက်ကမ်း လှမ်းမြင်လို့ရပေမယ့် မိုးတွင်း ရေတက်ချိန် မှာ မော်တော်လေးနဲ့ဖြတ်ရတာ မဆိုးပေမယ့် နွေရေကျချိန်မှာတော့ သောင်ပြင်ကြီးကို ခြေကျင်အတော်လေးဖြတ်လျောက်ပြီးမှ ဆိပ်ဖြူမြို့ကိုရောက်ပါတယ်။ အချိန်လည်းကုန် လူလည်းပင်ပမ်း ၊ ကလေးတွေ သက်ကြီးရွယ်အိုတွေပါရင် သိပ်ဒုက္ခရောက် တာကလား။ ခုတော့…ချောက် – ဆိပ်ဖြူ ကွမ်းတယာညက်တောင် မကြာချင်တော့။

တံတားဖြတ်နေတုန်းမှာပဲ အောက်ဆိပ်ကတပည့် မအေးက ဖုန်းဆက်လာပြန်ပါတယ်။ ဘယ်ရောက်ပြီလဲမေးနေလို့  အေး..မကြာ တော့ဘူး၊ ဒို့အခုတံတားကိုဖြတ်နေပြီဆိုတော့ တပည့်တွေမျှော်နေပါတယ်တဲ့။

အောက်ဆိပ်…..။
သာမန် အညတြရွာ လေးတရွာမျသာ။ ပုသိမ် – မုံရွာ ကားလမ်းမကြီးဘေး ၊ဆိပ်ဖြူမြို့ရဲ့တောင်ဖက် (၇) မိုင်အကွာလောက်မှာရှိတဲ့ရွာလေးတရွာ။ အိမ်ခြေ ၂ဝဝ မဲ့မဲ့ (၁၉၇၃) ခုနှစ်က…၊ ကျေးရွာဆေးပေးခန်းတခု၊ အစိုးရအလယ်တန်းကျောင်း တကျောင်း၊ စီးပွားရေးနောက်ခံအားမကောင်းလှ။ ပူပြင်းခြောက်သွေ့တဲ့ အညာမိုးခေါင်ရေရှားအရပ်မှာတွေ့ရလေ့ရှိတဲ့ သာမန်ကျေးလက်အသွင်အပြင်ထက် ဘာမှပိုမထူး။ ဒါပေမယ့်….. ဒီရွာလေးဟာ ကျွန်တော့်ဘဝအဆစ်အချိုးတခုမှာ အမှတ်ထင်ထင်ဖြစ်ခဲ့ရတယ်။ ဒီရွာလေးက ကျွန်တော့်ကိုဘဝသင်ခန်းစာတွေအများကြီးပေးခဲ့တယ်။ ဒီရွာလေးကပဲ ကျွန် တော့်စာပေဘဝကို စခဲ့တယ်။ ဒီရွာလေးကပဲ ကျွန်တော့်ကို ရင့်ကျက်စေခဲ့တယ်။ ဒီရွာလေးကပဲ ထန်းရည် အရက်စသောက် တတ်ခဲ့တယ်။ ကျေးလက်ပြည်သူတွေရဲ့ဘဝ ဆင်းရဲရုန်းကန်ကြရတဲ့လက်တွေ့ဘဝကို ဒီရွာလေးမှာစမြင်ခဲ့ရတယ်။ ဒါ့ ကြောင့် ဒီရွာလေးဟာ ကျွန်တော့်နှလုံးသားတနေရာမှာ အမြဲတမ်းခိုအောင်းနေတယ်။ တနေ့ .. အခါအခွင့်သင့်ရင် ရောက် အောင်ပြန်မယ်ဆိုတဲ့စိတ်က အမြဲရှိတယ်။ ၁၉၇၉ ဆင်ဖြူကျွန်းမှာ အိမ်မီးလောင်ခံရတယ်ကြားတော့ ရွာလူကြီးတွေလာခေါ်လို့ လယ်ထွန်စက်ကြီးနဲ့လိုက်သွားပြီး တပည့်တွေကန်တော့လိုက်တဲ့ငွေစလေးကို မသုံးမစွဲပဲ ဆင်းတုတော်တဆူ ဝယ်ပူဇော်ခဲ့ တာ ခုထိတိုင်အောင် ရန်ကုန်အိမ်မှာရှိပါသေးတယ်။

၁၉၇၃ မှာကျောင်းပြီးသွားပြီ။  အသက်က ၂ဝ စွန်းစွန်း၊ ရန်ကုန်မှာပဲဆက်နေရမလား၊ ကိုယ့်မြို့ပြန်ပြီး မိဘတွေနဲ့အတူနေ မလား၊ မဆလခေတ်ဘွဲ့ရတယောက်ရဲ့ရွေးချယ်ခွင့်ဆိုတာက တော်တော့်ကိုကျဉ်းပါတယ်။ ခုခေတ်လို ကုမ္ပဏီတွေ အေး ဂျင့်တွေ၊ NGO တွေ ပြည်ပအလုပ်တွေ ဘာတခုမှမရှိပဲ ဒု ရဲအုပ်လျောက်ချင်လျောက်၊ ဒါမှမဟုတ် ကျေးရွာကပေးတဲ့လစာ လေးနဲ့ တွဲဖက်ကျောင်းဆရာဝင်လုပ်ချင်လုပ်၊ ဒါမှမဟုတ် မြို့နယ်သမဦးစီးမှာ စာရေးဝန်ထမ်း …… အဲတတ်နိုင်သူ အဆက် အသွယ်ရှိသူတချို့ကတော့ ဧရာမဂုဏ်ယူစရာအလုပ်ကြီးတခုလိုဖြစ်နေတဲ့ ပျိုမေတွေမက်လှတဲ့ နိုင်ငံခြားသဘောၤသားဆိုတဲ့ အလုပ် စန်းပွင့်နေတဲ့အချိန်ဆိုပါတော့။

အဲဒီအချိန်မှာပဲ ဘွဲ့ရပြီး ရန်ကုန်မှာယောင်လည်လည်ဖြစ်မှာစိုးတဲ့ ကျွန်တော့်အကိုက ဝိဇ္ဇာဘာသာပြနိုင်တဲ့ ဆရာတ ယောက်လိုနေတယ်၊ မင်းလုပ်ချင်ရင်လာခဲ့ဆိုတော့ ကျွန်တော်စဉ်းစားရပြီ။ ရန်ကုန်မှာ ဘာအလုပ်မှ ရေရေရာရာမရှိပဲ ယောင်လည်လည်လုပ်နေမလား။ ကျောတနေရာအတွက် အပြင်အဆောင်မှာ တလ ၂၅ ကျပ်၊ စားဖို့အတွက် တလ ၆ဝ ကျပ်ပေးနိုင်ရင် လေချွန်နေလို့ရတဲ့ခေတ်မှာတောင် ဘာအာမခံချက်မှမပေးနိုင်တဲ့ ပညာရေးစနစ်ကြီးကိုပဲ စိတ်နာရမလား၊ တသက်လုံး ထိုင်စားနိုင်လောက်အောင်မချမ်းသာတဲ့ မိဘတွေကိုပဲအပြစ်တင်ရမလား။ လောကမှာ ဘာအရေးကြီးဆုံးလဲ ?… ကိုယ့်ဖါသာမေးခွန်းတွေထုတ်၊ ငါ ဘွဲ့ရတယောက်။ ခုချိန်ထိ မိဘကိုမှီခိုနေဦးမှလား၊ ကိုယ့်ဘဝရပ်တည်ရေးအသက် ရှင် ရေး၊ စားဝတ်နေရေးဆိုတာ ကိုယ့်ဖာသာတာဝန်ယူရမှာပဲမဟုတ်ဘူးလား။ စာအုပ်တွေထည့်ထားတဲ့ထင်းရှူးသေတ္တာ ၂ လုံး၊ အဝတ်အစားသေတ္တာတလုံး၊ အိပ်ယာလိပ်တခုကို ကျောက်ပတောင်း ကြေးနီရထားပေါ်တင်ပြီး ရန်ကုန်ကို နှုတ်ဆက်၊ မပျေ်ာတနှစ် ပျော်တသက်ပေ့ါဆိုပြီး အညာကျေးလက်ကျောင်းဆရာဘဝကို ခံယူခဲ့ပါတယ်။

ရောက်ပြီလို့ ကားဆရာကလက်တို့တော့မှ အတိတ်အာရုံကျောမှာ နစ်မျောနေတဲ့ကျွန်တော် သတိပြန်ဝင်လာပါတယ်။ ကားလမ်းဘေး ဆေးပေးခန်းရှေ့မှာစောင့်မျှော်နေတဲ့ တပည့် ကျော်မောင်ဝမ်းက အားရဝမ်းသာ အပြေးတပိုင်းနဲ့ ကားဆီလာ ပြီး ကျွန်တော်မနက်ကတည်းကမျှော်နေတာတဲ့။ ကိုင်း… ဒို့ဘယ်သွားကြမလဲဆိုတော့ ကျောင်းထဲခဏဝင်လိုက်ကြရအောင်၊ ပြီးမှ မအေးတို့အိမ်သွားကြမယ်။ ဟိုမှာတပည့်တွေမျှော်နေကြတယ်။ မောင်ဝမ်းအစီအစဉ်အတိုင်း ကျောင်းထဲကိုသွားကြ တော့ “အစိုးရအထက်တန်းကျောင်း အောက်ဆိပ်ကျေးရွာ ဆိြပ်ဖူမြို့နယ်” ဆိုင်းဘုတ်ကြီးကိုကြည့်ပြီး ပီတိတွေဖြာနေပါ တယ်။ တချိန်ကဒီရွာကကလေးတွေ အလယ်တန်းအောင်ပြီးရင် ဆိပ်ဖြူ အထကကို ခြေလျင်ခရီး ၇ မိုင်ကို နေ့တိုင်းနှင်ရ တာ။ မိုးတွင်းဆို သူတို့ခမျာသနားစရာ။ ခုလို ကတ္တရာလမ်းမဟုတ်သေးပဲ သဲလမ်းဆိုတော့ စက်ဘီးနဲ့လည်း အဆင်မပြေ လှပါဘူး။ ဒီကျောင်းက အလယ်တန်းပြဆရာဘဝနဲ့ ပင်စင်ယူလာတဲ့ တပည့်ကျော်မောင်ဝမ်းက သူ့ဆရာ ဆရာမတွေ ကျောင်းအုပ်ကြီးနဲ့ပါ မိတ်ဆက်ပေးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၄ဝ ကျော်က သက်ကယ်မိုး ထရံကာ တွဲဖက်အထက်တန်း ကျောင်းလေးက ခုတော့ အုတ်ကာ သွပ်မိုးနဲ့ သစ်ရိပ်ဝါးရိပ်နဲ့ ကလေးတွေစာအံသံ တညံညံကြားရတော့ ဖေါ်မပြတတ်အောင် ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ ကိုယ်စိုက်ခဲ့တဲ့အပင်လို့ မပြောရဲပေမယ့် ကိုယ်ပေါင်းသင်ရေလောင်းပေးခဲ့ဖူးတယ်ဆိုတဲ့ အသိနဲ့ လိပ်ပြာလုံစွာ ပီတိဖြာရပါတယ်။

ကျောင်းက ဆရာ ဆရာမတွေနှုတ်ဆက်ပြီး တပည့်တွေစောင့်မျှော်နေတဲ့စုရပ် မအေးအိမ်ရှေ့ ကားထိုးဆိုက်လိုက်တယ် ဆိုရင်ပဲ.. တပည့်တွေစုပြုံဝိုင်းအုံပြီး အားရဝမ်းသာနှုတ်ဆက်ကြ၊ ဆရာ..ကျွန်တော့်မှတ်မိလား၊ ကျွန်မမှတ်မိလားဆိုတော့  နှစ်ပေါင်း ၄ဝ ကျော်ပြန်မတွေ့တော့တဲ့သူတွေ … ဘယ်မှာလာ ရုတ်တရက်မှတ်မိပါ့မလဲ။ သူတို့ကိုစာသင်ပေးတုန်းက တချို့က ၁၄..၁၅ နှစ်။ တချို့က ၁၇..၁၈။ နှစ်ပေါင်း ၄၆ နှစ်ကြာမှပြန်တွေ့တော့ အားလုံး ၆ဝ ကျော်ကုန်ပြီ။ ခေါင်းဖြူစွယ် ကျိုးတပည့်တွေနဲ့ ဇရာထောင်းစပြုပြီဖြစ်တဲ့ ဆရာတွေ့ဆုံပွဲက သိပ်ကို  လွမ်းမောကြည်နူးဖို့ကောင်းပါတယ်။ တခါ တခါ ဘဝထဲက ဇာတ်ကွက်ဇာတ်လမ်းတွေက ရုပ်ရှင်ရိုက်ပြတာထက် ပိုလှနေပါသေးတယ်။

စားပွဲပေါ်ၤမှာစားစရာအပြည့်၊ကုလားထိုင်တလုံးပေါ်ၤမှာဆရာကိုထိုင်စေပြီးတပည့်တွေကမြေပြင်မှာပဲကျုံ့ကျုံ့လေးထိုင်ကန်တော့ကြမှာ။ မကန်တော့ခင်ဆရာ တပည့်ပြန်မိတ်ဆက်ကြရတာပျော်စရာတော့အကောင်းသား။ အံသြဖို့ကောင်းတာက ဒီပွဲကိုဦးစီးကျင်းပတဲ့မအေးကိုမမှတ်မိ။ တကယ်တော့ဒီမအေးဆိုတဲ့တပည့်မလေးဟာဒူးမနာသမီးလို့ပြောရမလားပဲ။ ကျွန်တော်အောက်ဆိပ်ကိုရောက်တော့ မအေးအဖေ ဆုံးပြီးစ၊မအေလုပ်သူမအေးတုတ်ခမျာ ကလေးတပြုံတမနဲ့ ဆင်းရဲဒုက္ခကြီးစွာရောက်နေတဲ့အချိန်မှာမအေးကကိုးတန်း ဝိဇ္ဇာ ကျွန်တော့်အတန်းမှာ။ ကျောင်းလခ၅ကျပ်ကအစ အခက်အခဲရှိတော့ စာအုပ်ဖိုး ကျောင်းလခ ၊ဆယ်တန်းရောက်တော့စာမေးပွဲဝင်ကြေး ၊စာမေးပွဲဖြေတော့စာစစ်ဌာနရှိရာဆိပ်ဖြူမှာတပတ်နေရတော့ စားရေးနေရေးကျွန်တော်ကူညီစောင့်ရှောက်ခဲ့ဖူးပါတယ်။ ဒီလိုအမှတ်မထင်ပြုခဲ့ဖူးတဲ့ မပြောပလောက်တဲ့ စာမဖွဲ့လောက်တဲ့ကုသိုလ်လေးကို ကျွန်တော်ကမေ့ပေမယ့်မအေးကမေ့ပုံမရဘူး၊ပြည်ပရောက်နေတဲ့ကျွန်တော့်ကိုဆက်သွယ်လို့မရတော့ ဆင်ဖြူကျွန်းသူနဲ့အိမ်ထောင်ကျတဲ့ကျွန်တော့်အကိုဖုံးနံပါတ်ကိုဆင်ဖြူကျွန်းအဆက်တွေနဲ့ရအောင်ရှာပြီးအဆက်အသွယ်ရသွားတော့ တနေ့ညီကိုချင်းဖုံးပြောရာက မအေးဖုံးနံပါတ်ငါရထားတယ်။ မင်းဖုံဆက်လိုက်ပါဦးဆိုတာနဲ့ နှစ်ပေါင်းများစွာကွဲကွာသွားတဲ့တပည့်နဲ့ဖုံးထဲမှာစကားပြောခွင့်ရခဲ့ပါတယ်။ ခု အရှင်လတ်လတ်ပြန်တွေ့တော့သူ့ကို ကျွန်တော်မမှတ်မိ။ အချိန်ဆိုတဲ့မျက်လှည့်ဆရာကြီးကလူတွေကိုရုပ်ပြောင်းရုပ်လွှဲလုပ်တတ်ထင်ပါရဲ့။ မူလတန်းကျောင်းအုပ်ဆရာမကြီးဘဝနဲ့ပင်စင်ယူခဲ့တဲ့ ဆရာမကြီးဒေါ်ၤအေးဟာသူ့ငယ်ဆရာကို မမျော်လင့်ပဲတွေ့ရလို့ထင်ပါရဲ့ပေါ့ပါးဖြတ်လတ်နေလိုက်တာ။ “ဟဲ့..မိအေး.ညည်းကလေး းဘယ်နှစ်ယောက်တုန်း ” ၂ယောက်ဆရာ ယောက်ကျားလေးတွေ။ သူကကျွန်မခင်ပွန်းပါဆရာ “ခပ်လှမ်းလှမ်းကနေဆရာ တပည့်တွေ ပွက်လောညံနေတာကိုပြုံးပြုံးကြီးကြည့်နေတဲ့အသက်၆ဝကျော်ေ လာက်ရှိပုံရတဲ့မအေးခင်ပွန်းက “ဆရာ့ကိုခုမှလူချင်းတွေ့ဖူးပေမယ့် ဆရာ့နံမည်ကိုတော့တနေ့၂ခါ ၊မအေးဘုရားရှိခိုးတိုင်းကြားလာတာနှစ်ပေါင်း၃ဝလောက်ရှိပါပြီတဲ့။ သြော်…ငါ့တပည့်..ကျေးဇူးသိတတ်လှချည့်၊သာဓုပါဗျာ သာဓုပါ။

“ဟဲ့..ခင်မောင်ဝင်းတယောက်မတွေ့ပါ့လား “ဆိုတော့ “ဆုံးပြီဆရာ ” တဲ့။ မောင်ရိုးကောဆိုတော့ သေတာတောင်အတော်ကြာပြီတဲ့။ အင်း…သက်တန်းစေ့နေမသွားရရှာတဲ့တပည့်တွေအတွက် စိတ်မကောင်းဖြစ်ရပြန်တယ်။  “အေးမောင်ကချင်တောင်ရွာမှာပဲလားဆိုတော့ “သူတို့လေးတွေမျက်နှာမကောင်းကြ၊သူမမာဘူးဆရာ၊ဒါ့ကြောင့်သူ့ကိုအကြောင်းမကြားတော့ဘူး။ သူသိရင်လာချင်နေဦးမှာ။  “ဆရာ ကျမကိုမှတ်မိလား “အသားညိုညို တုတ်တုတ် ဘယ်သူပါလိမ့် စဉ်းစားလို့မရ။  ကျမ ခင်စုကြည်ပါဆိုတော့မှ ဟယ်ခနဲအံ့သြသွားပြီး ညည်းအမလား ညီမလား ခင်စုရည်ဆိုတာရှိသေး တယ်လေဆိုတော့၊ ဆရာလာမယ်ကြားလို့ သူသိပ်တွေ့ချင်တာ၊ မမာဘူးဆရာ အိပ်ရာပေါ်မှာပဲ “အေး…ပြီးရင် ငါ့လိုက်ပို့ မမာလို့မလာနိုင်တဲ့တပည့်ကို ငါသွားတွေ့မယ်။ မှတ်ဉာဏ်ထဲပေါ်လာသမျှတပည့်တွေနဲ့ မေးလိုက်ဖြေလိုက်လုပ်နေချိန်မှာ နောက်နားခပ်ကျကျမှာ ငုတ်တုတ်လေးထိုင်နေတဲ့ အဖိုးကြီးတယောက်။ ဆံပင်တွေကဖွေးလို့၊ သွားတွေကကျိုးလို့၊ ကွမ်း သွေးတွေက နှုတ်ခမ်းမှာပေလို့။ ကြည့်ရတာ သတင်းကြားနဲ့ စိတ်ဝင်စားလို့လာနားထောင်တဲ့ ရွာလူကြီးတယောက်ထင်ပါ ရဲ့။ သူက ကျွန်တော့်ကိုပြုးံပြရင်း ဆရာ…ကျွန်တော့်ကိုမမှတ်မိဘူးလားတဲ့။ ဘုရား ဘုရား…ဒါလည်း တပည့်ပါကလား။  “ဆရာ ကျွန်တော်မောင်မြင့်သိန်းလေ ဆရာ့ဝိဇ္ဇာအခန်းမှာနေသွားတာ။ သေပါတော့မောင်မြင့်သိန်းရာ ငါက မင့်ကိုရွာထဲကအဖိုးကြီးတယောက်လို့ထင်နေတာ။ သြော်မောင်မြင့်သိန်း..လူကသေးသေးညှက်ညှက် အလွန်ကြောက်တတ်တဲ့ကလေး၊ခု တော့ပီဘိအဖိုးကြီးပါကလား။ မင့် အိုစာလှချည့်လားငါ့တပည့်ရာ..ဆိုတော့ သူရီနေတယ်။

တပည့်တွေနဲ့ သူတခွန်းကိုယ်တခွန်း ပြောကောင်းနေတုန်းမှာပဲ ရှေ့ဆုံးတန်းမှာထိုင်နေတဲ့မောင်ဝမ်းက ..ကဲ..ကဲ..ကန် တော့ကြရအောင်၊ ဆရာကခရီးဆက်ရဦးမှာ အချိန်နည်းနေပြီ” ဆိုတော့မှ အားလုံးကိုယ်နေဟန်ပြင် လက်အုပ်ကလေး တွေချီပြီး ရှေ့က မောင်ဝမ်းတိုင်ပေးတဲ့အတိုင်း ရဟန်းသံဃာတော်များကန်တော့သလို အကန်တော့ခံရတော့ တကိုယ်လုံး ကြက်သီးမွှေးညှင်းများတောင် ထမိတယ်ထင်ပါရဲ့။ “ဆရာ့အပေါ်ကာယကံအားဖြင့်ဖြစ်စေ၊ ဝစီကံအားဖြင့်ဖြစ်စေ၊ မနောကံ အား ဖြင့်ဖြစ်စေ ပြစ်မှားကျူးလွန်ခဲ့သည်ရှိသော် တပည့်တော်တို့အား အပြစ်မယူ ကြည်ဖြူစွာ ခွင့်လွှတ်…….”  တင်းမခံနိုင် တော့၊ မျက်ရည်တို့ပိုးပိုးပေါက်ပေါက်ကျလေပြီ။ မရှိပါဘူး ငါ့တပည့်တို့ရာ၊ မင်းတို့အပေါ် ငယ်စိတ်နဲ့ ကရုနာဒေါသော ဆိုခဲ့ ဆဲခဲ့ ရိုက်ခဲ့ဖူးရင် ဆရာ့ကိုခွင့်လွှတ်ကြပါ။ ငယ်စဉ်က မင်းတို့ကို ဆရာစာသင်ပေးခဲ့တာ ငါတော်လို့မဟုတ်ဘူး။ မင်းတို့တော်လို့ ဒို့ကျောင်းအောင်ချက်ကောင်းခဲ့တာ၊ အခု မင်းတို့ကျောင်းကသင်ပေးတာထက် ဘဝကသင်ပေးလိုက်တဲ့ပညာတွေနဲ့ လော ကကြီးအကြောင်း သိလောက်ရောပေါ့။ မင်းတို့ အခုလိုမူလတန်းကျောင်းအုပ်၊ အလယ်တန်းပြဆရာဘဝတွေနဲ့ ပင်စင်သွား ကုန်ကြပြီဆိုတော့ ဆရာကြားရတာဝမ်းသာပါတယ်။ ဆရာတယောက်ရဲ့နှလုံးသားကို မင်းတို့ဆဝါးနိုင်လောက်ပြီလို့ ဆရာ ထင်တယ်။ ရင်ထဲမှပြောချင်တာတွေက အများကြီး၊ စကားလုံးအဖြစ် နှုတ်ကထွက်မလာပဲ မျက်လုံးကသာ မျက်ရည်တွေ စိမ့်ထွက်နေပါတော့တယ်။ စိတ်ကိုထိန်းအားတင်းပြီး “မင်းတို့မငယ်တော့ဘူး ကျန်းမာရေးဂရုစိုက်ကြ၊ အချင်းချင်းတည့် အောင်နေကြ “ကတုန်ကယင်ထွက်သွားတဲ့စကားလုံအချို့ကလွဲပြီး ရှေ့ဆက်ပြောမထွက်တော့။ မျက်ရည်စမ်းစမ်း ငိုရှိုက်သံ သဲ့သဲ့ကြားကပဲ သူတို့ ခေါင်းငြိမ့်ရင်း ဦးချကန်တော့ကြပါတယ်။

နှစ်ပေါင်းများစွာကွဲကွာပြီး ခုထိစွဲမြဲနေတဲ့ ဆရာတပည့်သံယောဇဉ်၊ စာသင်ပေးခဲ့တဲ့ ဆရာ့ကျေးဇူးဆိုပြီး မမေ့နိုင်တဲ့ ကျေးဇူး တရား… ဘယ်နိုင်ငံမှာမှ ရှာလို့ရမယ်မထင်ပါဘူး။ ခုခေတ်လူငယ်တွေနဲ့ ဆရာတပည့်ဆက်ဆံရေးဟာလည်း ဟိုတုန်းက လောက်နွေးထွေးတော့မယ် မထင်ပါဘူး။ နိင်ငံခြားသားတွေနားလည်ခံစားတတ်မယ်မထင်တဲ့ ဆရာသမားကို မိဘသဖွယ် ရိုကျိုးဂါရဝပြုတဲ့ အလေ့မြန်မာ့ယဉ်ကျေးမှုမှာပဲ ရှိလိမ့်မယ်ထင်ပါတယ်။

ကန်တော့ပွဲကို ကြည်နူးလွမ်းဆွတ်စွာ (သို့) ဆို့နင့်ဝမ်းမြောက်စွာ ကျင်းပပြီးတော့ ရွာထဲတပတ် မအေးသား ဆိုင်ကယ်နောက် ထိုင်ပြီး မမာတဲ့တပည့်၊ လေဖြတ်နေတဲ့ ရွာလူကြီးတွေကို တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ပါသေးတယ်။ ပြန်မယ်လုပ်တော့ တပည့်တွေက သူတို့ယူလာတဲ့မြေပဲဆံတွေ၊ ပဲဆီပုလင်းတွေ၊ ပျားရည်ပုလင်းတွေ ကားပေါ် အတင်းထိုးတင်နေလို့  ..ဟဲ့…မပေးနဲ့ .. ဒါတွေ ငါ သြစတေးလျရောက်အောင်သယ်နိုင်မှာမဟုတ်ဘူး။ နင်တို့စားလိုက်ကြဆိုတာ မဟုတ်ဘူး…ဒါဆရာ့ အတွက်  မသယ်နိုင် ရန်ကုန်ကပေးချင်တဲ့သူပေးလိုက်ဆိုတာနဲ့ ကားနောက်ဖုံးထဲထည့်ယူခဲ့ရပါတယ်။ ပြန်မလို့ အားလုံးကို နှုတ်ဆက်နေတုန်းမှာပဲ.. မအေးကဖုံးကလေးကိုင်ပြီး “ဆရာ..ခဏနေပါဦး၊ ခုပဲဝါဇီမှာနေတဲ့ဆရာ့တပည့် သောင်းထီက ဆရာ့ကိုကန်တော့ချင်လို့လာနေတယ်။ စောင့်လိုက်ပါဦး” ဆိုတော့.. ဝါဇီကလာမှာဆိုတော့ ငါဒီမှာ ညအိပ်ရလိမ့်မယ်ထင် တယ်။ .”မဟုတ်ဘူးဆရာ ဝါဇီနဲ့ အောက်ဆိပ်တံတားကြီးဖြတ်လာတာ နာရီဝက် ၄၅ မိနစ်ပဲ” ဆိုတော့ သူ့ခမျာ ငယ်ဆရာ ကိုတွေ့ချင်လွန်းလို့ အဝေးကြီးကလာရမှာ၊ ဘယ်လောက်ကြာကြာစောင့်ရမှပေါ့။ တအောင့်လောက်ကြာတော့ ဝါဇီက သောင်းထီ မောကြီးပမ်းကြီးနဲ့ရောက်လာပြီး တွေ့တွေ့ချင်းဆိုင်ကယ်ပေါ်ကဆင်း ဖိနပ်လေးချွတ်ပြီး မြေပြင်ပေါ်မှာပဲ ထိ ခြင်းငါးပါးနဲ့ ကန်တော့ပါတော့တယ်။  သြော်… စာနဲ့ရေးပြလို့မရလောက်တဲ့ ခံစားမှုမျိုး နောက်တကြိမ် ဘယ်တော့မှ ပြန်မရ နိုင်တဲ့ ခံစားမှုမျိုး။ တလ မြန်မာကျပ်ငွေ ၂ဝဝ နဲ့ဝင်လုပ်ခဲ့တဲ့ တောကျောင်းဆရာဘဝ … ဒီလောက်ကြီးကျယ်မြင့်မြတ်ဖြူစင်တဲ့ပီတိမျိုးရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့။ ငါလူဖြစ်ရကျိုးနပ်ပြီလို့တောင် တွေးမိပါသေးတယ်။

ပါလာတဲ့ စာအုပ် ၄ – ၅ အုပ်ကို တပည့်မောင်ဝမ်းလက်အပ်ခဲ့ပြီး တယောက်တလှည့်ဖတ်ကြ၊ ပြီးရင် ကျောင်းစာကြည့်တိုက် လှူလိုက်။ အားလုံးကိုလက်ပြနှုတ်ဆက်ပြီး တဘီးချင်းလှိမ့်လာတဲ့ကားပေါ်ကနေ မြင်ကွင်းကပျောက်တဲ့အထိ တပည့်တွေကို ငေးကြည့်နေမိပါတယ်။  တချိန်ကရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်၊ ခုတော့  လျှပ်စစ်မီးနဲ့၊ အစိုးရအထက်တန်းကျောင်းနဲ့၊ ကားလမ်းဘေးမှာ ထမင်းဆိုင်တွေဘာတွေနဲ့၊ ကာရာအိုကေတောင်ရှိတယ်ဆရာလို့ မောင်ဝမ်းကပြောတော့ ပြုးမိသေးတယ်။ အထိုက်အလျောက်တိုးတက်လာပြီလို့ဆိုနိုင်ပေမယ့် တောသူတောင်သားတွေရဲ့ လူနေမှုဘဝကတော့ သိပ်ထူးခြားလှပုံမပေါ် ပါဘူး။ အလယ်တန်းပြဆရာနဲ့ ပင်စင်ယူလာတဲ့ မောင်ဝမ်းကို မင်းအခုဘာလုပ်နေသလဲမေးတော့ နွားကျောင်းနေတယ် ဆရာတဲ့။ မွေးမြူရေးလုပ်နေတယ်ပေါ့ဆိုတော့ မဟုတ်ပါဘူးဆရာ သူများနွားအငှားကျောင်းရတာပါ။ မွေးဖက်ယူတာပေါ့၊ ဆရာ သိပါတယ်။  ဖူး…. အငြိမ်းစာဆရာတယောက်ရဲ့ဘဝ…..ကျွန်တော်ဆက်မတွေးချင်တော့…။ ဆင်ဖြူကျွန်းဝင်တော့ နေမင်းကြီးက စလင်းချောင်းနောက်က တောအုပ်ထဲ ကိုယ်တပိုင်းမြုပ်နေပြီ။

သာထက်အောင်
၁၃၊ ၄၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ