ထွန်းသိန်းဦး ● အိပ်မက်ထဲက ပင်လယ်
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၉

အင်္ဂလိပ်စာရေးဆရာ Krishan Coupland ၏ ၂၀၁၅ ခုနှစ်၊ Bare Fiction Prize ဆုရဝတ္ထုတို The Sea in Me ကို ဘာ သာပြန်သည်။


တခါတလေ ရေချိုးကန်ထဲမှာ ခေါင်းကိုနှစ်ထားရင် ကျွန်မလည်ပင်းပေါ်က အမာရွတ်တွေ ပါးစပ်တွေလို ပွင့်ဟလာမလားလို့ မျှော်လင့်မိတယ်။ ဟင့်အင်း။ ကျွန်မမျက်လုံးတွေ ကျိန်းစပ်လာတဲ့အထိ၊ အဆုတ်တွေ ပူလောင်လာတဲ့အထိ၊ ခန္ဓာကိုယ်ထဲက ရှိသမျှ အူတွေ၊ ကလီစာတွေ ပွင့်ထွက်ကုန်တော့မယ်လို့ ထင်ရလောက်အောင် ရေထဲမှာ အကြာကြီးနေနေလည်း အမာရွတ် တွေကတော့ ဒီအတိုင်းပဲ။ ပိတ်လျက်ပဲ။ ရေက သိပ်ပူနွေးလို့၊ ဒါမှမဟုတ် ဆပ်ပြာရေတွေကြောင့်၊ ဒါမှမဟုတ် ရေက သိပ် မနက်လို့ ထင်တယ်။ ဒါမှမဟုတ် ဦးနှောက်က ကျွန်မ တကယ်ရေကူးနေတာမဟုတ်ဘူးလို့ သိနေလို့ဖြစ်မယ်။

ရေကူးကန်မှာတော့ အဲလိုမဟုတ်ဘူး။ ကန်အောက်ခြေအထိဆင်းသွားပြီး လက်ချောင်းတွေ ပဲကြီးခွံ တွန့်လာတဲ့အထိ ထိုင် နေလို့ရတယ်။ ရေကူးကန်ကို မာမီလိုက်မလာတဲ့အခါမျိုးပေါ့။ မာမီရှိနေရင်တော့ ရေကူးလေ့ကျင့်ရတယ်။

ကျွန်မအကြိုက်ဆုံးက ရေကူးကန်မှာ ကျွန်မတယောက်ထဲ နောက်ဆုံးကျန်တဲ့အခါမျိုး။ မီးတွေပိတ်လိုက်ကြပြီ။ ကောင်လေး တွေက ရေပန့်တွေပိတ်၊ ကန်ထဲက ရေမြှုပ်ပိုက်လိုင်းတွေ ဆယ်ယူရင်း ကျွန်မကို ကြည့်နေကြတယ်။ ကျွန်မကို မျက်စိကျနေ တဲ့တယောက်က မာတင်တဲ့။ သူက ကန်ရဲ့ တဖက်စွန်းမှာ ရေကူးကန်အုပ်တဲ့အစတွေကို လိပ်ထားတဲ့အလိပ်ကြီးတွေကို မှီရင်း လှမ်းအော်ပြောတယ်။

‘ဟေး ရေကူးကန်ပိတ်တော့မယ်’

ကျွန်မက ‘နောက်တခေါက်လောက်ကူးပါရစေ’  လို့ ပြောလိုက်တယ်။

သူက ကူးခွင့်ပြုပါတယ်။ သူက ကျွန်မကို အမြဲတမ်းခွင့်ပြုတယ်။ ကျွန်မ အပျိုမဟုတ်တော့ဘူးဆိုတာ မာမီသာသိရင် သတ် မှာပဲ။ မာမီက သိပ်ရှေးရိုးဆန်တယ်။ အလယ်တန်းတုန်းက ကောင်လေးတယောက်ကို ကျွန်မနမ်းနေတာမြင်သွားတုန်းက ကျွန်မကို အိမ်ကိုဆွဲခေါ်သွားပြီး ရေရေလည်လည် ပွက်တာပဲ။ ကျွန်မ လုပ်ရပ်ဟာ ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်လောက်ထိခိုက်သွားနိုင်တယ်ဆိုတာ မသိဘူးလားတဲ့။ ကျွန်မမှာ ရေကူးလေ့ကျင့်ရမယ့်အချိန်တွေ၊ ပြိုင်ပွဲအချိန်ဇယား တွေနဲ့ ရည်းစားထားဖို့ အချိန်မရှိဘူးတဲ့။  မာမီက အဲလိုပြောတယ်။

ရေကူးပြိုင်ပွဲမှာရတဲ့ ဆုတံဆိပ်တွေကို အောက်ထပ်က ဗီရိုထဲမှာထည့်ထားတယ်။ တခြားပစ္စည်းတွေရောပဲ။ အားလပ်ရက် ခရီးထွက်တိုင်း မာမီက ဖန်ခွက်သေးသေးတလုံးဝယ်ပြီး ဗီရိုထဲထည့်ထားတယ်။ ဗီရိုထဲမှာကြည့်လိုက်ရင် ပြုံးပြနေတဲ့ ကြွေနဲ့ လုပ်ထားတဲ့ အဝတ်လျှော်နေတဲ့မိန်းမရုပ်တွေရယ်၊ ပြိုင်ပွဲက ချီးမြှင့်တဲ့ ပြောင်လက်နေတဲ့ ဖန်၊ သစ်သား၊ ရွှေတို့နဲ့လုပ်ထားတဲ့ ဆုတံဆိပ်တွေနဲ့ မြို့အသေးစားကလေး တခုလို ပြွတ်သိပ်ကျပ်ညပ်နေတာပဲ။ မာမီက ကျွန်မကျောင်းမှာ ရေကူးသင်တန်း တခုပြီးတိုင်း ရတဲ့ အသုံးမကျတဲ့ သင်တန်းဆင်းလက်မှတ်တွေကိုတောင် သိမ်းထားတယ်။

ကျွန်မဆံပင်တွေ အစိမ်းရောင်ပြောင်းသွားတော့ မာမီကို အဲဒါ ရေကန်ထဲက ကလိုရင်းတွေကြောင့်လို့ ပြောလိုက်တယ်။ မာမီက ကျောင်းကို စာရေးပေးတယ်။ ကျောင်းမှာဘယ်သူမှ ဆံပင်အစိမ်းရောင် မရှိဘူး။ ဆံပင်တွေက သိပ်နူးညံ့တာပဲ။ ရှုပ် ထွေးမသွားဘူး။ ခေါင်းစွပ်မစွပ်ဘဲ ရေကူးတဲ့အခါ ဆံပင်တွေက သန္တာကျောက်တန်းမှာ ကပ်ငြိနေတဲ့ ရေညှိရေမှော်တွေလို ကျွန်မဦးခေါင်းနားမှ ဝေ့ဝဲနေကြတယ်။ ရေထဲမှာ ဆံနွယ်တွေက ဝေ့ဝိုက်ပြီး အကောင်တကောင်ရဲ့ သိပ်ကျိုးနွံသေဝယ်တဲ့ အမြီးလို ကျွန်မနောက်မှာ အလျားလိုက် ရှည်မျောမျောလေး လိုက်ပါလာတယ်။ အစိမ်းရောင်ဆံပင်နဲ့ ကျွန်မကိုယ်ကျွန်မ သဘောကျတယ်။ အသိရခက်တဲ့၊ ထူးဆန်းတဲ့ကောင်မလေးတယောက်လို ခံစားရတယ်။ ပြီးတော့ ဆွဲဆောင်မှုရှိ တယ်လို့လဲ ထင်တယ်။

တရက် ကျောင်းကအပြန်ရေကူးပြီးတော့ မာတင်က ကျွန်မကို အိမ်အပြန်လိုက်ပို့တယ်။ သူက ကျွန်မဆံပင်တွေကို ဆွဲသပ် လိုက်ရင်း အထုံးဖြစ်အောင်လုပ်ပြီး နောက်ကနေဆွဲတယ်။ ကျောရိုးတလျောက် ပူဆင်းသွားပြီး ကျွန်မတကိုယ်လုံး အရည် ပျော်ကျသွားသလိုပဲ။ သူဘာမှမပြောဘူး။ ဒါပေမဲ့ အဲလိုလုပ်ရတာ သူကြိုက်မှန်း ကျွန်မသိတယ်။
မာမီမသိအောင် မာတင်နဲ့တွဲရတာ မလွယ်ဘူး။ တခါတလေ ရေကူးကန်မှာကူးရမယ့် အကွာအဝေးပြည့်အောင် မကူးတော့ဘဲ မာတင့်အိမ်ကို လိုက်သွားတယ်။ အဲလိုနေ့မျိုးဆိုရင် သူ့ရေချိုးကန်ထဲကို ရေဖြည့်ပြီး ရေကူးဝတ်စုံကို စိမ်ထားရတယ်။ အဲဒါမှ ဝတ်စုံက အိမ်ပြန်ရောက်တဲ့အထိ စိုနေမှာ။ မာမီက စစ်ဆေးတတ်တယ်။

‘နောင်ကျမှ မာမီကို သမီးကျေးဇူးတင်မယ်’ လို့ မာမီကပြောတယ်။ အဲဒါပြောနေခဲ့တာ နှစ်ပေါင်းကြာလှပြီ။ မာမီက မနက် တိုင်း ခြောက်နာရီထိုးရင် ရေကူးကန်အကြီးကြီးရှိတဲ့ အပန်းဖြေစင်တာကို ကားမောင်းပို့ပေးတယ်။ အမြဲတမ်းလိုလို ကျွန်မတို့ အစောဆုံးရောက်တာပဲ။ ရေကူးကန်တခုလုံးမှာ တယောက်တည်း စိတ်ကြိုက်လေ့ကျင့်နိုင်တယ်။ တခါတလေ သတင်းစာ တွေမှာပါတဲ့ ကျွန်မပုံကို သူတို့မှတ်မိသွားရင် အခမဲ့တောင် ဝင်ခွင့်ရတယ်။ အဲလို အခါမျိုးဆို မာမီက ငြိမ်ငြိမ်ကလေး၊ မျက်နှာ ပန်းရောင်သမ်းပြီး ပြုံးပြုံးလေး ဖြစ်နေတတ်တယ်။ ကျွန်မ သိပ်မုန်းတာပဲ။

ဘာမှမရှိတဲ့ရေတွေထဲမှာ လေးလံတဲ့ရေကူးဝတ်စုံနဲ့ ရေကူးလေ့ကျင့်ရတယ်။ ရေကူးဝတ်စုံက ကျွန်မ ခါတိုင်းဝတ်နေကျ ဝတ်စုံပါပဲ။ ဒါပေမဲ့ ဆိုဒ်ကကြီးနေလို့ ရေထဲမှာဆွဲထားသလိုပဲ။ ရေကူးရတာ နှေးတယ်။ ပိုအားစိုက်ပြီး ကူးရတယ်။ မာမီက ရေကူးကန်အစွန်မှာရပ်ပြီး ကျွန်မခန္ဓာကိုယ် ရေထဲကို စွပ်ခနဲဝင်သွားပြီး ပြာလွင်တဲ့ရေတွေထဲမှာ အမြန်ကူးခတ်နေတာကို စောင့်ကြည့်တယ်။

ရေကူးပြီးရင် အဝတ်လဲခန်းထဲမှာ မာမီက ကျွန်မကိုယ်ကို နှိပ်နယ်ပေးတယ်။ ပြီးတော့ ဘာမှန်းမသိတဲ့အမှုန့်တွေ ရေပုလင်းထဲ ထည့်လှုပ်ပြီး ကျွန်မသောက်ဖို့ပေးတယ်။ အားရှိအောင်သောက်ရတဲ့ အရည်တွေဟာ ဟင်း ရည်ပျစ်ပျစ်တွေလိုပဲ။ ချမ်းလိုက် တာ။ ဆံပင်လေမှုတ်စက်ထဲကို အကြွေစေ့ ပြား ၂၀ ထည့်လိုက်တယ်။ အပူငွေ့က လည်ကုပ်၊ ဦးရေပြား၊ ပုခုံးတို့ပေါ်ဖြတ် သွားတော့ ခိုက်ခိုက်တုန်သွားတယ်။ မာမီက ‘ကုန်အောင်သောက်’ လို့ပြောရင်း ကျွန်မပုခုံးတွေကို သူ့လက်တွေနဲ့ပွတ်ပေး နေတာ ပုခုံးတွေ ပြုတ်ကျတော့မလိုပဲ။

ကျောင်းဆင်းပြီး အဲဒီနေ့ညနေက ရေကူးကန်မပိတ်ခင် မာတင်က ကျွန်မနဲ့အတူကန်ထဲခုန်ဆင်းပြီး ဒိုင်ဗင် ထိုးတဲ့ဘုတ်ပြား အောက်က ရေကူးကန်နံရံမှာ ကျွန်မကို သူ့ခန္ဓာကိုယ်နဲ့ဖိတွန်းပြီး ကပ်ထားတယ်။ အပေါ်မှာ အမိုးလေးရှိတဲ့ ရေအနက်ဆုံးနေ ရာပေါ့။ ကျွန်မကျောက ကန်နံရံကိုကပ်နေလို့ ခြေထောက်တွေ ရေထဲမှာလှုပ်လို့မရဘူး။ မာတင်က ကျွန်မကို ရေပေါ်ပေါ် အောင် လုပ်ထားတယ်။ အေးစက်တဲ့ရေထဲမှာ တယောက်နဲ့တယောက် တင်းတင်းကျပ်ကျပ် ဖိကပ်ထားတဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်နှစ်ခု။ ရေအောက်မှာ အသားချင်းထိတဲ့အတွေ့က တမျိုးပဲ။ ဒီလိုခံစားမှုကို လူတော်တော်များများ သိကြမှာ မဟုတ်ဘူး။

‘အကြိုဗိုလ်လုပွဲကျရင် နင်လာကြည့်မှာလား’ လို့ ကျွန်မက မေးလိုက်တယ်။

‘ဘယ်တော့လဲ’

ရေကူးကန်ကယ်ဆယ်ရေး ဝန်ထမ်းလုပ်နေတဲ့မာတင်ဟာ တနေ့ကျရင် ကိုယ်ပိုင်ဆိုင်တဆိုင် ဖွင့်ချင်တယ်။ လောလော ဆယ်တော့ ebay မှာ အနည်းအပါး ရောင်းနေတယ်။ သူ့အခန်းမှာ အွန်လိုင်းကနေ သူရောင်းတဲ့ အင်္ကျီအဝတ်အစားတွေ ထည့်ထားတဲ့ပုံးတွေနဲ့ တွေပြည့်နေတာပဲ။ သူဟာ အမြဲတမ်းလည်း အလုပ်ရှုပ်နေတတ်တယ်။

‘နင် နိုင်မှာပါ။ နင်က ရေကူးသမားကောင်းတယောက်ပဲ။ လှလဲ လှတယ်’

ပြိုင်ပွဲကျရင် များသောအားဖြင့် လည်ပင်းပေါ်က အမာရွတ်တွေမပေါ်အောင် ကျွန်မ ခေါင်းစွပ်စွပ်ထားတတ်တယ်။  ဒါမှ မဟုတ် အဲဒီနေရာကို အောက်ခံမိတ်ကပ်တွေ ဖိလိမ်းပစ်လိုက်တယ်။ ဒါပေမဲ့ အဲလိုလုပ်တာ ရေကူးတဲ့အခါ အဆင်မပြေဘူး။ ရေအောက်ရောက်ရင် အမာရွတ်တွေပွင့်လာတာပဲ။ ဘယ်သူမှတော့ သတိမထားမိဘူး။ မာမီက ရေစိုခံမိတ်ကပ်တွေ ဝယ် ပေးတယ်။ ‘လှလှပပ ဖြစ်နေဖို့ အရေးကြီးတယ်။ သမီးကို ပရိသတ်သဘောကျရမယ်’ တဲ့။

ကျွန်မ ဘာဆိုတာမာမီမသိပါဘူး။ ကျွန်မ ဘယ်လိုပုံစံဖြစ်တယ်ဆိုတာ ပရိသတ်ကိုဖွင့်ပြလိုက်ရင် ဘာတွေဖြစ်ကုန်မလဲ မသိ ဘူး။ ရေကူးခေါင်းစွပ်အောက်က ကျွန်မရဲ့ လှပတဲ့ အစိမ်းရောင်ဆံနွယ်တွေ၊ ဖားခြေထောက်နဲ့တူတဲ့ ခြေချောင်းတွေကြားက အလင်းဖောက်ဝင်နိုင်တဲ့ အရေပြားတွေကို သူတို့ သဘောကျ မှာ မဟုတ်ဘူး။ ဒီ ကောင်မလေး အခြောက်တိုက်ကြွားနေတာလို့ ထင်ကြမယ်၊ ဒါမှမဟုတ် အောင်မြင်လို့ မာန်တက်နေတယ်လို့ ထင်မယ်။ ကျွန်မ ဘာဆိုတာ တကယ်တမ်း ဘယ်သူမှ မသိ နိုင်ဘူး။

တခါတလေ ကျွန်မ ထူးဆန်းတဲ့အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ကျွန်မက ရေကူးနေတယ်တဲ့။ ပင်လယ်ကြီးထဲမှာ ကူးနေ တာ။ အဲဒီမှာ ကျွန်မတယောက်တည်း မဟုတ်ဘူး။ ကျွန်မအနားက ရေထဲမှာ ဖြတ်သွားနေကြတဲ့ နက်မှောင်တဲ့ အရိပ် ကလေးတွေ အများကြီးပဲ။ အဲဒီအကောင်ကလေးတွေက ကျွန်မမျက်လုံးရဲ့ နောက်နားမှာပဲ နေနေကြ တယ်။ ကျွန်မခေါင်းကို လှည့်လိုက်ရင်း အမှောင်ထဲကို ဖျတ်ဆို ဝင်သွားကြရော။

ကျွန်မ သိပ်ပျော်တာပဲ။ အဲဒီမှာပဲ တသက်လုံးနေလိုက်ချင်တယ်။ တခါတလေ ကျွန်မနိုးလာတဲ့အခါ ပင်လယ်ရေ ငန်ကျိကျိ အရသာတောင် ရနေတတ်တယ်။ တကယ်ပြောတာ။ ပြီးကျမှ အဲဒီငန်ကျိကျိဟာ မျက်ရည်တွေဖြစ်နေတာကို တွေ့ရတယ်။ ကျွန်မ ဘာကြောင့်ငိုလဲ ဘယ်သူမှမသိဘူး။ ကျွန်မ ဝမ်းမနည်းပါဘူး။ အိပ်မက်ကြောင့် ကျွန်မပျော်တယ်။ အိပ်မက်ထဲကလို ဖြစ်ပါစေလို့ စိတ်ကူးမိတယ်။ ဒါပါပဲ။ ထူးဆန်းတာက အဲဒါပါပဲ။

အကြိုဗိုလ်လုပွဲမတိုင်ခင် ကျွန်မခြေထောက်က အမွေးအမျှင်တွေကို ရိတ်လိုက်တယ်။ ဆီးခုံမွေးတွေ ရော။ ရေချိုးခန်းထဲမှာ မာမီပလတ်စတဘရိတ်ဓားနဲ့ ထူထပ်တဲ့ရွှေရောင်အမွေးတွေကို ပြောင်အောင်ရိတ် ပစ်လိုက်တယ်။ ရိတ်လိုက်တဲ့ အမွှေး ငုတ်စိတိုကလေးတွေရဲ့ ဖြူဖျော့တဲ့ မော်လီကျူးတွေက ရေချိုးကန်ထဲက ရေမျက်နှာပြင်ပေါ်က ဆပ်ပြာရည်တွေပေါ် ဖုံးအုပ် သွားတယ်။ အမွေးတွေရိတ်တာ မာတင်ကြိုက်သလား မသိဘူး။ ယောက်ျားလေးတွေကတော့ ဒါမျိုးတွေ သဘောကျကြတာပဲ။ သူတို့တွေ ဒီအကြောင်းတွေ ပြောနေကြတာ ကျွန်မကြားဖူးတယ်။

ကျွန်မခြေထောက်တွေနောက်က အရေပြားက ခပ်ကြမ်းကြမ်းရယ်။ တင်ပါးအောက်တည့်တည့်မှာ အကွက်တကွက်ရှိပြီး နောက်တကွက်က ဒူးဆစ်အောက်မှာရှိတယ်။ အကွက်နှစ်ခုလုံးက ငွေရောင်တောက်နေပြီး ငါးအကြေးခွံတွေလို ဖြစ်နေ တယ်။ ကျွန်မ ရေချိုးကန်ထဲကထွက်လာတော့ ကိုယ့်ကိုယ်ကိုယ် အသစ်တယောက် ဖြစ်သွားသလိုခံစားရပြီး မှန်ထဲမှာ ကျွန်မရဲ့ ဖြူဖျော့တဲ့ခန္ဓာကိုယ်ကို တွေ့ရတယ်။ ကျွန်မ ကျောကုန်းအောက်ဘက်မှာလည်း နောက်ထပ် အကွက်တကွက် တွေ့ပြန်တယ်။ အရောင်က ဖိတ်စင်ကျသွားတဲ့ ဆီကွက်တွေရဲ့ မျက်နှာပြင်လိုပဲ။ စမ်းကြည့်တော့ ကြမ်းရှပြီး ခပ်နွေးနွေးနဲ့ ချော်ချော်လေးဖြစ်နေတယ်။

မာမီက ရေကူးကန်ကို ပြိုင်ပွဲမစခင် တနာရီစောပြီး ပို့ပေးတယ်။ ပွဲအတွက် ပြင်ဆင်နေကြတုန်းပဲ ရှိသေးတယ်။ မာမီနဲ့ ကော်ဖီဆိုင်ထဲမှာ ထိုင်တယ်။ အားဖြည့်ဖျော်ရည်ပဲ ကျွန်မသောက်ရတယ်။ ကျန်တာသောက်ခွင့်မရှိ။ မာမီက ကော်ဖီခပ် ကျဲကျဲကို စိတ်လှုပ်ရှားစွာ စုပ်သောက်လိုက်တယ်။ တခါတလေ ဒီလိုအခိုက်အတန့်မျိုး ကျွန်မကြိုက်တယ်။ ကောင်းကင်ထဲ ပျံတက်တော့မယ့်လေယာဉ်ထဲမှာ ထိုင်နေရသလိုမျိုး။ ဒီနေ့တော့ ကျွန်မ ပင်ပန်းနေတာပဲ သိတယ်။

မာမီက ‘ကိုယ့်အလှည့်ကို သိတယ်နော်။ အားလုံးက သမီးကို ကြည့်နေကြမှာ။ မာမီ ကြည့်နေမယ်’ လို့ ပြောတယ်။

ပွဲကြည့်စင်တွေအကုန်လုံး အပြည့်အသိပ်ပဲ။ သာမန်နေ့တွေလိုဟိုနေရာတစု၊ ဒီနေရာတစု မဟုတ်ဘူး။ မာမီက ကျွန်မထက် ပိုပြီး စိတ်လှုပ်ရှားနေတယ်။ သောက်ထားတဲ့ အားဖြည့်ရည်ကြောင့် ဗိုက်ထဲမှာ ပူပြီး ပြည့်အင့်နေတယ်။ မာမီက ကျွန်မ သွေးပူလေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်နေတဲ့ နားကျပ်ကို ခဏတပ်ခွင့်ပေးတယ်။ ပြီးတော့ ဆွဲယူပြီး လွှင့်ပစ် လိုက်ရော။ အဝတ်လဲခန်းထဲက ထွက်လာတော့ ကလိုရင်းအနံ့က နှာခေါင်းထဲ တိုးဝင်လာတယ်။ လူသံ၊ ရေသံ၊ ပဲ့တင်သံ တွေနဲ့ ရေကူးကန်မှာထွန်းထားတဲ့ လျှပ်စစ်မီးအလင်းရောင်တွေကြောင့် အရာရာဟာ ပုံပန်းပျက်ရွဲ့စောင်းနေတယ်။ ပင် လယ်အောက်ခြေက ရေပူဖောင်းတခုထဲမှာ နေရရင် ဒီလိုမျိုးဖြစ်မှာပဲလို့ ကျွန်မ တွေးမိတယ်။

မာမီက ‘မျက်နှာကို ပြုံးထား’ လို့ ခပ်တိုးတိုးပြောပြီး ပျောက်သွားတယ်။

နောက်မိနစ်အနည်းငယ်အကြာမှာတော့ ကျွန်မဟာ ရေကူးဘုတ်ပြားပေါ်ရောက်နေပြီ။ မျက်လုံးတွေ၊ မျက်လုံးတွေ၊ ရာပေါင်း များစွာသော မျက်လုံးအစုံတွေရဲ့အကြည့်တွေက ကျွန်မကို စူးစိုက်ဖိနှိပ်နေကြတယ်။ ကျွန်မခြေ ထောက်နောက်အရေပြား ပေါ်က ငွေရောင်အကွက်တွေကို သူတို့ မြင်သလားမသိဘူး။ သူတို့အချင်းချင်း တိုးတိုးပြောနေတာ အဲဒီအကြောင်းတွေများ လား။

ဆူညံတဲ့ ရေသံတွေကို ဒီမှာလည်းကြားရတယ်။ တခြားရေကူးသမားတွေ စစ်သားတွေလို တန်းစီနေပြီ။ ကျွန်မ သတိမထားမိ ဘူးလို့ သူတို့ထင်တဲ့အချိန် တချို့က ကျွန်မကို မသိမသာ အကဲခတ်ကြည့်ကြတယ်။ ဒါကို ကျွန်မအမုန်းဆုံးပဲ။ ရေထဲဒိုင်ဗင် ထိုးချနိုင်ဖို့ အချက်ပေးအသံကိုပဲ စောင့်နေမိတယ်။ ရေထဲရောက်သွားရင် ပြီးပြီ။ အိုကေပြီ။ ရေထဲရောက်သွားတာနဲ့ တပြိုင်နက် ကျွန်မခန္ဓာကိုယ်က ဘာလုပ်ရမယ်ဆိုတာ သိတယ်။ တယောက်ယောက်ကို အသက်ဘယ်လိုရှူသလဲလို့ သွား မေးရင်၊ အဆုတ်တွေ၊ လည်ချောင်းတွေ ဘယ်လိုအလုပ်လုပ်သလဲလို့ အတိအကျ သွားမေးကြည့်ရင် ဖြေတတ်မှာ မဟုတ် ဘူး။ ရေကူးတာနဲ့ပတ်သက်ပြီး ကျွန်မကို လာမေးရင်လည်း အဲလိုပဲ။ မဖြေတတ်ဘူး။ ဒီလိုပဲ သူ့အလိုလို ဖြစ်သွားတာပဲ။  ရေထဲမှာ ရေမကူးဘဲ နေလို့မှမရတာ။

ပြိုင်ပွဲမှာ ကျွန်မနိုင်ပါတယ်။ အမြဲတမ်း ကျွန်မပဲနိုင်တယ်။ ရေကူးတာ ကျွန်မအတွက်လွယ်ပါတယ်။ ကျွန်မက ရေကူးပြီး မွေး လာတာလို့ မာမီပြောတယ်။ အဲဒါ ဟုတ်မယ်။ ကျွန်မကို ရေထဲမှာမွေးခဲ့တာ (မိခင်က ရေနွေးကန်ထဲဆင်းပြီး မီးဖွားခြင်း)။ အင်တာဗျူးတိုင်းမှာ မာမီက အဲဒီအတိုင်းပြောတာပဲ။ ဒီမိန်းကလေးက မွေးကတည်းက ရေကူးတာ။ တကယ်တော့ ဆိုခဲ့ သလိုပါပဲ အင်တာဗျူးတွေမှာဖြေတာ၊ ပြောတာတွေ အတာ်များများ မာမီပဲလုပ်တာပါ။ အဲဒါပဲ ကောင်းပါတယ်။ ကျွန်မက ပြောတတ်၊ ဆိုတတ်တာ မဟုတ်ဘူး။

ရတဲ့ဆုက ဖန်အတွင်းသားကို ထွင်းထုထားတဲ့ ဆုတံဆိပ်ပါ။ အိမ်အပြန်လမ်းမှာ ဆုကို အပြန်ပြန် အလှန်လှန် ကြည့်မိတယ်။ ဘယ်လိုကြည့်ကြည့် လင်းပိုင်တကောင်လို့ပဲ မြင်တယ်။ ဒီဆုကို ကျွန်မကြိုက်တယ်။ ကျွန်မလက်နဲ့ သမုဒ္ဒရာကြီးရဲ့ အစိတ် အပိုင်းတပိုင်းကို ဆုပ်ကိုင်ထားရသလိုပဲ။ ဆုကို ကျွန်မဖာသာ ကျွန်မသိမ်းထားချင်တယ်။ ဒါပေမဲ့ အိမ်ရောက်တော့ မာမီက တခြားဆုတွေနဲ့အတူ ဗီရိုထဲထည့်၊ မှန်တံခါးကို သော့ခတ်ထားလိုက်တယ်။

တခါတလေ မာမီအကြောင်းစဉ်းစားလိုက်ရင် ပြိုင်ပွဲတွေဝင်ပြိုင်မနေချင်တော့ဘူး။ ကျွန်မအိပ်ရာပေါ်မှာလှဲပြီး မာမီကို ရင်ထဲ ကပြောချင်တဲ့ စကားလုံးတွေစီနေတယ်။ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်နေတဲ့ စစ်သားကလေးတွေလို မာမီစကားလုံးတွေဆီ ပြေး ထွက်သွားပြီး စကားလုံးတလုံးမကျန်လှံစွပ်နဲ့ထိုးပစ်ဖို့ အသင့်ပြင်ထားတယ်။ လွယ်လွန်းလှပါတယ်။ မတရားဘူး။ ကျွန်မ ခန္ဓာကိုယ် လှဖို့လည်း မပူရ၊ အချိန်စေ့မှာ မစေ့မှာ မပူရ။ ကိုယ့်အလှည့်ဟုတ် မဟုတ်လည်း ပူစရာမလိုဘဲ ဘာဖြစ်လို့ ရေကူး ခြင်းသက်သက်ပဲ လုပ်လို့မရတာလဲ။ ကျွန်မ မကျေလည်တဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး စာရွက်ပေါ်မှာ စာရင်းလုပ် ရေးချ မိတယ်။ ပြီးတော့ ဆုတ်ဖြဲပြီး အိမ်သာထဲထည့် ရေဆွဲချလိုက်တယ်။ မာမီ အခန်းထဲဝင်ရှာရင် တွေ့သွားမှာစိုးလို့။

မကောင်းပါဘူးလေ။ ကျွန်မအတွက် ရေကူးကန်ကြေး၊ ရေကူးသင်တန်း၊ ရေကူးပြိုင်ပွဲဝင်ကြေးတွေ ဘယ်လောက်များ မာမီ အကုန်အကျများခဲ့လဲ မသိဘူး။ အိမ်ကနေ ရေကူးလေ့ကျင့်တဲ့နေရာဆီ မာမီကိုယ်တိုင် အသွားအပြန် ကားမောင်းပို့တဲ့ အချိန်တွေ ဘယ်လောက်ရှိခဲ့လဲ မသိဘူး။ ဒီလောက်လုပ်လာခဲ့ပြီးမှ၊ ဒီအခြေအနေရောက်မှတော့ ရပ်လို့မရတော့ပါဘူး။

ကျောင်းဆင်းပြီးရင် ကျွန်မ ရေကူးကန်အောက်ခြေမှာ ထိုင်ပြီးစောင့်နေမိတယ်။ ကျွန်မ အအေးမမိဘူး။ ရေထဲမှာ ကျွန်မ ဘယ်တော့မှ မချမ်းဘူး။ ကျွန်မဆံပင်အစိမ်းရောင်တွေက ကျွန်မခေါင်းနားမှာ ပေါလောဝေ့ပြီး ပင်လယ်ရေညှိရောင် တိမ် တိုက်တခုလိုဖြစ်နေတာကို ကျွန်မကြည့်နေတယ်။ ရေထဲရောက်ရင် ကျွန်မခွန်အားတွေ ပြည့်လာတယ်။ ကျွန်မ အားရှိတယ်။ ရေကန်အောက်ခြေကနေ အားနဲ့ကန်ပြီး ရေထဲမှာ ဘယ်သူမှမမိအောင် ကျွန်မကူးနိုင်တယ်။ ကျွန်မရတဲ့ ဆုတံဆိပ်တွေ၊ လက်မှတ်တွေဟာ ဒါတွေကြောင့်ပဲလေ။ ကြိုက် သလောက်ကြိုးစား ရေထဲမှာ ကျွန်မကို ဘယ်သူမှ လိုက်ဖမ်းလို့ မမိစေရဘူး။
ကျွန်မမျက်လုံးတွေကို မှိတ်လိုက်တယ်။ ကမ်းစပ်မှာ လှိုင်းနဲ့အတူ ရောက်လာတဲ့နုန်းမြေတွေလို ကျွန်မရဲ့အိပ်မက် ပြန်ပေါ် လာတယ်။ ရေထဲမှာ ကျွန်မဟာ နက်မှောင်တဲ့ ငွေရောင်ပုံရိပ်ကလေးတွေကြားမှာ ကူးနေတာတဲ့။ အများကြီးပဲ။ ထောင်ချီမယ် ထင်တယ်။ အကြားအလပ်မရှိဘဲ သူတို့ရဲ့အရိပ်တွေနဲ့ ပြည့်သိပ်နေတယ်။ ရေပြင်တခုလုံး သူတို့ချည်းပဲ။ တခြားဘာမှ မရှိ ဘူး။ သမုဒ္ဒရာထဲမှာဆိုရင် ကျွန်မ မိုင်ချီပြီးကြည့်နိုင်တယ်။

လက်တဖက်က ကျွန်မဝမ်းဗိုက်ကို သိုင်းဖက်လိုက်ပြီး အထက်ကိုဆွဲတင်လိုက်တယ်။ ရေအောက် ခန္ဓာကိုယ် ချင်းထိတွေမှု ပေါ့။ အထက်က လေထုထဲကို ကျွန်မတိုးထွက်လိုက်တယ်။ အဆုတ်တွေထဲက ရေတွေ ပါးစပ်ကနေ ပွက်ကျထွက်လာပြီး ကျွန်မ ချောင်းဆိုးတယ်။

‘ဟေ့ နင်အိုကေရဲ့လား၊ နင့်ကို ကန်အောက်ခြေမှာတွေ့လို့၊ နင်ဘာဖြစ်သွားတာလဲ’ လို့ မာတင်က မေးတယ်။

ကျွန်မကိုယ်ကိုလှုပ်ခါပြီး သူ့လက်ထဲက ထွက်လိုက်တယ်။ သူ အဝတ်အစားအပြည့်အစုံ ဝတ်ထားတယ်။ ဒါပေမဲ့ ရေတွေ စိုနေတယ်။ ‘ရပါတယ်။ နင် ဒီလိုလုပ်ဖို့မလိုပါဘူး’ လို့ ကျွန်မ ပြောလိုက်တယ်။

သူ ရေစိုအဝတ်တွေ ခြောက်သွားတော့ ကျွန်မတို့နှစ်ယောက် အပြင်က ခုံတန်းကလေးပေါ်မှာ ထိုင်ကြတယ်။ သူက စီးက ရက်တလိပ်ပေးတယ်။ သူ့နဖူးကအရေပြားကို ကျွန်မလက်သည်းနဲ့ သာသာလေး ဆွဲဆိတ်လိုက်တယ်။

‘မာတင်’

‘ပြော’

‘ငါတို့ ပင်လယ်ကမ်းခြေဘက်သွားမလား’

အကြိုဗိုလ်လုပွဲလွတ်သွားပြီးတဲ့နောက် မာတင်က အခွင့်ကိုစောင့်နေတာဆိုတော့ ဘယ်ငြင်းမလဲ။ အင်းပေါ့။ ဒီနောက်တော့ သူ့အခန်းထဲ ရောက်သွားတယ်။ သူက ကျွန်မ ‘အထဲ’ ကို ထိုးသွင်းတော့ မနာကျင်ဘူး။ တကယ်တော့ ဒါဟာ (အနည်း ဆုံးတော့) မိန်းကလေးတယောက်အတွက် နှစ်ပေါင်းများစွာ ထိန်းသိမ်းခဲ့ပြီးတဲ့နောက် ပထမဆုံးအတွေ့အကြုံပါ။ ပူနွေးတဲ့ ရေအလျင်ထဲမှာ မူးမေ့မျောပါနေသလို ခံစားရတယ်။ အမြဲတမ်း ဒီလိုသာနေလိုက်ချင်တော့တယ်။

မာမီကိုတော့ ကျောင်းကစီစဉ်တဲ့ခရီးလို့ ပြောလိုက်တယ်။ မာမီက ခရီးသွားရင်ဖြည့်ရတဲ့ ပုံစံတွေရောဆိုပြီး မေးနေလို့ ခရီးက နေ့ဝက်ထဲမို့ ပုံစံစာရွက်မပါဘူးလို့ ပြောလိုက်တယ်။ ပူညံပူညံတော့ လုပ်လိုက်သေးတယ်။ ဒါပေမဲ့ ဖြေရခက်တဲ့ မေးခွန်းတွေ ထပ်မမေးပါဘူး။ နေ့လယ်စာအတွက် မာမီက အသားညှပ်ပေါင်မုန့်နဲ့ ဘေဘီဘဲ ချိစ် ထည့်ပေးတယ်။ ကျွန်မ အိမ်ကနေ ကျောင်းဝတ်စုံနဲ့ထွက်ခဲ့ပြီး မာတင့်အိမ်မှာ အဝတ်လဲတယ်။ မာတင်မှာ ဆိုင်ကယ်ရှိတယ်။ ဦးထုပ်ကတော့ တခုတည်း။ သူက ကျွန်မကို ဆောင်းခိုင်းတယ်။

‘ဟင့်အင်း . . မဆောင်းချင်ပါဘူး။ ငါ မျက်နှာလေတိုးတာခံချင်လို့’

လမ်းတဝက်မှာ ဓာတ်ဆီဖြည့်ပြီးတော့ မာတင်က ဆိုင်ကယ်စီးဦးထုတ်ကိုချွတ်ခွင့်ပြုလို့ ကျန်တဲ့ခရီးတခုလုံး ဦးထုပ်ကြီးကို လက်မှာပဲ ချိတ်ထားလိုက်တယ်။  လေက ကျွန်မရဲ့အစိမ်းရောင်ဆံပင်တွေကို ပင့်တိုက်နေတော့ ဆံနွယ်တွေက ကျွန်မဦး ခေါင်းနောက်မှာ ဖြောင့်စင်းနေတာပဲ။ ခေါင်းကိုလှည့်လိုက်ရင် ဆံပင်တွေကို သန်မာတဲ့လက်ချောင်းတွေနဲ့ ဖြီးသင်ပေးနေ သလို ခံစားရတယ်။ ကျွန်မတို့ ဆိုင်ကယ်စီးတာ အတော် မြန်တယ်။ အရင်က ဒီလိုမျိုး ကျယ် ပြောလှတဲ့လွင်ပြင်ကျယ်ကြီးထဲမှာ ဒီလောက်မြန်မြန်တခါမှ မစီးဖူးဘူးထင်တာပဲ။ ပင်လယ်မရောက်ခင် အဝေးကြီးကတည်းက ပင်လယ်ရဲ့ရနံ့ကို ကျွန်မရနေ တယ်။ သိပ်ကို အရသာရှိတဲ့ အနံ့။ အမြုပ်တွေထ၊ ထူထဲတဲ့ဘဝရဲ့ အဓိပ္ပါယ်နဲ့ ပြည့်စုံတဲ့ ပင်လယ်ရဲ့ရနံ့။

ပြန့်ပြူးကျယ်ပြောလှပြီး ဖြူဖွေးတဲ့ ကမ်းခြေသဲသောင်ပြင်ကြီးတခုလုံးမှာ တွေ့နိုင်မယ့်လူတွေထဲမှာ ကျွန်မတို့နှစ်ယောက် လည်း ပါပါတယ်။ ကလေးမလေးတယောက် ကမ်းခြေက လှိုင်းခေါင်းဖြူတွေထဲမှာ မြင်းစီးနေတယ်။ ပင်လယ်ထဲမှာ ကနူး လှေကလေးတွေနဲ့ လူတွေကိုလည်း တွေ့တယ်။ မာတင်က သူ့အင်္ကျီနဲ့ဖိနပ်ကို ဆိုင်ကယ်သေတ္တာထဲမှာထည့်၊ ကျွန်မလက် ကိုဆွဲပြီး သဲသောင်ပြင်တလျောက် ဆင်းသွားတယ်။ ကျွန်မက ပြေးချင်တာ။ ဒါပေမဲ့ ဂေါက်တောက်တောက် ကောင်မ လေးတယောက်ဆိုပြီး အထင်ခံရမှာစိုးလို့။ ရေစပ်ရောက်တော့ ရေတွေက အပြာ ရင့်အညိုရောင်တွေ။ အနည်အနှစ်တွေလည်း ပြည့်လို့။

‘နင်ရေကူးမလို့လား’ လို့ မာတင်က လှမ်းမေးတယ်။

ကျွန်မ ခေါင်းငြိတ်ပြလိုက်တယ်။ ကူးမှာပေါ့။ ကျွန်မရှေ့ကပင်လယ်ကြီးဟာ အမေရိကားကမ်း ခြေတလျောက် ထိစပ်နေတဲ့ ပင်လယ်ကြီးပဲ။ ကြီးမားကျယ်ပြန့်လိုက်တာ။ ဟိုးအရင် ကမ္ဘာပေါ်မှာ ဘာဆိုဘာမှမရှိခင်က သက်ရှိတွေရဲ့ဘဝအစဟာ ဒီပင်လယ်ကြီးက ဖြစ်လာတာပေါ့။ ဟုတ်တယ်။ ကျွန်မအတွေး မှန်တယ်လို့ သက်သေပြတဲ့အနံ့ကို ပင်လယ်ဆီကရတယ်။ ရေကူးဝတ်စုံလေးပဲကျန်အောင် ကျွန်မ အဝတ်တွေကိုချွတ်လိုက်ပြီး ရေထဲကိုတိုးဝင်လိုက်တယ်။ မာတင်က သူ့ခြေထောက် မှာ ဘောင်းဘီကိုလိပ်တင်ပြီး လိုက်လာတယ်။ ကျွန်မတို့ရဲ့ဖုန်းတွေကို သူ့ရင်ဘတ်ဆီ ဆွဲမကိုင်ထားတယ်။ ရေစိုမှာစိုးလို့။

ကျွန်မ ပင်လယ်ထဲမှာ နောက်ဆုံးရေကူးခဲ့တာ ဘယ်တုန်းကပါလိမ့်။ နှစ်တွေတော်တော်ကြာပြီ ပင်လယ်ထဲမှာမကူးဖြစ်တာ။ အဲဒီတုန်းက အကြောင်းတွေလည်း မှတ်ဉာဏ်ထဲကနေ မှုန်ဝါးပျောက်ကွယ်နေပါပြီ။ ပင်လယ်အနံ့ကလွဲလို့ပေါ့။ ပင်လယ်ရဲ့ ရနံ့ကတော့ ကျွန်မဘယ်တော့မှ မေ့မသွားမယ့်အရာပဲ။ ဟိုးအရင်က ကျွန်မအရပ်က ပင်လယ်လှိုင်းတွေထက် နည်းနည်း လေးပဲ မြင့်တယ်။ အခုတော့ လှိုင်းလုံးတွေက ကျွန်မဒူးဆစ်ကို ရိုက်ခတ်နေကြတယ်။ ငယ်ငယ်တုန်းက ကမ်းခြေကိုလာတုန်းက အဖေလည်းပါတယ်လို့ မှတ်မိတယ်။ ကြာလှပါပြီ။

ရေကူးလို့ရအောင် နက်တဲ့နေရာရောက်တော့ ကျွန်မ ရေထဲ ငုပ်ဆင်းလိုက်တယ်။ အေးစက်တဲ့ အထိအတွေ့က ကျောပေါ်မှာ စီးဆင်းသွားတယ်။ နောက်တခဏအကြာမှာပဲ ရေက မအေးတော့ဘူး။ ကျွန်မဆံပင်တွေက ခန္ဓာကိုယ်မှာကပ်နေပြီး ရေငုပ် ပြီး ကူးခတ်လိုက်တိုင်း ရေထဲမှာ ဝေ့ဝဲနေတယ်။ ကျွန်မကိုယ် ကျွန်မ ခွန်အားတွေရှိလာတယ်လို့ ခံစားရတယ်။ ခွန်အား။ ရေကူးကန်ထဲမှာတုန်းက ကျွန်မဟာ သင်္ဘောကုန်သေတ္တာထဲက ကျားတကောင်လိုပဲ။ သံနံရံတွေနဲ့ ဘာမှမရှိတဲ့လေကိုပဲ ရှူနေခဲ့ရတာ။

ကျွန်မရပ်ပြီး နောက်လှည့်ကြည့်လိုက်တော့ မာတင်က တော်တော်ဝေးဝေးမှာကျန်ခဲ့ပြီ။ ကျွန်မဆီ လိုက်လာချင်ပုံရတယ်။ ဒါပေမဲ့ သယ်လာတဲ့ ပစ္စည်းတွေကို ဘယ်လုပ်ရမှန်းမသိဘူး။ ကျွန်မ လက်ပြလိုက်တယ်။ ရေလှိုင်းတွေကြောင့် ကျွန်မ မြောက်တက်သွားပြီး ပြန်ကျလာတယ်။ ကျွန်မ အသက်ဝဝ ရှူလို့ရပါလားလို့ နှစ်ပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ် သတိထားမိလိုက်တယ်။

ရေငုပ်ရင်းနဲ့ ကျွန်မအိပ်မက်ထဲက အကောင်လေးတွေကို တွေ့ရမလားလို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ ဘာမှမတွေ့ဘူး။ အမှုန်အမွှားတွေ၊ သဲတွေက ငါးသေးငါးမွှားလေးတကောင်လို ကျွန်မကိုယ်ကို ပွတ်တိုက်သွားတယ်။ ရေထဲမှာ ခြေထောက် တွေကို ပြင်းပြင်းထန်ထန် ကန်ကျောက်တော့ ကျွန်မကိုယ်ထဲကို ရေတွေဝင်လာပြီး ကျွန်မခန္ဓာကိုယ် ဆန့်ထွက်လာတယ်လို့ ခံစားရတယ်။ ကျွန်မခြေချောင်းနဲ့ လက်ချောင်းတွေကြားမှာဆက်နေတဲ့ အရေပြားတွေလည်း ပိုပြီးထူလာသလိုပဲ။ ပိုပြီးနက်နက်ငုပ်ရမယ်လို့ကျွန်မသိလိုက်တယ်။ ဟိုးရေနက်ထဲမှာ အိပ်မက်ထဲက အကောင်ကလေးတွေရှိမှာ။ ရေထဲမှာ ဘာသံမှ မကြားရဘူး။ ဒါပေမဲ့ ဘာအသံမှမရှိတဲ့ အသံမဲ့ထဲမှာ တခုခု ကားရသလိုပဲ။ နက်ရှိုင်းပြီး တအုန်းအုန်းမြည်ဟိန်းနေတဲ့ အသံ။

ကျွန်မ ရေပေါ်ပြန်တက်လိုက်တယ်။ ကျွန်မထင်တာထက် ပိုပြီးနက်နက်ငုပ်ခဲ့တယ်လို့ ထင်တယ်။ အိပ်မက်ထဲက အကောင် လေးတွေကတော့ ဟိုးရေအာက်မှာရှိမှာပဲလို့ ကျွန်မသိနေတယ်။ ပင်လယ်ကမ်းခြေရဲ့ အလွန်၊ ဟိုးဝေးလံတဲ့ နေရာမှာရှိမှာပဲ။ အဲဒီနေရာရောက်အောင် ရက်တော်တော်ကြာတော့ ကူးရမှာပဲ။ ရေစီးကြောင်းထဲမှာ ကျွန်မခန္ဓာကိုယ်က မြန်မြန်လှုပ်ရှားနိုင် တယ်။ ရေက ကျွန်မရင်ဘတ်ကို တွန်းထားတယ်။ ကျွန်မ ထပ်ပြီးရေငုပ်ချင်တယ်။ ရေထဲမှာ ကျွန်မခြေထောက်တွေကို ကန် ကျောက်ချင်တယ်။ ပင်လယ်ရေတွေ ကျွန်မခန္ဓာကိုယ်ကို ဖက်ပွေ့ထားစေချင်တယ်။

‘ငါ စိတ်ပူသွားတာပဲ’ လို့ မာတင်က ကျွန်မသူ့အနားရောက်တော့ ဆီးပြောတယ်။ သူ့ဘောင်းဘီက ရေစိုရွှဲနေပြီး အသားနဲ့ ကပ်နေတယ်။

‘ငါ့အတွက် ပူစရာမလိုပါဘူး’ လို့ ကျွန်မ ပြောလိုက်တယ်။ သူက ကျွန်မကိုနမ်းတယ်။ ကျွန်မနဲ့ပတ်သက်ပြီး ထူးခြားမှုကို သူသတိပြုမိသလား မသိဘူး။ စောစောက ကျွန်မဖြစ်သွားတဲ့အပြောင်းအလဲ။ ကျွန်မရင်ထဲက ပင်လယ်ကိုလေ။ နောက်ဆုံး တော့ ကျွန်မက ‘နင့်ကြည့်ရတာ ချမ်းနေတယ်ထင်တယ်’ လို့ပြောလိုက်တော့ သူက ‘ဟုတ်တယ်။ ခိုက်ခိုက်တုန်နေပြီ’ တဲ့။

‘ဒါဆို နင်ကမ်းခြေကို ပြန်သွားတော့။ ငါနောက်တခေါက်လောက် ကူးလိုက်ဦးမယ်။ ပြီးတော့ ပြန်ကြမယ်။ ဟုတ်လား။ တ ခေါက်တည်းပါ’

သူ ကျွန်မကို စိတ်ရှုပ်နေပုံနဲ့ ကြည့်တယ်။  သူ့ကိုကြည့်ပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားတယ်။ သူက ‘အေး  ဆယ်မိနစ်နော်။ ဆယ်မိနစ်ပဲ။ ဟုတ်လား။ ကတိပေး’

ကျွန်မ သူ့ကို ကတိပေးလိုက်တယ်။ ပြီးတော့ ခါးဝက်လောက်နက်တဲ့ ဆားငန်ရေထဲမှာ ကမ်းခြေဘက်ကို တလှမ်းချင်းလှမ်း သွားတဲ့ သူ့ကို ကြည့်နေမိတယ်။

ထွန်းသိန်းဦး

အင်္ဂလိပ်စာရေးဆရာ Krishan Coupland ၏ ၂၀၁၅ ခုနှစ်၊ Bare Fiction Prize ဆုရဝတ္ထုတို The Sea in Me ကို ဘာ သာပြန်သည်။

The Sea in Me was the winner of the Bare Fiction Prize for Short Story 2015, chosen by Paul McVeigh, and appeared in Issue 7 of Bare Fiction Magazine in May 2016.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ