အေးငြိမ်း ● အခွင့်ထူးခံ လူတန်းစား
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၉


သည်ကနေ့ ကျွန်ုပ်တို့ စာသင်ရာနေရာသို့ နိုင်ငံတော်ဝန်ကြီး (Minister of State for Manpower and National Development) လာရောက်လေ့လာကြည့်ရှု၏။ လိုအပ်သည်များကို မှာစားရန်မဟုတ်။ မည်သည့်အဆောင်အယောင်မှ မပါ။ မည်သူမှ တန်းစီပြီး လက်အုပ်ချီ ကြိုဆိုနေစရာမလို။ မည်သည့်အခန်းအနားကြီးများမှ ကြီးကြီးကျယ်ကျယ် လုပ်ထား တာမရှိ။ မည်သူ့ကိုမှ အမှာစကားမပြော။ အလုပ်သမားများစားသည့် နေ့လည်စာကို အလုပ်သမားများစားသည့်နေရာ၌ပင် အလုပ်သမားများနှင့်အတူစား၏။ သူက အလုပ်သမားများနှင့်အတူစားတာဆိုတော့ ကျွန်ုပ်တို့က ကပ်လျက်စားပွဲတွင် နေရာ ယူရ၏။

သူက အလုပ်သမားများကို ကျွနု်ပ်တို့ မည်ကဲ့သို့သင်နေသနည်းသိရအောင် စာသင်ခန်းထဲဝင်ထိုင်ကာ လေ့လာ၏။ စာသင် ခန်းများသို့ လှည့်လည်ကြည့်ရှု၏။ ဤသင်တန်းသည် အလုပ်သမားအတွက် မည်မျှအကျိုးများသနည်းဆိုသည်ကို အလုပ် သမားများအား မေးမြန်း၏။ စာရွက်စာတမ်းများပြင်ဆင်ထားပုံကို ကြည့်၏။

ဝန်ကြီးမှာ သာမန်ရှပ်အင်္ကျီလက်ရှည်ကို လက်ခေါက်လျက်၊ သာမန်ဘောင်းဘီ၊ သာမန်ရှူးဖိနပ်နှင့်၊ သူလိုငါလိုပင် ဖြစ်၏။ ၎င်းကိုကြည့်ရတာ ဇော်ဝင်းထွဋ်သီချင်းကိုကြိုက်ပုံရ၏။ လမ်းသွားသည့်အခါ ဘောင်းဘီထဲလက်နှိုက်ကာ သွားလေသည်။

သူ့ကိုကြည့်ရတာ သက်တောင့်သက်သာရှိလှ၏။ တာဝန်ရှိသူများ၊ အလုပ်သမားများနှင့် ပေါ့ပေါ့ပါးပါး စကားဆိုလို့၊ ရီလို့ မောလို့။ ဟိတ်ဟန်နဲ့တူတာဆိုလို့ ငါးပြားဘိုးတောင်မရှိ။

သူ့ဘာသာသာ ကြည့်စရာရှိတာကြည့်သည်။ မေးစရာရှိတာမေး၊ ပြောစရာရှိတာပြောသည်။ ဘယ်သူကမှ မျက်နှာလိုအားရ ပတ်ချာလည်ဝိုင်းပြီး သွားဖြီးနေတာမရှိ။ ရှင်းပြသူ တယောက် နှစ်ယောက်လောက်ကလွဲ၍ အခြားတာဝန်ရှိသူများမှာ သူ နှင့်မလှမ်းမကမ်းတွင်နေလျက် သူမေးတာများကို ဖြေရုံမျှသာဖြစ်၏။

သူတို့ထမင်းစားနေသည့် ဓာတ်ပုံများပါ ကျွန်တော် ပူးတွဲတင်ထားပါသည်။ ဤဓာတ်ပုံများတွင် မိတ်ဆွေတို့ ဝန်ကြီးနှင့်တူသူကို ရှာကြည့်ကြစမ်းပါ။

ကန်တင်းထဲတွင်လည်း စားနေသူများမှာ ပုံမှန်စားသောက်လျက်၊ ရောင်းသူများကလည်း ပုံမှန်ရောင်းချလျက်။ ဘယ်သူ့ကိုမှ အနှောက်အယှက်မဖြစ်။ ဝန်ကြီးလာမှန်းတောင် သိပုံမပေါ်။ အဲလေ မီဒီယာတွေက ဒါ့ပုံတွေ၊ ဗီဒီယိုတွေရိုက်နေတာဆိုတော့ လူကြီးတစ်ယောက်ယောက်မှန်း ခန့်မှန်းမိပါလိမ့်မည်။ သို့သော် မည်သူဝန်ကြီးမှန်း သိဘို့မလွယ်။

ဤဖြစ်စဉ်ကလေးမှာ ဘာမှမကြာပါ။ စုစုပေါင်း ၁ နာရီလောက်သာ ကြာပါသည်။ ၎င်းတို့ကိုကြည့်ပြီး ကျွန်တော် အလွန်ဝမ်း နည်းမိလေ၏။

ကျွနု်ပ်တို့တိုင်းပြည်၌ကား (အုပ်ချုပ်သူရော၊ အအုပ်ချုပ်ခံလူတန်းစားများပါ) ပဒေသရာဇ်စနစ်၏ အဆောင်အယောင်၊ အခမ်းအနားများကို လွန်လွန်ကဲကဲ နှစ်ခြိုက်နေကြပေလေသေး၏။

သာမန်လူတယောက်အနေနှင့် ဘာမှမထူးခြားသူတဦးသည် အုပ်ချုပ်သည့်နေရာတခုခုကို ရောက်သွားသည်နှင့် အခွင့်ထူးခံ လူတန်းစား ဖြစ်သွားလေတော့သတည်း။ ၎င်းကိုယ်တိုင်က အခွင့်ထူးမခံလိုသည်ပင်ဖြစ်စေ။ အခွင့်အရေးကို မျှော်လင့်စောင့် စားနေသူများက ထိုသူကို အခွင့်ထူးခံဖြစ်ရေး အတင်းတွန်းအားပေးကြ၊ လုပ်ဆောင်ကြ၊ ဘေးတီးပေးကြလေ၏။ ၎င်းသည် လည်း ဘာသားနှင့်ထုထားသမို့တုန်း။ ကြာတော့ အခွင့်ထူးခံတို့၏ အရသာကို အော်တိုမက်တစ် ခံစားတတ်သွားလေတော့၏။ နောက်တော့ သူများပေးသည့်အခွင့်ထူးကို ခံမနေတော့ဘဲ အခွင့်ထူးများရရန် မိမိဘာသာ ကြံစည်သည့်အဆင့်သို့ တက် လှမ်း သွားလေသည်။

မလိုအပ်ဘဲ ကားတံခါးကို အတင်းပြေးဖွင့်ပေးခြင်း၊ အိတ်ကိုကိုင်ပေးခြင်း၊ ထီးမိုးပေးခြင်း၊ သူ့အတွက် ထိုင်ခုံကြီး သီးသန့် လုပ်ပေခြင်း၊ အခြားပြည်သူတွေကား လူမဟုတ်။ သူတို့သာ အရေးကြီးလေရကား အဆိုပါ လူကြီးမင်းတို့ ကြွချီတော်မူလာမည့် လမ်းတစ်လျှောက် ဘာအနှောင့်အယှက်၊ အခက်အခဲမှ မရှိစေရ။ မီးပွိုင့်များအားလုံးကို စိမ်းစေလျက် အကောင်းစားကားကြီးကို မည်သူကမှ ရပ်တန့်ပိုင်ခွင့်မရှိဘဲ တဝီဝီ စီးစေခြင်း အစရှိသည်တို့သည် အခွင့်ထူးခံလူတန်းစားဖြစ်စေရန် တွန်းအားများပင် ဖြစ်၏။

ဤအပေါ်တွင် လုပ်ပိုင်ခွင့်ဟူသော မလိုင်ကလေးဖြူးကာ သူလက်မှတ်ထိုးပေးမှ ဖြစ်သည်ဟူသည့် အခွင့်အာဏာကလေးပါ ပေါင်းလိုက်လေတော့ မိုးမမြင်၊ လေမမြင်ဖြစ်သွားတာ မဆန်းတော့ပါချေ။

ကျွန်ုပ်တို့ပြည်သူများကလည်း မည်မျှဘေးတီးကောင်းသနည်းဟူမူ သူလုပ်စရာရှိလို့လုပ်တာတောင် ကြံဖန်ကျေးဇူးတင် နေကြ ပေလေသေး၏။ (အဲလေ၊ သူတို့ကိုလည်း အပြစ်ဆိုလို့မရ။ အနို့ အရင်တုံးက ဒါမျိုးလုပ်တာ တွေ့မှ မတွေ့ဖူးပဲကိုး။) သို့သော် တော်ရုံတန်ရုံဖားပါ။ သူတို့ကြွချီတော်မူလာမည်ဆိုသည်နှင့် မဆီမဆိုင်ပြည်သူတွေကို နေပူထဲလှန်းကာ လက်အုပ် ချီခိုင်းတာကိုတော့ဖြင့် ကျွန်တော် (အိမ်သာထဲက အီအီးတွေကို ရွံရှာသကဲ့သို့) အလွန်ရွံရှာမိလေသည်။

နောက်တစ်ခုရှိသေး၏။ ဝန်ထမ်းများကို မတရားခိုင်းစေခြင်းဖြစ်သည်။ မည်သည့်အချိန်ရောက်မည်မှန်းမသိသည့် လူကြီးဆို သူကို ဝန်ထမ်းများမှာ နေပူကြီးထဲ စောင့်ကြရ၏။ တခါတလေ သူတု့ိခမျာ ရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့ကြီးတွင် လာ စောင့်ရသည်။ ဤသည်မှာ သက်သက်မတရားလုပ်တာသာဖြစ်၏။ ထိုဝန်ထမ်းများ တန်းစီမကြိုလျှင် ထိုလူကြီး၏ ခရီး အထမမြောက်တော့ ပြီလော။ ထိုကဲ့သို့ တန်းစီကြိုသည့်အတွက် မြန်မာနိုင်ငံအတွက်သော်လည်းကောင်း၊ လူပုဂ္ဂိုလ်တဦး၊ အဖွဲ့တခုအတွက်သော်လည်းကောင်း မည်သည့်အကျိုးစီးပွားများ ဖြစ်ထွန်းသွားပါသနည်း။

ထိုလာတန်းစီသည့် ဝန်ထမ်းများကို ရုံးပိတ်ရက်မှာ လာတန်းစီခိုင်းခြင်းအတွက် အချိန်ပိုကြေးပေးပါသလော။ ဥပဒေကို လေးစားလိုက်နာရမည့်သူများကိုယ်နှိုက်က ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြနေလေသည်။

ပို၍ဆိုးသည်မှာ ကိုယ်လုပ်တာ မှားလို့မှားနေမှန်းမသိ၊ ရှက်စရာကောင်းသည့် အပြုအမူမှန်းမသိဘဲ ဤသည်ကိုပင် ဂုဏ် ယူနေခြင်း ဖြစ်သတည်း။

ယခင်က ဤအပြုအမူများကို မုန်းတီးခဲ့သူများသည်လည်း ဤနေရာသို့ရောက်သွားသည့်အခါ ၎င်းတို့ကိုယ်တိုင် ဤကဲ့သို့ ကျင့်ကြံ နေထိုင် ပြုမူနေခြင်းကာ အဆိုးတကာ့ထိပ်ခေါင်ပင် ဖြစ်တော့၏။ ဤသည်မှာ အောက်ကလူများ၏ ဝိုင်းဝန်းဘေး တီးပေးမှုကို မခံနိုင်ခြင်း၏ ပြယုဂ်ဖြစ်ပေသည်။

စင်ကာပူဝန်ကြီးက အိန္ဒိယအလုပ်သမားများနှင့် အတူရောထိုင်ကာ စကားစမြည်ပြောနေသည်ကို ကြည့်ပြီးနောက် နေပူ ကျဲကျဲတွင် တန်းစီနေကြရှာကုန်သော အနှီယူနီဖောင်းဝတ် မမကလေးများကိုသတိရမိသောအခါ ကျွန်ုပ်မှာ အလွန်ဝမ်းနည်းမိ ပေသည်။ လူချင်းတူပါလျက် အဘယ်ကြောင့် အသက်ရှူခြင်း ကွဲကြရဘိကုန်သနည်း။

လူအချင်းချင်း နှိပ်စက်ခြင်း၊ ကင်းရှင်းကြပါစေ။

ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၅၊ ဧပြီလ၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ