ခေတ်ပြိုင်အတွေ့အကြုံ

မောင်လူပေ – တရုတ်နှစ်ဆန်း တပေါင်းလသရမ်း

မောင်လူပေ – တရုတ်နှစ်ဆန်း တပေါင်းလသရမ်း
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

ဒီနှစ် တရုတ်နှစ်ဆန်းက တပေါင်းလဆန်းနဲ့လည်း တိုက်ဆိုင်နေတယ်။

တပေါင်းဆိုတာ မြန်မာနှစ်ရဲ့ နောက်ဆုံးလ။ နှစ်ဟောင်းကုန်မဲ့လပါ။ ထန်းပေါင်းသောလမို့ ထန်းပေါင်းလလို့ ခေါ်ရာက တပေါင်းရယ်လို့ တွင်ရပါသတဲ့။

မြန်မာတွေက ထန်းဖိုရည်ကို ပေါင်းပြီး ထန်းလျှက်(ထညက်) ချက်ကြပြီပေါ့။ ထန်းလျှက်ဆိုတာ မြန်မာတွေရဲ့ ချော့ကလက်ပါ။ထမင်းစားပြီးရင် ထန်းလျှက်ခဲလေး မြုံ့ရင်း အချိုတည်းလိုက်ရမှ အာသာပြေတဲ့ လူမျိုးကိုး။ ထန်းလျှက်က မြန်မာမုန့်တွေ လုပ်ရာမှာလည်း မရှိမဖြစ်ပါပဲ။

ထန်းလျှက်ကို ခေတ်မှီအောင် ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်ဝင်အောင် ပို့ဖို့ ကြံဆသူလည်းရှိတယ်။ ဒါပေမဲ့ ထန်းသမားတွေ ရှားလာလို့ လက်တွေ့ မလုပ်နိုင်သေးပါတဲ့။ ထန်းလျှက်ချက်ရောင်းရတာ မကိုက်ကြလို့ လုပ်တဲ့သူတောင် အတော်နည်းလာနေပါပြီ။ ခေတ်ကလေးတွေကလည်း နိုင်ငံခြားဖြစ် ချော့ကလက်ကိုသာ ခုံမင်စွာ ဈေးကြီးပေးပြီး ဝယ်ယူစားသောက်ကြလို့ ကြာရင် ရိုးရာ ထန်းလျှက်ပေါင်းချက်တဲ့ လုပ်ငန်းတောင် တိမ်ကော ပပျောက်နိုင်ခြေ ရောက်နေပါပြီ။

နွေမိန်တပေါင်း နေရှိန်လောင်း ရွက်ဟောင်းကြွေကြ မြေခခဲ့ပြီကွယ်။
တို့ရွာသူ ပျိုဖြူတသင်းမယ် သီချင်းသံပြိုင် သီကာရယ် လက်ပံပွင့်ကောက် အရောက်လာမယ်။
ရွာဓလေ့မို့ မွေ့ပျော်ဖွယ်…. နဲ့ လက်ပံပွင့်ကောက် သီချင်းလေးကတော့ လေမှာလွင့်ပျံနေဆဲ။ မိန်ရာသီ တပေါင်းလမှာ လက်ပံပွင့် နီနီလေးတွေကလည်း လေအဝှေ့မှာ ကြွေကြနေဆဲ။ စိန်ပန်းနီတွေလည်း ဝေနေဆဲပါ။

ငယ်တုန်းကတော့ တပေါင်းဆို သိပ်ပျော်တာပဲ။ အတန်းတင် စာမေးပွဲလည်း ပြီးပြီ။ စာမကျက်ရတော့ဘူး။ အပျော်ဆုံးက တပေါင်းပွဲပေါ့။

မြတ်စောညီနောင်လို့ အမည်ရတဲ့ ဘုရားရဲ့ တပေါင်းပွဲက လွှတ်စည်ကားတာ။ အနယ်နယ်ကလာကြတာ လူပင်လယ်ကြီး။ ညီတော်ကနေ နောင်တော်စေတီထိ စောင်းတန်းတလျှောက် လူတွေ ကြိတ်ကြိတ်တိုးပဲ။ အနီးအနားရွာတွေက လှည်းတန်းကြီးတွေနဲ့ လာကြတယ်။ မောင်လူပေတို့ကတော့ လူပဒေသာကားနဲ့ သွားကြတာ။ လူပဒေသာကားဆိုတာကတော့ ဂျစ်ကားတို့ ဒပ်ဆန်းကားတို့မှာ ပဒေသာပင်သီးထားသလို လူတွေ ပြည့်ညှပ်နေလို့ တင်စားတာပါ။ ကားခေါင်မိုးရော၊ ကားဘောနပ်ရော၊ ကားနောက်မီးရော လူတွေ ပြည့်နေတဲ့ကားက မီးခိုးတွေအံထုပ်ပေးရင်း ဘုရားအရောက်ပို့ရှာတယ်။

ဘုရားဖူးပြီးရင် ဘုရားဘေးမှာ စီးဆင်းနေတဲ့ သောက်ရေခပ်ချောင်းမှာ ရေဆော့ကြတယ်။ ဒူးခေါင်းလောက်ပဲ အနက်ရှိတဲ့ သဲချောင်းလေးက ကြည်အေးလို့။ ရှောက်သီးခြံထဲက အရိပ်မှာ တရေးတမောလည်း အိပ်နိုင်သေးတယ်။ ဒါတွေက ငယ်စဉ် တပေါင်းလရဲ့ ပုံရိပ်တွေပါ။

တပေါင်းလရဲ့ ရာသီပန်းက သရဖီပန်းပါတဲ့။ အင်ကြင်း သရဖီ စတဲ့ မြန်မာတို့ရဲ့ ရာသီပန်းတွေလည်း ရှားပါးလာပါပြီ။

နေ့ပူလို့ ညချမ်းတဲ့ တပေါင်းလ လသရမ်းမှာ မိတ်ဆွေ သူငယ်ချင်းအပေါင်း နေထိုင်ကောင်းပြီး စီးပွား လာဘ်လာဘများလည်း တိုးတက်ကြပါစေ။

ကျွန်တော် မောင်လူပေပါ။

ချစ်ခြင်းအားဖြင့်

မောင်လူပေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “မောင်လူပေ – တရုတ်နှစ်ဆန်း တပေါင်းလသရမ်း
  1. ဆရာမောင်လူပေ၊

    ဆရာ့ဆောင်းပါးဖတ်ပြီးတော့၊ အိမ်ပြန်ချင်တဲ့စိတ်တွေ တားမရ၊ ဆီးမရဖြစ်နေပြီ။

    သောက်ရေခပ်ချောင်းမှာ ကလေးဘ၀ ပျော်ခဲ့တာတွေ၊

    ရှောက်သီးခြံအကြောင်း၊

    နောက်- ငယ်ငယ်တုန်းက အမျိုးတွေ၊ သူငယ်ချင်းတွေ စုပြီး မြတ်စောညီနောင်ဘုရားပွဲ သွားခဲ့ကြတာတွေ ….

    ဘယ်တော့များမှ၊ ကေတုမတီကို ပြန်ရောက်တော့မယ်မသိပါဘူးဗျာ။

    တို့ဖူးသုတ်လေးစား၊ ရေနွေးကြမ်းလေးသောက်၊ နောက် တပင်ရွှေထီး ထန်းတောထဲမှာပျော်ပေါ့ …..

    အားမရသေးရင်၊ ကန်ရိုးအထိသွား….

    အိမ်ကိုလွမ်းနေမိပြီဗျာ။

    ထူးထူး (တောင်ငူ)။

Comments are closed.