ခေတ်ပြိုင်အတွေ့အကြုံ

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – မှန်မှန်ကန်ကန် ဂုဏ်ပြုတင်ပြကြဖို့

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – မှန်မှန်ကန်ကန် ဂုဏ်ပြုတင်ပြကြဖို့

သြဂုတ် ၇၊ ၂၀၁၄

သူငယ်ချင်းတို့ရေ…

ဒီစာကတော့ သိပ်မရှည်ပါဘူး။ ငါလည်း ဒီရက်အတွင်း အလုပ်တွေများပြီး အချိန်အားမရှိဖြစ်နေ၊ မင်းတို့လည်း စာရှည်ရှည် မဖတ်ချင်တာနဲ့ အတော်ပေါ့။ ဘာလိုလိုနဲ့ တို့ ချစ်ရတဲ့သူငယ်ချင်းတချို့  ဒီကမ္ဘာမြေကြီးက ထွက်ခွါသွားခဲ့တာ (၂၆) နှစ်တောင် ရှိလာခဲ့ပြီ။ ဒီလာမယ့် သောကြာနေ့ သြဂုတ်လ (၈) ရက်ဆိုရင် ငါတို့တတွေ နှစ်စဉ်မပျက် ပြုလုပ်နေကြ သူတို့ကုသိုလ်ကောင်းမှုအတွက် အလှူဒါနပြု ဆုတောင်းပေးရမယ်။ ပြီးတော့ တို့သူငယ်ချင်းတွေနဲ့အတူ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေရဲ့  လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြတဲ့ ထောင်ပေါင်းများစွာသော (၈၈) မျိုးဆက်သူရဲကောင်းတွေကိုလည်း အောက်မေ့ဘွယ် အခမ်းအနားတွေနဲ့ တလေးတစား ဂုဏ်ပြုကြရမယ် မဟုတ်လား။ ဒီမှာတော့ ငါတို့ မြန်မာမိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကြ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ (၈၈) အရေးတော်ပုံအတွင်းမှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူ၊ ကျောင်းသူကျောင်းသား၊ လယ်သမား၊ အလုပ်သမား အားလုံး ကောင်းရာဘုံနန်းမှာ ငြိမ်းချမ်းစွာ နားဆက်နိုင်ဖို့ ဆွမ်းကျွေးတရားနာ၊ အလှူဒါနပြုဆုတောင်းဂုဏ်ပြုကြမယ်။

ဒီသမိုင်းဝင် ရှစ်လေးလုံးနေ့နဲ့ ပတ်သက်ပြီး (၈၈) အချိန်ကာလတုန်းက မမွေးသေးတဲ့ ငါ့တူမငယ်တစ်ယောက်က တနေ့က မေးလို့ ‘တို့တတွေ (၈၈) မှာ ဘာကြောင့် အစိုးရကို တွန်းလှန်ပုန်ကန်ကြလဲဆိုတာကို’ ပြောပြမိတယ် — စစ်အာဏာရှင်စနစ်ကို အသက်သွင်းခဲ့တဲ့ ဗိုလ်နေဝင်း၊ ဘယ်လိုဘယ်နည်းနဲ့ တိုင်းပြည်ကို ငရဲခန်းထဲ ပို့ဆောင်ခဲ့ပုံ။ စစ်ဘီလူးစနစ်ဆိုးကို အမွေဆက်ခံကြတဲ့ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွှန့်၊ ဗိုလ်သိန်းစိန်တို့ တိုင်းပြည်ကို ဘယ်လို ဆက်ဖျက်ဆီး၊ ပြည်သူပြည်သားတွေကို ဘယ်လို ဖိနှိပ်အုပ်ချုပ်။ ဘာကြောင့် တို့နိုင်ငံသူနိုင်ငံသားတွေ ဆင်းရဲကြပြီး၊ စစ်ခေါင်းဆောင်တွေနဲ့ သူတို့အလိုတော်ရိ ခရိုနီတွေ ကြောက်စရာလန့်စရာ ကြီးပွားချမ်းသာနေကြပုံ။ ဒီလို မတရားမှုတွေ၊ မမျှတမှုတွေကြောင့် စစ်အာဏာရှင် ဗိုလ်နေဝင်းအစိုးရကို ဆန့်ကျင်တွန်းလှန် ဖယ်ရှားခဲ့ပြီး၊ သူ့အမွေခံ စစ်ဘီလူးများ မြန်မာ့မြေမှ အပြီးတိုင်ကွယ်ပျောက်သွားအောင် တော်လှန်နေတာဖြစ်ကြောင်း စုံလို့ပေါ့။ ငါတို့ လှုပ်ရှားမှု မအောင်မြင်ရတဲ့အပိုင်းကိုလည်း ပြောပြတာပေါ့ —

ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးအာဏာ လက်ပြောင်းယူမယ့် အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းတွေရဲ့  အားနည်းချက်၊ စစ်တပ်ရဲ့  လူမဆန်စွာ ရက်စက်ယုတ်မာမှုတွေကြောင့် တို့တိုက်ပွဲ တစခန်း ရပ်တန့်သွားခဲ့တာတွေကို ရှင်းပြတော့ သူမသိတာတွေ ကြားသိရလို့ ဝမ်းနည်းဝမ်းသာဖြစ်ရကြောင်း။

သူတို့ မျိုးဆက်သစ်တွေလည်း လက်ရှိ တိုင်းပြည်ရဲ့  ကမောက်ကမ အခြေအနေတွေကို အရင်ထက် ပိုသိလာကြောင်း။ (၈၈) မျိုးဆက်တွေရဲ့  မပြီးဆုံးသေးတဲ့တိုက်ပွဲ၊ စစ်အာဏာရှင်စနစ် မချုပ်ငြိမ်သေးတာကို သိနားလည်းကြောင်း၊ သူတို့မျိုးဆက်တွေလည်း တို့တတွေနဲ့အတူ ဆန့်ကျင်သွားမယ်လို့ ပြောတော့ အတော်လေး ကျေနပ်ဝမ်းသာမိတယ်။ သူ့အဖေအမေ သိရင်တော့ ငါနဲ့ ပေးစကား ပြောတော့မှာ မဟုတ်ဘူး။

ခလေးကို မြှောက်ပေးတယ်လို့ မစွပ်စွဲနဲ့အုံး။ သူက သိချင်တာ။ တကယ်တော့ သူတို့မျိုးဆက်သစ်တွေ သိသင့်သိထိုက်တဲ့ အမှန်တရားကို ပြောပြဖို့ တို့မှာ တာဝန်ရှိတယ်။ မင်းတို့ သိတဲ့အတိုင်း စစ်အစိုးရက ရက်ရက်စက်စက် နှိပ်ကွပ်၊ ခြိမ်းခြောက်ထားတော့ သူတို့မိဘတွေက သားသမီး (ခလေး) တွေကို ငါတို့မျိုးဆက် ဘာတွေလုပ်ခဲ့တယ်ဆိုတာ မပြောပြကြဘူး။ ကလေးတွေ (ငါ့တူတူမတွေ) တော်တော်များများ ငါတို့ ဘာကြောင့် တောခိုသွားတယ်၊ မင်းတို့ ဘာကြောင့် ထောင်ကျတယ်ဆိုတာကို ဂဃနဏ မသိကြဘူး။ တို့ရှေ့ က နောင်တော်ကြီးတွေလည်း အသက်သွေးချွေးပေးဆပ်ပြီး ခေတ်အဆက်ဆက် တရားမဲ့အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေကို ဘယ်လို ပုန်ကန်ခြားနားကြတဲ့အကြောင်းဆို ပိုဝေးသေး။ ခုနောက်ပိုင်း အတိုင်းအတာတခု လွတ်လပ်လာတဲ့ မီဒီယာ၊ သတင်းဂျာနယ်တွေ၊ နိုင်ငံရေးဟောပြောပွဲတွေကြောင့် (၈၈) ဆိုတာ ဘာလဲ၊ ကျောင်းသားသမဂ္ဂ၊ ဦးသန့်အရေး၊ မှိုင်းရာပြည့်၊ နိုင်ငံရေးခေါင်းဆောင် ဘယ်သူဘယ်ဝါတွေ၊ စစ်အစိုးရအကြောင်းတွေကို တချို့  သိလာကြတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တို့ခလေးတွေ၊ မျိုးဆက်သစ်တွေကို အဖြူအမဲ ခွဲခြားသိနားလည်းဖို့ တို့တတွေမှာ မှန်မှန်ကန်ကန် ပြောပြဖို့ တာဝန်ရှိတယ်။ ကြုံရင်ကြုံသလို ပြောပြရမယ်။ မင်းတို့လည်း အချိန်ပေးပြီး မင်းတို့ထောင်တွင်း အတွေ့အကြုံ၊ ထောင်တွင်းထောင်ပြင် နိုင်ငံရေး အကျဉ်းသမားတွေဘဝကို ဆရာကြီးဦးဝင်းတင်လို “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်မျိုးလို အစိုးရရဲ့  လူမဆန်ရက်စက်ယုတ်မာမှုတွေကို မင်းတို့ကိုယ်တွေ့ ခံစားချက်တွေကိုရေးပြီး ပြည်သူတွေကို ပေးသိရမယ်။

နာဇီ အကျဉ်းစခန်းက သေကံမပျောက် လွတ်မြောက်လာတဲ့ ဂျူးလူမျိုးတိုင်းလိုလို သူတို့ သေမင်းအကျဉ်းစခန်းဘဝ အတွေ့အကြုံတွေကို မှတ်တမ်းရေး ထုတ်ဝေကြတယ်။ ဒါကြောင့် ကမ္ဘာက ဂျူးလူမျိုး နဲ့ နာဇီမကောင်းဆိုးဝါးအကြောင်းကို သိကြရတယ်။

ငါ့တူမလေးတောင် သိတယ် တို့နိုင်ငံ စစ်တပ်ထိန်းချုပ်မှုအောက်က မလွတ်မြောက်သေးဘူးဆိုတာ။ ဒါကြောင့် ကျေးဇူးရှင်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ခါးခါးသီးသီး ငြင်းဆိုနေတာ။

စစ်တပ်ချယ်လှယ်မှုအောက်မှာ ရှိနေသေးတယ်လို့ မပြောရင် မင်းတို့ သိတဲ့မြင်တဲ့အတိုင်း ဒီမိုကရေစီစနစ် တည်ဆောက်နေပါပြီလို့ အသံကောင်းဟစ်နေတဲ့ ဗိုလ်သိန်းစိန်အစိုးရက နေ့စဉ်နဲ့အမျှ နိုင်ငံတကာနဲ့ ပြည်သူတွေကို လှည့်ဖြားလိမ်ညာ ပြောဆိုနေကြတာ။ ကြောက်စရာကောင်းတာက  ရရှိတဲ့အခွင့်အရေးတွေ ယူတတ်ကြတဲ့ ပုတ်သင်ညို အရေးတော်ပုံသမားတချို့ က စစ်အစိုးရရဲ့  အကြံပေးပုဂ္ဂိုလ်တွေဖြစ်၊ ပညာရှင်တွေ ဖြစ်လာပြီး ဒီမိုကရေစီခေတ် ရောက်နေပါပြီ၊ တိုးတက်ပြောင်းလဲမှုတွေ ရှိနေပါပြီ၊ ငြိမ်းချမ်းရေးတွေ့ဆုံပွဲတွေ အောင်မြင်နေပါပြီလို့ သခင် သဘောကျ ပြောဆိုလာကြတော့ တချို့ ပြည်သူတွေ အမြင်မှားအထင်မှား ဖြစ်ကြကုန်တယ်။ တချိန်တည်းမှာ တချို့  နိုင်ငံရေးသမား၊ အုပ်စုတွေကလည်း သိသိကြီးနဲ့ မင်းသားခေါင်း ဆောင်းထားတဲ့ စစ်ဘီလူးတချို့ ရဲ့  ပူးကပ်လာမှု၊ စစ်အာဏာရှင်လက်ထက်မှာ ကောင်းစားခဲ့တဲ့ ခရိုနီတွေရဲ့  ပေးကမ်းမှု၊ နိုင်ငံတကာက ကိုယ်ကျိုးစီးပွားအတွက် အလုအယက် ဝင်ရောက်လာကြတဲ့ အရင်းရှင် စီးပွားရေးသမားတွေရဲ့  ကမ်းလှမ်းမှုတွေကို လက်ခံပြီး အရောင်တွေ၊ အသံတွေ ပြောင်းလာကြတော့ တို့ပြည်သူတွေ စက္ကူဖြူ ဒီမိုကရေစီစနစ်နဲ့ စစ်ကျွန်ဘဝ သက်ဆိုးရှည်သွားနိုင်တယ်။

ငါ အခုပြောခဲ့တာတွေက ရှစ်လေးလုံးနဲ့ ဘာဆိုင်လို့လဲ စိတ်လောပြီး မမေးနဲ့အုံး။ တကယ်တော့ ဒီကိစ္စကို ပြောချင်တာ အတော်ကြာခဲ့ပြီ။

မနှစ်က ပြည်တွင်းမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ ငွေရတု (ဒီအသုံးအနှုန်း၊ အခေါ်အဝေါ်ကအစ မှားနေတယ်။ ငွေရတု၊ ရွှေရတုဆိုတာ မင်္ဂလာရှိတဲ့သဘော၊ မင်္ဂလာအခမ်းအနားမျိုးတွေမှာ သုံးရတဲ့ အသုံးအနှုန်း။ ဘယ်မှာမှ သွေးစွန်းခဲ့တဲ့နေ့တွေကို ငွေရတု၊ ရွှေရတုဆိုပြီး လုပ်ရိုးထုံစံမရှိဘူး။) ဆိုတဲ့ (၂၅) နှစ်မြောက် ရှစ်လေးလုံး အခမ်းအနား လုပ်ပုံကိုင်ပုံကို သိပ်စိတ်တိုင်းမကျခဲ့လို့။ အဲဒီမတိုင်ခင် အမေရိကန်ပြည်ထောင်စုကို လေ့လာခရီးရောက်လာခဲ့ကြတဲ့ (၈၈) ခေါင်းဆောင်တချို့ နဲ့ စကားပြောခွင့်ရပြီး စီစဉ်ထားတဲ့ အစီအစဉ်တွေအကြောင်း မေးမြန်းဆွေးနွေးဖြစ်တယ်။  စီစဉ်ထားတဲ့ အစီအစဉ်တချို့ ကို ဘဝင်မကျကြောင်း ထုတ်ဖော်အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတို့က စောင့်ကြည့်ပါဆိုလို့ နှုတ်ဆိတ်စောင့်ကြည့်ခဲ့တယ်။

ငါ့ အမြင်ကတော့ ရှစ်လေးလုံးနေ့ကို (၈၈) တိုက်ပွဲအတွင်း အသက်စွန့် တိုက်ပွဲဝင်သွားကြတဲ့ ရဲဘော်ရဲဘက်များကို ဂုဏ်ပြုတဲ့အောက်မေ့ဘွယ် အခမ်းအနားတခုအနေနဲ့ လွမ်းသူပန်းခွေချ၊ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံ (သာသနာအလံ၊ နိုင်ငံတော်အလံတွေ) တိုင်တဝက်ချ အလေးပြု၊ ဘာသာပေါင်းစုံ အလှူဒါနပြု ဆုတောင်းအမျှဝေ၊ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြ (၈၈ တုန်းက အဓိက တိုက်ပွဲဝင်၊ သွေးမြေကျခဲ့တဲ့ နေရာတွေမှာ)၊ ဟောပြောပွဲတွေလုပ် အဲဒီလောက်ဆိုရင် လုံလောက်ပြီ။

တို့ နှလုံးသားထဲ အမြဲစွဲမှတ်ထားဖို့က ရှစ်လေးလုံး (Bloody Monday – ၁၉၈၈ သြဂုတ်လ ၈ ရက်က တနင်္လာနေ့) က မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲရဲ့  အောင်ပွဲနေ့ မဟုတ်ဘူး။ စနစ်ပြောင်းခေတ်ပြောင်းဖို့ အာဏာရှင်ကို ရင်ဖွင့်တော်လှန်ခဲ့တဲ့နေ့။ တို့ရဲဘော်ရဲဘက် မြောက်များစွာ သွေးမြေကျခဲ့တဲ့ မြန်မာ့သမိုင်းရဲ့  ရုပ်ဆိုးအကျည်းတန်လှတဲ့ နေ့တနေ့။

ဒါကြောင့် ဒီနေ့ဒီအချိန်အခါမှာ တို့တတွေ အောင်ပွဲအခမ်းအနားပုံစံမျိုး ကပွဲခုန်ပွဲတွေ၊ ရန်ပုံငွေဈေးရောင်းပွဲ၊ စာတမ်းဖတ်ပွဲ၊ ညစာစားပွဲတွေ၊ ဧည်ခံပွဲတွေ မဆီမဆိုင် အချိန်ကုန်၊ ငွေကုန်ခံ မလုပ်သင့်ဘူး။ အဆိုးဆုံးက ခရိုနီတွေ ပေးကမ်းတဲ့ ငွေတွေယူ၊ သူတို့စီစဉ်ပေးတဲ့ နေရာမှာလုပ်၊  ဟိုနေရာ ဒီစကားပြော၊ ဒီနေရာ ဟိုစကားပြောပြီး ပြုပြင်ရေးသမား၊ ငြိမ်းချမ်းရေးသမား လေသံနဲ့ သွေးခွဲအချိုသပ်လုပ်နေတဲ့ စစ်ခေါင်းဆောင်တချို့  အထူးဧည်သည်တော်အဖြစ် တက်ရောက်ကြတာတွေကို တွေ့ရကြားရတော့ အတော်လေး စိတ်ထိခိုက်မိတယ်။

အဲဒီနေရာ အချိန်မှာ ဖြစ်သင့်တာက လူ့အခွင့်အရေးကို စစ်အုပ်စုမျိုးဆက်အလိုက် ချိုးဖောက်ခဲ့၊ ချိုးဖောက်နေတဲ့ အာဏာပိုင်တွေ ရှစ်လေးလုံးနေ့ အခမ်းအနားတွေကိုတက်ပြီး ပြည်သူတွေ၊ ရဟန်းသံဃာတွေကို သူတို့လုပ်ရပ်အမှားတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားဝင် ဝန်ချတောင်းပန်မယ်ဆိုရင်တော့ လာခွင့်ပြုပေါ့။ အခုအချိန်အထိတော့ ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ဝန်ခံရဲတဲ့သတ္တိ၊ ပြည်သူကို တောင်းပန်ဖို့ ဒီအစိုးရမှာ မရှိဘူး။

နောက်တခုက အစောပိုင်းပြောခဲ့တဲ့ လုပ်သင့်တဲ့ လှုပ်ရှားမှုတွေနဲ ပတ်သက်လို့ ဖြစ်သင့်တာက လေ့လာမိသလောက်တော့ တော်တော်များများ နိုင်ငံတွေမှာ ဒီလိုသမိုင်းဝင်နေ့တွေ၊ သမိုင်းအဖြစ်အပျက်တွေကို စခဲ့ဖြစ်ခဲ့တဲ့ နေရာဒေသတွေမှာ အောက်မေ့ဘွယ် အခမ်းအနားတွေ၊ ဂုဏ်ပြုပွဲတွေနဲ့ တခမ်းတနား ပုံဖော်ပြန်လုပ်ကြတယ်။

ဥပမာ  အမေရိကန်နိုင်ငံ လူဖြူ-လူမည်း အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေး လူထုဆန္ဒပြပွဲတွေထဲက ကမ္ဘာ့သမိုင်းဝင် နေ့တနေ့ဖြစ်တဲ့ Selma မြို့ မှ Montgomery မြို့ ကို ချီတက်တဲ့ ၁၉၆၅ ခုနှစ် မတ်လ (၇) ရက်နေ့ သွေးမြေကျခဲ့တဲ့ တနင်္ဂနွေနေ့ရောက်တိုင်း ဆန္ဒပြသူအများအပြား ရိုက်နှက်ပစ်ခတ်ခံရတဲ့ Edmund Pettus တံတားကြီးကို ဖြတ်ကျော်ချီတက်ပြီး အောက်မေ့ဘွယ် ဂုဏ်ပြုဆုတောင်းပွဲ အခမ်းအနားတွေ လုပ်ကြတယ်။ တောင်ကိုရီးယားနိုင်ငံမှာလည်း လူတွေအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့တဲ့ ဂွမ်ဂျူး လူထုအုံကြွမှုကြီး (မေလ ၁၈ ရက်၊ ၁၉၈၀) နေ့ကိုလည်း ဂွမ်ဂျူးမြို့ သူမြို့ သား (၂၄၁) ယောက် ပစ်သတ်ခံရတဲ့ နေရာမှာပဲ ဂုဏ်ပြုအောက်မေ့ဘွယ် အခမ်းအနားတွေ ပြုလုပ်ကြတယ်။ ထို့အတူ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း အောက်တိုဘာလ (၁၄) ရက်နေ့မှာ ကျရောက်တဲ့ ၁၉၇၃ အာဏာရှင်စနစ်ဖျက်သိမ်းရေး လူထုဆန္ဒပြပွဲကို နှစ်စဉ်နှစ်တိုင်း ဘန်ကောက်မြို့ ရှိ အဲဒီ လူထုတိုက်ပွဲကြောင့် တည်ဆောက်နိုင်ခဲ့တဲ့ ပြည်သူ့ဒီမိုကရေစီကျောက်တိုင်မှာ ကျင်းပပြုလုပ်ကြတယ်။

ဒီတော့ ငါတို့တွေလည်း ရှစ်လေးလုံးနေ့ အခမ်းအနားကို ၁၉၈၈ တုန်းက အဓိကအခြေစိုက် လူထုဆန္ဒပြပွဲတွေ လုပ်ခဲ့တဲ့ ရန်ကုန်မြို့ တော်ခမ်းမရှေ့ ၊ ရွှေဂုံတိုင်လမ်းစုံ၊ ရန်ကုန်တက္ကသိုလ်၊ ဆေးရုံကြီးလို နေရာတနေရာကို သတ်မှတ်ရွေးချယ်ပြီး ရှစ်လေးလုံးနေ့ အခမ်းအနားကို ပြုလုပ်ကျင်းပနိုင်ရင် ပိုသင့်မြတ်မယ်။ ဖြစ်နိုင်ရင် ကျောင်းသားသမဂ္ဂ ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းလုပ်ကိုင်နေသလို၊ (၈၈) အရေးတော်ပုံရင်ပြင်၊ ဂူဗိမာန် (အညတရ ဒီမိုကရေစီ အရေးတော်ပုံသမားများအတွက်) တည်ဆောက်နိုင်ဖို့ တောင်းဆိုလုပ်ဆောင်ရမယ်။ မနှစ်က တံတားနီအရေးအခင်း နှစ်ပတ်လည်ကို အင်းလျားကန်ဘောင် တံတားနီတဝိုက်မှာ လုပ်တာကို တွေ့ရတော့ ကျေနပ်မိတယ် (ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခမ်းအနား တက်ရောက်ကြတဲ့ လူအင်အား အတော်နည်းတာကိုတော့ တွေ့ရတယ်)။

ကဲ … ထားတော့ စာအစမှာ အများကြီးမရေးဘူးဆိုပြီး အခု ပေရှည်နေပြန်တယ်။ ပြောမယ်ဆိုရင်တော့ ပြောစရာတွေက အများကြီးပေါ့။ နောက်ဆုံး မင်းတို့ကို ငါ ပြောချင်တာက ရှစ်လေးလုံးကို အောက်မေ့ဘွယ် ဆုတောင်းဂုဏ်ပြုပွဲ အခမ်းအနားမျိုးပဲ လုပ်ကြပါ။ အောင်ပွဲအခမ်းအနား ပုံစံမျိုးလုပ်ပြီး အကျိုးအမြတ်ဝင်ယူမယ့် ကြွက်ချေးတွေ ဝင်ရောက်စွက်ဖက်၊ လာမရောဖို့ အရေးကြီးတယ်၊ သတိထားရမယ်။ တကယ်လို့ လာမယ့် သောကြာနေ့မှာ မိတ်ဆုံစားပွဲ၊ ညစာစားပွဲတွေ ဖန်တီးလုပ်ကြရင်၊ မင်းတို့ အဖိတ်ခံရရင် ယောင်ယမ်းပြီး မသွားကြနဲ့ကွာ။ ကဲ ဒါက ငါ့အမြင်၊ ခံစားချက်။ မင်းတို့ သဘောမတူတာ၊ ပြောချင်တာရှိရင် ပြန်ရေးဆွေးနွေးပေါ့။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

မင်းတို့ရဲ့ 

ဇွန်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts