ရသဆောင်းပါးစုံ

ကိုသန်းလွင် – ဗေဒင်

ကိုသန်းလွင် – ဗေဒင်
သြဂုတ် ၇၊ ၂၀၁၄
 
(၁)

ကျွန်တော့်ဆီသို့ မြန်မာပြည်မှ ပို့ပေးသော ဗေဒင် ဟောစာတမ်း တစ်စောင်တွင် ရဟန်းငါးကြိမ် တိတိ ပြီးစီးပါက နိဗ္ဗာန်ရောက်ကြောင်း တရားကိုတွေ့ရှိ လိမ့်မည်ဟု ပါရှိလေသည်၊ ထိုဟော စာတမ်းမျိုး ကိုအဘယ်သူ သည် မကြိုက်နှစ်သက်ဘဲရှိပါမည်နည်း၊

(၂)

ကျွန်တော့်အဖို့ ဗေဒင်ဆိုသည်ကို ပဌမဆုံး သိရသည်မှာ တက္ကသိုလ်တက်စဉ် ကျောင်းသား ဘ၀ ကတည်းက ဖြစ်ပါသည်၊ ကျွန်တော်တို့မြို့ကို ဆရာပို ဟုခေါ်သော အင်းဝ မှဗေဒင်ဆရာ တယောက်ရောက်လာပါသည်၊ အမေ သည်ကျွန်တော့် ရက်ချုပ်ကိုယူခါ ဆရာပိုထံ သွားပါ သည်၊ ကျွန်တော်အမှတ်မိဆုံးအချက်မှာ အသက် ၂၇ နှစ်ကစပြီး ပိုက်ဆံတွေ ၀င်ပါလိမ့်မည် ဟူသော ဟောကြား ချက်ပင်ဖြစ်ပါသည်၊

ဆရာပို သည် အဟောအပြော ကောင်းသူဖြစ်သည်၊ အမေ သဘောကျသွားအောင် ဟောပြော နိုင်သည်၊ မွေးဖွားသည့် အချိန်တွင် မဟာပထ၀ီ မြေကြီးသည်တုန်လှုတ်ရမည်ဟုဆိုတာတွေ၊ အိမ်ခေါင်မိုးတွင် အလင်းရောင်တန်းကြီး ပေါ်မည်ဆိုတာတွေပါသည်၊ ကျွန်တော့်ကို မွေးဖွား ချိန် တွင် ဒါတွေဖြစ်ရသည်ဟုမဆိုလိုပါ၊ ဆရာပို မြို့မှာ အနေကြာပြီး ဟောကြားချက်တွေ များ လာသောအခါ လူတိုင်းကို ဒီလိုဟောနေတာဖြစ်ကြောင်းသိလာကြရလေသည်၊ သို့ပေမဲ့ အမေ ကမူ ကျွန်တော်ကျောင်းပြီးမည့် အချိန်၊ ထို့နောက် အသက် ၂ရ နှစ်ပြည့်မည့် အချိန်ကို အမျှော်ကြီး မျှော်နေ ခဲ့လေသည်၊

ထို့နောက် မောရစ်ကောလစ် ၏ စာအုပ်များကိုဖတ်ရသောအခါ ဗေဒင်ကို ယုံကြည်စိတ်များ ပိုမို တိုးပွားလာရပါသည်၊ ရခိုင်ပြည် စစ်တွေတွင်သူတာဝန်ကျစဉ်က တောင်ရင်း ဆရာတော် ကို တွေ့ခဲ့ရပုံ၊ ဆရာတော် က ရခိုင် လူမျိုး ( မြတ်ထွန်းအောင်) ကို ဧပြီလ ဘယ်နေ့ ဘယ် ရက် တွင် ရေနစ်ပြီး သေရ လိမ့်မည်ဟုဟောပုံ၊ ထိုနေ့ရောက်သော် ကနဦး မေ့လျှော့နေ ရာက ရေကူးရေချိုး လုပ်ခဲ့ ပုံ၊ နောက်မသေတော့ဘူး ဆိုခါ လှေနှင့် ပစ္စည်းသွားယူစဉ်မျက်နှာဖြူ သင်္ဘော ကပ္ပတိန်ကို အစွမ်းပြချင်၍ ရေထဲသို့ ဒိုင်ဗင်ထိုးဆင်းရာမှ ပြန် ပေါ်မလာတော့ ပုံ တို့ကို (Into Hidden Burma) စာအုပ် တွင်  ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးပြလေသည်၊ သူ့ ဘ၀ အတွက် တောင်ရင်း ဆရာတော် က အချက် ၃ ချက်ဟောခဲ့ရာ တချက်ခြင်း မှန်ခဲ့ပုံတို့ ကို စီကာ ပါတ် ကုံး ရေးပြထားလေသည်၊

ကျွန်တော်တို့ မြန်မာပြည်တွင် ဗေဒင်နှင့် လွတ်ကင်းသူဟုရှိမည်မထင်ပေ၊ တခါမဟုတ်တခါ ဗေဒင်မေးဘူးကြမည်သာဖြစ်ပါသည်၊ ဗေဒင်ဟောချက်မှားတာကြီးကို တထိတ်ထိတ် စောင့်နေ ကြ ရတာကိုလည်းကြုံဘူးကြပါလိမ့်မည်၊ နိုင်ငံအုပ်ချုပ်ကြသော စစ်ဗိုလ်ချုပ်ကြီးတွေ မှာလည်း ဗေဒင်ကို ယုံကြည်ကြပုံ၊ ယတြာတွေချေကြရပုံ၊ ရာထူးတည်မြဲရေး ပြသနာတွေ ပြေလည်ရေး ဘိုးတော်တွေ က အခါပေး အကြံဥာဏ်ပေးနေကြပုံများကို အခါမလတ်ကြားနေကြရပါသည်၊ တကယ်အမှန်တွေ ရှိသလို ချဲ့ ကားပြောနေကြတာတွေလည်းရှိပါလိမ့်မည်၊

ကျွန်တော်စက်မှုတက္ကသိုလ် က ၁၉ရရ ခုနှစ်တွင်ပြီးသည်၊ ကျွန်တော်တို့ ကျောင်းပြီးချိန်သည် အမှတ် ၂ စက်မှုဝန်ကြီးဌာန က အင်ဂျင်နီယာ အလုပ်ခေါ်တာတွေ နှင့် တိုက်ဆိုင်နေလေ သည်၊ ကျွန်တော်သည် ဘယ်ဌာနမှာ အလုပ်ဝင်ရမည်နည်းဟု မဝေခွဲနိုင်ဘဲ ဦးနှောက် ချောက် ချွေးပြန်ရသော အချိန်များ ရှိခဲ့ပါသည်၊

ထိုအချိန်တွင် အဖြေထွက်လိုထွက်ငြား ဆေးရုံကြီးရှေ့ ပလက်ဖေါင်းပေါ်မှ ဗေဒင်ဆရာ တဦး ရှေ့သို့ ဗေဒင်မေးရန်ရောက် သွား လေသည်၊ ဗေဒင်ဟောသူက ဆရာကြီး အချုပ်အနှောင် မြင်တယ်ဆိုပြီး ယတြာချေရမည် ဟုဆိုသည်၊ ကျွန်တော်သည် ဆုံးအောင်နားမထောင်၊ ပိုက်ဆံ ကို ချပေးပြီး အတင်း ထွက် ပြေး ရလေသည်၊ ထိုသို့ ထပြေးရသည်မှာ တကြိမ်တည်း မဟုတ်၊ တခါက ဇနီးသည် နှင့်အတူ မိုးကောင်းဘုရားစောင်းတန်းမှာ ဗေဒင်ဆရာမ ကိုသွား မေးမိရာ မကောင်းတာတွေ ချည်း ပြော တော့သည်၊ ယတြာချေဘို့ စပြောသည်နှင့် အတင်း ထပြေး ရဘူးလေသည်၊

ကျွန်တော်တို့ စင်္ကာပူရောက်သော် ဆိုင်ထဲအထိလာပြီး ဗေဒင် ဟောသော ဆရာမ တယောက် မှာ သားအကြီး ကောင် ကံညံ့နေပုံ၊ အစောကြီးမိန်းကလေးတွေ နှင့် ပြသနာတက် လိမ့်မည်ဟု ဟောရာ တော်ပါတော့ ပြောယူရသည်၊ နောက်သားကြီးနှင့် ပါတ်သက် ပြီးဘာမှ ပြသနာမပေါ်ခဲ့ပါ၊

ကျွန်တော့်အဖို့ စင်္ကာပူကိုထွက်ပြီးအလုပ်ရှာရသည်မှာအလွန်စွန့်စားရသောအလုပ်ဖြစ်ပါသည်၊ ဗေဒင်မေးရ သည် မှာ အကြိမ်ကြိမ်၊ တောင်ဥက္ကလာပရှိ ဆရာမတစ်ယောက်မှာ အကြား အမြင် နှင့် မှန်သည် ဟုနာမည်ကြီးသည်၊ အိမ်မြင့်ကလေးတခု ကြမ်းပြင် အတက် ကလေး မှာ ကျွန်တော်၊ ကျွန်တော့်ဇနီး၊ ကျွန်တော့်ဆရာ ဇနီးမောင်နှံ တို့ အတူအကွ သွားထိုင် ပြီး အလှည့် ကိုစောင့် ရတာ ကိုမှတ်မိနေသည်၊ ဆရာမ က ကျွန်တော်သည် ကံလမ်း ကြောင်း နှစ် ကြောင်း နှင့် လူဖြစ်ကြောင်း မြန်မာပြည်မှာနေနေ၊ နိုင်ငံခြားကို သွားသွား ကောင်းကောင်း နေရမှာပါဟု ဟောလိုက်သည်၊

တခါသော် ကျိုက်ဝိုင်းဘုရားအနီးမှ မြေကွက်လပ်ကို ရေနံကော်ပိုရေးရှင်း မှ ဆရာတဦးက ရောင်းမည်ဆို၍ အကြိမ်ကြိမ်သွားကြည့်ရဘူးသည်၊ ရောင်းသူက ၂၁ သိန်းရမှရောင်းမည် ဟု ဆိုသည်၊ ကျွန်တော်က ၁၈ သိန်းနှင့် ဆစ်သည်၊ ရောင်းသူကလျှော့မပေး၊ ကျွန်တော်တို့သည် နာမည်ကျော် အီးတီ ထံသို့ဗေဒင်မေးသွားကြရလေသည်၊ မနက် ၅ နာရီထိုးတွင်သူ့အိမ် သို့ အရောက် သွား၍ တိုကင်ယူကြရပါသည်၊ တိုကင်ပေးသူက ရေနံဆီမီးခွက်ကိုင်ခါ အိမ်ထဲမှ ထွက်လာပါသည်၊ တိုကင်ရသော် သတ်မှတ်ချိန်အရောက် နောက်တခေါက် ကျွန်တော်တို့ ထပ်သွားကြ ရပါသည်၊

အီးတီက ကိုယ်တိုင်ဟောတာမဟုတ်၊ အသံထွက်အချက်ပြသည်ကို သူ့အစ်မဖြစ်သူက ကျွန်တော် တို့ နားလည်အောင်ရှင်းပြရပါသည်၊ သူက မေးခွန်း ၃ ခုမေးခွင့်ပြု ၍ ရေးယူသွားရ သည်၊ သူက ကျွန်တော်သည် သမိုင်း ရပ်ကွက်တွင် ဓါးမဦးချနေထိုင်ရလိမ့်မည်ဟု ဟောကိန်း ထုတ်လေသည်၊ ဘေးမှာထိုင်နေသော  ကျွန်တော် ဇနီးနာမည်ကို မှန်အောင်ရေးပြနိုင်သည်၊

နောက်တနေ့ ရုံးသို့ရောက်သော် မိတ်ဆွေတွေက အီးတီ မှန်ပုံကို ၀ိုင်းပြောကြပါသည်၊ ကိုကူးမား ဆိုသော မိတ်ဆွေမှာ အခေါ်ရခက်သော သူ့အဖေ နာမည်ကို အီးတီ က စာလုံး ပေါင်း ပြလိုက်သည်ဟုဆိုသည်၊ သူ့အိပ်ထဲက ငွေ စက္ကူ နံပါတ်ကို မှန်အောင်ပြောနိုင် သည် ဟုလည်း ဆိုပါသည်၊ အီးတီ တဖြေးဖြေး နာမည်ကြီးလာပုံတွေကို မပြတ်ကြားနေရလေသည်၊ ယိုးဒယား ၀န်ကြီးချုပ်ဟောင်း တပ်ဆင်မှာ သူ့ဖေါက်သည် တဦးဖြစ်နေပြီဟု၎င်း၊ ယိုးဒယားစစ် ဗိုလ်ချုပ် ကြီးတွေမှာ အီးတီ ဆီမှ အကူအညီ အကြံဥာဏ် ယူကြရသည် ဟု လည်းဆိုသည်၊ အီးတီ မွေးနေ့ပွဲကို စင်္ကာပူက ကြယ်ငါးလုံး ဟော်တယ်ကြီးတွေမှာ လုပ်သည်ဟုလည်း ကြားရ သည်၊ တစ်နှစ်မှ တစ်ကြိမ်သာမြန်မာပြည်ပြန်ရန် လေယာဉ်စီးသော ကျွန်တော်သည် အီးတီ လေယာဉ်စီးသည် ကို နှစ်ကြိမ်ထက်မနည်းတွေ့ဖူးလေသည်၊ စင်္ကာပူမှာ သူ့အဖို့ အိမ်ဦးနှင့် ကြမ်းပြင် ဖြစ်နေလေပြီ၊

၁၉၉၀ခု ပါတ်ဝန်းကျင်က ကျွန်တော်သည် အလိုတော်ပြည့် ဆရာတော်ဘုရားထံရောက်သည်၊ ကျွန်တော်က အလုပ်ထွက်စာရဘို့ ခက်ခဲကြောင်း၊ နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်ချင်ကြောင်း ဆရာတော်ကြီးကို လျှောက်သည်၊ ဆရာတော်ကြီးက မဆိုင်းမတွ” ဖြစ်သွားမှာပါ သွားရမှာပါ” ဟု မိန့်လေသည်၊ ဆရာတော်ကြီးက ဧည့်ဝတ်ကျေစေရန် ၀တ်ကျေ တန်းကျေ ပြောလိုက်တာ လည်း ဖြစ်နိုင်ပါသည်၊ သို့သော် သူပြောသလိုဖြစ်လာတာလည်း အမှန်ပင်ဖြစ်ပါသည်၊

ကျွန် တော့် ဇနီးဘက်မှ ဆွေမျိုးများမှာ ပုဂံမြို့ သဗ္ဗင်ညုစေတီအနီးမှ ဆရာတော်ကြီး နှင့်လည်း ရင်းနှီး ကြသည်၊ ဆွေစဉ်းမျိုးဆက်ကိုးကွယ်လာကြသည်ဟုလည်းဆိုနိုင်ပါသည်၊ ဆရာတော် ကြီး သည် ဗေဒင်ဟောသူ၊ ယတြာပေးသူ မဟုတ်ပေ၊ ဗေဒင်မေးလာသူတွေကို “လာမရှုတ်နဲ့” ဟု အော် ထုတ်တတ်သူဖြစ်သည်၊ “တပည့်တော်တို့မိသားစု ကျန်မာရေး ပညာရေးကို ကြည့်ပေးပါဦးဘုရား” ဟု လျှောက်ရသည်၊ ဆရာတော်သည် အတန်ကြာငြိမ်သွားပြီးမှ “ကောင်းပါတယ် ဒကာကြီး” ဟုသာပြောတတ်သည်၊  ကျွန်တော်တို့ ဆိုင်နာမည် ကို ဆရာတော်ကြီးက ရွေးပေး ခဲ့ခြင်း ဖြစ်ပါသည်၊

ကောင်းပါတယ် ဟုသာပြောလေ့ ရှိသော ဆရာတော်က တနေ့တွင် ဘုရားမှာ ယတြာတခု လုပ်ရန် ခိုင်းလိုက်လေသည်၊ ကျွန်တော်တို့က ပေါ့ပေါ့ ဆဆ နှင့်မလုပ်မိ၊ များ မကြာ မီ ဟောင်ကောင်ရှိ မိတ်ဆွေ တယောက်က နိုင်ငံခြားငွေကို စာအိပ်ထဲမှာ ထည့်ပြီး ကျွန်တော့် လိပ်စာ နှင့် ပို့လိုက်ရာ စင်္ကာပူ ရဲ ကလိုက်လာပြီး ပြသနာ ရှာပါတော့သည်၊ ကျွန် တော် တို့က ဆရာ တော် ကြီးကိုသွား လျှောက်ကြရပါသည်၊ ဆရာတော်ကြီးက အေးအေး ဆေးဆေး၊ “ဘာမှ လုပ်စရာမလိုပါ၊ သူ့ဖါသာ ပြီးသွားမှာပါ” ဟု ပြောလေသည်၊ ကိစ္စက ဆရာ တော် ကြီးပြောသလို ဘာမှ မလုပ် လိုက် ရဘဲပြီးတော့ သွားပါသည်၊ အချိန်တစ်လ လောက် သာ စိတ်မော သောက ရောက်လိုက်ရ ပါသည်၊

ကျွန်တော်သည် ၁၉၉၄ခုနှစ်က စင်္ကာပူတွင် အလုပ်ရှာ အလုပ်လုပ်ရန် ထွက်ခဲ့ခြင်းဖြစ်ပါသည်၊ အဆက်အသွယ်ကမရှိ၊ စင်္ကာပူ လေဆိပ်မှာ ၀င်ဝင်ချင်း နေခွင့် ကလည်း နှစ်ပါတ်ဘဲရရာ အလွန် ပူပန် စိတ်ဆင်းရဲ ရပါသည်၊ နှစ်ပါတ်ပြည့်သော် ယိုးဒယား ကို stay ရှောင်ရန် သွားရသည်၊ ဇနီးဖြစ်သူက ရန်ကုန်မှာ ကျွန်တော့် ဓါတ်ပုံ၊ မွေးသက္ကရဇ်နှင့် တောင်ဥက္ကလာပ မှ ဦးမင်းဝေ ဆိုသော လက္ခဏာ ဆရာကြီးထံသွား ပြီး မေးရပါသည်၊ ကျွန်တော့် ကို မွေးနေ့ မတိုင်မီ အလုပ်ရလိမ့်မည်၊ အတူပါသော သူငယ်ချင်းမှာမူ အလုပ်မရ နိုင် ဟု အဟောထွက် လေသည်၊

ထိုဆရာဟောသည့်အတိုင်း မွေးနေ့ မတိုင်မီ ကျွန်တော် EP ကဒ်ရပါသည်၊ ကျွန်တော့် သူငယ် ချင်း မှာ ယိုးဒယားကို နောက်ထပ် ၃ ခေါက်လောက်သွားလိုက်ရသည်၊ ကျွန်တော့် လက္ခဏာ ကို မကြည့် မမြင်ရဘဲ ဘယ်လိုဟောလိုက်သည်ကို ကျွန်တော်မသိပါ၊ ကျွန်တော့် ဇနီးဖြစ်သူ မှာ ဦးမင်းဝေ ကို အသက်ထက်ဆုံး ယုံကြည်သွားလေတော့သည်၊ ရန်ကုန်ရောက်ပြီ ဆိုသည် နှင့် ဆရာ ဦးမင်းဝေထံ သူသွားချင် မေးချင်နေပြီ၊ ဦးမင်းဝေမှာ နယ်နယ် ရရ မဟုတ၊် စစ်ဗိုလ် ကြီး တယောက် ကို ခင်ဗျား ခေါင်းပေါင်းပေါင်းပြီး ဥက္ကဌ ကြီးလုပ်ရလိမ့်မယ် ဟု ဟောလိုက်ဖူး ရာ၊ အခုသူဟောလိုက်သလို မှန်နေပြီ ဟုဆိုသည်၊

ဦးမင်းဝေက…”ခင်ဗျားတို့ဟာ ဖြစ်လိုက်ရင် ကိုယ်ကျိုးနည်းတော့မဲ့ပုံဘဲ၊ ဒါပေမဲ့ စိတ်မပူနဲ့ ဘာမှ နစ်နစ် နာနာမဖြစ်ဖူး၊ အလိုလို သူ့ဖါသာပြီးသွားလိမ့်မယ်၊ အဲဒါ ခင်ဗျားရဲ့ လက္ခဏာပုံစံ ကံကြမ္မာဘဲ ဥပမာပေးမယ်ဗျာ၊ ရဲအမှုထမ်းဗျာ၊ သူ့သေနပ်ထဲမှာ ကျည်ဆံမရှိဘဲ ခင်ဗျားတို့ကို ချိန်မယ်၊ ပစ်မယ်လို့ ချိမ်းချောက်တယ်၊ ခင်ဗျား တို့ ကတော့ သေတော့မှာဘဲပေါ့၊ ဒါပေမဲ့ နောက်ဆုံးတော့ ဘာမှ မဖြစ်ဖူး၊ ကျည်ဆံမှ မပါဘဲ ဟာကိုး”၊ သူက ရှင်းပြလေသည်၊ ဟုတ်သလိုလိုတော့ ရှိသားဟု ကျွန်တော် ကောက်ချက်ချ သည်၊

(၃)

ကျွန်တော့်ကို မဟာဘုတ်တိုင် ထူတတ်အောင်သင်ပေးသူမှာ ရေနံကော်ပိုရေးရှင်းမှ ဘူမိဗေဒ အရာရှိ ဦးခင်မောင်ဇော်ဖြစ်ပါသည်၊ တနေ့ကျွန်တော်တို့ အိမ်ကို လာ၊ သူ့မှတ်စုစာအုပ်ကိုဖွင့်ခါ ကျကျ နန သင်ပေးခြင်းဖြစ်ပါသည် ၊မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားကာ ရလာသည့် အကြွင်း ကို မဟာဘုတ်တိုင်ပေါ်မှာနေရာချပြီး လူတယောက်၏ ကံကြမ္မာကို တွေးတောမှန်းဆ ကြည့်ရ ခြင်းဖြစ်ပါသည်၊ လူတယောက်တွင် မဟာဘုတ်တိုင်ထူရာမှ ရလာမည့် “အဖွား” သည် အရေးကြီးလှသည်၊

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ ဦးနေ၀င်း၊ သခင်စိုး၊  တို့မှာ အဓိပတိဖွား တွေဖြစ်ကြ သည်။ ဦးသန့်သည် အထွန်းဖွားဖြစ်ပြီး ပုတိ၊ ဘ၈င်္၊ မရဏ ဖွားတွေမှာ အဖွားညံ့သူတွေဖြစ်ကြ ပါသည်၊ တနင်္ဂနွေြ၈ိုလ်စားမှာ မကောင်းသောအချိန်ဖြစ်ရာ ၀န်ကြီးချုပ်သခင်နု မှာ တနင်္ဂနွေဂြိုလ် စားချိန် မှာ ထောင်ကျရသည်ဟုဆိုသည်၊  သက်ရောက်နှစ်ဆိုပြီး တနှစ်တခါ လူတို့ ကံကြမ္မာ မှာ ပြောင်းလဲ နေ ပြန်ရာ၊ ဂဏန်းသင်္ချာ မှန်ဘို့ အတွက်မမှားဘို့ ကလည်းလိုသေးသည်၊ ကိုခင်မောင်ဇော် သည် ဘေးမှာရှိသည့် လူတွေအားလုံးမွေးနေ့တွေ မေးပြီး ဖြစ်နိုင်ချေတွေ ကို စီကာပါတ်ကုံး ရှင်းပြလေသည်၊

ဤနည်းဖြင့် အသက် ၂၇ နှစ်မှာ ကျွန်တော်သည် တနင်္လာ ငွေနံထဲကို ရောက်လာခြင်းဖြစ်ရာ ဆရာပိုက ကျွန်တော်ကို ငွေ ရွှင်လိမ့်မည်ဟု အဟောထုတ်ခဲ့ခြင်းဖြစ်ပါလေသည်၊

တခါက ဗမာပြည်မှ အလည်လာသောမိတ်ဆွေ တယောက်သည် ကျွန်တော်ရှေ့မှာ ထိုင် ပြီး “ဘူမိကြီးဆိုတာ ဒီလိုဗျ” ဟု ဆိုကာ ရှင်းပြဘူးသည်၊ သူသည် စင်္ကာပူကို လာရန် D Form ကို လုပ်ခိုင်း နေကျ ကလေးတယောက်ကိုခိုင်းလိုက်ကြောင်း၊ ထို ဒီဖေါင်မှာ လေဆိပ်အရောက် တွင် လူဝင် မှုကြီးကြပ်ရေး အရာရှိက အတု ပါဟုပြောပြီး၊ သူ့ကို အစိုးရ သို့ပေးရန်ရှိသည့် အခွန်ကို မပေး လို၍ လုပ်သည်ဆိုသော ပုဒ်မ တပ်ကာ လေဆိပ်အချုပ်ထဲသို့ ထည့်လိုက် လေသည်၊ သူ့တွင် ဒုဗိုလ်မှုးကြီး ဦးလေးဖြစ်သူရှိရာ ယူနီဖေါင်းဝတ်ပြီး သူ့ကို လာ ရွေးထုတ် ပါရန် ဖုံးဆက်ခေါ်လေသည်၊ ဗိုလ်မှုးကြီးလုပ်သူက ယူနီဖေါင်းနှင့် လာဘို့ ဝေးလာဝေး “မင်း ကိစ္စ မင်း ရှင်း” ဟုဆိုကာ ပေလာယျကံ ပစ်ထားပုံ၊ နောက် ဒီဖေါင် လုပ်သူကို အလုပ်သစ်အပ် ရန် ဆိုပြီး လိမ်ခေါ်၊ တပည့်တွေ က၀ိုင်းဖမ်းပြီး ရဲလက်သို့ အပ် ရသည်၊ သူ့သည် အချုပ်တွင် သုံးညအိပ်ပြီးမှ ထွက်လာရသည်ဆိုပါ၏၊

လူတိုင်းတွင်း ဘူမိ တစ်ထပ်ကျသောနှစ်၊ နှစ်ထပ်ကျသောနှစ်၊ တို့ရှိရာ ထိုအချိန်များသည် ဘုရားတရားနှင့် နေမှ တော်ကာကျမည့်အချိန်များဖြစ်သည်၊ မိတ်ဆွေ ကလေးမလေး တစ် ယောက် မှာ ဘူမိကြီးကျသောနှစ်တွင်  အိမ်ရှေ့ ထိုင်နေစဉ် ဘယ်ကမောင်းလာမှန်း မသိ လိုက်ရသည့် ထော်လာဂျီ က၀င်တိုက်ပြီး လက်ကျိုးသွားရဘူးသည်၊ ဖြစ်ကိုဖြစ်ရမည်ဟူသော စကားကို တော့ ကျွန် တော် ဘ၀င်မကျပါ၊ သို့ပါသော်လည်း ကံညံ့နေသူတွေ မမျှော်လင့်ဘဲ ကံဆိုးမိုးမှောင်ကျတာ တွေတော့ တွေ့ဘူးပေါင်းများလှပါပြီ၊

တရုပ်လို ကွမ်ရင်မယ်တော် ထံသွားပြီး ဒုတ်ချ မေးရတာလည်းရှိသေးသည်၊ အလေးအနက် ထား သူတွေက မနက်စောစော ရေမိုးချိုးပြီး မယ်တော့်ရှေ့မှောက် သို့ သန့်ရှင်းသတ်ရပ်စွာ သွားကြရပါသည်၊ သတ်မှတ်ထားသော အလှုငွေကိုလည်းပေးလှုကြရပါသည်၊ ထို့နောက် ဒုတ်တွေထည့်ထားသော ဗူးကို ကိုင်ခါ ဘယ်နှစ်ချောင်းကျမလဲ ဆိုတာကို လှုတ်ပြီး ချကြ ကြည့်ကြ ရပါသည်၊ ကျလာသော ဒုတ်ချောင်းအရေ အတွက်အရ ဟောစာတမ်းကို ယူကြရ ပါသည်၊

ကျွန်တော့် ဇနီးသည်မှာ အရေးတကြီး လုပ်စရာရှိတိုင်း မယ်တော် က ဘယ်လိုမိန့်လေမလဲဟု သွားမေးလေ့ရှိပါသည်၊ စင်္ကာပူ PR လျှောက်ထားတာ ကျ မလား မေးသော် ပဌမ ခုနှစ်ကြိမ် လုံး မကောင်းသော အဖြေတွေချည်းပေးပါသည်၊ ရှစ်ကြိမ်မြောက်မှာ အောင်ပြီဟု အဓိပ္ပါယ် ရသော ဟောစာတမ်းကို ထုတ်ပေးပါသည်၊ တခါသော် ကျွန်တော်သည် တရုပ်ပြည်မှာ လုပ်ရ သော အလုပ်က လစာမဲ့ခွင့်ယူပြီး ပြန်လာရပါသည်၊ ဘယ်တော့အလုပ်က ပြန်ခေါ်လေမလဲ ဟု မယ်တော့်ထံ အကြိမ်ကြိမ် အမေးရောက်သည်၊ အကြိမ်ပေါင်း မရေနိုင်လောက်အောင်ကြာ ပြီးမှ Ying and Yang are in perfect harmony ဟူသော အဖြေကို ထုတ်ပေးလိုက်ပါသည်၊ မကြာလိုက်ပါ ကျွန်တော် အလုပ်ခေါ်သော စာကို ရရှိပါသည်၊ မယ်တော်ကို ကျွန်တော် အထင် မသေးရဲပါ၊

လက္ခဏာဆရာ၊ ဆရာဦးစံတင်အောင် မကွယ်လွန်မှီက ကျွန်တော်ဆိုင်သို့ အကြိမ်များစွာ လာပြီး ရောက်တတ် ရာရာ စကားတွေပြောတတ်ပါသည်၊ ဆရာကြီးက ကျွန်တော့်ကို ဇာတိ အရပ်ကို ပြန်ပြီး အလုပ် လုပ်ရလိမ့် မည်ဟု ရဲရဲကြီး ဟောကိန်းထုတ်ပါသည်၊ ဆရာကြီးမှာ ရွှေဘိုနယ် တင်းတိမ်ရံ ရွာသား ဖြစ်၍ သူ့ညီအရင်းမှာ ခင်ဦး တွင်နေထိုင်ပါသည်၊ တနယ်သား ချင်းမို့ ခင်မင်ကြရာ သူဘာမှ မတတ်ကြောင်းခဏခဏ ပြောရှာပါသည်၊ ယိုးဒယား မိတ်ဆွေ တယောက်က မှန်လွန်း၍ဆိုကာ ဒေါ်လာ ၄ သိန်းဥာဏ်ပူဇော်ခပေးပုံ၊ အလုပ်လုပ် စရာရှိတိုင်း ဖုံးနှင့် ဟိုဟာရွေး၊ ဒီဟာပယ်ကိစ္စတွေကို အမြဲ အကြံပေးရပုံတွေကို ပြောပြဘူး သည်၊ သူ၏ ပါရဂူ ဘွဲ့ စာတမ်းမှာ လူတို့ ၏လက္ခဏာပြောင်းလဲပုံတို့ကို သက်သေသက်ကာရ တွေနှင့် ပြထားသော စာတမ်းဖြစ်သည်ဟု ဆိုသည်၊ ကျွန်တော်သည် စာတမ်းကိုတော့ မဖတ်ရဘူးပါ၊ သို့ပါသော် လည်း ကျွန်တော်နှင့် စကားပြောလျင် ကျွန်တော်လက္ခဏာ မှာပါသော အရေး အကြောင်း တွေအကြောင်း ကောက်ခါငင်ခါပြောနိုင်လေသည်၊ ကျွန်တော့်   လက်ပုံစံ မှာ လွန်ခဲ့သော သုံးလေးနှစ်က သူတပည့်မလေးက နှိပ်ယူထားခြင်းဖြစ်ပါသည်၊ လက္ခဏာကို Website ကတဆင့် ဟောဘို့ ကျွန်တော်က စီစဉ်ပေးသည်၊ စစ်မှုထမ်းဟောင်း တပ်ကြပ်ကြီး ဟောင်း ဆရာကြီး မှာ မော်ဒန် ကွန်ပျူတာ၊ အီးမေးလ် တွေကို ၀ါသနာမပါသောကြောင့် မအောင် မြင်လိုက်ပါ၊

ကျွန်တော့်ဆိုင်သို့ ခြေခဏာ ကိုကြည့်ပြီး ရှေ့ဖြစ်ဟောသောဆရာတစ်ယောက် ရောက်လာဘူး သေးသည်၊ သူသည်မြန်မာပြည်မှ သူဌေး၊သူကြွယ်ကြီးများ မြေအရောင်းအ၀ယ် လုပ်ကြရာ တွင် သူ့ယတြာမှာ အစွမ်းထက်လှကြောင်း ခေါ်လာသည့် လုပ်ငန်းရှင်တဦးက မိတ် ဆက်ရင်း ပြောသည်၊ သူလာသည်မှာ သုံးလေးကြိမ်ဖြစ်လာသော် ကျွန်တော်တို့ချင်း ရင်းနှီးသွားကြပါ၏၊ သူက ဗေဒင် ဆိုလျင် မေးလိုက်ချင်သော ကျွန်တော့် ဇနီး၏ခြေဖ၀ါးကို မင်ကြောင်းထူသော ဆော့(ဖ)ပင် ဖြင့်အရေးအကြောင်းတွေရေးဆွဲလေသည်၊ ပေါ်လာသောပုံမှာ ဒေါင်းရုပ်ဟုဆို သည်၊” ဖခင်မှာ ကွယ်လွန်ပြီးပြီ၊ မိခင်ကြီး ရှိသေးသည်၊ အစ်မဖြစ်သူမှာကံကုန်နေပြီ၊ ကွယ်လွန် တော့မည် ကယ်၍ မရနိုင်တော့” ဆိုတာတွေကို တောက်ရှောက် ပြောလေသည်၊ ကျွန်တော်တို့သည် အံ့အားသင့် နေကြရသည်၊ အစ်မကြီးမှာ နောက် နှစ်လအတွင်းတွင် သူပြောသလို ကွယ်လွန်သွားရှာပါသည်၊

ကျွန်တော် ခြေခဏာမှာမူ ကိန္နရီ ပုံထွက်သည်ဆို၏၊ ကျွန်တော်တို့ မိသားစုကြီးမှာ ငယ်ငယ်က စည်းစည်းလုံးလုံး ရှိခဲ့စေကာမူ ကိန္နရီ ကိန္နရာတွေ ကွဲသလို တကွဲတပြားဖြစ်ကြရမည်ဟူ၏၊ ကျွန်တော့်တွင် အစ်ကိုကြီးတစ်ယောက်သာကျန်ပြီး ကျန်အစ်ကို အစ်မ ၆ ယောက်စလုံး မှာ ကွယ်လွန်သွားကြပါပြီ၊ ကျွန်တော်သည် မြန်မာပြည်မှာနေလျင် ပို၍ စီးပွားဖြစ်မည် ဟု ဆရာ က ဟောကိန်းထုတ် လေသည်၊ ကျွန်တော်တို့မှာ သူ့ဟောကိန်းကို အကြေနပ်ကြီးကြေ နပ် နေကြလေသည်၊

ကျွန်တော်တို့မြို့တွင် ဦးတင်မောင်ဆိုသော ဘိုးတော်တစ်ဦးရှိခဲ့ဘူးသည်၊ တရားသူကြီးချုပ် ဟောင်း ဦးတင်အောင်ဟိန်းသည်သူ့ အိမ်သို့ကြိမ်ဖန်များစွာလာဘူးသည်၊ သူရာထူးရှိစဉ်က နိုင်းတူးနိုင်း အမဲရောင်ကား ကြီးနှင့်လာဘူးသလို ရာထူးမှ အနားယူပြီးသော် ပို၍ အလာ စိတ်ပြီး တခါလာလျင် ပို၍ကြာကြာ နေတတ်လေသည်၊ ဦးတင်မောင် ၏အိမ်ကို လာသူတိုင်း က သူ့ကိုလက်အုပ်ချီကြရသည်၊ ရိုသေလေးစားစွာ ဆက်ဆံကြရသည်ဆိုသဖြင့် ကျွန်တော် အပါ အ၀င် မြို့ခံလူတော်တော်များများ သူ့အိမ်သို့ အ၀င်အထွက် မလုပ်ကြပါ၊ သို့သော် ဖေါ်ရွေ လှ သော အန်ကယ်ဦးတင်အောင်ဟိန်းကိုမူ ရာထူးအရှိန်ကြောင့်၎င်း၊ လူပုဂ္ဂိုလ် အနေအရ၄င်း ခင်မင်လေးစားကြပါသည်၊ ဆရာကြီးသည် ဦးတင်မောင်အိမ်မှာ ဖို ထိုးနေသည်ကများပါသည်၊ ညနေပိုင်း အိမ်ရှေ့ ထိုင်ခုံတွင်ထိုင်ပြီး အပမ်းဖြေလေ့ရှိရာ ကျွန်တော်သည် အန်ကယ်ကြီးနှင့် အကြိမ်များစွာ ထိုင်ပြီး မေးခွန်းတွေမေး၊ စကားတွေပြောနေဘူးပါသည်၊

အခုတော့ ဦးတင်မောင်ကော၊ ဦးတင်အောင်ဟိန်းကော မရှိကြတော့ပါ၊ ဆရာဦးတင်မောင်က အဝေးမှသာမြင်ပြီး တခါမှစကားမပြောဘူးသော်လည်း ကျွန်တော့်ကို “ ရာဇရုပ်မရှိ၊ ဥစ္စာဓန ရုပ်သာ ရှိသည်”ဟု ပြောလေသည်၊ ထိုစဉ်က အလုပ်ထွက်ဖို့လည်းမရှိသေး၊ တချိန် ရာထူတွေ တက်မှာဘဲဟု မျှော်လင့်ခဲ့ဘူးရာ သူဟောပြောချက်ကို ကျွန်တော်မကြိုက် လက်မခံခဲ့မိပေ၊ အခုသော် အစိုးရအလုပ်မှ ထုတ်ပယ်ခံခဲ့ရသော ကျွန်တော်သည် ဦးတင်မောင် ဟာမြင်တာကို ပြောရှာတာဘဲဟု သဘောပေါက်လေသည်၊

လူတို့သည်မိမိ၏ အနာဂါတ်ကို ကြိုပြီး သိနိုင်ကြပါသလား ဆိုသောမေးခွန်ူမှာမေးစရာဖြစ်လာ သည်၊ ဖါးအောက်ဆရာတော်ကြီး၏ စာအုပ်များတွင် “၀ိပသနာ၌ ထုံနေသောစိတ်သည် အနာဂါတ် ကို သိနိုင်ပေသည်” ဟု အတိအလင်းရေးထားပါသည်၊ ဗုဒ္ဓ၀င် ဖြစ်တော်စဉ်များတွင် ဘုရားရှင်သည် သတ္တ၀ါများ၏ လားရာအနာဂါတ်ကို သိရှိတော်မူကြောင်းဥပမာများကို နေရာ များစွာ တွင်တွေ့ ရှိနိုင်ပါသည်၊ သတ္တ၀ါ မှန်သမျှသည် မိမိ၏ ပြုခဲ့ဘူးသောကံ အတိုင်းရှေ့ ဘ၀ တွင်အကျိုးဆက်တွေ ဖြစ်ပေါ်ရသည်ဟု ကံ၊ ကံ၏ အကျိုးကို ဟောတော်မူခဲ့ပါသည်၊

ဗေဒင်ကိုယုံကြည်သောကြောင့် ဗေဒင်ယတြာတွေကို အားကိုးပြီး အချိန်ကုန် ခံခြင်းကတော့ မဖြစ်သင့်ပါ၊ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါး ကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ကျွန်တော်တို့ကို ကောင်းကျိုး အသွယ်သွယ် ဖြစ်စေနိုင်သည်ဟု ယုံကြည်ကြပါသည်၊ ကျရောက်မည့် အန္တရာယ်များကိုလည်း အကာအကွယ်ပေးနိုင်သည်ဟု ခံယူကြပါသည်၊ အစွန်းရောက်သည်ဆိုခြင်းကိုတော့ သတိနှင့်ကာကွယ်ကြရပေမည်၊

ကျွန်တော့်မိတ်ဆွေ တစ်ယောက်မှာ ဦးစိန်ပွဲဆိုသော မိတ်ဆွေ ဗေဒင်ဆရာ တစ်ဦးရှိသည်၊ သူကလည်း အကြောင်းကိစ္စ ကြီးငယ်ရှိတိုင်း မြန်မာပြည်မှ သူ့ဆရာထံ မေးရပါသည်၊ သူအကြံ ပေးသလို လိုက်နာရပုံ၊ သူဟောချက်တွေ မှန်လာပုံတို့ကို မမောနိုင်အောင် ပြောပြ တတ်သည်၊ တနေ့သော် ကျွန်တော်တို့၏ ကားနံပါတ် ၅၆၂၈ ကို စင်္ကာပူ လေးလုံး ထီကထွက်လိမ့်မည် ဆက်ဆက်ထိုးပါ ဟု လှမ်းပြောလေသည်၊ ကျွန်တော့် ကားနံပါတ်ကို မိတ်ဆွေကလည်းမသိ၊ ရန်ကုန်ကဆရာ လည်းသိရန်အကြောင်းမရှိပေ၊ သူကနံပါတ်ပြောလာ၍သာ ကျွန်တော်တို့က စိတ်ဝင်စားသွား ရခြင်းဖြစ်ပါသည်၊ စနေနေ့နှင့် အနင်္ဂနွေနေ့တွေမှာ တခြားနံပါတ်တွေထွက် သည်၊ အမှတ်တမဲ့  မေ့ထားလိုက်မိရာ ထိုဂဏန်းသည် ဗုဒ္ဓဟူးနေ့မှာ ပဌမ ဆုအဖြစ် ထွက် လာလေသည်၊ ဗေဒင်ဆရာကို မယုံကြည်သောကြောင့် ဆုကြီးနှင့် လွဲခဲ့ရခြင်းဖြစ်ပါသည်၊

(၄)

နောက်ဆုံးတခေါက် ရန်ကုန်အရောက် ဦးစိန်ပွဲ ၏ဟောစာတမ်းမူရင်းကို သူလက်ရေးနှင့် အမှတ်မထင်သွားတွေ့ပါသည်၊ ရဟန်းငါးကြိမ်ဆိုတာလည်းမပါ၊ နိဗ္ဗာန်ရောက်ကြောင်း ဆိုတာတွေလည်းမပါပါပေ၊ ကျွန်တော် က ကွန်ပျူတာမှာ စာစီပြီးရေးပို့လိုက်သော တူမ ဖြစ်သူကိုမေးရလေသည်၊ “ သိဘူးလေ ကျွန်မလဲ ဦးကြိုက်မယ်ထင်လို့ ထည့်ရေးလိုက်ရ တာဘဲ “ ဟုဖြေလေသည်၊

Xxxx ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုသန်းလွင် – ဗေဒင်
  1. you should stay away from astrology. we can only create our own kamma. Buddha always said good things will happen if you do good deeds. So no need to worry and anxious if you re doing good things. of course we can not run away from old age, sickness and death. The proper way is to face life with Dhamma. why would one be stupid enough to trust bay din

  2. အတွေ့ကြုံတွေ အံ့သြစရာပါပဲ…
    .
    ဗေဒင်ကိုယုံကြည်သောကြောင့် ဗေဒင်ယတြာတွေကို အားကိုးပြီး အချိန်ကုန် ခံခြင်းကတော့ မဖြစ်သင့်ပါ၊ ဘုရား၊ တရား၊ သံဃာ၊ ရတနာမြတ်သုံးပါး ကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ကျွန်တော်တို့ကို ကောင်းကျိုး အသွယ်သွယ် ဖြစ်စေနိုင်သည်ဟု ယုံကြည်ကြပါသည်၊ …
    .
    .
    ယုံကြည်ခြင်းခိုင်မာဖို့ လူတစ်ယောက်ဘဝ..အရေးကြီးဆုံးပါ…
    ၁။ တရားဓမ္မ ပြောနိုင်သူ အလွန်များပြားစွာရှိပါတယ်
    ၂။ တန်ခိုးပြနိုင်သူ ကျတော့ တော်တော်နည်းသွားပါတယ်.. ဗေဒင်၊ ပရောဖက်၊..အဲ…မာန်နတ် (စာတန်) လဲတန်ခိုးရှိပါတယ်။ ဘုရားတန်ခိုးတော့ မမှီပေမဲ့…
    ၃။ ပုံသက်သေကောင်း (စံနမူနာဘဝ) ပြနိုင်သူကတော့ မရှိသလောက် ရှားသွားပါတယ်။

    ပြည့်စုံသူကတော့ ..ဘုရားပါပဲ..။ ဘုရား၊ တရား၊ သံဃာ …မှာ အရေးကြီးဆုံးကတော့ ဘုရားဖြစ်ပါတယ်…။

Comments are closed.