သတင်းဆောင်းပါး အောင်ဒင်

အောင်ဒင် -အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၅)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

 

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၅ ရက်၊ ၂၀၁၄၊ အင်္ဂါနေ့၊ စာမျက်နှာ ၁၆)

အောင်ဒင်အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၅)

 

 

#ပြည်သူ့သဘောထားက ပိုအရေးကြီးသည်

 

အမေရိကန်အစိုးရက နံမည်ပျက်စာရင်းဝင် ခရိုနီများနဲ့ စတင်ထိတွေ့ဆက်ဆံပြီးတဲ့နောက် ခရိုနီများအနေနဲ့ နံမည်ပျက်စာရင်းက လွတ်မြောက်ရေး ကြိုးစားကြလိမ့်မယ်ထင်ပါတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းစဉ် (၄) ခုအတိုင်း အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကို နံမည်ပျက်စာရင်းမှ ဖယ်ရှားရေး တောင်းဆိုမှုတွေ လုပ်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလို တောင်းဆိုကြတဲ့အခါ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကလည်း ဒီခရိုနီများရဲ့  စီးပွါးရေးလုပ်ငန်းများဟာ စစ်ခေါင်းဆောင် အဟောင်း၊ အသစ်များနဲ့ ကင်းရှင်းခြင်း ရှိ၊မရှိ၊ ၎င်းတို့ရဲ့ စီးပွါးရေးဆောင်ရွက်မှုများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းရှင်းခြင်း ရှိ၊မရှိ၊ ၎င်းတို့ရဲ့ စီးပွါးရေးဆောင်ရွက်မှုများဟာ ကျင့်ဝတ်သိက္ခာနဲ့ ညီ၊ မညီ စစ်ဆေးကြပါလိမ့်မယ်။ ဖော်ပြပါ တိုင်းတာမှုများအပြင် အမေရိကန်အစိုးရက အလေးအနက်ထည့်သွင်းစဉ်းစားမည့် အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ဒီခရိုနီစီးပွါးရေးသမားများအပေါ် ပြည်သူလူထုရဲ့  သဘောထားအမြင်ဖြစ်ပါတယ်။ ပြည်သူတွေက ချစ်အောင်နေလို့ ပြည်သူတွေက လက်ခံအသိအမှတ်ပြုသူအတွက် နံမည်ပျက်စာရင်းက ဖယ်ရှားခံရရေး လွယ်ကူပါလိမ့်မယ်။ ပြည်သူတွေအပေါ် ဆက်လက်စော်ကားနေပြီး ပြည်သူလူထုကလည်း မုန်းတီးနာကျည်းဆဲဖြစ်သူများ အတွက် နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့ ခက်ခဲမှာပါ။

 

မြန်မာပြည်သူတွေဟာ ခွင့်လွှတ်တတ်ကြသူတွေပါ။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်အုပ်စိုးမှုခေတ်ကို အားကောင်းမောင်းသန်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ကြလို့ ဒီခရိုနီစီးပွါးရေးသမားတွေကို အမုန်းကြီးမုန်းကြပေမည့် အပြောင်းအလဲကာလမှာ ဒီခရိုနီတွေ အမြင်မှန်ရပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်လာကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြ၊ ကြိုဆိုကြမှာပါ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ပြည်သူ့ဘက်ကို ပူးပေါင်းလက်တွဲလာကြတဲ့ တပ်မတော်သားတွေကို ပြည်သူလူထုက ဝမ်းသာအားရ ကြိုဆိုကြသလိုပေါ့။

 

ဒါပေမည့် ခရိုနီများရဲ့  ပြည်သူ့ဘက်ကို ကူးပြောင်းမှုဟာ ရိုးသားစင်ကြယ်ဖို့လိုအပ်ပါတယ်။ အခုအချိန်အထိ တွေ့နေရတာကတော့ သူတို့ကိုးကွယ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းများ အနားယူသွားပြီး အချို့ အရပ်ဝတ်လဲလို့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြောင်းလဲနေကြတာတောင်မှ ခရိုနီစီးပွါးရေးသမားအများစုရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲကြသေးပါ။ သမ္မတ၊ ဒု-သမ္မတများနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ တိုင်းခန်းလှည့်လည်ရာကို ကောက်ကောက်ပါအောင်လိုက်ပြီး သမ္မတနဲ့ ဝန်ကြီးများ လက်ညှိုးညွှန်ရာမှာ အလှူဒါနတွေလုပ်နေကြဆဲပါ။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုတဲ့ စီးပွါးရေးလုပ်ပိုင်ခွင့်အများစုကိုလည်း အာဏာပိုင်များနဲ့ နီးစပ်တဲ့ ခရိုနီများကပဲ ရရှိနေပါတယ်။ အစိုးရက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း သူတို့ပဲ အများဆုံးရရှိနေကြတာပါ။ တစ်ဖက်မှာ ဗိုလ်ချုပ်တွေနဲ့ ဂေါက်သီးအတူရိုက်၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေကို ပစ္စည်းလေးပါးထောက်ပံ့နေပြီး တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုရဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ကို လိုအပ်တာတွေ လျှို့ဝှက်ပြီး ဖြည့်ဆီးပေးလို့ နှစ်ဖက်စလုံးကို တစ်ပြိုင်ထဲဝယ်ယူနေတဲ့ ခရိုနီတွေလည်း အများကြီးပါ။ တစ်ဖက်မှာ လယ်မြေဧကပေါင်း သောင်းနဲ့ချီပြီး အဓမ္မသိမ်းဆည်းလို့ လယ်သမားများ၊ ဆင်းရဲသားများကို လယ်မဲ့၊ ယာမဲ့၊ အိုးအိမ်မဲ့ ဖြစ်စေခဲ့ပြီး တစ်ဖက်မှာတော့ တန်ခိုးကြီးဆရာတော်တွေကို အမြင့်မားဆုံးကိုးကွယ်၊ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြီး သာသနာ့ဒယကာအမည်ခံနေတဲ့ ခရိုနီများလည်း ရှိပါသေးတယ်။

 

ဒီခရိုနီတွေရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲသ၍ မြန်မာပြည်သူတွေက သူတို့ကို ခွင့်လွှတ်ဖို့၊ လက်ခံဖို့ ခက်ပါလိမ့်မယ်။ မြန်မာပြည်သူတွေက ခွင့်မလွှတ်နိုင်ရင် အမေရိကန်အစိုးရကလည်း နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ ခက်ပါလိမ့်မယ်။ နံမည်ပျက်စာရင်းမှာ နောက်ထပ် ခရိုနီစီးပွါးရေးသမားတွေ ထပ်ဖြည့်ပြီး တိုးချဲ့အရေးယူတာတောင် ရှိနိုင်ပါသေးတယ်။

 

သမ္မတ အိုဘားမားက ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့မှာ ထုတ်ပြန်တဲ့ သမ္မတအမိန့် ၁၃၆၁၉ (Executive Order 13619) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးကို မြန်မာနိုင်ငံမှာ “လက်ရှိနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ကို ဟန့်တားနှောက်ယှက်သူများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို နှောက်ယှက်ဟန့်တားသူများ၊ မြောက်ကိုရီးယားအစိုးရနှင့် စစ်လက်နက်ရောင်းဝယ်ရေးဆိုင်ရာ ဆက်ဆံရေးရှိသူများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပါတ်သက်သူများ၊ အထက်ဖော်ပြပါ  ပုဂ္ဂိုလ်များကို ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ နည်းပညာနှင့် စာရင်းအင်းဆိုင်ရာ ကူညီထောက်ပံ့သူများ၊ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအတွက် လုပ်ငန်းဆောင်ရွက်ပေးသူများ” ကို “နံမည်ပျက်စာရင်း” မှာ ထည့်သွင်းအရေးယူဖို့ အာဏာအပ်နှင်းထားပါတယ်။

 

#နိုင်ငံတော်အပြောင်းအလဲနှင့် ပုဂ္ဂလိကစီးပွါးရေးသမားတို့၏ အခန်းကဏ္ဍ

 

တကယ်တော့ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေပါတယ်ဆိုတဲ့ ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ပုဂ္ဂလိကစီးပွါးရေးသမားများဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တိုင်းပြည်ရဲ့  စီးပွါးရေးမူဝါဒတွေ မှန်ကန်ရင် ဈေးကွက်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး နိုင်ငံပိုင်၊ အစိုးရပိုင်လုပ်ငန်းများလျော့နည်းလို့ ဈေးကွက်ကို ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများက ဦးဆောင်ရမှာပါ။ အစိုးရက ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ ဈေးကွက်အတွင်း သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြဖို့ကိုသာ စောင့်ကြပ်ကြည့်ရှူပြီး လွန်လွန်ကျူးကျူး ဝင်ရောက်စွက်ဖက်မှုမပြုရင်၊ တိုင်းပြည်နဲ့ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ လမ်း၊ တံတား၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ ရေနက်ဆိပ်ကမ်း၊ အင်တာနက် စတဲ့ အခြေခံအဆောက်အအုံများကိုသာ တာဝန်ယူတည်ဆောက်ပေးပြီး  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများရဲ့ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ကို အားပေးမယ်ဆိုရင်  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်ရဲ့ စီးပွါးရေးလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။

 

ခရိုနီဆိုတာ အာဏာရှင်စနစ်ရဲ့  အဓိကလက္ခဏာတစ်ခုပါ။ အာဏာရှိသူထံက အထူးအခွင့်အရေးတွေရလို့ စီးပွါးရေးလုပ်ငန်းများကို ပြိုင်ဖက်မရှိလုပ်ကိုင်နိုင်ပြီး အကျိုးစီးပွါးဖြစ်လာသူများဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို သူတို့ရဲ့  ကျေးဇူးရှင်များကိုသာ မျှဝေကြပါတယ်။ အများပြည်သူထံ မျှဝေခြင်းမရှိပါ။ သူတို့ ချမ်းသာကြွယ်ဝမှုကို အများပြည်သူအကျိုးစီးပွါးအတွက် မျှဝေခြင်းမပြုပဲ တိုင်းပြည်တွင်းမှာ အိမ်တွေ၊ မြေတွေဝယ်ယူစုဆောင်းတာ၊ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံစုဆောင်းတာတွေပဲ လုပ်ကြပါတယ်။ သူတို့ဆောင်ရွက်သမျှစီးပွါးရေးလုပ်ငန်းတိုင်းမှာလည်း အများပြည်သူရဲ့  မြေတွေကိုသိမ်း၊ အိမ်တွေကိုဖျက်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေကို ဝါးမျိုပြီး ပြည်သူတွေရဲ့ ဘဝတွေကို ဖျက်ဆီးပစ်ခဲ့ကြတာမို့ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ခရိုနီစီးပွါးရေးသမားများနဲ့ အာဏာရှင်များက အချမ်းသာဆုံးများဖြစ်နေကြပြီး ပြည်သူအများကတော့ ဆင်းရဲတွင်းထဲ နက်ပြီးရင်း နက်နေရပါတယ်။ နဝတ၊ နအဖစစ်အစိုးရများလက်အောက်က မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပေမည့် ဗိုလ်ချုပ်များနဲ့  ခရိုနီများကတော့ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးတွေပါ။ ခရိုနီတွေ၊ ဗိုလ်ချုပ်တွေက တစ်နိုင်ငံလုံးမှာ အကောင်းဆုံး၊ အကျယ်ဆုံး အိမ်တွေ၊ မြေတွေ၊ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားလို့ တိုင်းပြည်ရဲ့  အိမ်၊ ခြံ၊ မြေဈေးကွက်ကို ချုပ်ကိုင်ထားနိုင်ပါတယ်။ စစ်အစိုးရခေတ်မှာ တိုင်းပြည်ရဲ့ ဈေးကွက်စီးပွါးရေးစနစ်ဟာ အာဏာရှင်များနဲ့ ခရိုနီများကိုသာ ကြွယ်ဝချမ်းသာစေပြီး တစ်တိုင်းပြည်လုံးကို ဆင်းရဲတွင်းနက်စေတဲ့ တစ်လမ်းသွားစီးပွါးရေးစနစ် ဖြစ်ပါတယ်။ တစ်တိုင်းတစ်ပြည်လုံး ဆင်းရဲနွမ်းပါးနေချိန်မှာ လူနည်းစုတစ်စုက ကွက်ပြီး အလွန်အကျွံချမ်းသာနေကြတာဟာ ရှက်တတ်ရင် အလွန်ရှက်စရာကောင်းတဲ့ ကိစ္စပါ။

 

မြန်မာနိုင်ငံရဲ့  လက်ရှိပြောင်းလဲမှုဖြစ်စဉ်မှာ ခရိုနီတွေ တစ်တပ်တစ်အားပါဝင်ကြရင် ကောင်းရဲ့လို့ စိတ်ကူးယဉ်မိပါတယ်။ စစ်တပ်ထဲက ပြည်သူတွေဖက်ကူးပြောင်းရပ်တည်မည့် သူရဲကောင်းကို ကျနော့တို့ မျှော်ခဲ့ကြသလို ခရိုနီတွေထဲက အများပြည်သူအကျိုးစီးပွါးကို ရိုးရိုးသားသား ဆောင်ရွက်ပေးမည့် သူရဲကောင်းတွေ ထွက်ပေါ်လာစေချင်ပါတယ်။ ပြည်သူတွေအတွက် ဆောင်ရွက်တယ်ဆိုရာမှာ ဖောင်ဒေးရှင်းကြီးတွေတည်ထောင်ပြီး ပညာသင်စားရိတ်တွေ ထောက်ပံ့တာ၊ ဆေးရုံကြီးတွေတည်ဆောက်ပြီး အခမဲ့ကျန်းမာရေးကုသပေးတာလောက်နဲ့ မလုံလောက်ပါ။

 

အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် နေရိန်ဒရာမိုဒီ (Narendra Modi) က ဝန်ကြီးချုပ်ရာထူးလက်ခံပြီး မကြာခင် ဟိန္ဒူ ဘာသာကြီးစိုးတဲ့ နိုင်ငံမှာ ရဲရဲတောက်စကားတစ်ခွန်း ပြောလိုက်ပါတယ်။ “အိန္ဒိယနိုင်ငံမှာ အိမ်သာတွေတည်ဆောက်ဖို့က ဘုရားကျောင်းများတည်ဖို့ထက် ပိုအရေးကြီးတယ်” တဲ့။ အိန္ဒိယနိုင်ငံရဲ့  လူဦးရေ သန်းတစ်ထောင်ကျော်ထဲက အိမ်သာတစ်လုံးတောင်မရှိကြတဲ့ ဆင်းရဲနွမ်းပါးသူ သန်း ၆၀၀ ကျော် (မိသားစုပေါင်း သန်း ၁၃၀ ကျော်) အတွက် ပြောတာပါ။ မြန်မာနိုင်ငံလည်း အလားတူပါ။ ဆင်းရဲနွမ်းပါးသော သာမာန်ပြည်သူ သန်းပေါင်းများစွာရဲ့  ဘဝတွေကို မြှင့်တင်ပေးဖို့၊ ဆင်းရဲတွင်းထဲက ကူညီဆွဲထုတ်ပေးဖို့က ဒီကနေ့ ခရိုနီကြီးအချို့နဲ့ သူတို့ကိုးကွယ်ရာ ဆရာတော်ကြီးများရဲ့  ဘုရားတည်၊ ကျောင်းဆောက်လုပ်ငန်းများထက် ပိုအရေးကြီးပါတယ်။

 

တိုင်းပြည်မှာ အဓိကပြသနာဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုမည့် ဆောင်ရွက်ချက်တွေမှာ ခရိုနီများပူးပေါင်းပါဝင်ကြဖို့ မျှော်လင့်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မြေယာမဲ့၊ အိုးအိမ်မဲ့များအတွက် နေစရာဖန်တီးပေးရေး၊ အလုပ်သမားများအတွက် လုံလောက်တဲ့ လစာနဲ့ ထိုက်တန်တဲ့ အခွင့်အရေးများရရှိရေး၊ ကျွမ်းကျင်အလုပ်သမားများဖြစ်အောင် လေ့ကျင့်သင်ကြားရေး၊ လုပ်ငန်းခွင် လုံခြုံရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးစသဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို မိမိတို့ရဲ့  စီးပွါးရေးလုပ်ငန်းများက ရရှိတဲ့ အကျိုးအမြတ်ရဲ့ (၂၅) ရာခိုင်နှုံးလောက်ကို ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ပေးမည့် သူရဲကောင်းမျိုးကို မျှော်လင့်ပါတယ်။

အဲဒီလို သူရဲကောင်းမျိုးပေါ်ပေါက်ခဲ့ရင်ဖြင့် အမေရိကန်အစိုးရရဲ့  နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ သူကိုယ်တိုင်က တောင်းဆိုစရာမလိုပါ။ ပြည်သူတွေက တောင်းဆိုပေးကြမှာပါ။

 

အောင်ဒင်
ဇူလိုင် ၂၄၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts