ရသဆောင်းပါးစုံ မေငြိမ်း

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၄)

 

မေငြိမ်း – ကျမနဲ့ မြန်မာစာ (၄)

ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

 

မနေ့ကပဲ Active, Passive မကွဲကြတဲ့အကြောင်း ပြောနေတုန်း.. ဒီနေ့ ပြည်တွင်း မီဒီယာတစ်ခုရဲ့ ရုပ်သံ သတင်းမှာ ဂမုန်းပွင့် ကုန်တိုက်အကြောင်း ပြောရင်း မီးငြိမ်းသတ်တယ်လို့ သုံးသွားတာ တွေ့ပါတယ်။ ခေါင်းစဉ် မှာကို “ဂမုန်းပွင့်မီး ဘာ့ကြောင့် လောင်တာလဲ၊ ဘယ်လိုငြိမ်းသတ်ခဲ့ရလဲ”  လို့ ရေးထားပါတယ်။

ဒီနေရာ မှာ ငြှိမ်း လို့ ငြိမ်းတယ်.. ဆိုတဲ့ အခြေခံကို သိမှပဲ အမှန်ကို ရေးနိုင်မှာပါ။ မီးဖိုကမီး ကို ငြိမ်းအောင် ငြှိမ်းနော်.. ဆိုတာမျိုး ကွဲရပါမယ်။

 

ဟထိုးသံ ဆိုရင် များသောအားဖြင့် Active Voice လို့ ပြောရအောင်ကလည်း အကုန်လုံး အဲလိုတော့လည်း မဟုတ်ပြန်ပါဘူး။

 

တကယ်တော့ မြန်မာစာမှာ ဇဝေဇ၀ါ ဖြစ်စရာ ‘ရေးတော့အမှန် ဖတ်တော့ အသံ’ ဆိုတာတွေကလည်း အများ သား ပါ။

 

ဥပမာ- လေး နဲ့ မြား က မြား မှာ အသံက ဟထိုးသံနဲ့ ဖတ်ပေမဲ့ ရေးတော့ ဟထိုးမပါပါဘူး။

အဲလိုပဲ ငါးမျှား တာကျတော့  -ျှ နဲ့ ပေါင်းတာပါ။ တကယ်လို့ မြှား လို့ပေါင်းရင်ရော အဓိပ္ပါယ်ပြောင်းလား ဆိုတော့လည်း မပြောင်းပါဘူး။

 

ဒါကြောင့် ကျမကတော့ သတ်ပုံအမှားလို့ ပြောတဲ့အခါ အဓိပ္ပါယ် ထိခိုက်တဲ့ သတ်ပုံအမှားကို ပို ဂရုစိုက်ပြောဖြစ်ပါတယ်။ (လူတိုင်းတော့ ကျမ နဲ့ တသဘောတည်း မရှိနိုင်ပါဘူး။)

 

ဥပမာ- တစ်ယောက်တည်း– ကို တစ်ယောက်ထဲ လို့ရေးရင် ထဲ .. က အတွင်း၊ အထဲဆိုတဲ့ အဓိပ္ပါယ် ရှိနေပါ တယ်။ ဒါပေမဲ့ လုံးလုံးကြီးတော့ အဓိပ္ပါယ်မှားမသွား.. ပြောင်းမသွားပါဘူး..။

တနေ့က အစ်မတစ်ယောက်ပြောသလို.. ခုနောက်ပိုင်း စာလုံးပေါင်းတွေ ပြောင်းတာမှာ..

အမဲရောင် – အမည်းရောင်

အသဲနှလုံး – အသည်းနှလုံး

မိုး သဲသဲမဲမဲ – သည်းသည်းမည်းမည်း

လို့ ပြောင်းသွားတာမျိုးတွေက ကျမအတွက်တော့ သိပ်အရေးကြီးတဲ့ အပြောင်းလို့ မထင်ပါဘူး။

 

ဒါပေမဲ့ အသတ်ပြောင်းသွားတာနဲ့ ယပင့်-ရရစ် ပြောင်းသွားတာနဲ့ အဓိပ္ပါယ်ပြောင်းသွားရင်တော့ အတော် ဂရုစိုက်ရပါမယ်။

 

ထိန်းသိမ်း ကို ထိန်းသိန်း လို့ ရေးရင် ထိန်းကျောင်းတာနဲ့ သိမ်းဆည်းတာ ပေါင်းတဲ့အဓိပ္ပါယ်က ပျက်သွားမှာပါ။

 

အဲလိုပဲ လက်ထပ် ထိမ်းမြား ကို ထိန်းမြား လို့ ရေးတာမျိုး ထိမ်းများ လို့ရေးတာမျိုးတွေ ဖြစ်လာရင်လည်း အတော် ရုပ်ဆိုး မှာပါ။

 

+++++ 

 

မနေ့က အစပျိုးခဲ့တဲ့ ဂဏန်းအရေအတွက် ရေးနေကြပုံဘက် လှည့်ချင်ပါတယ်။

မီဒီယာလောကမှာ အသုံးတပြေးညီ (Consistency) မရှိဆုံးက အရေအတွက်ဆိုင်ရာ ရေးပုံပဲလို့ ထင်ပါတယ်။

 

တခါက အစိုးရသတင်းစာထဲက သတင်းတစ်ပုဒ်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးပြောထားတဲ့ ကိန်းဂဏန်း တစ်ခု က တစ်နေရာမှာ သန်းပေါင်း ၁၀၀၀ ကျော် လို့ ရေးပြီး၊ အောက်မှာ ဒီအချက်ကိုပဲ တိတိကျကျ ပြန်ရှင်း တာမှာတော့ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း မှာ သန်းပေါင်း ၁၄၈၆ သန်းဖြစ်သည်.. တဲ့။

 

အဲဒီမှာ ကျမ ကျောင်းသား တွေ နဲ့ ကျမ ချာလပတ် ရမ်းတော့တာ ပါပဲ။

သန်းပေါင်း ၁၀၀၀ ကျော် ဆိုတဲ့အထိက ပြဿနာ မကြီးသေး။ အတိအကျ သန်းပေါင်း ၁၄၈၆ သန်း ဆိုတော့မှ ကျောင်းသားက မေးတော့တာ Thousands of Millions လား.. 1486 Millions of Millions လား တဲ့။ ကျမက 1486 Millions ဖြစ်မယ်ဆိုတော့ ကျောင်းသားက ဒါဆို ဘာဖြစ် လို့ ရှေ့မှာ သန်းပေါင်း လို့ပါရမလဲ.. စုစုပေါင်းဆိုတာလည်းပါတော့ 1486 Millions of Millions ပေါ့ တဲ့။ ဒါပေမဲ့ အဲဒါတော့လည်း မဖြစ်နိုင်ဘူးလို့ သူက ခေါင်းတရမ်းရမ်း နဲ့ ပြောပါတယ်။

 

ဒီနေရာမှာ ကျမ ဖြစ်စေချင်တာက Media Guide ပဲ ဖြစ်ဖြစ်.. မြန်မာစာကပဲ သတင်းသုံးမြန်မာစာ အနေနဲ့ ဖြစ်ဖြစ် စံ တခုခု ရှိဖို့ လိုလာတာပါ။

 

၁၀ ထောင် ၊ ၁၀ သောင်း လို့ မသုံးဘဲ ဘာလို့ ၁၀ သိန်းလို့ သုံးလဲ..။

ဘာလို့ ၁ သန်းလို့ မသုံးလဲ..။

သိန်း ၁၀၀ လို့ မသုံးဘဲ ၁၀ သန်းလို့ သုံးရင် မရဘူးလား။

သန်းတစ်ထောင် ဆိုရင် သန်း ၁၀၀၀ ဆိုတာထက် ပို မရှင်းဘူးလား။

သန်းတစ်သောင်းလို့ မသုံးချင်ရင် ဘယ်လို သုံးမလဲ..။

ကျနော်တို့ဆီမှာ ဘီလီယံ၊ ထရီလီယံ သုံးသလို မြန်မာမှာလည်း ကုဋေ ကုဋာ ရှိတာပဲ.. ဘာလို့ မသုံးသလဲ..။

အဲဒါက ကျောင်းသားတွေဆီက တက်လာတဲ့ မေးခွန်းတွေပါပဲ။

 

ကျမမှာ အဖြေ မရှိခဲ့ပါ။ အဆင်ပြေသလို သုံး တယ် ဆိုတာကလည်း အဖြေကောင်းတော့ မဟုတ်ပါ။ ဒါပေမဲ့ ဘယ်လို သုံးသုံး ညီတူအသုံး ရှိစေချင်တာပဲ ဖြစ်ပါတယ်။

 

++++++

 

ဒီနေ့တော့ ကျမကို အလဲထိုးလိုက်တဲ့ ပြည်တွင်းဂျာနယ်တစ်စောင်ရဲ့ သတင်းခေါင်းစဉ်တစ်ခု Facebook မှာ တက်လာပါတယ်..။

 

ပြန်ရေးပြရမှာတောင် ရှက်မိပါရဲ့.. ခေါင်းစဉ်က..

 

“ တောင်တွင်းကြီးမြို့မှ ကျောင်းသူတစ်ဦး၏ မျိုးစေ့ ၃၂ မျိုးဖြင့် ပြုလုပ်ထားသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ပန်းချီကားကြီးအား ရည်ညွှန်းချက် များဖြင့်ပြသ”

 

ကျမ ဘယ်လို နားလည်ရမှန်းမသိတဲ့ ခေါင်းစဉ်ဖြစ်တဲ့အပြင် သဒ္ဒါအထားအသို တော်တော်ကို ဆိုးဆိုးဝါးဝါး မှားနေတာပါ။ ဖြစ်သင့်တာက

 

“တောင်တွင်းကြီးမြို့က ကျောင်းသူတစ်ဦး  ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်ပန်းချီကားကို မျိုးစေ့ ၃၂မျိုးဖြင့် ဖန်တီးပြသ”

 

ခေါင်းစဉ်တွေမှာ မလိုအပ်တဲ့ စကားလုံးအပိုတွေ ဖြုတ်နိုင်ပါတယ်။

 

ဘယ်လို ဖြုတ်ရမလဲဆိုတော့ ကိုယ်ဖြုတ် လိုက်တဲ့ စာသား၊ စကားလုံးမပါဘဲ အဓိပ္ပါယ်ပြည့်စုံတဲ့ ခေါင်းစဉ်ဖြစ်တယ်ဆိုရင် ဖြုတ်လို့ရတယ်လို့ပဲ လူပြိန်း ပြော ပြောပါ ရစေ..။

ခေါင်းစဉ်ဆိုကတည်းက ကျစ်လျစ်တိကျတဲ့ ဂုဏ်ရှိရမှာမို့ တိုလေ.. ရှင်းလေ.. ကောင်းလေ..ပါပဲ။

ဒါပေမဲ့ ခေါင်းစဉ်အရေးအသားမှာ စာလုံး အစု အခွဲ (Space ) ကတော့ သိပ်အရေးကြီးပါတယ်။

ဒီနေ့ သတင်းဌာနတစ်ခုရဲ့ ခေါင်းကြီးသတင်းမှာ Space နေရာမှားတာကြောင့် ထောင့်ထောင့်ကြီး စိတ်ထဲဝင်သွားပါတယ်။ ခေါင်းစဉ်ကို မြင်ရတာက ဒီလိုပုံစံနဲ့ပါ။

 

“လောက်ကိုင်တိုက်ပွဲဒေသ

ခံထောင်နဲ့ချီ ပိတ်မိနေဆဲ”

 

ဒီနေရာမှာ ကျမက စာလုံး အစုအခွဲ အရေးကြီးတာကို သိစေချင်တာပါ။

 

ဒါကြောင့် ကျမ ငယ်ငယ် မူလတန်းတုန်းက မြန်မာစာဆရာကြီးတစ်ယောက်က Space ရဲ့ အရေးကြီးပုံကို ခုလို ဥပမာပေးပြီး ပြောပြဖူးပါတယ်။ ဆရာက စာတစ်ကြောင်းကို ဖတ်ခိုင်းတာပါ။ တတန်းလုံး အမှန် မဖတ်နိုင်ခဲ့ကြ ပါဘူး။ အဲဒီစာကြောင်းက..

 

အလည်းအနားလည်းမကြား …

 

(တိုင်းရေးပြည်ရေးပူရတဲ့အထဲ ကျမရဲ့ မြန်မာစာအပူက ၀င်နှောက်တယ် မထင်ပါနဲ့ရှင်။ ကျမလည်း နေ့တိုင်း ကျောင်းသားတွေကို ရင်ဆိုင်ရင်း ရလာတဲ့ အတွေးတွေကို တေးတေး ထားရင်း ပူတုန်းနွေးတုန်း.. အချိန်ရတုန်းလေး ကောက်ကောက် ရေးတဲ့ သဘောပါ။နေ့တိုင်းလည်း ရေးချင်မှ ရေးနိုင်မှာပါ။

 

နောက်တစ်ပိုင်းမှာတော့ အတွေး မရှင်းလို့ အရေးမရှင်း တဲ့ စာပိုဒ်တွေအကြောင်း ဥပမာတွေနဲ့တကွ ပြောပါဦးမယ်..။ ရေဒီယိုသတင်းမှာ Subject နဲ့ Verb အဝေးကြီး ဖြစ်နေတာတွေ နဲ့ လိုအပ်တဲ့နေရာမှာ Subject, Object တွေ ဖြုတ် ထားခဲ့လို့ နားလည်ရခက်သွားရတာတွေကို ပြောမှာပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts