သတင်းပဒေသာ

ရွှေပြည်သာ အလုပ်သမားများအား ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီး

ရွှေပြည်သာ အလုပ်သမားများအား ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီး

(Yangon Globe News) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅

 

အလုပ်သမားသပိတ်စခန်းများအား ရဲတပ်ဖွဲ့က ဖယ်ရှားရန်ကြိုးပမ်းစဉ် အမျိုးသမီးငယ်များ ထိုးကြိတ်ခံရ၊ သပိတ်တွင်ပါဝင်သူအများအပြား ဖမ်းဆီးခံရ (ရန်ကုန်၊ ဖေဖ၀ါရီ ၂၀)

ရန်ကုန်တိုင်း ရွှေပြည်သာမြို.နယ်စက်မှုဇုံရှိ အထည်ချုပ်စက်ရုံနှစ်ခုတွင် လုပ်ခလစာ ကျပ်သုံးသောင်း တိုးမြှင့်ရေးအတွက် ယခုလ ၂ ရက်နေ့မှစ၍ စက်ရုံများအားပိတ်ဆို့၍ တောင်းဆိုဆန္ဒပြနေသော သပိတ်စခန်းများအား လုံခြုံရေးတပ်ဖွဲ.က ၀င်ရောက်ဖယ်ရှားရန်ကြိုးစားရာ သပိတ်တွင်ပါဝင်သူအမျိုးသမီးငယ်အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ရဲတပ်ဖွဲ.က နေ့လည် ၃ နာရီခန့်တွင် သပိတ်စခန်းများအား ရောက်ရှိလာပြီး ဆန္ဒပြမှုသည် ဥပဒေနှင့်မညီကြောင်း ၂ နာရီအတွင်း လူစုခွဲခြင်းမပြုပါက သပိတ်အား ဖယ်ရှားမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။ သို့သော် ရာပေါင်းများစွာရှိ အမျိုးသမီးအလုပ်သမားဆန္ဒပြသူများက အမိန့်ပေးချက်အားလိုက်နာမှုမရှိရာ ရဲတပ်ဖွဲ.နှင့် စွမ်းအားရှင်ဟုယူဆရသော အရပ်ဝတ်အချို.က သပိတ်စခန်းများသို့ဝင်ရောက်၍ ဆန္ဒပြသူ ၁၀၀ ခန့်နီးပါးအား ၀င်ရောက်ဖမ်းဆီးခဲ့သည်။

ထိုကဲ့သို့ ဖမ်းဆီးရန်ကြိုးစားစဉ် သပိတ်အဖွဲ.နှင့် ရဲတပ်ဖွဲ.တို့ ရုံးရင်းဆန်ခတ်ဖြစ်ရာ ရဲတပ်ဖွဲ့က အမျီုးသမီးငယ်များကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ မအေးပပမင်း အသက် ၂၇ နှစ်က ပြောသည်။

“ကျမ မျက်နှာကို ရဲတွေက ထိုးကြိတ်ကြတယ်” ဟု နဖူးတွင် အညိုအမည်းဒဏ်ရာ ရရှိထားသော မအေးပပမင်းကဆိုသည်။

၎င်းအပြင် အမျိုးသမီး ၁၀ ဦးခန့်လည်း ဒဏ်ရာများရရှိထားသည်ကို Yangon Globe ကတွေ့ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူအမျိုးသမီးနှစ်ဦးကိုလည်း အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

အမျိုးသမီးငယ်များအား ရဲတပ်ဖွဲ့ အင်အားရာချီ၍ ၀င်ရောက်ဖမ်းဆီးခဲ့သည်ကို မကျေနပ်သော ဒေသခံများက လုံထိန်းကားတစ်စီးအား ခဲများဖြင့်ပစ်ခတ်ဖျက်စီးခဲ့ပြီး စက်ရုံများအား မီးရှို.ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

အခြေအနေမှာရှုပ်ထွေးလာသည်တွင် ရဲတပ်ဖွဲ.မှ သပိတ်စခန်းများအနီးမှ ဆုတ်ခွာခဲ့သည်။ ထို့နောက် Eland Myanmar စက်ရုံရှေ.ရှိ အင်အား ၇၀၀ ခန့်ရှိ ကျန်သပိတ်အဖွဲ့အား Costec စက်ရုံမှအဖမ်းဆီးမခံခဲ့ရသော ဆန္ဒပြသမားများက ပူးပေါင်းလာပြီး အနီးနားဝန်းကျင်ရှိ ဒေသခံများလည်း ရောက်ရှိလာသည်။ Eland Myanmar စက်ရုံဝင်းအတွင်းတွင်လည်း အထွေထွေမန်နေဂျာအပါအ၀င် အလုပ်သမား ၈၀ ကျော်လည်း ပိတ်မိနေကြောင်းသိရသည်။

သပိတ်မဖြိုခွဲမီ ရန်ကုန်မြို.ရှိ အလုပ်သမားဦးစီးဌာနရုံးတွင် အလုပ်သမားဝန်ကြီး ဦးဝင်းမြင့်နှင့် ဆန္ဒပြမှုများရင်ဆိုင်နေရသည့် Eland Myanmar နှင့် Costec အထည်စက်ရုံတာဝန်ရှိသူများ၊ လှိုင်သာယာစက်မှုဇုံတွင် လုပ်ခလစာ တိုးမြှင့်ရေးအတွက် အလားတူ ဆန္ဒပြတောင်းဆိုခြင်းခံနေရသော တိုင်ရီဖိနပ်ချုပ်စက်ရုံ တာဝန်ရှိသူများ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် နိုင်ငံခြားသားအလုပ်ရှင်များက ၄င်းတို့မှာ ဈေးကွက်အတွင်း အော်ဒါများမရရှိထားသည့်အတွက်ကြောင့် အလုပ်သမားများတောင်းဆိုသည့် လစာ ၃ သောင်း တိုးမပေးနိုင်ကြောင်း ရာဂဏန်းမျှငွေကျပ်အနည်းငယ်အား နေ့စဉ်ကြေးအဖြစ်သာ တိုးပေးရန် သဘောတူခဲ့သည်။

“အလုပ်သမားတွေက အာဆီယံ အဆင့်အတိုင်းလိုချင်ရင် အာဆီယံစံနှင့် ညီအောင်လုပ်လေ။ ဥရောပနှုံးအတိုင်းလိုချင်ရင် ဥရောပစံအတိုင်းလုပ်လေ” ဟု ၀န်ကြီးဦးဝင်းမြင့်က မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ဆန္ဒပြနေမှုများသည် သွေးရိုးသားရိုး ဆန္ဒပြနေခြင်းများမဟုတ်ဟုလည်း ၀န်ကြီးကညွန်းဆိုသည့်အနေဖြင့် “သူများတွေက ရိုးရိုးသားသားလုပ်နေတယ်။ အကုန်လုံးသာခက်နေရင် စက်ရုံအများစုဖြစ်နေသလား စဉ်းစားကြည့်ရင် မဖြစ်နေဘူး။ ဒီလူတွေ ၊ ဒီစက်ရုံလေးငါးရုံပဲပတ်ဖြစ်နေတာ” ဟုလည်း ပြောဆိုခဲ့သည်။

ရဲတပ်ဖွဲ့၏ ထိုးကြိတ်မှုကို ခံခဲ့ရသူ အထည်ချုပ်စက်ရုံတွင် ဆန္ဒပြသူ မအေးပပမင်း နှင့် အမျိုးသမီးငယ်တစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ/ Yangon Globe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts