သတင်းပဒေသာ

ကွယ်လွန်သူ ဗကပခေါင်းဆောင် ရဲဘော်ကြင်မောင်၏ ဆောင်းပါးစာအုပ် ထုတ်ဝေခြင်းကို အစိုးရက တားမြစ်


ကွယ်လွန်သူ ဗကပခေါင်းဆောင် ရဲဘော်ကြင်မောင်၏ ဆောင်းပါးစာအုပ် ထုတ်ဝေခြင်းကို အစိုးရက တားမြစ်

(Yangon Globe News) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅

တရားရုံးက တားဝရန်းထုတ်လိုက်သည့် ရဲဘော်ကြင်မောင်၏ ပြည်သူ့အာဏာဆောင်းပါးများ စာအုပ်။ (ဓာတ်ပုံ ။ နှင်းဆီနီစာအုပ်တိုက်)

ရန်ကုန် ဖေဖော်ဝါရီ ၂၀။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်း ကွယ်လွန်သူ ရဲဘော်ကြင်မောင် ရေးသားသည့် “ပြည်သူ့အာဏာဆောင်းပါးများ” စာအုပ်ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ တွင် ယာယီတားဝရန်းထုတ်ပြန်လိုက်ပြီး ရောင်းချခြင်းမပြုရန် တားမြစ်လိုက်သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလအတွင်း နှင်းဆီနီစာပေက ထုတ်ဝေသည့် ရဲဘော်ကြင်မောင်၏ “ပြည်သူ့အာဏာဆောင်းပါးများ”စာအုပ်ကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ တရားလိုပြုတိုင်ကြားခဲ့ပြီး နောက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နှင်းဆီနီစာပေဖြန့်ချိသူ ဒေါ်ချိုချိုက ထိုစာအုပ်ထုတ်ဝေရခြင်းမှာ ပြည်သူလူထုအနေဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ အကြောင်းကို သိခွင့်ရှိသည်ဟု ထင်မြင်ပြီး လူထုအနေဖြင့်လည်း အကျိုးတစ်စုံတစ်ရာ ရလိမ့်မည်ဟုလည်း ထင်၍ ဖြစ်သည်ဟု ဆိုသည်။

“ရဲဘော်ကြင်မောင်စာအုပ်မှ ဘာလို့ တရားစွဲရတာလဲ။ မြန်မာနိုင်ငံရဲ့စာပေလွတ်လပ်ခွင့်ဆိုတာ သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ သူတို့လွတ်လပ်ချင်တဲ့ဟာဆို လွတ်လပ်တယ်” ဟု ၎င်းက ပြောသည်။

ပြည်သူ့အာဏာဆောင်းပါးများ စာအုပ်ထုတ်ဝေသူနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကမူ ရှေ့နေငှားရမ်းပြီး အမှုရင်ဆိုင်နေသည်မှာ သုံးပတ်ခန့်ပင်ရှိနေပြီဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စာအုပ်ကိုရေးသားသူ ရဲဘော်ကြင်မောင်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးး တစ်ဦး ဖြစ်သည်။ ဇန်နဝါရီလ ၃ ရက်နေ့ အသက် ၉၂နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ပြီးနောက် ဗမာပြည်ကွန်မြုနစ်ပါတီ၏ အွန်လိုင်းစာမျက်နှာတွင် ၎င်းနောက်ဆုံး ရေးသားခဲ့သည့် ဆောင်းပါးများကို ပြန်လည်စုစည်းပြီး ထုတ်ဝေးခဲ့ခြင်းဖြစ်သည်။

တရားရုံးချုပ်ရှေ့နေ ဦးကျော်ဇေယျက တစ်ဖက်သတ်လျှောက်ထားပြီး တစ်ဖက်သက် တားဝရန်းထုတ်၍ မရကြောင်း နှစ်ဖက်လျှောက်လဲချက်ပေးပြီးမှသာ တရားရုံးကပေးမည် မပေးမည်ကို ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဆိုသည်။

“ဒါကိုပေးမပေးက တရားရုံးကဆုံးဖြတ်ရမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း တားဝရန်း မပေးသင့်ဘူးလို့ လျှောက်ထားလို့ရတယ်။ ပြီးတော့မှ တရားရုံးက တားဝရန်းရသင့်တယ်၊ မရ သင့်ဘူးဆိုတာ အမိန့်ချရမှာပါ” ဟု၎င်းက ဆိုသည်။

ဈေးကွက်အတွင်း ဖြန့်ချိထားသည့် “ပြည်သူ့အာဏာဆောင်းပါးများ” စာအုပ်များကို ရောင်းချခြင်းမပြုရန် တရားရုံးကအမိန့်ထုတ် တားမြစ်လိုက်သော်လည်း ၎င်းတို့တားမြစ်ထားသည့်စာအုပ်မှာ ဈေးကွက်အတွင်း အဝယ်လိုက်နေသည့် စာအုပ်ဖြစ်သည်ဟု စာအုပ်အရောင်းဆိုင်များက ပြောသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ရာပြည့်နှင့် အင်းဝစာအုပ်ဆိုင်များက ပြည်သူ့အာဏာ စာအုပ်မှာ အဝယ်လိုက်သည့်စာအုပ် ဖြစ်သည်ဟု Yangon Globe ကို ပြောသည်။

ပြည်သူ့အာဏာဆောင်းပါးများ စာအုပ်ဖြန့်ချိခဲ့သည့် တစ်လအတွင်းမှာပင် စာအုပ် ၅၀ ကျော်ရောင်းချရသည်ဟု ရာပြည့်စာအုပ်တိုက် အရောင်းစာရေးတစ်ဦးက ဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts