စာစုတို

နေ၀န်းနီ (မန္တလေး) – မင်းကွန်းသို့ အလည်​တခေါက်

မင်းကွန်:ရွှေပြည် Mingun Ancient Land,Myanmar Oil on Canvas by U Mar Lar
နေ၀န်းနီ (မန္တလေး) – မင်းကွန်းသို့ အလည်​တခေါက်
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅

မင်းကွန်းသို့ ရုံးက အကို​တွေအမ​တွေနှင့်​ မင်းကွန်းဘိုးဘွားရိပ်​သာကို သွား​ရောက်​လှူဒါန်းရင်း ​လျှောက်​လည်​ဖြစ်​ခဲ့သည်​။ မန္တ​လေးမှမင်းကွန်းသို့အသွားတွင်​ စက်​​လှေကို တစ်​နာရီနှင့်​ မိနစ်​သုံးဆယ်​တိတိ စီးရ​လေသည်​။ ကျွန်​​တော်​အ​နေနှင့်​ ဗဟု သုတ​တွေနှင့်​ ​စာ​ရေးဖို့ခရီးသွား​ဆောင်းပါးတစ်​ပုဒ်​ရရှိခဲ့သည်​။ ပထမဆုံး မင်းကွန်းဘိုးဘွားရိပ်​သာမှ ဘိုးဘွား (၈၀) ခန့်ကို လှူဒါန်းရင်း “ကမ္ဘာအာဇာနည်​ကြီး” လို့ အမည်​တပ်​ထား​သော ဖွားဦးဇွန်းအ​ကြောင်းကိုသိရှိခဲ့ရ​လေသည်​။

ဒေါ်ဦးဇွန်း

• ကမ္ဘာအာဇာနည်​ကြီး ဖွားဦးဇွန်း
မန္တ ​လေးမြို့ဖွားရာဇာတိဖြစ်​​သော အဘ ပိုးကုန်​သည်​ကြီး ဘိုးအိ ၊ အမိ ဖွားမြင့်​ တို့၏ တစ်​ဦးတည်း​သော သမီးဖြစ်​​လေသည်​။ ကမ္ဘာအာဇာနည်​ကြီးဖွားဦးဇွန်းသည်​ မိမိတစ်​ဦးတည်းပိုင်​​ငွေဖြင့်​ ၁၂၇၆ ခုနှစ်​တွင်​ မင်းကွန်း ဗုဒ္ဓဘာသာ လူအိုရုံကြီးကိုတည်​​ဆောက်​ပြီး​နောက်​ သထုံ၊ ​ပေါင်းတည်​၊ ရန်​ကုန်​ နှင်းဆီကုန်း၊ ပခုက္ကူ စသည်​ လူအိုရုံ (၅)ရုံကို မိမိပိုင်​ပစ္စည်းများဖြင့်​ လှူဒါန်း​ဆောက်​လုပ်​ခဲ့ပြီး ၁၃၀၆ ခုနှစ်​၊ ကဆုန်​လဆုတ်​ (၅) ရက်​​နေ့တွင်​ အဖွားဦးဇွန်းသည်​ လူ့ပြည်​ငြီး၍ နတ်​နန်းစံမြန်းသွား​လေသည်​။ ထို့​နောက်​ ကျွန်​​တော်​တို့သည်​ မင်းကွန်း​ခေါင်း​လောင်းကြီးဘက်​သို့ ကြည်​ရှုရန်​​ လျှောက်​လှမ်းခဲ့​လေသည်​။

• မင်းကွန်း​ခေါင်း​လောင်း​တော်​ကြီး
မင်းကွန်း​ခေါင်း​​တော်​ကြီးကို ဘိုး​တော်​ဘုရားကပုထိုး​တော်​ကြီးတွင်​ထာရှိရန်​မြန်​မာသက္ကရာဇ်​ ၁၁၇၀ ပြည့်​နှစ်​ ကဆုန်​လ၊ ခရစ်​နှစ်​ ၁၈၀၈ ခုနှစ်​ ဧပြီလတွင်​ သွန်းလုပ်​​စေခဲ့သည်​။ ပုထိုး​တော်​ကြီးကိုမူကား အပြီးသတ်​တည်​​ဆောက်​နိုင်​ခြင်းမရှိ​ခဲ့​ပေ။ အ​လေးချိန်​ပိသာမှာ “မင်းဖြူ မှန်​မှန်​​ပြော” {၅၅၅၅၅}၊ တန်​ချိန်​အားဖြင့်​ {၉၀} ရှိသည်​။ ၎င်းထက်​ (၃) ဆခန့်​ကြီး​သော  ​မော်​စကိုမှ​ခေါင်း​လောင်းကြီးပြီးလျှင်​ ကမ္ဘာ​ပေါ်တွင်​ ဒုတိယအကြီးဆုံး​ခေါင်း​လောင်းကြီး ဖြစ်​​လေသည်​။ မင်းကွန်း​ခေါင်း​လောင်း ကြီး၏ အတိုင်းတာမှာ …

နှုတ်​ခမ်းဝအချင်း (အပြင်​ဖက်​မှ တိုင်းတာလျှင်​)   ၁၆​ ပေ ၊ ၃ လက္မ
အတွင်းပိုင်းအချင်း (နှုတ်​ခမ်းဝအထက်​ (၄)​ ပေ (၈) လက္မအမြင့်​မှ တိုင်းတာလျှင်​) ၁၀ ​ပေ ရှိသည်​။
အမြင့်​ (အတွင်းပိုင်းမှတိုင်းတာလျှင်​)  ၁၁ ပေ ၊ ၆ လက္မ
အမြင့်​ (အပြင်​ပိုင်းမှတိုင်းတာလျှင်​)  ၁၂ ​ပေ
အတွင်းပိုင်းအချင်း (ထိပ်​ပိုင်းတိုင်းတာလျှင်​) ၈ ​ပေ နဲ့ ၆ လက္မရှိ​လေသည်​။

 ခေါင်း​လောင်းကြီးကို ဧရာဝတီမြစ်​အ​ရှေ့ဘက်​ကမ်း သွန်းလွန်းရွာတွင်​ ပန်းတည်းဝန်​ မဟာနန္ဒ​ကျော်​စွာ ကြီးမတ်​၍ ​ကြေးနီ၊ ​ကြေးဝါ၊ ​ဘော်​၊ သံကြွပ်​တို့ဖြင့်​ သွန်းလုပ်​​စေခဲ့သည်​။ ခေါင်း​လောင်းကြီးသွန်းလုပ်​ရာအရပ်​မှ ယခုထားရှိရာအရပ်​သို့ သယ်​ယူရန်​ ​ရေကျချိန်​တွင်​​ ခေါင်း​လောင်းကြီး​အောက်​ရှိ​ မြေသားများကိုတူးထုတ်​ပြီး ဆင့်​တန်းများဖြင့်​ ကရိတ်​​ဖောင်​နှစ်​စင်းကို ခိုင်​ခံစွာပြုလုပ်​ပြီး ​ခေါင်း​လောင်းကြီးချထားရာ​နေရာမှ ဧရာဝတီမြစ်​ထဲအ​ရောက်​​ပေ (၂၀) ကျယ်​ ​မြောင်းကြီးတစ်​ခုတူး​ဖော်​လိုက်​သည်​။ ဝါဆို၊ ဝါ​ခေါင်​​ရေကြီးချိန်​ဖြစ်​၍​ မြောင်းထဲသို့​ရေများဝင်​လာပြီး ကရဝိတ်​​ဖောင်​ကြွတက်​လာပြီး သွန်းလွန်းရွာ ဘက်​မှ မင်းကွန်းဘက်​သို့ သယ်​ယူနိုင်​ခဲ့သည်​။

မင်းကွန်းဘက်​တွင်​လည်း ဧရာဝတီကမ်းစပ်​မှ ယ​နေ့​ခေါင်း​လောင်းကြီးထားရှိရာ ​နေရာသို့လည်း ​ရှေ့နီးအတိုင်းသယ်​ယူနိုင်​ခဲ့ကြသည်​။ ခရစ်​နှစ်​ ၁၈၃၉၊ မြန်​မာသက္ကရာဇ်​ ၁၂၀၀ ပြည့်​နှစ်​တွင်​ မင်းကွန်း​မြေငလျင်​​ကြောင့်​​ ခေါင်း​လောင်းကြီး​မြေသို့ကျခဲ့ရ သည်​။ အင်္ဂလိပ်​ –  မြန်​မာစစ်​ပွဲအပြီး ဆယ်​နှစ်​အကြာ ခရစ်​နှစ်​ ၁၉၀၄ ခုနှစ်​တွင်​ ဧရာဝတီသ​ဘောင်္ကုမ္ပဏီမှ C.E.John ဦး​ဆောင်​ပြီး သံရက်​မ၊ သံတိုင်​ အမိုးပြသာဒ်​ဘုံသုံးဆင့်​နှင့်​ တိုင်​​ပေါင်း ၁၆ တိုင်ရှိ ဗိမာန်​​တော်​ကြီးအတွင်းတွင်​ ပြန်​လည်​ချိတ်​ဆွဲ​ပေးခဲ့သည်​။ ထို့​နောက်​ ပုထိုး​တော်​ကြီးဘက်​သို့ ချီတက်​လာပြန်​သည်​။

• မင်းကွန်း ပုထိုး​တော်​ကြီး
မပြီးပြတ် ​ခဲ့​သော မင်းကွန်းပုထိုး​တော်​ကြီးကို ၁၁၅၂ ခုနှစ်​၊ တပို့တွဲလဆန်း ၅ ရက်​​နေ့တွင်​ ဘိုး​တော်​မင်းတရားတည်​ခဲ့သည်​။ဘိုး​တော်​ဘုရားသည်​ အမြင့်​​ပေ ၅၀၀ အထိတည်​ထားရန်​ရည်​ရွယ်​ခဲ့​သော်​လည်း ပထမပစ္စယံသာပြီးစီးခဲ့​လေသည်​။ ပတ်​လည်​ အကျယ်​​ပေ​ပေါင်း ၄၅၀၊ ​မြေပြင်​မှအထက်​ ၁၆၅ ​ပေသာ မြင့်​သည်​။ မျက်​နှာ​လေးဘက်​တွင်​ မုခ်​​ပေါက်​ငယ်​တစ်​ခုစီရှိသည်​။ ဘိုး​တော်​ဘုရားသည်​ ပုထိုး​တော်​ကြီးအား အပြီးသတ်​တည်​​ဆောက်​နိုင်​ပါက ကမ္ဘာ​ပေါ်တွင် ဉာဏ်​​တော်​အမြင့်​ ဆုံးနှင့်​ အကြီးဆုံးဖြစ်​မည့်​ ပုထိုး​တော်​ကြီးပင်​ဖြစ်​​လေသည်​။ ပုထိုး​တော်​ကြီး​ပေါ်မှ ဆင်းလာပြီး ​မော​မောနှင့်​ အ​ကြော်​ဆိုင်​မှာ အဖွဲ့ထိုင်​ကာ ဧရာဝတီမြစ်​ကမ်း အ​ရှေ့မုခ်​​စောင်းတန်းထိပ်​၌တည်​ထားတဲ့ ခြ​င်္သေ့ကြီး​တွေအ​ကြောင်း​ ပြောဖြစ်​ခဲ့သည်​။

• ခြ​င်္သေ့ကြီး
ထို ​ခြ​င်္သေ့ ရုပ်​ကြီးများကိုလည်း ဘိုး​တော်​ဘုရားကတည်​​ဆောက်​ခဲ့​လေသည်​။ ခြ​င်္သေ့​နောက်​ပိုင်းမှ ဦး​ခေါင်းစွန်းထိ အ​တောင်​​ခြောက်​ဆယ်​ရှိသည်​။ မြန်​မာပြည်​တွင်​ အကြီးဆုံးခြ​င်္သေ့ရုပ်​ဖြစ်​သည်​။ အမြင့်​​ပေ ၉၅ ​ပေရှိပြီး မျက်​လုံးအဝန်း ၉ ​ပေ၊ ​ခြေသည်း လက်​သည်းတစ်​​ချောင်းစီ၏အလျားမှာ ၅ ​ပေခွဲရှိသည်​။ မျက်​လုံးများကို စကျင်​​ကျောက်​နှင့်​ပြုလုပ်​ထားသည်​။ သက္ကရာဇ်​၁၂၀၀ ပြည့်​နှစ်​ ​မြေငလျင်​​ကြောင့်​ မင်းကွန်းပုထိုး​တော်​ကြီးနှင့်​ ခြ​င်္သေ့ကြီးတို့ အက်​ကွဲပျက်​စီးခဲ့ရ​လေသည်​။

အဲဒီ​နောက်​​တော့ မြသိန်းတန်​ဘုရားဘက်​ကို ဆက်​လက်​မသွား​တော့ပဲ စက်​​လှေမမှီမှာစိုးသဖြင့်​ ပြန်​လာခဲ့သည်​။ အပြန်​တွင်​ မင်းကွန်းမှ မန္တ​လေးသို့ မိနစ်​သုံးဆယ်​ကြာမြင့်​​လေသည်​။ ကျွန်​​တော့်​အတွက်​​တော့​ ပျော်​ရွှင်​ဖွယ်​ရာ ဗဟုသုတ ရစရာ ခရီး တစ်​ခုဖြစ်​​လေသည်​။

လေးစားစွာဖြင့်
နေဝန်းနီ{မန္တ​လေး}


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts