ကဗျာ

သိင်္ဂါလှိုင် (ကဗျာမြေသား) – မီးကိုမှ ဖွင့်ဖတ်မိတဲ့မြို့

  သိင်္ဂါလှိုင် (ကဗျာမြေသား) – မီးကိုမှ ဖွင့်ဖတ်မိတဲ့မြို့
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅
=============
ကသုတ်ကရိုက် ပြေးလာရတဲ့ အိမ်ပြန်စိတ်လေး ကိုယ်မလုပ်ပဲ
အကျဉ်းကျခဲ့ရ  ဒီမြို့မှာ
ခွေးလေ ခွေးလွင့်တွေပဲ လမ်းတွေကိုကြီးစိုး ညများ
ကြာပြီ
တစ္ဆေတစ်ကောင်ရဲ့ အေးစက်စက်လက်များ သွေးထိုးလှုံ့ဆော်လို့
ပြည်ပျက်ရင် သဘင်သည် အရင်ငတ်နေရ
မိုးလင်းအောင်ကတဲ့ဇာတ်တွေ ဇာတ်ခေါင်းကွဲရောပေါ့ ဒီမြို့မှာ
ညမှ အစာရှာထွက်တဲ့ ညဥ့်ငှက်လေးတွေလဲ အသိုက်ပြောင်းနေကြ
အဟာရပြတ်တောက်လာတဲ့မြို့ ပုံစံမျက်ပဲ ချွတ်ခြုံကျလာခဲ့
လမ်းခွေးတွေ ဗိုလ်ကျခဲ့သမျှ အိမ်တွေလဲ အိပ်ရေးပျက်ရ
အူသံတွေ ဆူညံလွန်ခဲ့ည နေရောင်ပဲမျှော်လင့်နေတဲ့ ဒီမြို့မှာ
မျက်နှာစိမ်းတွေ လှန့်ခဲ့သမျှ ပုဏ္ဏကတိုက်ခံ အိမ်လို
မမြင်ရာအရပ်ကလာတဲ့အသံတွေနဲ့ ထိတ်လန့်နေရတုန်း ဒီမြို့မှာ
တရားသံလဲ တိတ်ရ အလှူဗျောလဲ တိတ်ရနဲ့ အရှင်လတ်လတ်
အသူရကယ် ဘုံသားတွေ ဖြစ်သွားရတဲ့မြို့
အကျွတ်လွတ်အမျှဝေ သံတွေ နားဆွင့်ရင်းနဲ့ ဒီမြို့မှာ
လွတ်လပ်တဲ့ညကို မျှော်ငေးနေမိခဲ့တယ် ……။
Artist by Kin Maung (Bank) / Oil on Canvas

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts