သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဗိုလ်ချုပ်ရဲ့ပင်လုံစိတ်ဓာတ်ကို အတုယူပါ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ငြိမ်းချမ်းအေး – ဗိုလ်ချုပ်ရဲ့ပင်လုံစိတ်ဓာတ်ကို အတုယူပါ
(Friday Times / မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

ဒါက ဗိုလ်ချုပ်ရာပြည့်နဲ့ ပြည်ထောင်စု ဆက်စပ် ရေးဖြစ်တဲ့ နောက်တပုဒ်ပါ။  ဒါမျိုးတွေ ပြောခဲ့တာ များ၊ အပ်ကြောင်းထပ်နေနိုင်ပေမဲ့ တတ်နိုင်သမျှ စဉ်းစားစရာ အသစ်ပါအောင် ကြိုစားရေးခဲ့ပါတယ်။  မိုးမခ စာဖတ်ပရိသတ်များလည်း ထောက်ပြ ဝေဖန်လိုတာ ရှိရင် ပြန်လည် ပြောပေးပါဦး ခင်ဗျာ။

အခု လောက်ကိုင် ကိစ္စ ပြန်ဖြေရှင်းကြတော့ အစိုးရဖက်က နိုင်ငံခြားကျူးကျော်မှုချည်းပုံဖော်ချင်တယ်၊ အချုပ်အခြာ အာဏာ ထိပါးမှုချည်း ဆိုတယ်။  သမ္မတရုံးကလူ ဆိုသူက လူမျိုးကြီးဝါဒ မကျင့်သုံးဘူး၊ သူတို့နယ် သူတို့ အုပ်ချုပ်ခွင့်ပေးထားတာပဲ ဆိုတယ်။  အခြေခံမူ မပြောင်းဘဲ ခေါင်းဆောင်တွေကို ဘိန်းလုပ်ခွင့်ပေး အုပ်ချုပ်စေရုံနဲ့ လူမျိုးစုတွေ ကိုယ်ပိုင် အမှီအခိုကင်း သိက္ခာရှိ တန်းတူ ရပ်တည်နိုင်တဲ့ ပြည်ထောင်စုစစ်စစ် မဖြစ်ဘူးဆိုတာကိုး မျက်ကွက်ပြုထားကြပါတယ်။  ဒီလိုပုံနဲ့ ငြိမ်းချမ်းရေး ခရီးဝေးနေဦးမှာပါ။  ကရင်မှာလည်း အခု လက်မှတ်ထိုးခဲ့တဲ့ ကိစ္စ မကျေမလည် ပြန် ဖြစ်တယ် မဟုတ်လား။  စစ်အုပ်စုက ကျနော် အခု ဆောင်းပါးမှာ ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေး နည်းနာတွေနဲ့ချည်း လုပ်ခဲ့လို့ သေနတ်သံတွေ မတိတ်သေး ဖြစ်နေရတာပါ။  မြေဇာပင် လူထုနဲ့ တကယ်တိုက်၊ တကယ်နာ၊ တကယ်သေရတဲ့ နှစ်ဖက် စစ်သားတွေ ဘဝ ရင်နာစရာပါပဲ။

××××××××××××

ဗိုလ်ချုပ်ရာပြည့်အတွက် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပါးတော့ ဗိုလ်ချုပ်စိတ်ဓာတ်ကို (၃) မျိုး သရုပ်ခွဲပြထားတာ သတိထားမိတယ်။  ရိုးသားဖြောင့်မတ်ခြင်း၊ ကြိုးစားအားထုတ်မှုနဲ့ အမြော်အမြင်ကြီးမှုပါတဲ့။  ဗိုလ်ချုပ်အကြောင်းကို သိမီသူများရေးသားတဲ့ သမိုင်းမှတ်တမ်းမှတ်ရာ အစုံစုံ ရှိပြီး ဖြစ်ပါတယ်။  သူ့ရဲ့ခေါင်းဆောင်မှု၊ စည်းရုံးမှု စွမ်းရည်များ၊ ကိုယ်ကျိုးမဖက် အနစ်နာခံမှုများ၊ ပကာသန မမက် စံပြနေထိုင်နိုင်မှု၊ ခြိုးခြံချွေတာနိုင်မှုများ၊ ပွင့်လင်းမှု အစရှိတဲ့ သူ့ရဲ့ရုပ်ပုံလွှာကို အများလည်း သိမြင်ပြီး ဖြစ်ပါတယ်။  ကျနော့်အနေနဲ့တော့ တိုင်းပြည်မှာ နှစ်ပေါင်း (၆၀) ကျော် လွတ်လပ်ရေးနဲ့ အတူ မွေးဖွာလာခဲ့ရတဲ့ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်နေရတဲ့ ပြည်တွင်းစစ်နောက်ခံနဲ့အတူ ဗိုလ်ချုပ်စိတ်ဓာတ်ကို ပုံဖော်ချင်ပါတယ်။

■ ဗိုလ်ချုပ်နဲ့ပင်လုံ အတူတူ မွေးဖွားခဲ့တယ်

ဗိုလ်ချုပ်မွေးနေ့နဲ့ ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ်ခံရတဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ ကပ်လျက်ရပ်တည်နေခြင်းဟာ သမိုင်းရဲ့ဆန်းကြယ်တိုက်ဆိုင်မှုတခုလို့ ဆိုနိုင်ပါတယ်။  လက်ရှိခေါင်းဆောင်များ ဗိုလ်ချုပ်ဆီက အတုအယူသင့်ဆုံး စိတ်ဓာတ်က လူနည်းစုများအပေါ် ဗိုလ်ချုပ် ထားခဲ့တဲ့ ရိုးဖြောင့်တဲ့ စိတ်ဓာတ်နဲ့ စေတနာပါပဲ။  ဒီအရည်အသွေးကြောင့် အင်္ဂလိပ်ရဲ့ သွေးထိုး ဖိအားပေး မြူဆွယ်မှုတွေကြားက၊ သမိုင်းအဆက်ဆက် တည်ရှိလာခဲ့တဲ့ မယုံသင်္ကာစိတ်အခံများကြားကနေ လူမျိုးစုစုံရဲ့ ယုံကြည်ကိုးစားမှုကို ဗိုလ်ချုပ်တည်ဆောက်နိုင်ခဲ့တယ်။  ဒါကြောင့် အင်္ဂလိပ်ရဲ့ စိန်ခေါ်မှု ဖြစ်တဲ့ ဗိုလ်ချုပ်နဲ့ဖဆပလဟာ ပြည်မက မြန်မာတွေကိုသာ ကိုယ်စားပြုသူ ဆိုတဲ့ အချက်ကို ချေဖျက်နိုင်ခဲ့ပြီး အကျိုးဆက် တောင်တန်း၊ ပြည်မ အတူတကွ လွတ်လပ်ရေးယူနိုင်ခဲ့ခြင်းပါပဲ။

■ ဗိုလ်ချုပ်နဲ့အတူတူပဲ ပင်လုံဟာ သေဆုံးခဲ့တယ်

ဒါပေမဲ့ အင်္ဂလိပ် ပယောဂလည်း မကင်းတဲ့၊ အာဏာလိုသူများရဲ့ လူသတ်နန်းယူ ပဒေသရာဇ်ခေတ်မူအတိုင်း ယုတ်မာဆိုးရွားကြံစည်ခံရတဲ့ ဗိုလ်ချုပ်လုပ်ကြံသတ်ဖြတ်ခံရခြင်း သမိုင်းဆိုးဖြစ်ရပ်နဲ့အတူ ဗိုလ်ချုပ်နဲ့ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရုံမက ပင်လုံစာချုပ်ရဲ့ ဝိညာဉ်လည်း  ပျောက်ဆုံးခဲ့ရတယ်။  ရှမ်းဂီတစာဆို စိုင်းခမ်းလိတ်ကတောင် ပင်လုံစာချုပ် ဗိုလ်ချုပ်နဲ့အတူပါသွားလေရော့သလား သီချင်းစပ်ဖူးပါတယ်။  ဗိုလ်ချုပ်ကြေးရုပ် အိပ်ထောင်ထဲမှာ ပင်လုံစာချုပ်များရောက်နေသလား ရှာဟန်ပြု ရှမ်းကာတွန်းများလည်း ရှိခဲ့ဖူးတယ်။  ဒါဟာ စကားအဖြစ် တင်စားဆိုခြင်း မဟုတ်ပါ။  ရှင်းပါမယ်။

■ ဗိုလ်ချုပ်နဲ့အတူ ဘာတွေ သေသွားသလဲ

ဗိုလ်ချုပ်နဲ့အတူ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုစစ်စစ်မူ ကျင့်သုံးလိုစိတ် ကျဆုံးခဲ့ရပါတယ်။  အကျိုးဆက် စာရွက်ပေါ်မှာပဲ၊ စကားအရာပဲ ပြည်ထောင်စုစနစ် ဟန်ပြဖြစ်ခဲ့ပါတယ်။  တိုင်းပြည်အုတ်မြစ် (၁၉၄၇) ဖွဲ့စည်းပုံ အခြေခံဥပဒေကအစ တစ်ပြည်ထောင်စနစ်သဘောသာ ဖြစ်နေကြောင်းကို ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲခဲ့သူတွေကိုယ်တိုင် နောင်မှာ ဝန်ခံခဲ့ရတယ်။  ဒီလိုနဲ့ ခွင့်တူစေရပါမယ် ဆိုတဲ့ ပင်လုံ ကတိကဝတ်နဲ့ လွတ်လပ်ရေးအတူ ယူခဲ့တဲ့ ဗဟိုအစိုးရနဲ့ ပြည်နယ်များအကြား အုပ်ချုပ်ရေး အာဏာခွဲဝေမှု၊ အရင်းအမြစ်ခွဲဝေမှုတွေ မမျှတ တဖက်စောင်းနင်း ဖြစ်ခဲ့ရတယ်။  ဆရာစိုင်းခမ်းလိတ် သီချင်းရေးဖွဲ့ မီးမောင်းထိုးပြခဲ့သလိုပဲ လူမျိုးစုဒေသတွေက သယံဇာတွေဟာ ဒေသခံများ မရရှိမခံစားရဘဲ “ဖြတ်သာသွားတယ်၊ မနားတယ်” ရာစုဝက်ချီကြာ ဖြစ်ခဲ့ရတယ်။  ဒီသဘောက လက်ရှိတိုင် ညှိနှိုင်းမရ မငြိမ်းနိုင်ဖြစ်နေတဲ့ ပြည်တွင်းစစ်မီးရဲ့ အခြေခံအကြောင်းလည်း ဖြစ်ပါတယ်။

■ ဗိုလ်ချုပ်နောက်မှာ ဘာတွေ မွေးဖွားလာသလဲ

ဗိုလ်ချုပ်မရှိတဲ့နောက် ကြီးထွားရှင်သန်လာခဲ့တာကတော့ လူမျိုးကြီးဝါဒပါပဲ။  လူမျိုးကြီးဝါဒ အသံကြားရင် နှစ်ပေါင်း (၅၀)ကျော် လူအများစု ထောက်ခံမှု ရရေးအလို့ငှာ အမျိုး၊ ဘာသာ၊ သာသနာကို အာဏာအတွက် တလွဲအသုံးချ ပုံဖော်ခဲ့သူ စစ်အာဏာရှင်များတင်မက သာမန် မြန်မာများကပါ သိပ် လက်မခံချင်ကြပါ။  တိုင်းပြည်ရဲ့ စနစ်ထဲမှာ စနစ်တကျ ထည့်သွင်းထားတဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး မူဝါဒတွေ၊ အသုံးစရိတ်တွေ အသာထား ဝါဒဖြန့်အနုပညာတင်ဆက်မှုတွေကိုပဲကြည့်ပါ။  အစိုးရရုပ်သံကလွှင့်တဲ့ တိုင်းရင်းသားစည်းလုံးရေး သီချင်းရုပ်သံဖြစ်ဖြစ် တိုင်းပြည်အကြောင်း တင်ဆက်တဲ့ ခရီးသွားမြှင့်တင်ရေး ကြော်ငြာဖြစ်ဖြစ် ကြည့်ကြည့်ပါ။

အပေါ်ယံ လူမျိုးစုစုံတွေကို ခဏတာ ပြကောင်းပြပေးမယ့် တကယ် အသားပေးဖော်ပြ မြင်စေတာကတော့ ဘုရားကျောင်းကန်စေတီပုထိုးများနဲ့ ဒီတိုင်းပြည်မှာ ဗုဒ္ဓဘာသာဝင် မြန်မာ (ဗမာ) တွေချည်း နေလေဟန် ပုံဖော်ထားတာချည်ပါပဲ။  ပြီးခဲ့တဲ့နှစ်က ကျတ်ပြေးမှာ လက်ခံကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ တိုင်းရင်းသားဝတ်စုံတွေဝတ်ထားတဲ့ အမျိုးသမီးတွေကို နိုင်ငံခြားသတင်းထောက်တွေက ဘာလူမျိုးလဲ၊ တိုင်းရင်းသား စကားတတ်သလား မေးတော့ အားလုံးက ပြန်ဖြေခဲ့ကြတယ်၊ “ကျွန်မတို့က မြန်မာတွေပါ၊ ဒီဝတ်စုံတွေဝတ်ကြိုရမယ်ခိုင်းလို့ ဝတ်ထားခြင်းပါ” ဖြေပါသတဲ့။  သွေးချင်းညီအစ်ကိုများ စည်းလုံးခြင်းရဲ့အင်အားဆိုတာကို အစိုးရဝါဒဖြန့်ရုပ်သံမှာ လူငယ်ကြိုက်ရော့ခ်ကာကြီးကို ခေါ်သီချင်းဆိုခိုင်းရုံ၊ မှိုင်းတိုက်ရုံ၊ ဟန်ပြ အဝတ်အစားလေးတွေ ခြုံရုံပဲ လုပ်ပြခဲ့ကြတယ်။

အသေးအဖွယ် ဝတ်စုံကိစ္စကအစ အကြီးအမား အခြေခံဥပဒေမှာအထိ လူမျိုးတမျိုး၊ ဘာသာတခုကို ဗဟိုပြု “Ethnocentric” လိုခြင်းကို စစ်အစိုးရခေတ်အဆက်ဆက် ပြခဲ့ကြပါတယ်။  ဒါကြောင့် လူမျိုးကြီးဝါဒလို့ ဆိုခဲ့ခြင်းပါ။  တနိုင်လုံးအတိုင်းအတာနဲ့ လူအများကို လွှမ်းမိုးသက်ရောက်စေတဲ့ ပညာရေးမှာဆိုလည်း ကြိုက်တဲ့ သမိုင်း သင်ရိုးညွှန်းတမ်းတခုခုကို ယူကြည့်ပါ။  လူနည်းစုများရဲ့ အငွေ့အသက် အင်မတန် နည်းပါးပါတယ်။  ဒီလို သဘောဟာ ဗိုလ်ချုပ် ကျဆုံးပြီးချိန်ကအစ ဝမ်းနည်းဖွယ် အခြေတည်ခဲ့တယ်။  စစ်အာဏာရှင်စနစ်မှာ ပိုလို့ တစ်မျိုး၊ တစ်ဘာသာကို ဇောင်းပြု အသုံးချခဲ့ကြတယ်။  အကျိုးဆက် တိုင်းပြည်မှာ လူမျိုး/ဘာသာ အမုန်း တင်းကျမ်းပြည့်၊ ငြိမ်းချမ်းရေးလည်း မရနိုင်၊ စီးပွားတိုးတက်ဖွံ့ဖြိုးဘက်လည်း မလှည့်နိုင်ဖြစ်ခဲ့ရတယ်။

■ ဗိုလ်ချုပ်ရဲ့ အမျိုးသားရေးဝါဒ

ဗိုလ်ချုပ်ဟာ ကိုယ့်လူမျိုးနဲ့တိုင်းပြည်ကို ချစ်စိတ်နဲ့ သူ့ကျွန်ဘဝက လွတ်အောင်လုပ်ခဲ့တာပါ။  ဒါပေမဲ့ တဖက်စွန်းရောက် အမျိုးသားရေးဝါဒီတော့ မဟုတ်ပါဘူး။  လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို အသားပေးတဲ့ မျိုးမြင့်စိတ်နေဝါဒ (Ethnocentrism) ကိုလက်ခံတဲ့သူတော့ မဟုတ်ပါဘူး။  ကျယ်ပြန့်တဲ့ တိုင်းပြည်ကို အခြေခံပြီး လူမျိုး/ဘာသာကို အခြေမခံခဲ့ပါ။  ဒါကြောင့် (၁၉၄၇) ဖွဲ့စည်းပုံအတွက် မြန်မာခေါင်းဆောင်တွေချင်း ဆွေးနွေးကြတော့ လူအများစုနဲ့ သြဇာရှိ ဘုန်းတော်ကြီးတွေ ကိုယ်တိုင်လိုလားတဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ဖို့ကို လုံးဝ လက်မခံခဲ့ပါဘူး။  အားလုံး ခွင့်တူညီမျှ ဖြစ်စေရမယ့် ကတိကိုလည်း ပင်လုံမှာ ပေးခဲ့ပါတယ်။  နောင်မှာ တိုင်းရင်းသားများ ခွဲထွက်ချင် ခွဲထွက်နိုင်တယ်၊ ခွဲမထွက်အောင် တရားမျှတ ဆက်ဆံတဲ့ စနစ်တည်ထောင်ဖို့က ကျုပ်တို့ လူအများစု မြန်မာတွေရဲ့ တာဝန်ပဲလို့ ရဲရဲဝံ့ဝံ့ အာမခံခဲ့ပါတယ်။

လူနည်းစု ဘာသာဝင် ခရစ်ယာန်၊ အစ္စလာမ် ခေါင်းဆောင်များနဲ့ အတူလက်တွဲပြီးလည်း အလုပ်တွေအများကြီးလုပ်ပြခဲ့တယ်။  ဗိုလ်ချုပ်နဲ့ အတူ ကျောင်းသားသမဂ္ဂခေတ်ကတည်းက လွတ်လပ်ရေးအတွက် အလုပ်တွဲလုပ်ခဲ့သူ ဗကသပထမဆုံး ဥက္ကဋ္ဌက မွတ်ဆလင်ကြီး ဦးရာရှစ်ပါ။  တောင်တန်းပြည်မ အတူတကွ လွတ်လပ်ရေးယူဖို့ ဗိုလ်ချုပ်နဲ့အတူ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဦးဖေခင်ဟာလည်း အစ္စလာမ်ဘာသာကိုးကွယ်သူပါ။  အခြား ဥပမာများ မြောက်မြားစွာ ရှိပါတယ်။  သမိုင်းကို အစွဲစိတ်ကင်းကင်းနဲ့ လေ့လာကြည့်ကြပါ။

ဗိုလ်ချုပ်ရဲ့ ကောင်းဂုဏ်ရည်များထဲမှာ အဲသလို လူမျိုး၊ ဘာသာစွဲကင်း အားလုံးနဲ့ အလုပ်တွဲလုပ်၊ လူမျိုး၊ ဘာသာစုံ တရားဥပေဒရဲ့ အောက်၊ နိုင်ငံစနစ်ရဲ့ အောက်မှာ တပြေးညီဖြစ်စေချင်ခဲ့ခြင်း၊ ကိုယ်တိုင်လည်း လူနည်းစုအားလုံးရဲ့ ယုံကြည် ခေါင်းဆောင်တင်မှုခံရအောင် စံပြ နေထိုင် ပြုမူ ကျင့်သုံးခဲ့ခြင်းဆိုတာက အသိအမှတ်အပြုထိုက်ဆုံး စွမ်းရည်တခုပါပဲ။

ဒါပေမဲ့ ဗိုလ်ချုပ် ကျဆုံးခဲ့ခြင်းနဲ့အတူ ရည်မှန်းသလို မဖြစ်ခဲ့နိုင်၊ သူ့ခြေရာ သူ့လမ်းစဉ်ကို နောင်ခေါင်းဆောင်တွေ အပြည့်အဝ မလိုက်နာ နိုင်ခဲ့တဲ့ အပြင် စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးများဟာ ဗိုလ်ချုပ်ရဲ့ ခွဲထွက်ရေး သဘောထားကြီးမှု ကတိကိုတောင် အပြစ်တင် အသုံးချပြီး ပြည်ထောင်စုကြီးပြိုကွဲမှာမို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြိမ်ကြိမ် တိုင်းပြည်အာဏာကို အဓမ္မ သိမ်းယူနိုင်ခဲ့ကြတယ်။

■ ဖက်ဒရယ်မူ ဟာ ခွဲထွက်ရေး မဟုတ်

(၁၉၅၈) ဖဆပလ နိုင်ငံရေးပါတီ အကွဲမှာ အာဏာကို မြည်းစမ်းနိုင်ခဲ့တဲ့ စစ်တပ်ဟာ (၁၉၆၂) မှာတော့ တိုင်းရင်းသားအရေးကို အသုံးချ လုံးဝ စစ်အာဏာသိမ်းနိုင်ခဲ့ကြတယ်။  တိုင်းရင်းသားများတောင်းဆိုတဲ့ ပြည်ထောင်စုစစ်စစ် ဖက်ဒရယ်မူ ဖြစ်ရေး တောင်းဆိုချက်ကို ခွဲထွက်ရေး တံဆိပ်ကပ် အကြောင်းရှာခဲ့ကြတယ်။  သမိုင်းကို ဘက်မလိုက် နှစ်ဖက်လုံးက ရေးတဲ့ စာအုပ်တွေကို လှန်ကြည့်ပါ။  တိုင်းရင်းသားတွေ အဲဒီတုန်းက တောင်းဆိုတာဟာ တစ်ပြည်ထောင်သဘော ဖြစ်နေတဲ့ အခြေခံဥပဒေကို ပြင်ရေးပါ၊  ခွဲထွက်ရေး လုံးဝ မဟုတ်ခဲ့ပါ။

ဖက်ဒရယ်မူ ဆိုတာမှာ ခွဲထွက်လိုက ခွဲထွက်နိုင်တဲ့ ဆိုတဲ့ အချက်ဟာ မူအားဖြင့် ပင်လုံမှာထည့်သလိုပဲ ထည့်ခြင်းပါ။  ခွဲရေးကအဓိက မဟုတ်၊ ဘယ်လို ဆိုးအတူ၊ ကောင်းအတူ သာတူညီမျှ ပေါင်းနေမလဲဆိုတဲ့ ပင်လုံစိတ်ဓာတ်က ဖက်ဒရယ်မူရဲ့ အနှစ်သာရပါ။  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်နိုင်ခွင့်ရှိရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရှိခြင်း ဆိုတဲ့ အခြေခံမူ (၃) ချက်က ဖက်ဒရယ်ရဲ့ ပေါင်းစည်းရေးမူပါပဲ။  ဒါကို စစ်ဗိုလ်ချုပ်ကြီးများက ပြောင်းပြန်ပုံဖော်ရင်း လူအများကို ဖက်ဒရယ်နဲ့ လှည့်ရန်တိုက် ခြိမ်းခြောက်ရင်း အာဏာသက်ကို ဆွဲဆန့်နေတာ လက်ရှိတိုင်အောင်ပါပဲ။  စနစ်ဆိုး၊ တရားမဲ့ မူဝါဒနဲ့ သမိုင်းအမှားတွေကိုသာ အာဏာယစ်မူးပြီး ခေတ်အဆက်ဆက် ကျူးလွန်ခဲ့ကြတယ်။

■ စစ်အစိုးရအဆက်ဆက်ရဲ့ မူဝါဒအမှားများ

ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ကို နောက်ပိုင်း မောင်ပိုင်စီးအသုံးချခဲ့ကြတဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကောင်းမွေ စိတ်ဓာတ်ကို လုံးဝ မဆက်ခံနိုင်တဲ့ အပြင် ဖက်ဆစ်ဂျပန်စစ်တပ်ရဲ့ ရက်စက်မှု၊ အင်္ဂလိပ်အရင်းရှင်စစ်တပ်ရဲ့ ပရိယာယ်ကြွယ်ယုတ်မာမှု အစုံစုံ ဆိုးမွေတွေကိုသာ သူတို့အာဏာတည်မြဲရေးအတွက် လက်ဆင့်ကမ်းခဲ့ကြတယ်။  စစ်အစိုးရအဆက်ဆက် မြန်မာအပါအဝင် လူမျိုးစုစုံကို ဖိနှိပ်ချုပ်ခြဲ နှိပ်ကွပ်မှုခဲ့မှုများဟာ ဂျပန်စစ်တပ်ဆီက အမွေခံခဲ့တာ ဖြစ်ပြီး  တိုင်းရင်းသားသွေးစည်းညီညွတ်ရေးကို ဖြိုခွဲ အိမ်ကြက်ချင်း အိုးမည်းသုတ်ခွတ်ခိုင်းတဲ့ ဓလေ့က အင်္ဂလိပ်ဆီက ရတာဖြစ်ပါတယ်။

စစ်အာဏာရှင်များဟာ အင်္ဂလိပ်ထုံး တိုင်းပြည်မှာ မှီတင်းနေထိုင်နေသူ လူမျိုး၊ ဘာသာ မတူသူတွေကြား အချင်းချင်း အမြင် မကြည်လင်အောင်၊ မတည့်အောင် သွေးခွဲတယ်၊ ကရင်လူမျိုး တမျိုးတည်းတောင် နှစ်ဖွဲ့ကွဲအောင် ဘာသာရေး နဲ့ သပ်လျှိုပြီးမှ အနိုင်ယူခဲ့တယ်။  နိုင်ငံရေး အရ စစ်မှန်တဲ့ သဘောထား နဲ့ ဖြေရှင်းရင် ချက်ချင်း ရပ်နိုင်တဲ့ ပြည်တွင်းစစ်ကို စစ်ဝါဒရှင်သန်ရေးအတွက် မျှဉ်းမျှဉ်းဆွဲထားတယ်။ ဒီသဘောဟာ အင်္ဂလိပ်စနစ် “Divide and Rule” ပါပဲ။  အရာရာ လူမျိုးကြီး သဘောနဲ့ မြန်မာမှုပြု၊ မြန်မာအသံထွက်တွေအတိုင်း မြို့ရွာနာမည်အစက လိုက်ပြောင်း၊ ယဉ်ကျေးမှု၊ သမိုင်း၊ ပညာရေး ကဏ္ဍာစုံမှာ “Myanmarnization” လုပ်ခဲ့မှုကလည်း အင်္ဂလိပ်အင်ပါယာ နေမဝင်ခင်တုန်းက ကမ္ဘာပတ်ပြီး လူဖြူ အရှင်သခင်ကြီးများ အဖြစ် “Englishnization” လုပ်ချင်ခဲ့မှုနဲ့ အတူတူပါပဲ။

■ ဆိုးကျိုးဆက်များ

ဒါတွေရဲ့ အကျိုးဆက် တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တာမှန်ပေမဲ့ ဗိုလ်နေဝင်းနဲ့ နောက်ပိုင်း စစ်အာဏာရှင်အဆက်ဆက် ဖျက်ဆီးခြင်းခံရကာ ဝမ်းနည်းဖွယ် လူသတ်တပ်မတော် ဖြစ်ခဲ့ရသလို သူတို့ အုပ်ချုပ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးအောက်က တိုင်းပြည် ဟာလည်း ဗိုလ်ချုပ်မျှော်ရည်ခဲ့တဲ့ ပင်လုံစိတ်ဓာတ် ကတိကဝတ် အနှစ်သာရတွေနဲ့ သွေးစည်းညီညွတ် သာတူညီမျှ ပြည်ထောင်စု စစ်စစ် မဟုတ်ဖြစ်ခဲ့ရပါတယ်။  ဒီသဘောကို လက်ရှိ (၂၀၀၈) အခြေခံဥပဒေကို အခြေခံ သွားနေတဲ့ မျက်မှောက် တိုင်းပြည်နဲ့စနစ်မှာအထိ တည်ရှိနေပါတယ်။

■ ငြိမ်းချမ်းရေးခေါင်းလောင်း မဆယ်နိုင်သေး

ဒါကြောင့် အခု ပြည်ထောင်စုနေ့မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်မယ် ဆိုပြီး ငြိမ်းချမ်းရေးပွဲစားများနဲ့ ဗိုလ်ချုပ်ဟောင်းများ လေသံပစ်ခဲ့တာ မဖြစ်နိုင်ကြောင်း မျက်မြင်တွေ့ခဲ့ရပါတယ်။  ဘာကြောင့်ပါလဲ။  ဆိုခဲ့တဲ့ ဗိုလ်ချုပ်စိတ်ဓာတ်မျိုး မမွေးနိုင်လို့ပါ။  ဆိုခဲ့တဲ့ ဗိုလ်ချုပ်အလုပ် ပင်လုံဝိညာဉ်မျိုး မတည်ဆောက်နိုင်လို့ပါ။  တနည်းအားဖြင့် မရိုးသား၊ စေတနာမပါလို့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး မတည်ဆောက်နိုင်ခြင်းပါ။

နိုင်ငံရေး၊ သမိုင်းနဲ့  တိုင်းရင်းသားလူမျိုးစုရေးရာ အကြောင်းအလှမ်းဝေးသူ သာမန် မြန်မာများ (အထူးသဖြင့် လူငယ်များ) အနေနဲ့ တော်လှန်ရေးတပ်တွေအပေါ် သောင်းကျန်းသူတွေ၊ တိုင်းပြည်ကို အစိတ်စိတ်အမွှာအမွှာ ဖြိုခွဲဖျက်စီးနေသူတွေ၊ ငါတို့ အစိုးရ စစ်တပ်နဲ့ စစ်အုပ်ချုပ်ရေးကသာ တိုင်းပြည်ကို မပြိုကွဲအောင် ကာကွယ်ထားနိုင်တယ် ဆိုတဲ့ စစ်အစိုးရ အဆက်ဆက်နဲ့ မျက်မှောက် အထိ ပုံဖော် မှိုင်းတိုက်ထားမှုတွေကို နားမယောင်ကြပါနဲ့တော့လို့ ဆိုချင်ပါတယ်။  အခုခေတ်မှာ အထိုက်အလျောက် လွတ်လပ်ခွင့်ရပြီ ဖြစ်လို့ ထုတ်ဝေခွင့်ရတဲ့ သမိုင်းစာအုပ်တွေ၊ လူမျိုးစုတွေရဲ့ ခံစားချက် အသံတွေကို ကြိုးစား နားထောင် နားလည်နိုင်အောင် ကြိုးစားကြည့်ကြပါ။

လက်နက်ဆိုတာ နှစ်ဖက်လုံးက ကိုင်ထားတာ၊ စစ်ဆိုတာ နှစ်ဖက်လုံးကြောင့် တိုက်နေတာမှန်ပေမဲ့ ဒီ ပြည်တွင်းစစ်ပွဲ သက်ဆိုး ရှည်ရခြင်း၊ လူနည်းစု လူမျိုးများ လက်နက်ကိုင် တော်လှန်ရေးစရခြင်းက ဆိုခဲ့သလို ဗိုလ်ချုပ်အိပ်မက်၊ ပင်လုံရည်မှန်းချက် မပြည့်ဝခြင်းက အဓိကပါ။  ဒါပေမဲ့ ဒီအဓိကအချက်ကို မဖော်ဆောင်ဘဲ မစစ်မှန်တဲ့သဘောထားတွေနဲ့သာ ငြိမ်းချမ်းရေးကို တည်ဆောက်နေကြပါတယ်။

■ ပါမစ် ငြိမ်းချမ်းရေး

လူမျိုးစုအဖွဲ့တွေက ခေါင်းဆောင်တစ်စုကို ကားတင်သွင်းခွင့်ပေး၊ ဒေသဆိုင်ရာတွေမှာ စီးပွား မတရား လုပ်ပိုင်ခွင့်တွေပေးပြီး စနစ်မပြောင်း၊ မူမပြောင်း လူနည်းစု တိုင်းရင်းသား လူအများ ဆင်းရဲတွင်းက မထွက်နိုင်တဲ့ စီးပွားငြိမ်းချမ်းရေး တည်ဆောက်ခြင်း မလိုလားအပ်ပါ။  ဒီလို တပွဲတိုး ပေါင်းစားခိုင်းတဲ့ ငြိမ်းချမ်းရေးမျိုးဟာ တိုင်းပြည်မှာ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့၊ တကယ် လူထုဘဝ ငြိမ်းချမ်းမှု မရခဲ့တာ နဝတ၊ နအဖ အဆက်ဆက် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ခြင်း ဖြစ်စဉ်တွေက သက်သေပါ။

■ သေနတ်ထောက် ငြိမ်းချမ်းရေး

ငါပြောတဲ့ အတိုင်းလိုက်လုပ်၊ လက်နက်တွေစွန့်၊ ငါတို့ လက်အောက်ဝင်၊ နယ်ခြားစောင့်တပ် အဖြစ်နေ၊ အခွင့်အရေးလည်းပေးမယ် ဆိုပြီး ခြိမ်းခြောက်သေနတ်ထောက် ငြိမ်းချမ်းရေး မျိုးလည်း မလိုလားအပ်ပါ။  ဒီဖြစ်စဉ်ကနေ ပြည်သူအပေါ် တရားဝင် အနိုင်ကျင့်ခွင့်ရသွားတဲ့ လက်နက်ကိုင်အုပ်စုငယ်တွေကိုသာ မွေးထုတ်ပေးပြီး သက်ဆိုင်ရာ ဒေသတွေမှာ မင်းမူပါတော့တယ်။  (၂၀၀၈) ဖွဲ့စည်းပုံကို လက်ခံ နအဖ ခေတ်က ကမ်းလှမ်းချက် နယ်ခြားစောင့်တပ်ကို လက်ခံခဲ့တဲ့ ဒေသတွေက အမျိုးအမည် မဖော်နိုင်တဲ့ လူသတ်၊ အကြမ်းဖက်၊ လုယက်၊ ပစ္စည်းယူမှု ရာဇဝတ်မှု ဖြစ်စဉ်တွေက သက်သေပါ။

■ အမှည့်ခြွေ ငြိမ်းချမ်းရေး

နောက်ထပ် မလိုချင်တဲ့  ငြိမ်းချမ်းရေး တခုကတော့ ခေါင်းဆောင်တချို့၊ အုပ်စုတချို့ကို သပ်လျှိုပြီး ခွဲထွက်ခိုင်း၊ လုပ်ပိုင်ခွင့်ပေး လက်နက်စွန့်ခိုင်းပြီး လူမျိုးစုတပ်တွေကို အင်အားချည့်နဲ့စေတဲ့ ငြိမ်းချမ်းရေးနည်းပါ။  ရေရှည်အတွက် နှစ်ဘက်စလုံးအတွက် တိုင်းပြည် အတွက် အကျိုးမရှိပါ။  အဲသလိုနည်းတခုအဖြစ် ဘာသာရေးမှိုင်းတိုက်ပြီး နဝတ ခေတ်မှာ ဖဲ့ထုတ်ခဲ့တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့နဲ့ နောက်ဆုံးမှာ စစ်ပြန်တိုက်နေတာက သက်သေပါ။

■ နိဂုံး

ဆိုခဲ့သမျှ မလိုချင်တဲ့ ငြိမ်းချမ်းရေး အားလုံးကို မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့သလို အခု အစိုးရသစ် စစ်တပိုင်းခေတ်မှာလည်း ဒီလမ်းစဉ်အတိုင်း လျှောက်နေလို့ ငြိမ်းချမ်းရေးဟာ ရန်ကုန်မြစ်ထဲက ခေါင်းလောင်းကြီးလို ပေါ်တော်မူမလာနိုင်၊ ထူးမခြားနားဇာတ်ခင်းနေတာပါ။  ဒါကြောင့် အခုလို ဗိုလ်ချုပ်ရာပြည့်နဲ့ ပြည်ထောင်စုနေ့ အချိန်အခါမှာ ဒီမိုကရေစီ အမြစ်တွယ် ငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောင်ကာ တိုင်းပြည်ရေရှည် ဖွံ့ဖြိုးတိုးတက်ချမ်းသာလိုတယ်ဆိုရင် သမိုင်းက အလုပ်မှား၊ မူဝါဒအမှားတွေကို စွန့်ခွာ၊ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုတဲ့ အတ္တတွေကို နှစ်ဖက်လုံးက စွန့်ဖို့လိုသလို လူအများစု မြန်မာများနဲ့ အစိုးရအဖွဲ့ကလည်း ဗိုလ်ချုပ်လို သဘောထားကြီး စေတနာမှန်ကြောင်း ပြသဖို့ မဖြစ်မနေလိုနေပါတယ်။  လူမျိုးစုအားလုံး ခွင့်တူညီမျှဝါဒဖြူစင် ရရှိ ခံစားရတဲ့ တိုင်းပြည် အမှန်ဖြစ်ဖို့ရာ (၂၀၀၈) အခြေခံဥပဒေကို ပြင်၊ “ဗိုလ်ချုပ်ရဲ့ပင်လုံစိတ်ဓာတ်” ကို တိုင်းပြည်ရဲ့ စနစ်၊ မူဝါဒတွေမှာ အမှန်တကယ် ထည့်သွင်း ဖော်ဆောင်ဖို့ အရေးတကြီးလိုနေကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ် ခင်ဗျာ။

ငြိမ်းချမ်းအေး

၀၉ ဖေဖော်ဝါရီ၊ ၂၀၁၅ (စာပြီးရက်စွဲ)

(Friday Times News Journal အတွဲ (၁)၊ အမှတ် (၁)၊ ဖေဖော်ဝါရီ (၁၃) သောကြာနေ့ထုတ်တွင် မူလ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခ တွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်ပါသည်။)

××××××××××××

မှတ်ချင် — မန္တလေးကနေ အသစ်ထုတ်ဝေတဲ့ Friday Times  သတင်းဂျာနယ်မှာလည်း ကျနော် အချိန်ပေးနိုင်သလောက် ပုံမှန်ရေးပါမယ်။ အပတ်စဉ် သောကြာနေ့တိုင်းဖြန့်တယ် ဆိုပါတယ်။  ရန်ကုန်မှာလည်း ဖြန့်ချိပါတယ်။  စိတ်ဝင်စား နီးစပ်သူများ အားပေးနိုင်ပါတယ်။

Friday Times News Journal Facebook:

https://www.facebook.com/pages/Friday-Times-News-Journal/714912165290510

ခေါင်းစီးဓာတ်ပုံ – ဓာတ်ပုံဆရာ မသိ၊ မူရင်း အမျိုးမျိုး (မူပိုင်ခွင့်မဲ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – ဗိုလ်ချုပ်ရဲ့ပင်လုံစိတ်ဓာတ်ကို အတုယူပါ
  1. ကျေးဇူးတင်ပါတယ်။ … မီဒီယာကတော့ ပင်လုံညီလာခံကို မြစ်ဆုံမှာလုပ်နိုင်မဲ့နေ့ကို မျှော်လင့်စောင့်စားနေပါတယ်။ ဒုက္ခသည်စခန်းနဲ့၊ ပြည်နယ်တိုင်း မြန်မာ့ကျေးရွာများကို တစ်လလောက် သွားလည်ပတ်၊ နားထောင်ကြည့်ရင်တော့ ..လက်တွေ့ ဖက်ဒရယ်မူ အကောင်ထည်ဖေါ်ဖို့ ပိုပြီးနားလည်လာမှာပါ၊ ပြည်နယ်တိုင်း- မြန်မာလူကြီးတွေက နှုတ်မိန့်ရမှလုပ်ရဲတာ၊ လူငယ် ကျောင်းသားတွေက ဖက်ဒရယ်မူ-လုပ်သင့်တာကို ဥပဒေဘောင်အတွင်းက လုပ်ကြပါတယ်။ လူငယ်ကျောင်းသားတွေက စာပိုပြီး ဖတ်အားကောင်းပါတယ်။

  2. ဘာမှမထူးဘူး အတူတူပဲ တိုင်းရင်းသားလူမျိုး​တွေရဲ့
    အခွင့်​အ​ရေး တန်းတူမရကြဘူး ဘာမှမ​ပြောနဲ့

Comments are closed.