ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဒီမိုကရေစီကို အိုးမည်းသုတ်သူများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ငြိမ်းချမ်းအေး – ဒီမိုကရေစီကို အိုးမည်းသုတ်သူများ

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ (၂)

သပိတ်မှောက်ကျောင်းသူပုံ ဂုဏ်ပြုတင်ချင် တင်ပါ။  မဆိုင်တဲ့ အခြား မိန်းကလေးငယ်တဦးရဲ့ ဓာတ်ပုံနဲ့တွဲ တန်ဖိုး ဆိုပြီး ဆုံးမသလိုလို၊ သရော်သလိုလို လုပ်စရာမလိုပါ။

လူတယောက်ရဲ့ ဘဝမှာ လွတ်လပ်တဲ့ ဘဝနေထိုင်မှု ရွေးချယ်ခွင့်ရှိတယ်။  တန်ဖိုးထားမှုတွေ ကွဲပြားနိုင်တယ်။  ခမောက်မဆောင်းဘဲ အတိုအပြတ်ဝတ် အလှအပနဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းရုံနဲ့ လူ့တန်ဖိုးမဲ့မသွားပါဘူး။  ကျင့်ဝတ် သီလ ယုတ်လျော့မသွားပါဘူး။

တစိမ်း မိန်းမပျို တယောက်ရဲ့ စာမျက်နှာက ဓာတ်ပုံ ကို ယူ မတော်တဲ့ နည်းနဲ့ အသုံးချတဲ့ တန်ဖိုးယှင်ပြချင်သူ ဆိုတဲ့ ယောက်ျားရဲ့ အဆင့်အတန်းထက် သူ့ဘာသာ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းကလေးငယ်က တန်ဖိုးရှိ၊ အဆင့်အတန်းမြင့်ပါတယ်။

ဒါမျိုး စိတ်ဓာတ်၊ အကျင့်တွေနဲ့ ဒီမိုကရေစီကို မလိုလားကြပါနဲ့။  အောက်တန်းကျတဲ့ ဒီမိုကရေစီပဲ ရမယ်။  ကိုယ့်လုပ်ရက်ကို ဒီမိုကရေစီ ဖြစ်ထွန်းမှုကို အကျိုးမပြုနိုင်၊ ကိုယ့်ရဲ့ အညစ်အကြေး စိတ်ဓာတ်ကြောင့် အိုးမည်းပဲ ပေစေတယ်။  အွန်လိုင်းက စစ်ဘောမ ဒူးမနာသားတွေရဲ့ ကဲ့ရဲ့ လက်ညှိုးထိုးမှုပဲ ပြန်ခံရမယ်။

ဟိုတရက်ကပဲ မှူးဇော်က စကားလုံးကြီးတွေနဲ့ မင်းအောင်လှိုင် ဓာတ်ပုံကိစ္စ ပြန်ချေပ ပြောခဲ့တာမလား။  အဲ့ဒါမျိုး ဖြစ်ရပ်တွေက နိုင်ငံရေး အသိမဲ့သူ သာမန် လူ့မလိုင်နဲ့ လူလတ်တန်းစား တွေကို ယုံထင်ကြောင်ထင်ဖြစ်စေ၊ စစ်ဘောမစေတယ်။

ဒီလို ပုဂ္ဂိုလ်ရေး ထိခိုက်မှုတွေ၊ သူတပါးရဲ့ အခွင့်အရေး၊ သိက္ခာကိုချနင်းပြီး ထင်ပေါ်အောင်လုပ်မှုတွေကိ ဒီမိုကရေစီကို ချစ်ရာ မရောက်၊ နှစ်ရာရောက်စေတယ်။  Backfire ကိုယ့်ရှုးကိုယ်ပြန်ပတ် ပြောင်းပြန် အကျိုးသက်ရောက်စေတယ်။

အသိတရားရှိကြပါ။  ကိုယ့် ဆီမှာ အဲဒါမျိုး ပို့စ်တွေ မမျှဝေပါနဲ့။  သူများလာချိတ်ရင်လည်း လက်မခံပါနဲ့။  ဒါဟာ တနိုင် ဗမာပြည် ဒီမိုကရေစီကောင်းကျိုး ထမ်းရွက်ခြင်းပါ။

လူငယ်တွေကို နိုင်ငံရေး စိတ်ဝင်စားစေချင်သလား။

ခုတိုင်းပြည်မှာ ရှေ့တန်းရောက် ရေပန်းစားနေတဲ့ တတိယအုပ်စုလမ်း ရွှေရည်စိမ် ဒီမိုကရေစီ၊ စစ်လွှတ်တော် နိုင်ငံရေး၊ တမတ်သားလည်း လက်ခံလိုက်ပါ စတဲ့ ဈေးပေါင်ကျိုး မီးကျိုးမောင်းပျက်တရားတွေကိုသာ  ပျောက်အောင်တိုက်ပါ။  အဲဒီလမ်းစဉ်ထက် နိုင်ငံရေးကို သေအောင် သေနေတဲ့ လမ်းစဉ်မရှိပါ။

ဒီလမ်းစဉ်အခု လူထုကြား လွှမ်းမိုးနေတော့ သမိုင်းတလျှောက်လုံး နိုင့်ငံ အရေးကို ဦးဆောင်လာတဲ့ ကျောင်းသား အုပ်စု လမ်းပေါ်ရောက် နိုင်ငံရေးလမ်းကြောင်း ဖော်ဆောင်၊ အခြေခံ လူထုက ဒီလောက် သောင်းသောင်းဖြဖြ ပူးပေါင်းနေတာတောင်မှ နိုင်ငံရေး ပရောယ ဝင်မှာ စိုးရိမ်မိပါတယ်၊ ကျောင်းသား စာသင်ခန်းထဲပဲ နေသင့်ပါတယ် ဆိုပြီး မကျက်တကျ ပြုတ်မနူး  လူကြီး လူလတ်များ အောက်ကလိအာသံညံနေတာမလား။  ဒီထက် နိုင်ငံရေးသေတာ တိုင်းပြည်မှာ ဘာရှိမလဲ။

နိုင်ငံရေးသင်းကွပ်ခံ မျိုးဆက် က ဆယ်ကျော်သက်အရွယ် သူ့ဘာသာ သူ့စာမျက်နှာမှာ အလှဓာတ်ပုံတင်တာက ဘာ ဆန်းသလဲ၊ ဘယ်သူ့ကို ထိခိုက်သလဲ။

လူ့တဦးချင်းရဲ့ လွတ်လပ်ခွင့် နဲ့ သူတပါး အခွင့်အရေး၊ သိက္ခာ ကိုတောင် မစောင့်စည်း၊ မထိန်းသိမ်းနိုင်ဘဲ ကျင့်ဝတ်မဲ့ပြီး သူများကို နိုင်ငံအရေး၊ ဒီမိုကရေစီ အရေး စိတ်ဝင်စားအောင် ဘယ်လို လှုံ့ဆော် နိုင်မလဲ။

ဒီမိုကရေစီ လိုလားသူ မှန်ရင် လူသားကျင့်ဝတ်၊ လူသားအခွင့်အရေးနဲ့ ပတ်သက် ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ စံတန်ဖိုး တွေ မှတ်ကျောက်တင်ခံ စံချိန်မီ အပြည့် ရှိရမယ်။

ဒီလိုမဟုတ်ဘဲ ဒီမိုကရေစီ အော်နေသရွေ့ စစ်တပ်ပေးတဲ့ နွားမရွှံ့ပိတ် ကျပ်မပြည့် တန်းမမီ ဒီမိုကရေစီ အတုပဲ ရမယ်။

ဘာသာ၊ လူမျိုး၊ အသားအရောင်၊ လိင်၊ လိင်တိမ်းညွတ်မှု ကွဲပြားမှု အားလုံးကို တပြေးညီ တန်းတူ ထားနိုင်တဲ့ လူ့အခွင့်အရေး မြတ်နိုးသူ၊ ကျား-မ တန်းတူ ညီမျှရေး လိုလားသူ၊ လူနည်းစု အခွင့်အရေး ကာကွယ်သူ၊ အဖိနှိပ်ခံတွေဘက်က အမြဲ ရပ်ပြောသူပဲ ဖြစ်ပါစေ။

ဒါမှမဟုတ်ဘဲ နို့ပေါ် ပေါင်ပေါ် ရုံနဲ့ လူသားတန်ဖိုးကို ဈေးဖြတ်ချင်တဲ့ ကျားကြီး ဝါဒီ အမျိုးသမီးဖိနှိပ်လိုသူများ၊ လူမျိုး/ဘာသာကွဲ ဆိုတာနဲ့ အမြင်မကြည် စိတ်အစာမကျေချင်တဲ့ လူမျိုးကြီးဝါဒီများ၊ လိင်တူချစ်သူ အမုန်း အကြောက် ရောဂါ အသံ၊ အပြော၊ အလုပ်တွေ အပြည့်နဲ့ ရင်ဘတ် တထွာ၊ ဦးနှောက် တမိုက်လူများ၊ လူတန်းစား ခွဲခြား ဆင်းရဲသား အလာဂျစ် ရှိသူများ ဆိုရင် ဒီမိုကရေစီ နာမည်မခံကြပါနဲ့။

ဒါဟာ ဒီမိုကရေစီကို အိုးမည်းသုတ်ကြခြင်းပါ။  တဦးချင်း ဆင်ခြင် ထိန်းသိမ်း အသိတရား ကပ်ရင်းနဲ့ ဒီမိုကရေစီ လူ့ဘောင်လောက တည်ဆောက်နိုင်ကြပါစေ။

ငြိမ်းချမ်းအေး

ဇန်နဝါရီ ၃၁၊ ၂၀၁၅

မှတ်ချက် — ဒီမိုကရေစီ အနှစ်သာရ သဘောကို နားမလည် မကျင့်သုံးနိုင်ဘဲ ဒီမိုကရေစီကို ဈေးပေါအောင် လုပ်နေသူများနဲ့ လုပ်ရပ်များအကြောင်းကို “ဒီမိုကရေစီကို ဈေးဖျက်ကြသူများ” ခေါင်းစဉ်အောက်မှာ မြင်သလောက် ဆက်ရေးသွားဖို့ ကြိုးစားပါမယ်။  ဒါဟာ အခုလောလောဆယ်မှာ ကျနော်လုပ်ပေးနိုင်တဲ့ အသေးငယ်ဆုံး အလုပ်တခုပါပဲ။

ဆက်စပ်ဆောင်းပါးဟောင်း “ဒီမိုကရေစီကို ဈေးဖျက်ကြသူများ” (၁) ပြန်ဖတ်လိုပါက — 

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ

@http://moemaka.com/archives/41156

 

http://www.moemaka.blogspot.com.au/2014/12/blog-post_61.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts