ဖိုးထက် ရသဆောင်းပါးစုံ အတွေးအမြင် ခေတ်ပြိုင်အတွေ့အကြုံ

ဖိုးထက် – Bucket List အိပ်မက်

 
ဖိုးထက် – Bucket List အိပ်မက်
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅
 
နီဂရိုးမင်းသားကြီး Morgan Freeman သရုပ်ဆောင်သည့် ရုပ်ရှင်ဇာတ်လမ်းများသည် အများအားဖြင့် ပစ္စလက္ခ အချိန်ကုန်ရသော ဇာတ်လမ်းတွေ မဟုတ်။ အရုပ်ဆိုးသလောက် သရုပ်ဆောင် ပိုင်သည်။ နိုင်သည်။ မနေ့က သူနဲ့ Jack Nicholson သရုပ်ဆောင်သည့် Bucket List ကို ပြန်ကြည့်မိသည်။ အရင်က တစ်ခါ ကြည့်ဖူးသည်။ အခုတစ်ခေါက်မှာတော့ နားလည်မှုပိုတိုးစေဖို့ subtitle ပါ ရှာပြီး ကြည့်မိသည်။ Bucket List။ မသေခင် လုပ်ရမယ့် စာရင်း။ ဒါမှ မဟုတ် အပြီးလုပ်သွားရမည့် ကိစ္စ ၀ိစ္စများ။ နိုင်သလောက် ဘာသာပြန်ကြည့်တာ အဓိပ္ပါယ်က ဖောင်းပွနေသည်။ရှိစေတော့။
 
ဇာတ်လမ်းထဲမှာ ဖရီးမင်းကြီးက ကားစက်ပြင်ဆရာ။ ဂျက်နီကိုးလ်ဆင်က မီလျှံနာ သူဌေး။ ဖရီးမင်းက မချမ်းသာပေမယ့် မိသားစုဘ၀ ရှိသည်။ သားနဲ့ ၊ မြေးနဲ့ ၊ သူ့ကို ချစ်ခင် လေးစားသော မိန်းမနဲ့။ ဟို မီလျှံနာကတော့ ပိုက်ဆံနဲ့ အလုပ်က လွဲလို့ ဘာမှ မရှိ။ သူ့ရဲ့ တစ်ဦးတည်းသော သမီးကိုသော်မှ သူ့အားနည်းချက်တွေနဲ့ သူမို့လို့ သွားမတွေ့ရဲသော ဘ၀။ ဘ၀ဖြတ်သန်းပုံတွေက အရှေ့နဲ့ အနောက်။ တောင်နှင့် မြောက်။ သို့သော် သူတို့နှစ်ဦးကြားမှာ လာပြီး တူနေသော အချက်တစ်ချက်ရှိသည်။ ကင်ဆာနောက်ဆုံး အဆင့်။ နောက် ခြောက်လခန့်ဆိုလျှင် သေကြရတော့မည်။ ဆေးရုံပေါ်မှာ ကုတင်ဘေးချင်းကပ်ရပ်။  တစ်ယောက်ရောဂါကို တစ်ယောက်က နားလည်စာနာရသော အခြေအနေ။ 
 
ကားဝပ်ရှော့ဆရာက ဆေးရုံပေါ်မှာ သူလုပ်ချင်သည့် စာရင်းတွေကို ချရေးသည်။ ကောင်းကင် ဒိုက်ဗင်ထိုးရန်။ သူအကြိုက်ဆုံး ကားနှင့် ကားပြိုင်ရန်။ မျက်ရည်ထွက်သည်အထိ ရီရန်။ ငိုရန်။ စသည် စသည်။ နေ့သေမလား၊ ညသေမလား မသိရသော အခြေအနေမှာ အိပ်မက်တွေကို ချရေးသည့် သဘော။ သူ့စာရင်းကို ကြည့်ပြီး ဘ၀ကို ခပ်ရှုပ်ရှုပ် ဖြတ်သန်းခဲ့သည့် မီလျှံနာက တွေ့တော့ သူလုပ်ချင်တာတွေပါ ထပ်ပေါင်း ချရေးသည်။ သူထပ်တိုးသည့် စာရင်းထဲမှာ သူ့အသက်အရွယ်နှင့် ဘယ်လိုမှ မဖြစ်နိုင်တော့သည့် စာရင်းတွေပါသည်။ ကမ္ဘာပေါ်မှ အလှဆုံး မိန်းကလေးကို နမ်းရန်တဲ့။ 
 
ဒီလိုနဲ့ မီလျှံနာနှင့် ကားပြင်ဆရာတို့ နှစ်ဦးပေါင်းပြီး Bucket list အတိုင်း လိုက်လုပ်ကြသည်။ မသေခင် ဘာလုပ်ကြမလဲ။ ခပ်တိုတိုဘဲ ဆိုကြပါစို့ရဲ့။ ဘ၀အဓိပ္ပါယ်ကို ရှာတွေ့ဖို့ ကြိုးစားခဲ့ကြသည်။ ငွေအဓိကလား။ ချစ်ခြင်း မေတ္တာ ဖေးမ ကူညီမှုတွေက အဓိကလား။ မီလျှံနာကတော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးက မွေးသည့် သူ့မြေးမလေးကို နမ်းရှုပ်ပြီး “ကမ္ဘာပေါ်မှ အလှဆုံး မိန်းကလေးကို နမ်းရန်” ဆိုသည့် စာရင်းကို ဖြည့်ဆည်းနိုင်ခဲ့သည်။
 
Bucket list ကို ကြည့်ပြီး ကျွန်တော် အရူးထကြည့်သည်။ ကျွန်တော် လုပ်ချင်တာတွေ ချရေးကြည့်သည်။ ရန်ကုန်-မန္တလေး ခြေလျင် (သို့) စက်ဘီး စီးရန်။ မွေးရပ်မြေသို့ တစ်ခေါက်ပြန်ရန်။ အမသုံးယောက်နှင့် ကျွန်တော် ချည်းသာ ခရီးထွက်ရန်။ ပူတာအိုမှာ ဒီဇင်ဘာလတစ်လလုံး နေရန်။ ကော့သောင်းအငူပေါ်သို့ တက်ကြည့်ရန်။ ရွှေလီနယ်စပ်မှာ တစ်ဖက်နိုင်ငံသို့ လှည့်ပြီး အပေါ့အပါးသွားရန်။ ကိုယ့်အမှားတွေကို ထောက်ပြပြီး စုတ်ပြတ်သတ်အောင် ပြောတတ်သည့် လူရှေ့မှာ သူ့ကို မေတ္တာပွားကြည့်ရန်။ အမေ့ကို မျက်ရည်ထွက်အောင် ရီ (ရယ်) ရသည်အထိ စရန်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သောနေ့မှာ ရှစ်ပါးသီလ စောင့်ရန်။ မြန်မာပြည်စစ်တပ်နှင့် မြန်မာပြည်သူလူထု အပြန်အလှန် လေးစားယုံကြည်ကြသော နေ့မှာ အရက်အမူးသောက်ပြီး အချစ်ဆုံး သူငယ်ချင်းတွေနှင့် အပြေးပြိုင်ရန်။
 
လုပ်ချင်သည့် အိပ်မက် စာရင်းတွေက အများကြီးထွက်လာသည်။ ပြန်ပြီး စီစစ်ဖို့လိုလာသည်။ ကိုယ့်အမှားတွေကို  စုတ်ပြတ်သတ်အောင် ကိုယ့်ရှေ့မှာ လာပြောတတ်သည့် လူကိုကျတော့ တကယ်ရော မေတ္တာထားနိုင်ပါ့မလား။ ကျန်းမာပါစေ ချမ်းသာပါစေ။ သူပြောတာ အမှန်တွေချည်းဘဲလို့ စိတ်ထားနိုင်ပါ့မလား။ သံသယ၀င်သည်။ လူဆိုတာ မာနသတ္တ၀ါ။ ဘုရား နှင့် ရဟန္တာမှ လွဲပြီး မာန်မာန မရှိသော သူဆိုတာ မရှိလို့ ဆိုထားသည်မို့လား။ ကျွန်တော့်မာန်မာနကို ထိလာရင် ခံနိုင်ရည် ရှိပါ့မလား။ မသေချာတာကို မလုပ်တာကောင်းသည်။ ရှိစေတော့။ ပြန်ဖျက်လိုက်သည်။
 
ရန်ကုန်-မန္တလေး ခြေလျင်ခရီးထွက်ရန်ဆိုသည့် ကိစ္စကတော့ ဖြစ်နိုင်သည်။ သို့သော် ဆန္ဒပြကျောင်းသားလေးများနှင့် ကျွန်တော်က ရည်ရွယ်ချက်ခြင်းကွာသည်။ ရွှေနဲ့ အီး။ မိုးနဲ့ မြေကြီး။ သူတို့က တရားမျှတမှုကို လိုချင်သည့်အတွက် ခြေလျင် လျှောက်သည်။ ခေတ်ကြီး စနစ်ကြီး တစ်ခုလုံးကို ပြောင်းလဲ ပြစ်ခဲ့ဖို့ ခြေထောက်တွေမှာ ပါတ်တီးတွေပါတ်ပြီး ခြေသည်သာလျှင် အားကိုးရာ ရှိတော့သည့် ကိစ္စကို လုပ်သည်။ ကျွန်တော်ကတော့ လမ်းလျှောက်ဖြစ်ခဲ့လျှင် ဆေးတွေ ၀ယ်သွားရမည်။ ခြေထောက်သက်သာဖို့ လမ်းလျှောက်ဖိနပ် ကောင်းကောင်းဝယ်ရမည်။ ရည်ရွယ်ချက်ချင်းက အတ္တဟိတ။ ပရဟိတ္တ။ မတူ။ လုံးဝမတူ။ လူတိုင်းမှာ အိပ်မက် ကိုယ်စီ ရှိကြပေမယ့် အများအတွက် အိပ်မက်လား။ ကိုယ့်အတ္တအတွက် အိပ်မက်လား။ ဒီလိုတွေ ကွာခြားကြလို့လဲ ကျွန်တော်တို့မှာ ပြဿနာတွေ သောင်းခြောက်ထောင် ဖြစ်နေသည် မဟုတ်လား။
 
ပူတာအိုမှာ ဒီဇင်ဘာတစ်လလုံး နေကြည့်ရန်ဆိုသည့် bucket list ကတော့ နည်းနည်းရူးသည်လို့ ဆိုချင်ဆို။ ဆရာမဂျူး၏ တိမ်နှင့် ချည်တဲ့ကြိုး ကိုဖတ်ပြီးကတည်းက တိမ်တွေ ကိုယ့်ခြေထောက်ကို ပွတ်သီး ပွတ်သပ် ဖြတ်သန်းသွားသည့် အရသာကို ခံစားချင်သည်။ အရိုးကွဲအောင် အေးသည့် လေတွေကြားထဲမှာ တိမ်တွေကို အပေါ်စီးက ကြည့်ချင်သည်။ လုပ်မယ်ဆို လုပ်လို့ရသည့် အိပ်မက်။
 
ရွှေလီနယ်စပ်မှာ အပေါ့အပါးသွားရန်ဆိုသည့် အိပ်မက်ကတော့ အမုန်းစိတ်တွေ များလွန်းနေသည်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရမည့် ကိစ္စမှာ သူတစ်ဖက်သားကို အမုန်းစိတ်တွေ အမုန်းစိတ် ပွားနေမိတာ ကောင်းသော အရာတော့ မဟုတ်။ ကိုယ်ညံ့လို့ ကိုယ်ခံကြရသော ကိစ္စတွေအတွက် အမုန်းစိတ်ပွားနေမိတာ သိပ်တော့ မနိပ်။ ဒါကြောင့် ပြန်ဖျက်လိုက်သည်။ ရှိပါစေတော့။
 
အမသုံးယောက်နှင့် ကျွန်တော် ချည်းသာ ခရီးထွက်ရန် ဆိုသည့် ကိစ္စကျတော့ ကျွန်တော့်ဘက်ကရသည်ထားအုံး။ သူတို့ သုံးယောက်က အားပါ့မလား။ လိုက်နိုင်ပါ့မလား။ ငယ်ငယ်က ရန်ဖြစ်ခဲ့ကြသလောက် ကြီးမှ အလွန်ချစ်နေကြသည့် ကျွန်တော်တို့ မောင်နှမလေးယောက်ကို သားတွေ၊ သမီးတွေ၊ အိမ်ထောင်ဖက်တွေက နားလည်မှု ပေးနိုင်ပါ့မလား။ မောင်နှမသံယောဇဉ်တွေထက်ပိုသော သံယောဇဉ်တွေ ကျွန်တော်တို့မှာ ရှိနေကြသည် မဟုတ်လား။ ဒီ စာရင်းကိုတော့ မဖျက်ပြစ်သေးဘဲ အမတွေနှင့် ပြန်တိုင်ပင်ဖို့ ဆုံးဖြတ်လိုက်သည်။ 
 
အမေ့ကို မျက်ရည်ထွက်သည်အထီ ရီ(ရယ်)ရရန် စရန်ဆိုသည့် ကိစ္စကတော့ ဖြစ်နိုင်ချေရှိသည်။ ဒါပေသိ အမေကလဲ သူ့မြေးတွေကိုဘဲ ကမ္ဘာထင်နေသည်။ သူ့မြေးတွေကလွဲပြီး ကျန်တာ ဖွဲ၊ ဆန်ကွဲ ဖြစ်နေသော အမေ့ကို ပျော်အောင်၊ ရီအောင် စနိုင်ဖို့ ကျွန်တော် တတ်နိုင်ပါအုံးပါ့မလား။ ကြိုးစားကြည့်ဖို့ သင့်သည့် အိပ်မက် တစ်ခုသာ။ အလဟဿမဖြစ်မည့် ကြိုးစားကြည့်သင့်သော အိပ်မက် တစ်ခုဖြစ်သည်။ 
 
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်သည့်နေ့ နှင့် စစ်တပ်နှင့် ပြည်သူလူထု တစ်သွေး တစ်သားတည်း ဖြစ်သည့်နေ့ တွေအတွက်တော့ ကျွန်တော် ပြန်ဖျက်လိုက်သည်။ 
 
အားငယ် စိတ်ပျက်တတ်သည့် အကျင့်သည် အားငယ် စိတ်ပျက်သည်ထက် ပိုဆိုးသည် မို့လား။ ကျွန်တော်တို့၏ အားငယ် စိတ်ပျက်တတ်သည့် အကျင့်ကြီးကို ကျွန်တော်တို့ အစိုးရ အဆက်ဆက်က မွေးမြူပေးခဲ့သည်မို့လား။ ရှစ်ပါးသီလလည်း စောင့်ရမည် မထင်။ သူငယ်ချင်းတွေနှင့် မူးမူးရူးရူး အပြေးပြိုင်ရမည်လည် မထင်။ 
 
ကျွန်တော့် Bucket List ကို ကျွန်တော် ပြန်ဖတ်ကြည့်ရင်း တစ်ယောက်တည်း သဘောတွေ အကျကြီး ကျနေမိသည်။ ကျွန်တော့်အိပ်မက်တွေကို ပြန်ကြည့်ရင်း လုပ်ကို လုပ်အုံးမှာလို့ အားတင်းမိသည်။ အများအကျိုးအတွက် တစ်ခုမှ မပါပေမယ့် အများထိခိုက် ပွန်းပဲ့စေသော စာရင်း တစ်ခု မဟုတ်တာတော့ သေချာသည်။ 
 
စာဖတ်သူလည်း အချိန်ရလျှင် Bucket List တစ်ခုလောက် ချရေးကြည့်စေချင်သည်။ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်တာဝန်ယူဖို့သာ လိုသည်။ အများကို မထိခိုက် မပွန်းပဲ့သွားစေဖို့သာလိုသည်။ အတ္တ မာန်မာနတွေနှင့် ချရေးလိုက်သော မသေခင် လုပ်ချင်သည့် စာရင်း တစ်ခု မဖြစ်ရင်ကိုဘဲ ဒီဘ၀ကို အောင်မြင်ပြီလို့ စိတ်ချ လက်ချ ယုံကြည်စေချင်သည်။ ဖြစ်နိုင်သည့် စာရင်းတစ်ခုဖြစ်လာမည် ဖြစ်သည်။
ဖိုးထက်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – Bucket List အိပ်မက်

Comments are closed.