ကဗျာ

မှိုင်းခေတ်အောင်(ရေကျော်) – “ ၀ိညာဉ်တော်များထံ အပ်နှံခြင်း”

မှိုင်းခေတ်အောင်(ရေကျော်) – “ ၀ိညာဉ်တော်များထံ အပ်နှံခြင်း”

(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၅

သူငယ်ချင်း

ဒေါင်းအလံကိုကိုင်ပြီး

သွေးသောက်လိုက်စမ်းပါ

ဒေါင်းဝိညာဉ်တွေက

မင်းအသည်းကိုဆုပ်ကိုင်လိုက်တဲ့အခါ

မင်း ဘယ်လိုဖြေမလဲ သူငယ်ချင်း ….

သူငယ်ချင်း

ဒေါင်းအလံကိုကိုင်ပြီး

သွေးသောက်လိုက်စမ်းပါ

တော်လှန်ဝိညာဉ်တွေက

မင်းနှလုံးအိမ်ကို ၀င်စီးလာတဲ့အခါ

မင်းဘယ်လိုဖြေမလဲ သူငယ်ချင်း ….

သူငယ်ချင်း

ဒေါင်းအလံကိုကိုင်ပြီး

သွေးသောက်လိုက်စမ်းပါ

၇၄- နောင်တော်ကြီးတွေနဲ့

ဆလိုင်းကိုတင်မောင်ဦးတို့ရဲ့ဝိညာဉ်တွေက

မင်း အိပ်မက်တွေကိုလှုပ်နိုးလိုက်တဲ့အခါ

မင်းဘယ်လိုဖြေမလဲ သူငယ်ချင်း ….

သူငယ်ချင်း

ဒေါင်းအလံကိုကိုင်ပြီး

သွေးသောက်လိုက်စမ်းပါ

ဟယ်ရီတန်နောင်တော်ကြီးတွေက

မင်းကို အိပ်ရာကလန့်နိုးထလာအောင်

သူတို့ဝိညာဉ်မျက်ရည်တွေနဲ့

မင်းကိုဝိုင်းကြည့်လာကြတဲ့အခါ

မင်းဘယ်လိုဖြေမလဲသူငယ်ချင်း ….

သူငယ်ချင်း

ဒေါင်းအလံကိုကိုင်ပြီး

သွေးသောက်လိုက်စမ်းပါ

၇၆ -အလုပ်သမားကြီးတွေက

ယိုင်လဲမတတ် ယိုယွင်းနေတဲ့အိမ်အိုကြီးကိုပြုပြင်ဖို့

သူတို့ဝိညာဉ်တွေ စုဝေးရောက်လာကြတဲ့အခါ

မင်းဘယ်လိုဖြေမလဲ သူငယ်ချင်း ….

သူငယ်ချင်း

ဒေါင်းအလံကိုကိုင်ပြီး

သွေးသောက်လိုက်စမ်းပါ

၆၂  သမဂ္ဂအဆောက်အဦ

ဖြိုချခံခဲ့ရတာကိုပြန်တည်ဆောက်ဖို့ 

သူတို့ဝိညာဉ်တွေ ကိုကိုးကျွန်းကိုလက်ပစ်ကူးပြီး

ပြန်လာကြတဲ့အခါ

မင်းဘယ်လိုဖြေမလဲသူငယ်ချင်း ….

သူငယ်ချင်း

ဒေါင်းအလံကိုကိုင်ပြီး

သွေးသောက်လိုက်စမ်းပါ

မင်း ဆူးလေအ၀ိုင်းကို

ဖြတ်လျှောက်မိတဲ့အခါ

မြို့တော်ခန်းမရှေ့က 

ညီမလေးဝင်းမော်ဦးနဲ့ 

၈၈ ကျဆုံးခဲ့သူတွေရဲ့ဝိညာဉ်တွေ

လွတ်လပ်ရေးမော်ကွန်းကမ္ပည်းထိုးထွင်းထားတဲ့

မဟာဗန္ဓုလကျောက်တိုင်ကနေ

မင်းကိုပြုံးပြုံးလေး ၀ိုင်းဝန်းနှုတ်ဆက်ကြတဲ့အခါ

မင်းဘယ်လိုဖြေမလဲသူငယ်ချင်း ….

ဒို့ရဲ့အနာဂတ်က

မေးခွန်းတွေများလွန်းလှ

ကျဆုံးခဲ့ပြီးလေသော

ဒီမိုကရေစီအရေးတော်ပုံ

သူရဲကောင်းဝိညာဉ်တို့အတွက်

ဒို့တွေ 

ခွပ်ဒေါင်းစိတ်ဓာတ်နဲ့ 

ဒုတိယလွတ်လပ်ရေးအတွက်

သွေးသောက်သစ္စာ ဆိုကြပါစို့လား သူငယ်ချင်း။ ။ 

မှိုင်းခေတ်အောင်(ရေကျော်)

ဆရာသန်းဌေးမောင်ရဲ့ဒီဇိုင်းကို အသုံးပြုထားပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts