သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – နာဇီ သားကြောဖြတ် ဥပဒေအတိုင်း မြန်မာပြည်မှာဖြစ်လာတာ့မလား

 ငြိမ်းချမ်းအေး – နာဇီ သားကြောဖြတ် ဥပဒေအတိုင်း မြန်မာပြည်မှာဖြစ်လာတာ့မလား
(Friday Times / မိုးမခ) မတ်လ ၁၅၊ ၂၀၁၅

အမျိုးသားရေး သံဃာတချို့ ဦးဆောင်တောင်းဆိုခဲ့တဲ့ မျိုးစောင့်ဥပဒေရဲ့ ရလဒ်တခု အဖြစ် လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို လွှတ်တော်မှာ ပြီးခဲ့တဲ့လကအတည်ပြုခဲ့တာ စိတ်ဝင်စားသူများ သတိပြု မိခဲ့မယ် ထင်ပါတယ်။  လတ်တလောဖြစ်ပေါ်နေတဲ့ ကိုးကန့်စစ်ပွဲ၊ ကျောင်းသား ပညာရေးလှုပ်ရှားမှု၊ အလုပ်သမား သပိတ်၊ မြေသိမ်း ယာသိမ်း ဆန္ဒပြမှုတွေနဲ့ အစိုးရကိုင်တွဲ ဖြေရှင်းပုံမှားယွင်းမှု ဝေဖန်ထောက်ပြစရာ တင်းတွေကြားမှာ ဒီသတင်းက နောက်ရောက်နေသလို ဖြစ်နေပေမဲ့ တိုင်းပြည်ရဲ့အနာဂတ်အတွက် ဒီကိစ္စဟာလည်း အရေးကြီးပါတယ်။

အတည်ပြုလိုက်တဲ့ လူဦးရေ ထိန်းညှိခြင်း ဥပဒေပါ ပုဒ်မ ၂ (ဂ) အရ (၃၆) လ ခြားပြီးမှ ကလေးမွေးဖွားခွင့်ကို ကျန်းမာရေးရာ ရှုထောင့်က ကျွမ်းကျင်သူ သက်ဆိုင်ရာမိသားစု ကျန်းမာရေးပညာရှင်များ ဆွေးနွေးထောက်ပြတဲ့ အမြင်တွေ ရှိပြီးဖြစ်ပါတယ်။  ကျနော့်အနေနဲ့ သားဆက်ခြားမှုကာလကို ဘယ်ရွေ့ဘယ်မျှကတော့ အကောင်းဆုံး၊ ဒီ (၃၆) လတော့ မဖြစ်သင့်ဆိုပြီး ကိုယ်မသိတဲ့ ဆေးပညာသဘောကို အခြေခံ မကန့်ကွက်လိုပါ။  ဥပဒေကို နိုင်ငံရေးအာဏာအတွက် အသုံးချလိုခြင်းနဲ့ မွေး ရာပါ လူသားအခွင့်အရေး အိမ်ထောင်ပြု သားမွေးမှုကို ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းလိုခြင်းသဘောကိုတော့ နိုင်ငံသား တယောက်၊ လူသားတယောက်အနေနဲ့ ကျင့်ဝတ်အသိတာဝန်အရ ကန့်ကွက်ဆွေးနွေးရပါမယ်။

ပထမအချက်အဖြစ် အတည်ပြုလိုက်တဲ့အထဲမှာ ဥပဒေတခု ပြဋ္ဌာန်းပြီး ဥပဒေပုံစံမမည်ဘဲဖြစ်နေတဲ့ “တားမြစ် အရေးယူမှု မရှိ” ဆိုတဲ့သဘောကို စမြင်စေချင်ပါတယ်။  လက်တွေ့အကောင်အထည်ဖော်ဖို့ ဘာမှ မည်မည်ရရ မသတ်မှတ်၊ နောက် ဆက်တွဲ အရေးယူမှု မရှိဆိုမှတော့ ဘာကြောင့် ဥပဒေ တရားဝင်ပြဋ္ဌာန်းဖို့ လိုပါသလဲ။  လက်ရှိရှိပြီး နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ ကျန်းမာရေးဌာနတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ သားဆက်ခြားရေး ပညာပေးအစီအစဉ်တွေ ပိုမိုကောင်းမွန် စနစ် တကျ တနိုင်ငံလုံးအနှံ့လုပ်နိုင်ဖို့စီမံတာက ပိုလက်တွေ့မကျဘူးလား။

ဒါပေမဲ့ အခုလို အလုပ်ပို ဥပဒေထုတ်ရခြင်းက နောက်ခံ အကြောင်းရှိပါတယ်။  ဒါကတော့ ဥပဒေတွေကို မဲလက်နက်အဖြစ် အသုံးချလိုခြင်းဆိုတဲ့ အတွင်းရည်ရွယ်ချက်ပါ။  မျိုးစောင့်ထောက်ခံသူ သံဃာနဲ့လူထုလည်း ကြည်ဖြူအောင် နိုင်ငံတကာ မှာလည်း ပြောစရာ သိပ်မဖြစ်အောင်လုပ်လိုတဲ့သဘောကို ကန့်ကွက်ရပါမယ်။

အကျယ်ဆွေးနွေးရရင် နှစ်ကုန်မှာကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် အာဏာရပါတီနဲ့အစိုးရဟာ နည်းမျိုးစုံနဲ့ ပြင်ဆင် နေပါတယ်။  ဥပမာ – အခုဖြစ်နေတဲ့ ကျောင်းသားသပိတ်ကိုကြည့်ပါ၊ သဘောထားမှန်မှန်နဲ့ အမြန် မဖြေရှင်းခြင်းကိုက အစိုးရဘက်က ရွေးကောက်ပွဲနီးလို့ ထုတ်သုံးတဲ့ ၀ှက်ဖဲမဟုတ်ပါလို့ ပြန်ကြားရေးဝန်က ဘယ်လိုပဲ ငြင်းငြင်း လူထုအာရုံလွှဲ တိုင်းပြည်မတည်ငြိမ်လုပ်လိုတဲ့ အစိုးရသဘောဆိုတာ ထင်ရှားပါတယ်။

တကယ်တော့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် နိုင်ပြီးက တည်းက လက်ရှိ အာဏာရပါတီ၊ ခေါင်းဆောင် စစ်ဗိုလ်ချုပ်ဟောင်းများနဲ့ ထောက်ခံသူများဟာ လူထုရဲ့မဲလက်နက်အားကို တုန်လှုပ်သွားခဲ့တယ် ဆိုရပါမယ်။  အထိုက်အလျောက် လွတ်လပ်မျှတရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်လည်း နိုင်ငံတကာ ထောက်ခံမှုနဲ့ အနောက်အုပ်စု စီးပွားအခွင့်းအလမ်းအတွက် ကြည်ဖြူအောင် လုပ်ပြရမှာဆိုတော့ လာမယ့် ရွေးကောက်ပွဲကျမှ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲလို ရုပ်ပျက်ဆင်းပျက် ကြိုတင်မဲတွေ၊ တမလွန်မဲတွေ၊ ခြိမ်းခြောက်မဲတွေ အလွန်အကျွံ ထုတ်သုံးလို့ မရမှန်း အာဏာရပါတီက တွက်မိဟန်တူပါတယ်။

စစ်ခေါင်းဆောင်များဟာ ဒီမိုကရေစီစနစ်ရဲ့ လူထုမဲကို ကြောက်တဲ့ ရောဂါအခံက (၁၉၉၀) ရွေးကောက်ပွဲကတည်းကလည်း ရှိပြီးသားပါ။ စစ်တပ်ပါတီ မဆလ တဖြစ်လဲ တစည အားကို ယုံကြည်မှုနဲ့ (၁၉၉၀) ရွေးကောက်ပွဲကို အတန်အသင့်တရားမျှတ ကျင်းပပေးခဲ့တယ်။  ဒါပေမဲ့ ဒီမိုကရေစီပါတီ ဒီ/ချုပ် အပေါ် တောင်ပြိုကမ်းပြို ထောက်ခံမဲပေးခြင်းဖြင့် လူထုရဲ့တုံ့ပြန်မှုကို ခံရတော့မှ အမျိုးမျိုး အချိန်ဆွဲ အာဏာသက်တမ်းဆွဲဆန့်ခဲ့တာ အားလုံးသိတဲ့အတိုင်း အနှစ်နှစ်ဆယ် ကြာရောပါပဲ။

ဒီဖြစ်စဉ်မှာ မျက်မှောက်အခြေအနေကို အရင်လို လက်နက်အားကိုး စစ်အာဏာသိမ်းစရာမလိုတော့တဲ့ အနေအထားဖြစ် အောင်အထိ စစ်ခေါင်းဆောင်များ ပြင်ဆင်တည်ဆောက်ယူခဲ့နိုင်ပါတယ်။  အပြန်အလှန် စီးပွားလိုဘနဲ့ ဒေသတွင်း တရုတ်ရဲ့ သြဇာကို လျှော့ချလိုတဲ့ ဆန္ဒကြောင့် အမေရိကန်၊ ယူကေ၊ အီးယူ အနောက်အုပ်စုက ထောက်ခံမှုပေးနေတယ်။  ဂျပန်၊ တရုတ်၊ အာဆီယံရဲ့ ဝိုင်းဝန်းမှု ရှိနေတယ်။  အတိုက်အခံအင်အားစုကို ထိုက်သင့်တဲ့ လှုပ်ရှားမှု လွတ်လပ်ခွင့်ပေးရင်း လွှတ်တော်နိုင်ငံရေးမှာ တွဲလျှောက်စေတယ်။  စစ်ခေါင်းဆောင် အဟောင်း၊ အသစ်များရဲ့ အကျိုးစီးပွား၊ အာဏာနဲ့ လုံခြုံမှု ကို အာမခံတဲ့ မပြင်နိုင်၊ မဖျက်နိုင် (၂၀၀၈) ဖွဲ့စည်းပုံရဲ့ ကာကွယ်မှုရှိတယ်။

ဒီလို လုံခြုံစိတ်ချရတဲ့ အနေအထားရဲ့ တခုတည်းသော အားနည်းချက်ကတော့ အချိန်ကျလာလို့ မဖြစ်မနေ လုပ်ပြရမယ့် (၂၀၁၅) ရွေးကောက်ပွဲပါပဲ။  ဒါတောင်မှ ဖွဲ့စည်းပုံ ချုပ်နှောင်မှုကြောင့် (၂၀၁၅) အလွန် သမ္မတရာထူးဟာ စစ်ခေါင်း ဆောင်ထဲက တယောက်ယောက်ပဲ ယူထားနိုင်တဲ့ အခြေအနေပါ။  ဒါပေမဲ့ ဒါက မလုံလောက်ပါဘူး။  လွှတ်တော်မှာ အခုလို အပြတ်အသတ် အသာယူထားတဲ့ အနေအထားမဟုတ်တောင် လူနည်းစု မဖြစ်ဖို့နဲ့ ကိုယ့်မိတ်ဖက်တွေ၊ ကြားခံတွေရှိဖို့ပါ စနစ်တကျ ပြင်ဆင် စီစဉ်ရပါတယ်။

ဘာကြောင့်ဆို (၂၀၁၁) အစိုးရသစ်တက်ပြီးကတည်းက ပြည်သူတွေရဲ့ အကောင်းမြင် မျှော်လင့်ချက်တွေဟာ (၂၀၁၅) မှာ သုညအောက်ကျတဲ့အထိ ကျဆင်းခဲ့ပြီးလို့ပါ။  အုပ်ချုပ်ရေး ညံ့ဖျင်းမှု၊ အရည်အချင်းမပြည့်မီမှု၊ အကျင့်စရိုက်ဟောင်း၊ အတွေးအခေါ် အမြင်ဟောင်းတွေ မပြောင်းလဲမှု၊ ကိုယ်ကျိုး အတ္တ စီးပွားကို ရှေ့တန်းတင်မှု၊ အာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွန်အကျွံသုံးမှု၊ လူထုအသံ လူထုအနာတွေကို အမှန်တကယ် စာနာနားလည်ပေးမှု မရှိမှု၊ မူဝါဒနဲ့ စီမံမှုတွေ မခိုင်မာ၊ ရှေ့နောက် မညီညွတ်မှု၊ လူထုလှုပ်ရှားမှုတွေကို အင်အားသုံး အကြမ်းဖက် ဖြေရှင်းလိုမှု စတဲ့ လုပ်ကိုင်ပုံ အမှားအစုစုကြောင့် “မိဘပြည်သူများခင်ဗျား” အသံကြားရင် လူထုမှာ ပျို့တက်ချင်သည်အထိ အော့ကြောလန်အနေအထားနဲ့ အာဏာရ အစိုးရ နဲ့ပါတီဟာ ရင်ဆိုင်နေရပါတယ်။

ဒါကို ချေဖျက်တဲ့အနေနဲ့ စစ်အုပ်စု လိုလားသူများဟာ ဒီမိုကရေစီအင်အားစုကို လူအများစု သည်းခြေကြိုက် အမျိုး၊ ဘာသာ၊ သာသနာနဲ့လှည့် အမျိုးမျိုးရန်တိုက်ဖို့ ကြိုးစားခဲ့ပါတယ်။  (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲ ပြီးကတည်းက တောင်ကုတ် အစုလိုက်အပြုံလိုက် လူသတ်မှုအပါအဝင် တိုင်းပြည်အနှံ့အပြား ဒုတိယ စီးပွားမြို့တော် မန္တလေးနဲ့ မိတ္ထီလာလို မြို့ကြီးများ အထိပါ လူမျိုးရေး/ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။  ဒီဖြစ်စဉ်ကိုလေ့လာရင် နောက်ကွယ်က စနစ်တကျ ဖန်တီးထားကြောင်း ယူဆနိုင်စရာအချက်တွေ အများကြီးရှိခဲ့ပါတယ်။

မီးပွားဖို့ရာ လွယ်စေတဲ့ မီးစာကလည်း ရခိုင်ပြည်နယ်မှာ အဆင်သင့် ရှိပါတယ်။  စစ်အစိုးရအဆက်ဆက် နိုင်ငံသားဖြစ်ခွင့် အငြင်းပယ်ခံခဲ့ရတဲ့ ဘင်္ဂလီအနွယ် နိုင်ငံမဲ့ ရိုဟင်ဂျာအရေးပါပဲ။  ဒီရိုဟင်ဂျာမီးကို လူအများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ ဘဝလုံခြုံမှုတွေစတေးပြီး လိုသလို ကစားခဲ့ကြပါတယ်။  နိုင်ငံတကာနဲ့ ပြည်သူကို အမျိုးမျိုး မျက်လှည့်ခဲ့ကြပါတယ်။  အခု လက်ခံမယ်ဆိုလိုက်၊ ပြီးတော့ ပြန်ငြင်းလိုက်နဲ့ ဒါကို အသုံးချ လူထုထောက်ခံမှုရအောင် လုပ်ခဲ့ကြပါတယ်။

နောက်ဆုံး ယာယီသက်သေခံ လက်မှတ် အဖြူရောင်ကဒ် ကိုင်ဆောင်သူ မဲပေးခွင့်အထိပါပဲ။  ပထမ လာမယ့် ရွေးကောက်ပွဲ အတွက် ရခိုင်မှာ ရခိုင်ပါတီတွေချည်းနိုင်မယ်ဆိုတာသိတော့ ရိုဟင်ဂျာ မဲရအောင် အဖြူရောင်ကဒ်ကို အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ဝင်မဲ ပေးစေခြင်းဖြင့် ရိုဟင်ဂျာများကို မျှော်လင့်ချက်ပေးခဲ့တယ်။ ဒါမျိုးကို (၂၀၁၀) မတိုင်ခင်ကလည်း အခု သမ္မတလုပ်နေသူကိုယ်တိုင် စစ်အစိုးရ ဝန်ကြီးချုပ်ဘဝနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်အာမခံ မဲဆွယ်ဖူးခဲ့ပါတယ်။

အခု ရခိုင်အဖွဲ့တွေနဲ့ လူအများကန့်ကွက်တော့မှ ပြည်သူ့သဘောထား အလေးထားသယောင်နဲ့ ဒီအဖြူရောင်ကဒ်ကိစ္စ ပြန်ဖျက်တယ်။  ဆန္ဒခံယူ ပွဲဥပဒေနှင့် ရွေးကောက်ပွဲဥပဒေတို့ကို ပြန်လည်ပြင်ဆင်မယ်ဆိုတယ်။  တကယ်တော့ ရိုဟင်ဂျာကို အသုံးချ နာမည်ကောင်းယူလိုခြင်းပါ။  တဖက်ကလည်း နားလှည့်ပါးရိုက်ပြီး နိုင်ငံသားဖြစ်ခွင့်ကို အစကတည်းက သူတို့လက် ခံထားတဲ့ (၁၉၈၂) နိုင်ငံသားဥပဒေနဲ့ စစ်ရင်ကို နိုင်ငံသားပေးလို့ရနိုင်တဲ့ အဖြူရောင်ကဒ် ပယ်ဖျက်ခံ ရိုဟင်ဂျာတွေကို နိုင်ငံသားပြန်ပေးပြရင်း အသုံးချပါဦးမယ်။

ဒီလို လူမျိုးရေးရာဖြစ်စဉ်တွေကို အာဏာမဲလက်နက်အဖြစ် စနစ်တကျကြံစည်မှုမှာ နောက်တနည်းကတော့ အခုအတည်ပြုဖို့ အထိဖြစ်လာပြီဖြစ်တဲ့ မျိုးစောင့်ဥပဒေကိစ္စလည်းပါပါတယ်။  မျိုးစောင့်ကို ဦးဆောင်ဆော်သြနေသူ အမျိုး၊ ဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာဦးဆောင်အဖွဲ့အစည်း မဘသဟာ ဘယ်လိုဘယ်ပုံ ဝေဖန်ခံရမှုတွေ ရှိစေဦး ဘာ သာရေးကိုင်းရှိုင်းတဲ့ တိုင်းပြည်ရဲ့အခြေခံ ရပ်ထဲ ရွာထဲမှာ သြဇာကြီးပါတယ်။  ဒါကိုမှ ရိုဟင်ဂျာဘင်္ဂါလီတွေ ရခိုင်ကို ကျူး ကျော်နေပြီဆိုတဲ့ လှန့်လုံးနဲ့အတူလုပ်ခဲ့တဲ့ ရိုဟင်ဂျာဆန့်ကျင်ရေး မွတ်ဆလင်မုန်းတီးရေးဟာလည်း လူအများကြားကို ထိ ရောက်ပါတယ်။  ဒါ့အပြင် မွတ်ဆလင် သားဖောက်သာသနာပြုနေတယ် ဆိုတဲ့ စွပ်စွဲမှုကိုလည်း ချဲ့ကား ပုံဖော်ထားပါတယ်။  ကမ္ဘာက အကြမ်းဖက်ဝါဒနဲ့ အစ္စလာမ်ဘာသာပုံရိပ်ကိုလည်း ထပ်တူပြု ကျဆင်းစေပါတယ်။ ဆိုတော့ လူသာမန် အနေနဲ့ တောင် မွတ်ဆလင်ကို အန္တရာယ်အဖြစ် ယူဆစေလာပါတယ်။  ဒါကြောင့် မွတ်ဆလင်ထိန်းချုပ်ရေး ဗဟိုပြု မျိုးစောင့်ဥပဒေကို သံဃာ အဝန်းအဝိုင်းက စတင်ခဲ့သလို အစိုးရကလည်း ဒါကိုနင်း မဲဝယ်လက်နက်အဖြစ် လူသာမန်အများထောက်ခံမှု ရလေ မလားဆိုပြီး အခုလွှတ်တော်မှာ ဆွေးနွေးရုံမက အတည်ပြုပေးတဲ့ အထိ ပြုလုပ်လာခဲ့ပါတယ်။

လူထု အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ထိန်းချုပ်လိုက်၊ နာမည်ကောင်းယူ ပြန်ပေးလိုက်၊ လူထုကို ရွေးကောက် ပွဲအချိန် ဟန်ပြ လမ်းဖောက်၊ မီးပေး၊ ငွေချေး၊ ဒံပေါက်ကျွေး လာဘ်ထိုးလိုက် လုပ်ရုံနဲ့ အားမရဘဲ လူမျိုးရေး၊ဘာသာရေးကို အခြေခံ မိုက်မိုက်ကန်းကန်း အမုန်းမီးမွှေးခဲ့တဲ့ အပြင် အခုတော့ ဥပဒေရေးရာ အထိပါ အသုံးချ ကျူးလွန်လာခြင်းဟာ လုံးဝ လက်သင့်မခံသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။  ဒါကြောင့် “မဲဝယ်ဥပဒေတွေ ရပ်ပါတော့” လို့ ကျယ်ကျယ်လောင်လောင် အော်ဖို့လို နေပါတယ်။  ဥပဒေကို နိုင်ငံရေး အာဏာ လောဘ အတွက် အသုံးချမှုဓလေ့ တိုင်းပြည်မှာ ရပ်သင့်ပါပြီ။  အမျိုးသားရေး သမားများနဲ့ တဖက်က မွတ်ဆလင်များလည်း မိမိအလိုတခုတည်းအတွက် မကြည့်ဘဲ အစိုးရရဲ့ လှည့်ကွက်ထောင်ခြောက် တွေကို မြင်သင့် ရှောင်သင့်ပါပြီ။

နောက်တချက် ဆွေးနွေးရမှာကတော့ လူ့အခွင့်အရေး ဆက်စပ်ပါပဲ။  ကျနော်တို့ စကားအပိုတန်ဆာဆင်တွေမဆိုဘဲ ပြောရ ရင် အခု သုံးနှစ်ခြား ကလေးယူခွင့်ဟာ ရခိုင်ပြည် ဘင်္ဂလားဒေ့ရှ်နယ်စပ် မေယုနယ်ခြားက စစ်တကောင်း ဘင်္ဂါလီအနွယ် နိုင်ငံမဲ့ ရိုဟင်ဂျာတွေကို ပစ်မှတ်ထားချင်လို့ လုပ်တာပါ။  လူဦးရေ သိပ်သည်း၊  ကလေးမွေးဖွားနှုန်းမြင့်မား၊ ရွှေ့ပြောင်းဝင် ရောက်နှုန်းမြင့်တဲ့ ဒေသဆိုတာ ဘူးသီးတောင်၊ မောင်းတော ဒေသတဝိုက်ကို အဓိကထား ဆိုချင်တာပါ။

ဒီဘင်္ဂါလီအနွယ်ရိုဟင်ဂျာတွေ အဲဒီဒေသမှာ လူဦးရေတိုးနှုန်းမြင့်၊ သိပ်သည်းဆများနေတာဟာ ငြင်းစရာမရှိပါ။  ဒါပေမဲ့ ဒါက အကြောင်းရှိသလို၊ တရားမျှတဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။  ဒေသတခုတည်းမှာ သူတို့ ပြွတ်သိပ် လူနေထူထပ်နေတာဟာ အရင် စစ်အစိုးရအဆက်ဆက် မဆလခေတ်နှောင်း ၁၉၈၀ ခုနှစ်များကစလို့ ဘင်္ဂါလီရိုဟင်ဂျာတွေကို နိုင်ငံသားပယ်ဖျက်ခြင်းနဲ့အတူ လူသားအခြေခံ အခွင့်အရေး တားဆီးမှုအစုစုထဲက တခုဖြစ်တဲ့ ရွေ့ပြောင်း သွားလာမှုကို ချုပ်ကိုင် ခရီးသွားလားခွင့်ပိတ်ခဲ့တာကြောင့်ပါ။ နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးပြီး လူ့အခွင့် အရေးချိုးဖောက်မှုတွေ မပြုလုပ်ဘဲ လွတ်လပ်စွာ သွားလာနေထိုင်၊ စီးပွားရှာခွင့်ပေးရင် ဒေသတခုတည်းကွက် လူမျိုးစုတခု တည်းကွက် လူဦးရေ အဆမတန် ကြီးထွားလာမှုမျိုးတွေ့ရမှာ မဟုတ်ပါဘူး။

ဘင်္ဂါလီရိုဟင်ဂျာ လူ့အဝန်းအဝိုင်းမှာ ကလေးမွေးဖွားနှုန်းများတာလည်း အချက်အနေနဲ့ လက်ခံရမှာပါ။ ဒါပေမဲ့ ဒါကို ပြုပြင် ဖို့က ဥပဒေပြု ထိန်းချုပ်ရေးထက် ပညာပေးရေးကို ဖော်ဆောင်ရမှာပါ။  အရင်ဆုံး အပြီးအပြတ် အမြန် လုပ်ရမှာကတော့ နိုင်ငံသားဖြစ်ထိုက်သူတွေအရေးပါပဲ။ ဒါကို ရွေးကောက်ပွဲမဲအတွက်၊ နိုင်ငံရေး အတွက် အသုံးချလိုစိတ်နဲ့ လိုတမျိုး မလိုတမျိုး လုပ်နေတာတွေ ချက်ချင်းရပ်ပြီး နိုင်ငံသားဖြစ်သင့်သူတွေ နိုင်ငံသားပေး နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးရင် နောက်ဆက်တွဲ ကျန်းမာရေး အသိပညာပေးရေး အစီအစဉ်က ပိုလို့အလုပ်တွင်ကျယ်လာမှာပါ။  အရင်စစ်အစိုးရ ခေတ်တွေနည်းအတိုင်း သူတို့ကို ပညာသင်ကြားခွင့်၊ ကျန်းမားရေး စောင့်ရှောက်ခံယူခွင့်၊ အိမ်ထောင်ပြုခွင့်၊ ကိုယ်ဝန် ဆောင်ခွင့်၊ ကလေးမီးဖွားခွင့်၊ ခရီးသွားလာခွင့် ကန့်သတ်ခြင်းတွေ ကျင့်သုံးရင် လူသားအခြေခံ အခွင့်အရေးကို ပြင်းပြင်း ထန်ထန်နှိပ်ကွပ် ချိုးဖောက်ရာသာရောက်ပြီး ပြဿနာကို ပိုမိုကြီးထွားအောင်၊ ဒေသခံ ရခိုင်တွေနဲ့ ပိုအမုန်းပွားအောင် ရန်တိုက်ပေးနေခြင်းသာ ဖြစ်ပါမယ်။

အမှန်လုပ်သင့်တာက နိုင်ငံသားစိစစ်ပြီး ရိုဟင်ဂျာဘင်္ဂါလီတွေ အပါအဝင် တိုင်းပြည်က လူမျိုး/ဘာသစုံ ပညာနည်း ဆင်းရဲ ကျေးလက်နေပြည်သူလူထုကြားမှာ ကမ္ဘာ့အနှံ့အပြာ ဆင်းရဲတဲ့ မွတ်ဆလင် တိုင်းပြည်တွေမှာတောင် လက်ခံကျင့်သုံးနေတဲ့ ကလေးမွေးဖွားနှုန်း လျှော့ချရေး အစီအစဉ်တွေဖြစ်တဲ့ ခေတ်မီတဲ့ သားဆက်ခြား ပညာပေးရေး၊ လိင်ပညာပေးရေးတွေကို ဖော်ဆာင်၊ ပဋိသန္ဓေတားဆီးရေး နည်းနာတွေကို သင်ကြားပြသ ပညာပေးရေးတွေပါ။  မွတ်ဆလင်အသိုင်းအဝန်းအတွက် လည်း သက်ဆိုင်ရာ ခေတ်မီပညာတတ် ဘာသာရေးခေါင်းဆောင်တွေကို ဦးဆောင်စေပြီး ဘာသာရေးအရ ကျင့်ဝတ်ညီတဲ့ သားဆက်ခြားခြင်းတွေပြုလုပ်နိုင်တဲ့အကြောင်း ဟောပြောပွဲတွေ လုပ်စေရပါမယ်။ ဒီလိုနည်းနဲ့ လူ့ကျင့်ဝတ် သိက္ခာရှိရှိ တရားမျှတ ကလေးမွေးဖွားနှုန်းကို ထိန်းနိုင်ပါတယ်။

ဆိုတော့ ဒီရိုဟင်ဂျာ ဆက်စပ် ပြဿနာကို နိုင်ငံရေးလက်နက် အဖြစ် အသုံးမချဘဲ နိုင်ငံသားဖြစ်ခွင့်ကိစ္စ အကျူံးဝင်သူကို အမြန်ဆုံး နိုင်ငံသားအခွင့်အရေးပြည့် ပေးရပါမယ်။ ပညာ၊ ကျန်းမာ၊ လူမှု၊ စီးပွား မြှင့်တင်ရေး အစီအစဉ်တွေ ဆောင်ရွက်ရ ပါမယ်။  နိုင်ငံသားမဖြစ်ထိုက်သူများအတွက် တရားမဝင် ဝင်ရောက်နေထိုင်နေကြောင်း အထောက်အထား ခိုင်လုံရင်လည်း နိုင်ငံတကာကို ချပြ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိသူတို့ကို ပြန်ပို့ဖို့လုပ်ရပါမယ်။ ဒီလိုမဟုတ်ဘဲ လူမျိုးရေး၊ ဘာသာရေး သွေး ထိုးပြီး တိုင်းပြည်မှာ အာဏာသက်ဆိုးရှည်လိုတဲ့ သဘောကိုတော့ ကောက်ကျစ်ယုတ်မာ အကြံပက်စက်တယ်ပဲ ဆိုရပါမယ်။

ဒီသဘောမျိုးတွေပြနေသရွေ့ မျက်မှောက်နဲ့ အတိတ်သမိုင်းက စစ်ခေါင်းဆောင်အသစ်၊ အဟောင်းတွေဟာ ဂျပန်ဖက်ဆစ်နဲ့ အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ရဲ့ သန္ဓေဆိုးကိုသာ လက်ဆင့်ကမ်းခဲ့ပြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုး၊ ဘာ သာမခွဲ လွပ်လပ်မျှတ ဒီမိုကရေစီကျတဲ့ တရားတွေကိုတော့ အမွေမခံဘူးလို့ ဆိုနိုင်ပါတယ်။ တိုင်းပြည်မှာ ရှိတဲ့ လူမျိုးစုတွေကို အိမ်ကြက်ချင်း၊ အိုးမည်းသုတ် သွေးထိုးသွေးခွဲ အုပ်ချုပ်ခြင်းက အင်္ဂလိပ်ရဲ့ “Divide and Rule” အတိုင်းပါ။ အခုလို နိုင်ငံရေး အာဏာအတွက် ဥပဒေတွေပြဋ္ဌာန်းလိုတာ၊ တဘာသာ တလူမျိုးကို ရှေ့တန်းတင် ဝါဒဖြန့် လူထုကို စည်းရုံလိုတာက ဖက် ဆစ်နည်းနာပါ။

နာဇီဂျာမဏီခေတ် (၁၉၃၃-၁၉၄၅) နုရင်ဘတ် ဥပဒေတွေကို လေ့လာကြည့်ပါ။  လူမျိုးကြီးဝါဒ အာရီယန် သွေးသန့်စင်ရေး ဆိုကာ သွေးနှောတွေ၊ ဂျူးတွေ၊ လူမည်းတွေ၊ ပိုလန်အနွယ်တွေ စတဲ့ လူမျိုးမတူသူအားလုံးနဲ့ နိုင်ငံရေးဝါဒ မတူညီသူ ကွန် မြူနစ်၊ လစ်ဘရယ်ဝါဒီတွေကို စနစ်တကျနှိပ်ကွပ်ဖို့ရာ ကြံစည်ရေးဆွဲခဲ့တာပါ။ နောက်ဆုံး ဒုတိယကမ္ဘာစစ်အပြီးမှာ လူမျိုး တုံးသတ်ဖြတ်မှု စစ်ရာဇဝတ်မှုကြီးများအဖြစ် ရာဇဝတ်စာတင်ခဲ့ရမှုအားလုံးဟာ နာဇီဥပဒေတွေနဲ့ တရားဝင်ကျူးလွန်ခဲ့ကြတာချည်းပါပဲ။

ဒီဥပဒေတွေထဲမှာ မျိုးနွယ် မတူသူချင်း လက်ထပ်ထိမ်းမြားမှု၊ လိင်ဆက်ဆံမှုကို တားမြစ်တာတွအပြင် နိုင်ငံရေး၊ လူမျိုးရေး အရ လိုသူ၊ မလိုသူကို စိတ်ကြိုက် ရွေးချယ် သက်ရောက်စေတဲ့ သားကြောဖြတ်ဥပဒေ (Sterilization Law) လည်းပါပါတယ်။  ဥပဒေတွေ အခြေတည်စမှာ ဂျာမန်လူမျိုးများအပါအဝင် နိုင်ငံတကာက ထိထိရောက်ရောက် ကန့်ကွက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။  ဒီလိုနဲ့ အဆုံးမှာ ဂျူးလူမျိုး (၆) သန်းနဲ့ အခြား အရှေ့ဥရောပက သန်းနဲ့ချီတဲ့ လူသားတွေဟာ နာဇီတွေရဲ့ အကျဉ်းစခန်း၊ အဆိပ်ငွေ့ခန်းတွေမှာ လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရပါတယ်။  ကမ္ဘာကြီးလုံခြုံစိတ်ချရမှုမဲ့နေခြင်းဟာ မကောင်းမှု အဓမ္မပြုချင်သူ တွေချည်းကြောင့်မဟုတ်ဘဲ ဘေးကရပ်ကြည့် အသံဆိတ်နေသူတွေကြောင့်လည်းပါတယ်ဆိုတာ သမိုင်းသင်ခန်းစာ ယူ တတ်ရပါမယ်။

အခုကျနော်တို့ဆီမှာလည်း အလားတူအခြေအနေအဖြစ် သားရေကွင်းဥပဒေအကာအကွယ်ယူလိုတမျိုး မလိုတမျိုး စိတ် ကြိုက် နေရာဒေသတခုတည်းကွက်ရွေး သားဆက်ခြားဖို့ အချိန်သတ်မှတ်နိုင်တဲ့ ဥပဒေတွေ အခြေတည်လာခဲ့ခြင်းဟာ မလိုလားအပ်ပါ။  နောက်ဆက်တွဲ အတင်းအကျပ် အရေးယူတားမြစ်မှုမပြုပါဘူးဆိုတာကို နောင်မှာ ဘယ်သူမှအာမ မခံနိုင် ပါ။  ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွေ အမြဲ အသုံးချတတ်သူတွေရဲ့လက်ထဲမှာ နောင်မှာ ဘာမဆို ဖြစ်သွားနိုင်ပါ တယ်။

ဒါ့အပြင် ဒီဥပဒေသက်ရောက်မှုကို လိုသလို အမျိုးမျိုးအသုံးချနိုင်အောင် စီမံထားတာဖြစ်တဲ့အတွက် လူအများအနေနဲ့ လူမျိုးရေး၊ ဘာသာရေးအစွဲ စိတ်အခံလေးနဲ့ “ရိုဟင်ဂျာဘင်္ဂါလီမွတ်ဆလင်တွေကို နှိပ်ကွပ်ချင်တာပဲ ငါတို့နဲ့ အနေသာ ချည်းပါ” ဆိုပြီး ဒီကနေ့ ပေယျာလကန် ပြု ကန့်ကွက်ဖို့ နှောင့်နှေးရင် ဒီမတရားဥပဒေတွေရဲ့ တုန့်နှောင်မှုကို နောင်တနေ့မှာ ကချင်၊ ကရင်၊ ချင်း ခရစ်ယာန်တွေ၊ အခြား လူနည်းစုတွေ အပေါ်မှာလည်း ကျင့်သုံးလိုလာမယ် ဆိုတာကို အသိ သတိရှိစေလိုပါတယ်။  ဒါဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေထိုင်နေတဲ့ တိုင်းပြည်ရဲ့ သဟဇာတဖြစ်မှု ဟန်ချက် ကို အကြီးအကျယ်ပျက်ပြားစေ၊ လူမှု မတည်ငြိမ်မှုတွေဖြစ်စေ၊ လူမျိုး/ဘာသာ မတူသူတွေကြား မယုံသင်္ကာရှိမှု၊ အမြင် မကြည်လင်မှု၊ အမုန်းပွားမှု ဓာတ်ခံတွေ ပိုမို များလာစေတာကို နားလည်ရပါမယ်။

ဒါကြောင့် ဒီဆိုးကျိုးတွေကို ကြိုမြင် ဆင်ခြင်မျှော်ကြည့်ရင်း အာဏာနိုင်ငံရေး ရွေးကောက်ပွဲအတွက် ဒီလိုဥပဒေကို အသုံးချ လိုခြင်း၊  လူမျိုးရေး၊ ဘာသာရေး မီးမွှေးလိုခြင်းတွေကို  နိုင်ငံသားအားလုံး တိုင်းပြည် အနာဂတ် အမှန်တကယ် ငြိမ်းချမ်းသာ ယာ ဖွံ့ဖြိုးတိုးတက်စေလိုသူတိုင်း၊ နိုင်ငံကို တကယ်ချစ်သူတိုင်း လူမျိုး၊ ဘာသာမရွေး အားလုံး ပြင်းပြင်းထန်ထန် ကန့်ကွက်ဖို့ မဖြစ်မနေ လိုနေပါတယ်။  ဒီလိုမှမဟုတ်ရင် အနာဂတ်တိုင်းပြည်မှာ နာဇီသားကြောဖြတ်ဥပဒေတွေ ရှင်သန် ဖက်ဆစ်စရိုက် အလုပ်တွေကြီးစိုးရင်း အမုန်း၊ ပဋိပက္ခ၊ ပြည်တွင်းစစ်ပွဲတွေ အဆုံးမသတ်နိုင်ရင်း လူမှု စီးပွားချမ်းသာရာ မဲ့နေဦးမှာ ဖြစ် ကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်ခင်ဗျား။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅ (စာပြီးရက်စွဲ)

(မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၅)၊ (၂၀၁၅) ခုနှစ် မတ်လ (၁၃) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော်ကိုဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင် ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – နာဇီ သားကြောဖြတ် ဥပဒေအတိုင်း မြန်မာပြည်မှာဖြစ်လာတာ့မလား
  1. It’s very difficult to solve rohingya issue. Even if the government recognize some of them as the citizens of Burma, how about others who are not recognized as citizens according to the 1982 immigration law? I don’t think the government can deport them to Bangladesh if Bangladesh does not accept it. How to solve this problem? We also need to recognize the existing hatred between Rakhines and rohingyas. Every decision which neglect the feelings of Rakhine will turn Rakhine state into hell. But above all, I really wonder is there any possibility to deport the rohingyas who are not recognized as citizens of Burma. In my opinion, it cannot be possible. No country want to accept them. Even UN urge to recognize all rohingyas as the citizens of Burma, not recognizing some and deporting some. In my opinion, nobody (especially Buddhists) in Burma want to accept them as the citizens of Burma. It is bitter but truth. It’s the fact. But I realize that we must solve the problem as soon as possible. Now, it’s already one million (as far as I know). I can’t imagine how much after ten years. Can you please reply me which way is the best one to solve this problem? Let me know your opinion that is it possible to recognize some as citizens and to deport the rest? Thanks.

  2. I also want to put more. Although I do not know exactly about the 1982 Immigration Law, I think it will be so difficult to distinguish who is deserved to be a citizen. This area is isolated for so many decades and I think it cannot be possible to say concretely who is deserved to be a citizen. There is no record. I wonder when is the last time the government made census at this area? Everybody can say they live there since before 1824 or something like that. In fact, it is very difficult to solve this problem. Although I do not know thoroughly about the deportation, it also cannot be possible if there is no country to accept them.

Comments are closed.