ဖိုး ထ က် – သူ … မ ဖာ ပါ

ဖိုး ထ က်  – သူ … မ ဖာ ပါ
(မိုးမခ) မတ်လ ၁၅၊ ၂၀၁၅

ဖာရတာ မောသည်။ မောတာ မမောတာကနောက်။ ဖာတယ်ဆိုကတည်းက ဘယ်ဖာတာမှ မကောင်း။ ဖာဆိုတဲ့ စကား လုံးကိုက မြန်မာစကားမှာ ပြောမကောင်း ဆိုမကောင်းတဲ့ စကား။ ရိုင်းစိုင်းသည်။ သို့သော် လိုအပ်လျှင်တော့ ဖာ ရသည်သာ။

ဖာတယ်ဆိုတာ အစုတ်၊ အပြဲမှန်သမျှကို ပိုပြီးဆိုးရွားမသွားဖို့။ ကြည့်ပျော် ရှုပျော်ရှိဖို့ တွဲသင့်တာတွဲ။ သီသင့်တန်သီ။ ချုပ် သင့်တန် ချုပ်။ ပိုးသင့်တာပိုးရသည် မဟုတ်ပါလား။

စကားဖာတယ်ဆိုတဲ့ မြန်မာစကားကို ကြည့်ကြအုံးစို့။ စကားမှားခြင်း၊ မပြောသင့်သည်ကို ပြောမိခြင်း စသည့် နှုတ်ထွက် အမှားကို ရှေ့မျက်နှာနောက်ထားပြီး ဟို…အင်း…အဲ…ဟိုဒင်း…သူပြောတာ ဒီလို ဖြစ်မယ်… ဟိုလို မဟုတ်ဘူး.. စသည်ဖြင့် ရိုးရိုးသားသား ဖာရသည်လည်းရှိသည်။ အခြေအနေ ပိုပြီး ဆိုးရွားမသွားစေဖို့ ထိန်းသိမ်းသည့်သဘောဖြင့် ရှေ့မျက်နှာနောက် ထား၊ မျက်နှာခပ်ပြောင်ပြောင်ဖြင့် ပါးပါးနပ်နပ် လိပ်ကို ဂျပိုး။ ခြင်ကို ယင်ကောင်။ တီကို မုန့်တီဖတ်ဖြစ်အောင် ပြောရသည်။

အ၀တ်အစား ဖာခြင်းကတော့ ရှင်းသည်။ ပိုပြီး စုတ်မသွားဖို့။ ပြဲမသွားဖို့ တွဲရ။စပ်ရ။ ချုပ်ရသည်။ ဂွပြဲတာကို မဖာလျှင် အရှက်ကွဲမည်။ မိမိအ၀တ်အစား အသစ်၊ အလွင်များ ပြဲပြီ စုတ်ပြီဆိုလျှင် မသိသာအောင်၊ ပေါ်လွင် ထင်ရှားမှု မရှိအောင် ဘယ်လို ဖာရမည်ဆိုသည့် အတတ်ပညာကို မိန်းမတွေ အများစု တတ်ကျွမ်းကြသည်။ တစ်ချို့က အပေါက် အပြဲနေရာကို ပန်းပုံ ဖော်ပြစ်လိုက်သည်။ တစ်ချို့က ပိုဖြဲလိုက်ပြီး စတိုင်လ်တစ်မျိုး ထုတ်လိုက်၏။ ရှေးရှေးက မိန်းမမှန်လျှင် လက်ချုပ် လေးတော့ လိုက်တတ်မှ မိန်းမ ပီသသည်လို့ သတ်မှတ်ခဲ့ကြသည်။ ဆိုလိုသည့်သဘောက မိသားစုတွင်းက အ၀တ်အစား အစုတ်၊ အပြဲများကို ပြန်ပြီးအသုံးပြုနိုင်ရန် (၀ါ) ဖာထေးတတ်ရန် မိန်းမတိုင်းတတ်ကို တတ်ရမည်ဆိုသည့် သဘော ဖြစ်နိုင်၏။ ထို့ကြောင့် အ၀တ်အစား ဖာထေးခြင်းမှ ဖာ ဆိုသည့် စကားလုံးက အကောင်းဘက်ကို ဆောင်သည်။ အပြုသဘော ရှိသည် မဟုတ်ပါလား။

မိမိကိုယ်ကာယကို အခကြေးငွေဖြင့် ဈေးကွက်တင်သော သူများကိုခေါ်သော စကားကြတော့ ထိုဖာသည် ဖာထေးတာ မဟုတ်တော့။ ကောင်းသောအဓိပ္ပါယ်လဲ မဆောင်တော့။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ရန်ဖြစ်ကြ၊ ဆဲဆိုကြလျှင် ထိုစကား ကြီးနှင့် ခိုင်းနှိုင်းကာ နင့်ကနဲနာသွားအောင် ပြောကြသည် မဟုတ်ပါလား။

အခုလဲ မြန်မာ့နိုင်ငံရေးမှာ ဖာသည်ကြီးဟု (ကန်တော့ပါ အဘ။ ကျွန်တော် မပြော။ သူများပြောတာ ကြားရသည်ကို ပြန်ပြော ခြင်းသာ။) ပြည်သူလူထုက ချစ်စနိုးဖြင့် တင်စား သြချရသော လူကြီးတစ်ပါးရှိသည်။ လူတိုင်းသိကြသည့် လူမှုကွန်ယက် မင်းသားကြီးတည်း။

Facebook ဆိုတာ သုံးတတ်ရင် ဆေး။ မသုံးတတ်ရင်ဘေး။ ၉၆ ပါးရောဂါဝေဒနာ ပျောက်ကင်းသည်လို့ ထင်ကြသူများလဲ ရှိသည်။ အဌာရဿ ၁၈ ရပ် သင်ကြားရသော တက္ကသီလာ မြကျွန်းသာလို့ ထင်ကြသူများလဲ ရှိသည်။ စိတ်ထွက်ပေါက်ဟု ဂယ်ပေါက်တစ်ခုလို သဘောထားကြသူများလဲ ရှိသည်။ ကြွားချင် ၀ါချင်သူများ အလွန်ကျေးဇူးတင်ရသည့်နေရာတစ်ခုလဲ ဖြစ်သည်။ မိတ်ကောင်းဆွေကောင်းများ တွေ့ကြ၊ ကြုံကြရသော နေရာလဲဖြစ်သည်။ မိမိလှကြောင်း၊ တော်ကြောင်းကိုသာ သိစေသည့် နေရာတစ်ခုလဲ ဖြစ်သည်။  မည်သို့ပင်ဆိုစေ။ အကောင်းသုံးသူများလဲ မရှား။ အချလာ သုံးနေသူများလဲ အများ သားတည်း။

ကျွန်တော်တို့ မင်းသားကြီးမှာကား နိုင်ငံ့တာဝန် နေ့မအား ညမအားထမ်းနေရသည့်အချိန်အတွင်းမှာ Facebook ပေါ်သို့ တက်တက် ဖာရသည်မှာ အလွန်သနားစရာကောင်းလှ၏။ လက်ရှိအစိုးရ၏ အစုတ်အပြဲမှန်သမျှ ဖာရ၊ ထေးရ၊ ရှေ့မျက်နှာ နောက်ထား ဗြောင်ဘူးကွယ်ရသည်လဲ ရှိသည်။ တစ်ခါရံကတော့ ကျွန့်တော့်လူကြီး၏ အမျိုးသမီးက ပြည်သူလူထု အသည်း ကျော် မာမီကြီးကို ခါးအောက် လက်သီးထိုးအကွက်များဖြင့် တိုက်ခိုက်တော့လဲ သူ့ခမျာ ဖာရ၊ ထေးရသည်မှာ မာမီကြီးကို လျှာကြီး တစ်လစ်ဖြင့် သွားကို တွေ့ယူရ၏။ မာမီကြီးက သိတောင် သိဟန်မတူ။ သို့သော် သူဖာကြောင်းကို လူအများသိစေ၏။
နိုင်ငံတစ်ခု၏ အစိုးရအဖွဲ့ဝင်ဖြစ်သွားသည်နှင့် တစ်ပြိုင်နက် လက်မောင်းသွေးဖောက် သစ္စာရေမသောက်ရသည် ဆိုအုံး တော့ မိမိတို့အစိုးရ ကောင်းပါသည်။ တော်ပါသည်။ စေတနာရှိပါသည်။ ဒီဇဗ္မူ ဒီအစိုးရထက် ကောင်းတာ မရှိ။ တရားမျှတ ပါသည်။ ကိုယ်ကျိုးစွန့်နေကြရပါသည်ဆိုသည့်စကားတွေကို အမေရိကန်အစိုးရလူကြီးမင်းများလဲ ပြောသည်။ မြောက်ကိုရီး ယား ခေါင်းဆောင်များလဲ ပွားသည်။ ကုန်ကုန်ပြောရလျှင် အိုင်အက်စ်တွေတောင် သနားလို့ သူများအသက်သတ်ရပါသည်လို့ မိမိ အဖွဲ့အစည်းကြီးကို ကာကွယ်၊ ဖာထေးရသည် မဟုတ်ပါလား။ ကျွန်တော်တို့ ၀န်မင်းတစ်ပါးအနေနှင့် ဖာနေရသည်မှာ ဘာမှမထူး။ ဘာမှမဆန်း။ မြစ်ထဲ ရေရှိ။ နေအရှေ့ကထွက်သည်ဆိုသည့် အကြောင်းအရာတွေကမှ ရီရသေးသည်။ ပြုံးရသေး၏။ ပြန်ကြားရေး ဆိုတာ ကိုယ့်အသံကိုယ်ဘဲ ပြန်ကြားနေရသည် မဟုတ်ပါလား။ သူများတွေ အသံ နားထောင်ဖို့ ဖွဲ့စည်းထားတာမဟုတ်။ ဒါကို လူတွေက သူ့ကို ဖာသည်လို့ပြောတာ ကျွန်တော် လုံးလုံးကြီး သဘောကွဲ၏။ နားလည်မှု လွဲကြခြင်းသာ။ အဓိပ္ပါယ်က ရှင်းလင်းပြတ်သား၏။ ပြန်ဘဲကြားမယ်။ ကိုယ့်အသံတွေဘဲ ကိုယ်ပြန်ကြားမယ်ဟု အကောက် အယူရှိရမည်။

သူ့နေရာမှာ ကျွန်တော်နေကြည့်၏။ သူတွေးသလို တွေးကြည့်၏။ ကျောင်းသားတွေ အရိုက်ခံရတာ ကောင်းသည်။ သူတို့ ဆိုးလို့ ကျွန်တော်တို့ အစိုးရက ရိုက်ရသည်။ ဆုံးမရသည်။ ခြောက်ပွင့်တွေ၊ လေးပွင့်တွေ ရှုပ်သည်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးထက် အရေးကြီးသောအရာ ဘာမှမရှိ။ ဟိုမနိုင်၊ ဒီမနိုင်၊ အပွင့်လောက်နှင့် ဘာမှဖြစ်လာမည်မဟုတ်။ တပ်မ တော်ကြီး အင်အားရှိမှ တိုင်းပြည်အင်အားရှိတာ မြန်မာနိုင်ငံတည်း မဟုတ်။ တစ်ကမ္ဘာလုံး ထိုနည်း၊ ထိုနှယ်။

ဒီလိုမတွေးလို့ ဘယ်လိုတွေးရမည်နည်း။ ကျောင်းသားတွေအရိုက်ခံရတာ ကျွန်တော်တို့အစိုးရ ခွေးဇာတ်ခင်းတာပါလို့ ပြော လို့မှမရတာ။ မာမီကြီးနဲ့ စကားမပြောနိုင်ကြတာ အချိန်မသင့်သေးလို့ဟု မပြောဘဲ မတွေ့ချင်လို့ မတွေ့တာကွာ။ ဘာလုပ်ချင် လဲ ပြော။ တိုင်ချင်ရာတိုင်။ လုပ်ချင်ရာလုပ်လို့ ရပ်ကွက်ထဲက လူမိုက်အထာဖြင့် ဖာထေးလို့ရသည်မှ မဟုတ်တာ။ ဒီတော့ စကားကို တောပြော၊ တောင်ပြော၊ မိုးပြော၊ ဂျိုးပြော ယဉ်ယဉ်လေး ရူးရူးလေး ဖာရမှာဘဲပေါ့။ ဒါကိုဘဲ သူ့ကို မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကား ပြောနေကြတာ ကျွန်တော်ဖြင့် အံ့သြလို့ မဆုံး။

တကယ်တော့ သူက ဖာသည်ကြီးမဟုတ်ပါ။ (၀န်မင်း ကန်တော့ဗျာ။ အဲဒီစကား ကျွန်တော်လုံးဝမပြော။ အဟိံ ဤမှန်သော သစ္စာစကားကြောင့် ၀န်မင်းတို့ အစိုးရတစ်ဖွဲ့လုံး သူငယ်တန်းကျောင်းသားလေးများက လိုက်ရိုက်တာ မသေခင် မြင်ရလို ပါ၏။) ဖာထေးတယ်ဆိုတာ အထက်က ကျွန်တော်ဆိုခဲ့ပြီးသလို စုတ်မှ၊ မြင်မကောင်းမှ ဖာရသည် မဟုတ်လား။ အခုဟာက သူတို့ အစိုးရတစ်ဖွဲ့လုံး စုတ်နေတာမှ မဟုတ်တာ။ မစုတ်မပြဲတဲ့ အပြင် သစ်တာမှ ထောင်မလဲ ၊ သဲကော်၊ အသစ်ချပ်ချွတ်။ အားလုံးက နဂိုအတိုင်း။ လွန်ခဲ့တဲ့ငါးနှစ်ကလဲ ဒီအတိုင်း။ ခုလဲ ဒီအတိုင်း။ မစုတ်တာကို ဘယ်မှာ ဖာရမည်လဲ။ မဖာရသူကို ဒီလိုခေါ်တာ ခေါ်သူများ၏ အပြစ်။

တကယ်တော့ သူမဖာပါ။ မိမိစိတ်ထဲမှာ မိမိမှန်သည်လို့ ထင်မြင်ကြပြီဆိုလျှင် ဘုရားလဲမသိ။ တရားလ မသိ။ တရားတယ် မတရားဘူး ဘေးချိတ်။ တိုင်းပြည်ကြီးမှာ သူတို့မရှိလျှင် ဘယ်လိုမှမဖြစ်ဘူးလို့ မိမိထင်ချင်သလို ထင်ထားကြသော လူကြီး ထဲမှ လူတစ်ယောက်အတွက် ဖာသည်ကြီးလို့ခေါ်တာ တဆိတ်လွန်သည်။ မခေါ်သင့်ပေ။ ကျွန်တော့်လူကြီး အပြစ်ကင်း ပါသည်။ မဖာပါ။ မထေးပါ။ မှန်တယ် ထင်ရာကို ရှေ့မျက်နှာနောက်ထား။ အများနဲ့ တစ်ယောက်မကလို့ ဂေါပဏီတပ်ကြီးနှင့် တစ်ယောက်တည်း ဖြစ်နေပါစေ။ ပြောစရာရှိတာ ပြောကို ပြောရမည်လို့ ခံယူထားသူအတွက် ထမင်းတစ်လုပ် မျိုကျဖို့ကမှ ခက်ပေအုံးမည်။ ရေတစ်စုပ် စုပ်သောက်လိုက်ဖို့ကမှ ခက်ပေအုံးမည်။ အားစိုက်ရသေးသည်။ သူ့အတွက်က စားဝင် အိပ်ပျော် ပျော်ပျော်ကြီး၊ ရွှင်ရွှင်ကြီး ပြောနေရသည့် စကားလုံးများသာ ဖြစ်သည်။ ဒါကိုမှ လူတွေက ဖာစကားထွက်သည်လို့ မိုက်ရိုင်းကြသည်ကတော့ သူ့အလွန်မဟုတ်။ ပြောသူများအလွန်သာတည်းဟု ကျွန်ုပ်ဖိုးထက် ကောက်ချက်ချလိုက်လေ သတည်း။

သရုပ်ဖော် – ကာတွန်းအောင်မော်