သူတို့အာဘော် မောင်မိုးသူ

မောင်မိုးသူ – ရွေးကောက်ပွဲလမ်းကို ဘယ်လိုလျှောက်ကြမှာလဲ… နှင့် မောင်မိုးသူ

မောင်မိုးသူ – ရွေးကောက်ပွဲလမ်းကို ဘယ်လိုလျှောက်ကြမှာလဲ… နှင့် မောင်မိုးသူ
(မော်ဒန်ဂျာနယ်၊ အမှတ် ၄၆၆၊ ဇူလိုင် ၁၁၊ ၂၀၁၅) (မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၅

အခြေခံဥပဒေဆိုတာကြီးကို ပြင်ဖို့ လူထုဆန္ဒတွေကောက်ခံခဲ့ကြ၊လွှတ်တော်ထဲမှာ လှုပ်ရှားခဲ့ကြ။နောက်ဆုံးတော့ စစ်တပ်ကိုယ်စားလှယ်က ကန့်ကွက်ပြီး ဒုံရင်းဒုံရင်းပဲ ဖြစ်နေပါပြီ။

၂၀၁၅ အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။ မဲဆန္ဒရှင်စာရင်းတွေလည်း ထုတ်ပြန်ပြီး ကပ်ခဲ့ပါတယ်။ မဲစာရင်းမှာ ၃၀ ရာခိုင်နှုန်းက  ၈၀ ရာခိုင်နှုန်းအထိ မှားယွင်းနေတယ်လို့ အင်န်အယ်လ်ဒီက ဆိုပါတယ်။သည်မဲစာရင်းဟာ အတည်မဟုတ်သေးပါဘူးလို့ ပြောပြန်ပါတယ်။အပစ်အခတ်ရပ်စဲရေးမှသည် ငြိမ်းချမ်းရေးလက်မှတ်ထိုးနိုင်ဖို့ ဆိုတာလည်း ရွေးကောက်ပွဲ မတိုင်မီ လုပ်မယ်လို့လည်း ပြောနေတုန်းပဲခင်ဗျ။

ငါးနှစ်တိတိ အုပ်ချုပ်စီမံခဲ့တာ စီမံကိန်းတွေ ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်ရသေးလို့ နောက်ထပ်ငါးနှစ်လောက်လိုသေးတယ်လို့ ပြောတဲ့သူကပြော။

သည်လိုသည်လိုနဲ့ ရွေးကောက်ပွဲဆိုသဟာကြီးက နီးသည်ထက်နီးလာနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကတော့ မဲစာရင်းမှန်ဖို့ ပြည်သူလူထုတွေ မဲစာရင်းစစ်ဆေးကြဖို့ လိုက်လံလှုံ့ဆော်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။တစ်ပြည်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးနေကြပြီလို့လည်း ဆိုပါတယ်။အင်န်အယ်လ်ဒီကတော့ ထင်သာမြင်သာ လှုပ်ရှားနေတဲ့အဖွဲ့ပေါ့ခင်ဗျ။၈၈ အဖွဲ့က ရွေးကောက်ပွဲဝင်ဖို့ မပြောပေမဲ့ ၈၈ ထဲက ကိုကိုကြီးကတော့ ရွေးကောက်ပွဲဝင်မယ်လို့လည်းပြောရော တရားစွဲခံနေရပါလေရော။

ဗြောင်ပြော ဗြောင်လှုပ်ရှားသူတွေ ရှိသလို ကျိတ်ပုန်းလှုပ်ရှားနေတဲ့သူတွေကလည်း ရှိတယ်ခင်ဗျ။

သူတို့ကတော့ ရှေးတုန်းက သူတို့တွေရဲ့ ဆရာဟောင်းကြီး တည်မြဲ ဖဆပလ ပြောသလိုပဲ ရှုံးလည်းနိုင်ရမယ်။ နိုင်လည်း နိုင်ရမယ် ဆိုသဟာလေ။

သည်တော့ သူတို့ သေချာပေါက်လို့ ယူဆထားတဲ့ နယ်မြေတွေမှာ သူတို့ရဲ့ အမာခံပုဂ္ဂိုလ်တွေ အရွေးခံဖို့ ပြင်ဆင်နေကြတယ်ခင်ဗျ။

မဲစာရင်း အစစ်အမှန်ဆိုတာကြီးကလည်း မထုတ်ပြန်သေး။ရွေးကောက်ပွဲရက်ကလည်း အတိအကျမကြေညာသေး၊ဗြောင်တမျိုး ကျိတ်ပုန်းတမျိုး လှုပ်ရှားနေကြသူတွေကိုတော့ မြင်နေကြရပါပြီ။

မဆလတစ်ဖြစ်လဲ တစည ဆိုတာရှိတယ်။

အရပ်ဘက်လူမှုရေးအဖွဲ့လို့ ဖွဲ့ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလည်း တရားဝင်ပါတီကြီးဖြစ်ပြီး သူတို့စိတ်ကြိုက် တစ်ဖက်စောင်းနင်း ရေးဖွဲ့ထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ခဲ့ပြီး  ရွေးစရာမလိုတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းအပါအဝင် သမ္မတကြီးဦးသိန်းစိန်ရဲ့ လွှတ်တော်အစိုးရ ဆိုသဟာကြီး ပေါ်ပေါက်လာပါတယ်။ အဲသည်အစိုးရရဲ့ ဝန်ကြီး ဝန်ကလေး အစိုးရအဖွဲ့ဝင်အဖြစ်တာဝန်ယူရလေတော့ လစ်လပ်သွားတဲ့ နေရာ ၄၀ ကျော်ကို  ကြားဖြတ်ရွေးကောက်ပွဲဆိုသဟာလုပ်ပြီး အင်န်အယ်လ်ဒီ ကို ဝင်ပြိုင်ဖို့ခွင့်ပြု၊ ဝင်ပြိုင်လို့ အင်န်အယ်လ်ဒီ ဝက်ဝက်ကွဲနိုင်၊ ကြံ့ခိုင်ရေးက ရှုံးပြီး လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီရဲ့ ဆောင်ပုဒ် ရည်ရွယ်ချက်ကတော့ အခြေခံဥပဒေပြင်ဆင်ရေးပါပဲ။လွှတ်တော်ထဲရောက် အင်န်အယ်လ်ဒီက လွှတ်တော်ထဲကနေ အခြေခံဥပဒေပြင်ဆင်ဖို့ လှုပ်ရှားခဲ့ကြသလို အင်န်အယ်လ်ဒီ နဲ့ ၈၈ မျိုးဆက်တို့က လူထုဆန္ဒကောက်ယူ လက်မှတ်ရေးထိုးမှုတွေလည်း လုပ်ကိုင်ခဲ့ကြပါသေးတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့ခင်ဗျာ။ လွှတ်တော်ထဲမှာတော့ စစ်တပ်ကိုယ်စားလှယ်တွေရဲ့ ကန့်ကွက်တာနဲ့ ပန်လန်လက် ပက်လက်လန်ပါလေရော။အခြေခံဥပဒေ သမ္မတ အရည်အချင်းထဲမှ စစ်ရေးအသိအမြင်ရှိရေးအစား ကာကွယ်ရေး အသိအမြင်ရှိရမယ်ဆိုသဟာပဲ ပြောင်းနိုင်မယ်ဆိုပဲ။

လွှတ်တော်ဆိုသဟာဟာ ဒီမိုကရေစီလေ။ ဒီမိုကရေစီဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ အစိုးရဖွဲ့ရတာလေ။ ခုတော့ ရွေးကောက်တင်မြှောက်စရာမလိုတဲ့ ၂၅ ရာခိုင်နှုန်းသော အစိတ်သားစစ်တပ်ကိုယစားလှယ်တွေနဲ့ နောက်ထပ် ပထမ ၂၆ နှစ်၊ နောက်၂၆ နှစ် ရာထူးဌာနတွေအားလုံး စစ်ဗိုလ် စစ်သားတွေက အုပ်ချုပ်စေခဲ့ပြီး စီမံခန့်ခွဲမှုညံ့ဖျင်းလွန်းလို့ တိုင်းပြည်က ဖွတ်ကျောပြာစု၊ ဆင်းရဲတွင်းက နက်သည်ထက် နက်ခဲ့ကြပေတာကလား။

ဒါနဲ့တောင် အုပ်ချုပ်ရေးယန္တရားကြီးတစ်ခုလုံးက တို့လက်ထဲမှာရှိတယ်။ ပြီးတော့ စီမံခန့်ခွဲပြီး ရွေးကောက်ပွဲကော်မရှင် ဆိုသဟာကြီးကလည်း တို့စစ်ဘက်က ပုဂ္ဂိုလ်ကြီးခေါင်းဆောင်ပြီး အဖွဲ့ဝင်တွေ အားလုံးတို့ စစ်ဘက်ကချည်းပဲဆိုတဲ့ အားကိုးတကြီးနဲ့ ရွေးကောက်ပွဲကြီးလုပ်တော့မှာကိုး။

စစ်မှန်တဲ့ မဲဆန္ဒရှင်ပြည်သူလူထုကတော့ ရွေးကောက်ပွဲဆိုသဟာကြီးကို နှစ်တုံးတောင် စားဖူးကြတော့ ၊ နှစ်တုံးဆိုတာ ၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲ နှစ်တုံးလေ။

၉၀ ရွေးကောက်ပွဲနိုင်သွားတဲ့ သူတွေလည်း ထောင်ထဲရောက်ခဲ့ကြတာပဲ။ (မှတ်ချက်။ ။မောင်မိုးသူလည်း ၉၀ ရွေးကောက်ပွဲမှာ ဝင်ဖို့ အဖွဲ့ချုပ်က  ရွေးတာကို ထောင်ထဲက လက်ခံလက်မှတ်ရေးထိုးလိုက်လို့ သည်နေ့ အရွေးခံဖို့ လက်မှတ်ထိုး၊ နောက်နေ့ ထောင်ချလိုက်တော့ ပွဲကပြီးသွားတာပေါ့။ အစတုန်းက ၅(ည) ဆိုတာအချုပ်ဖြစ်ပါတယ်။အချုပ်သားဆိုတာ ဥပဒေအရ ပြစ်ဒဏ်ကျသူ မဟုတ်လို့ အရွေးခံနိုင်ခွင့်ရှိပါတယ်။ ထောင်ချလိုက်တော့ ကိစ္စပြတ်သွားတာပေါ့ ခင်ဗျ။ )

မောင်မိုးသူနဲ့ အတူ အရွေးခံဖို့ လက်မှတ်ထိုးပြီးခါမှ ထောင်ကျကြသူတွေဟာ ဦးတင်ဦး၊ ဦးထွန်းတင်၊ ဦးအောင်လွင် တို့ပဲဖြစ်ပါတယ်။

ယခုလည်း ရွေေးကာက်ပွဲဆိုသဟာကြီးက နီးသည်ထက်နီးလာပါပြီ။

ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေကြသူများရှိသလို ဝှက်ဖဲတွေ ကိုယ်စီနဲ့ ကျိတ်ပုန်းလှုပ်ရှား၊ ကျိတ်ပုန်းကြံစည် လှုပ်ရှားနေကြသူတွေလည်း မြင်တွေ့နေရတယ်ခင်ဗျ။

ရွေးကောက်ပွဲလမ်းကို ဘယ်လိုလျှောက်ကြမှာလဲနှင့် မောင်မိုးသူပါ။

မော်ဒန် ဂျာနယ် ၊အမှတ်၄၆၆ ၊ ၁၀ ဇူလိုင် ၂၀၁၅ ၊သောကြာနေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts