ရန်နောင်(ဗိုလ်တထောင်) ငှက်ခါးလေး တွေ စာလွှာပါးတော့
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၄
ရေဒီယို အဆိုတော် မျိုးမြင့်လေး၏ သီချင်းတပုဒ်တပိုင်းတစ်စ ကို ကျနော်ညည်းနေမိသည်။ သီချင်းအစအဆုံးတော့ ကျနော် မရပေ။ သို့သော် လည်း သီချင်းအဓိပ္ပ္ပါယ် မှာ သူ့ချစ်သူဆီ စာသဝဏ်လွှာ လက်ဆောင်များ ပါးသောအခါ ထိုခေတ်ကသုံးသော တံဆိပ်ခေါင်းဖြစ်သည့် ငှက်ခါးပုံ လေးများကပ်ကာ ပို့ရပါသည်။ ထို့ကြောင့် သူ၏ ချစ်သူထံ ပို့သော စာများ မရောက်မှာကို စိုးရိမ်နေရှာသော ချစ်သူတစ်ယောက်၏ ပူပန်မှု ဖြစ်သည်။ သူ့ကဲ့သို့ ပူလောင်မှု မျိုးကို ကျနော် ခံစားနေရ၍ ဒီစာကို ရေးဖြစ်ခြင်းဖြစ်သည်။
သူတို့ ခေတ် သူတို့အခါက တံဆိပ်ခေါင်းတလုံးတန်ဖိုးမှာ ယနေ့ခေတ်လူငယ်များ မကြားဖူးသည့် ဆယ်ပြားတန်၊ ဆယ့်ငါးပြားတန်၊တမတ်တန်တံ့ဆိပ်ခေါင်းများဖြစ်သည် ။ တန်ဖိုးအားဖြင့် မကြီးမားသော်လည်း ချစ်သူထံ ပို့သော စာများ ရောက်မရောက်သည် အရေးကြီးလှကြောင်း ကိုတော့ တေးရေးသူ ကိုယ်စား ပရိတ်သတ်က ခံစားနားလည်ပေးနိုင်သည်။ ယနေ့ခေတ်လို တံဆိပ်ခေါင်းခ
ဈေးကြီးလှသော အချိန်တွင်ကား မိမိပေးပို့သော စာ၊ ပါဆယ်ထုပ်များသည် တဖက်လူဆီ ရောက်ပါမှသာ ခံသာပေတော့မည်။ နို့မို့ဆိုငြား တံဆိပ်ခေါင်း ဖိုးနှင့် မွဲရကိန်းဆိုက်တော့ပေမည်။
စာတိုက်စနစ်သည် ဟိုအရင် အင်္ဂလိပ် ကိုလိုနီ လက်ထက်က လွန်စွာမှပင် ကောင်းမွန်ခဲ့သည်။ နယ်မှ စာပို့လိုက်လျှင် ပင် လွယ်လင့်တကူ လျှင်မြန်စွာ ရောက်စေလိုသူ လက်ထဲ ရောက်စေခဲ့သဖြင့် ယခုခေတ်လို မဖွံ့ဖြိုးသေးသော ထိုအချိန်က ဆက်သွယ်ရေးစနစ်မှာ ပြည်သူအတွက် များစွာ ကျေးဇူးပြုခဲ့သည်။ စာတိုက်နှင့်ပင် ဆက်သွယ်ရေးကို အားကိုးအားထားပြုခဲ့ကြသည်။ စာတိုက် ခေတ်ကောင်းစဉ်အချိန်က ကသာမြို့မှ ပြည်သူတစ်ဦးသည် ရန်ကုန်မြို့ ကြီးရှိ ကုန်တိုက်တစ်ခုမှ နာရီ ကိုဝယ်ယူခဲ့သည်။ သူ ၏ နာရီ ဝယ်စဉ်က ကုန်တိုက်မှ သူ့အား နာရီကို စာတိုက်ကနေသာပို့ပေးလျှင် အပျက်အစီးပြင်ဆင်ခြင်း၊ ချေးချွတ်ဆေးကြောခြင်း တို့ကို ပြုလုပ်ပေးမည်ဟု အာမခံခဲ့သည်။ သူ၏ မြို့ ပြန်ရောက်သောအခါ သူသည် နာရီအား ချေးချွတ်ဆေးကြောရန် ကုန်တိုက်သို့ စာတိုက်မှ တဆင့် အစမ်းပို့ကြည့်သည်။ ညနေ စာပို့ရထားဖြင့် ပို့လိုက်သောနာရီသည် နောက်တနေ့ မနက် စာပို့ရထားဖြင့် သူ့ထံသို့ ပြန်လည်ရောက်ရှိလာသည်။ ထိုအခါ နာရီဝယ်သူသည် ထိုနာရီအား တပတ်တခါ ဆေးကြောရန် ပို့ပေးရင်း စာတိုက်၏ အကျိုးကျေးဇူးကို ရရှိခဲ့သည်။
ဟို ယခင်က စာရေးဆရာများသည်လည်း စာတိုက်မှတဆင့် စာမူများ၊ စာမူခများကို ထုတ်ကာ ၊ပို့ကာ စာပေတိုက်များနှင့် ဆက်သွယ်ခဲ့ကြသည်။ စာရေးဆရာများ၏ စာမူလည်းမပျောက်၊စာမူခလည်းမပျောက် ဖြစ်ခဲ့သည်။ ယနေ့ခေတ် လူရွှင်တော်များ ပြက်လုံးများတွင် တော့ စာတိုက်၏ အချိန်မမှန်မှုကို လှောင်ပြောင်သရော်ထားသော ပြက်လုံးများ ရှိခဲ့သည်။ ကျနော်တို့ ငယ်စဉ်က သင်ခဲ့ ရသော ပထမတန်းဖတ်စာမှ သင်ခန်းစာကိုပင် “စာဖြန့်ဖြူးရေး မောင်သိန်းတန် စာပို့ရာတွင် အချိန်မမှန်” ဟု နောက်ပြောင်ခဲ့သည့် အခြေအနေအထိပင် ရောက်ခဲ့ရသည်။
ကျနော်သည် စာတိုက်ကို စတင်အသုံးပြုသည်မှာ ခြောက်တန်းကျောင်းသားအရွယ်လောက်က ဖြစ်သည်။ သူငယ်ချင်းများထံ စာတို၊စာရှည်များရေးပို့ခြင်းဖြင့် စာတိုက်နှင့်ဆက်သွယ်မိသည်။ ထိုမှတဆင့် ဆယ်တန်းအောင်သောအခါ ရန်ကုန်ဗဟိုစာတိုက်ကြီးတွင် ဖခင်ကြီး က ဆိုင်ခန်းဆွဲ ဖွင့်လှစ်သောအခါ ဈေးကူရောင်းပေးရင်း စာတိုက်နှင့် အကျွမ်းဝင်ခဲ့ရသည်။ စာတိုက်တွင် စာသာပို့သည်ဟု ထင်ခဲ့သောကျနော်သည် စာတိုက်ကြီးတွင် ကမ္ဘာ အရပ်ရပ်ရှိ နိုင်ငံပေါင်း များစွာသို့ စာများ၊ပစ္စည်းများ ပေးပို့နိုင်သည်ကို တွေ့ရှိခဲ့ရသည်။ ထို့နောက် ကိုယ်တိုင်ထဲထဲဝင်ဝင် စာတိုက်ကြီးတွင် ပါဆယ်ပို့သူအဖြစ် လေးနှစ်ခန့် လုပ်ကိုင်ခဲ့သည်။
ကျနော် စာတိုက်ကြီးတွင် ပါဆယ်ပို့သူလုပ်တုန်းက ကိုယ်ပို့ပေးသော ပါဆယ်ထုပ်များ မပျောက်ပျက်အောင်၊ ပို့စေလိုသောနေရာ ရောက်အောင် သေချာကျနစွာ ပို့ဆောင်ခဲ့သည်။နအဖ စစ်အစိုးရ လက်ထက်တွင် စာတိုက်ကြီးသည် ထောက်လှမ်းရေး၏ မျက်စိကျရာ နေရာတစ်ခုလည်းဖြစ်သည်။ စာအိတ်များအား ဖွင့်ဖောက်စစ်ဆေးခြင်းများကို ပြုနေသဖြင့် စာများကား အချိန်မှီ ရောက်ရှိနိုင်ခြင်း မရှိခဲ့ပေ။ ဥပမာ မြန်မာပြည်က နေ အင်္ဂလန်ကို စာပို့လျှင် အနည်းလေး နှစ်ပတ်မှ လေးပတ်အထိ ကြာမြင့်ပြီး အင်္ဂလန်မှ မြန်မာပြည်ပို့လျှင် သုံးရက်လောက်နှင့် ရောက်တတ်ပါသည်။မည်သို့ပင်ကြာသော်လည်း မြန်မာပြည်သည် စာတိုက်မှတပါး အခြားဆက်သွယ်စရာ နည်းပညာ နည်းပါးနေသေးသည့်အတွက် စာတိုက်ကိုသာ အားထားနေခဲ့ရသည်။
စာအုပ်ပို့ခ များမှာလည်း လေးပေါင်မှ ငွေကျပ် နှစ်ရာခန့်သာကျသင့်သဖြင့် စာအုပ်များလည်း အတိုင်းတိုင်းအပြည်အပြည်၊ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိခဲ့သည်။ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းတွင် စာပို့ခများမြင့်တက်လာခဲ့သည်။ ပါဆယ်ထုပ် ပို့ခများကိုလည်း ဒေါ်လာဖြင့် စတင်ယူခဲ့သည်။ မြန်မာငွေ ၇၅ ကျပ်သာ ကျသော လက်ဘက်တထုပ်သည် ပို့ခနှင့် ဆိုလျှင် ဒေါ်လာ ၂၆ မျှကျသင့်ခဲ့သည်။ ထိုအချိန်ထိ စာအုပ်ပို့ခများမှာ မြန်မာငွေဖြင့်သာဖြစ်သဖြင့် စာအုပ်ဈေးကွက်မှာ သိသိသာသာ ယုတ်လျော့သွားခြင်း မရှိခဲ့ပေ။
စာအုပ်ပို့ခများ ဒေါ်လာဖြင့်ကောက်ယူသောအခါတွင်ကား စာအုပ်ဈေးကွက်မှာ ရုတ်ခြည်း ထိုးကျသွားတော့သည်။ နယ်ပို့ခလည်းဈေးကြီး၊ နိုင်ငံရပ်ခြား ပို့ခလည်း ဈေးကြီးသဖြင့် စာအုပ်စာတမ်းများမှာ အရောင်းထိုင်းကုန်အဖြစ် စာရင်းဝင်တော့သည်။ စာအုပ်ဈေးကြီးမြင့်သလို ပို့ခလည်း ဈေးကြီးမြင့် သဖြင့် နိုင်ငံရပ်ခြားရောက်သူများမှာ မိမိတို့ ဖတ်ချင်သော စာအုပ်များကို သာ အဓိက ထားမှာကြားတော့သည်။
ကျနော်၏ဆရာသည် သူဖတ်ချင်သော စာအုပ်များကို မှာကြားသောအခါ ကျနော် သတိနှင့် ထား၍ ဂရုတစိုက်ပို့ဆောင်ပေးခဲ့သည်။ ကိုယ်ပို့ချင်သော နေရာသို့ ရောက်ရန် လိပ်စာကို မမှားမယွင်း နှင့် ပို့ဆောင်ပေးခဲ့သည်။ ထိုကဲ့သို့ သတိကြီးစွာထားသည့် ကြားမှ ပင် တလောဆီက ဆရာ့ ထံပို့သော စာအုပ်များ ကျနော့်အိမ်သို့ ပြန်ရောက်လာခဲ့သည်။ ပြန်လာပို့သူမှ ကျနော့်ညီအား တံဆိပ်ခေါင်းတန်ဖိုးနှင့် အညီ မကပ်သဖြင့် ပြန်ရောက်ကြောင်း ပြောကြားခဲ့သဖြင့် စာတိုက်သို့ လူကိုယ်တိုင်ပင်သွားရောက်ဖြေရှင်း လိုက်ပါသည်။ ထိုသောအခါမှ တံဆိပ်ခေါင်းပြည့်စုံစွာ ကပ်ထားပါကြောင်း၊ သို့သော်လည်း လိပ်စာကို အပေါ်အောက် မှားရေးသဖြင့် ပြန်ရောက်တာဖြစ်ကြောင်း ရှင်းပြပါသည်။ ကျနော်ပို့သည် မှာ အမေရိကန်နိုင်ငံဖြစ်၍ သို့ နှင့် မှကို ရေးရာတွင် “ မှ ”ကို အပေါ်၊ “ သို့ ”ကို အောက် ထားရေးရမည်ဖြစ်ကြောင်း သေချာစွာ ရှင်းလင်းပြောပြသဖြင့် လိပ်စာအလွဲအား ပြန်ရေးကာ ပြန်ပို့လိုက်ရပါသည်။ တံဆိပ်ခေါင်းမှာ ရိုးရိုး ပို့သော ကြောင့် ပိုက်ဆံ ထပ်မပေးရပဲ ပြန်ပို့ခွင့်ရခဲ့ခြင်းဖြစ်သည်။ နို့မို့ဆို နေရင်းထိုင်ရင်း ငွေ နှစ်သောင်းကျော်လောက် ဆုံးရှုံးမည်ဖြစ်သည်။
ယနေ့ခေတ်ကဲ့သို့ ဓါတ်ချောစာများ လွယ်လင့်တကူ ပို့လို့ရသော ခေတ်ကြီးထဲတွင် ပုံနှိပ်ထားတာကို မှ ဖတ်ရတာ အားရသည့် သူများအတွက် စာတိုက်သည် အသုံးဝင်လျက်ပင်ရှိသေးသည်။ စာတိုက်တွင် ပါဆယ်ထုတ်များ၊ စာအုပ်များ၊စာများပေးပို့လျှင် စာရေးသူ ကျနော့်ကဲ့သို့ မဖြစ်စေရန် စေတနာရှေ့ထား၍ ရေးပြလိုက်ရတော့သည်။