သူတို့အာဘော်

ဖိုးစီ (ရုံးတော) – စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား

ဖိုးစီ (ရုံးတော) – စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၄

တက္ကသိုလ် စရောက်တော့ “ငါကျောင်းသား” ဆိုတဲ့ မာန်ကို အစိုးရ စနက်နဲ့ ခေတ်ပျက်ကြီးက စံတလွဲ ရိုက်သွင်းခြင်း ခံ ခဲ့ရဖူးသည်။

ကားလက်မှတ်၊ ရထား လက်မှတ်ဝယ်ရာ တွင် ကျောင်းသားကဒ်သာပြလိုက် ချက်ချင်း ပြီးသည်။  စားသောက်ဆိုင် မှာ ရန်ဖြစ်လို့ ရဲ အခေါ်ခံထိလျှင် “ကျုပ်တို့ ကျောင်းသားတွေဗျ” လို့ ကိုယ့် ကိုယ်ကို မြောင်းထဲ ပို့ရုံသာမက အပေါင်းအဖော်များကိုပါ ရေပုပ်စင်စေသေးသည်။

မှတ်မိ သေးသည်။  မကွေးအသင်း အတွင်းရေးမှူး အဖြစ် ကျိုက်ထီးရိုး ခရီးစဉ် စီစဉ်တော့ ထောက်ကြံ့ နီလာရိုးမ အဆီဆိုင်တွင် ကျောင်းသားကားတွေပဲ ဆိုကာ ဆိုင်မန်နေဂျာက တန်းစီထားသမျှ ကားတွေအားလုံး ကို ကျော်ဖြတ်ကာ အဆီထည့်စေသည်။  “တယ်ဟုတ်တဲ့ ငါတို့ပါကလား” ဟု စစ်အာဏာ စနစ်၏ စနစ်တကျ ကျုံး သွင်းမှုကို သာယာ မိန့်မူးခဲ့သည်။  “သား (၃) သား” ဟု အမည်တွင်လေသည့် စစ်သား၊ ကျောင်းသား၊ ဘုရားသား မှန်လျှင် ဤ နိုင်ငံမှာ အခွင့်ထူး ရထိုက်သည်ဟု သွေးဆိုး နားထင် ရောက်ခဲ့ဖူးသည်။

တကယ်တမ်းမှာတော့ စစ်အာဏာ အမြစ်တွယ်ခဲ့လေသော ကျနော်တို့ တိုင်းပြည်မှာ စစ်သားလည်း လူမွေးမပြောင်ခဲ့။  ကျောင်းသားလည်း ပညာအရောင်မညှိ ထွန်းနိုင်။  ဘုရားသားတွေလဲ သီလ တန်ဆောင် ရှေ့ဦးက မဆောင်နိုင်ခဲ့ချေ။  ဤလို ကလိယုဂ် ခေတ်ကာလ ဆိုးကြီး ထဲဝယ် ပဲခူး ကြခတ် ၀ိုင်း ဆရာတော်လို အလဇ္ဇီ ဘုန်းကြီးက “သား (၃) သား” ကို သွေးခွဲ အမြစ်ဖြတ်ရမည်ဟု ယုတ်ယုတ်ကန်းကန်း သြ၀ါဒ ပေးသံကြားရတော့ ထူးပြီး မအံ့သြမိသော်လည်း တုန်လှုပ်မိပါသည်။

ကျောက်တုံးကြီးများ ရေပေါ်၍ အိမ်အမိုးပေါ် ခွေးတက်နေသော သည်ခေတ်မှာ သူယုတ်မာ၏ လမ်းညွှန်ချက်ကို နည်းပရိယာယ် အဖြစ်ထားသော အစိုးရမင်းများက ဆရာ၊ ဒကာ စီမံချက်ဆိုတာ ဖော်ထုတ်ပါလေသတဲ့။

သတင်းမဟုတ် အတင်းတုပ်သာသာ စကားဟု ပြောလျှင်ရနိုင်သော်လည်း တကယ့်လက်တွေ့ မြေအပြင် မှာတော့ ထိုအတင်း စကားအတိုင်း အမှန်ပင်ဖြစ်လေသည်။

ဆရာ၊ ဒကာ တွေလည်း အစုစု ကွဲခဲ့ပြီ။  စစ်သား၊ ကုလား၊ တိုင်းရင်းသား နှင့် ပြည်သား အလုံး စုစည်းမှု တို့ ပျက်ဆုံးခဲ့ပြီ။  မဝေးလှ သေးသည့် (၂၀၀၇) ခုနှစ်ဆီက စုစည်းမှုမျိုးမှာ ခုတော့ အိပ်မက် ပမာ။  ဘယ်အရာက ကျနော်တို့ကို သွေးခွဲ ချေဖျက်ခဲ့သနည်း။

တသက်လုံး မြုပ်နေသည့် အမျိုးသားရေး ဆိုသည်ကို ရှေ့တန်းတင်လာကတည်းက လောင်လိုက်သည့်မီးတွေ၊ သေလိုက်သည့် မြေဇာပင်တွေ၊ အိုးမဲ့ အိမ်မဲ့တွေ .. မနေ့ကအထိ ရခိုင်မှာ ဖမ်းဆီးလို့ မပြီးသေး။

နောက်ကွယ်က လက်မည်းကြီးဟူ၍ အိပ်ရာထဲ ဘီလူးစီးခံရသလို ယောင်ယမ်း တွေးတောနေ၍ အဖြေမဆိုက်နိုင်တော့ပါ။ ကျနော်တို့ ကိုယ်တိုင်သာ ဆန်းစစ်ကြရန်သာ ဖြစ်ပါသည်။

ကိုပါကြီး အလောင်းသယ်လာတော့ ဘုန်းကြီးတစ်စု လာတားကြသည့် မြင်ကွင်းကို ကြည့်ကာ ကျနော်တို့ ကျောင်းသားဘ၀က လူတွင်ကျယ် လုပ်ခဲ့မိပုံများကို ပြန်စဉ်းစားရင်း မချိ ပြုံး ပြုံး မိသည်။  စစ်အာဏာ အောက်မှာ သွေးနားထင် ရောက်ခဲ့ဖူးသော တပည့်တော်တို့မှာဖြင့် မြောင်းထဲ ပြုတ်ကျခဲ့ပါပြီဘုရား။

ယခုလည်း ချောင်းဦး၌ အပြော အဟော မတတ်သော ဒကာကို ဆရာဖြစ်သည့် ချောင်းဦး မဟန ဆရာတော် ဘုရားများက ခေါ်ယူဆုံးမ မှု မပြု ဘဲ အာဏာရှင် အလိုကျ တရားစွဲရန် ဖိအားပေးပါသတဲ့။  ထားတော့။  ဘုရား တရားတော်အပေါ် ဝေဖန်မှု ကို လူ့တရားခွင် တင်စေလိုသည်မှာ အရှင်တို့ ဆန္ဒ အလျောက်သာ။  ပွဲက ကြည့် မကောင်းရသည်တွင် သည်မျှ နဲ့ မရပ် ၊ ဒကာ့ တရားခွင်သို့ ဆရာအရှင်တို့ ကြွလာကာ အာမခံ မပေးစေကြောင်း သင်္ကန်း လက်ခမောင်း ခတ်တော်မူလေသည်တဲ့။

လူဒကာတို့ မှာလည်း နဂိုကမှ ဘက်အမျိုးမျိုး နဲ့ ဆဲဆို ကြိမ်းမောင်းနေကြသေးရာ ယခုတော့ ဆရာ့ဘွဲ့ကိုပင် အရှင်မတပ်တော့ဘဲ ကွဲလွဲကြပြီ။  ဘာများ ထပ်ပြီး မိန့်မှာ ချင်ကြပါသေး သတုံး ဘုရား။  အာဏာရှင် ဘက်ကိုပင်းတယ် လို့ အတင်းကြီး မဆိုလိုသော်လည်း ဆရာ အာခံရင် လှံပျံစူးစေရမဟဲ့ ဆိုသော စေတနာမျိုး နဲ့ ဒကာတွေ အကျိုးကို မလိုလားတော့ပြီလားဘုရား။  အားကိုးရာ စင်စစ် ရတနာ အဖြစ်မှ လျှောချနေသော အဖြစ်ကို ဘုရားတပည့်တော် ရင်နာလို့ မဆုံးဘူး ဘုရား။

ဤမြေအပြင်ဝယ် ကျနော်တို့ ဘာသာ သာသနာ ထွန်းလင်းကာ တင့်စွာသော အသရေကို ဆောင်ဖို့ သုခါကာမဿ ဘိက္ခု (ချမ်းသာ လိုလားသော ရဟန်းကောင်း ရဟန်းမြတ် များ) များများ ပေါ်ထွန်းဖို့ လိုပါသည်။ ပေါ်ထွန်းဆဲ၊ ပေါ်ထွန်း လတ္တံ့ ရဟန်းမြတ်တွေလဲ အများအပြား ရှိပါသည်။  သံဃော မေ သရဏံ အညံ နတ္ထိ ပါဘုရား။  သာသနာ အတွင်းမှ လှိုက်စားနေသော စစ်အာဏာ အိုင်းအနာကြီးကို အရှင်ဘုရားတို့ ကိုယ်တိုင်သာ ဆေးကြောသုတ်သင် နိုင်ကြပါလိမ့်မယ် ဘုရား။

ပြည်အတွင်းမှာလဲ ငါစစ်သား ပဲ ၊ ငါကျောင်းသားပဲ ၊ ငါဘုန်းကြီးပဲ ဟူသည့် ငါ့ကို မထိနဲ့ ထိလျှင် ချမည့် စိတ်ထားများ ကင်းဝေးစေဖို့ ဘုရားထံ နာနာကြီး ဆုတောင်းမိပါသည်။

ဖိုးစီ (ရုံးတော)
ဒီဇင်ဘာ ၁၇၊ ၂၀၁၄

(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဖိုးစီ (ရုံးတော) – စနစ်ဆိုး ၏ အသုံးချခံ သား (၃) သား
  1. What they do is their kamma. What you do is your own kamma. They ll pay the price if they do something bad. Our job is not to insult or judge monks. Buddha says 1. To do good 2. To refrain from evil3. To purify the mind.

Comments are closed.