ရသဆောင်းပါးစုံ မောင်မိုးသူ

မောင်မိုးသူ – အမျှော်လင့်ဆုံး ကျော့ဆုံး လာချေပြီ

 မောင်မိုးသူ – အမျှော်လင့်ဆုံး ကျော့ဆုံး လာချေပြီ
(မိုးမခ) မတ် ၂၅၊ ၂၀၁၆

မော်ဒန်သတင်းဂျာနယ်ပါ မောင်မိုးသူ ဆောင်းပါးဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပရိသတ် အများပြည်သူ မျှော်လင့်မထားပေမဲ့ ကြိုက်ကြိုက်သွားတဲ့ပြကွက်တွေ တခုပြီး တခု ထုတ်ပြခဲ့ပါတယ်။

ပထမဆုံးကတော့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်ဥက္ကဋ္ဌ လေးယောက် တင်မြှောက်လိုက်တာပါပဲ။ ဦးဝင်းမြင့်၊ ဦးမန်းဝင်းခိုင်သန်း၊ ဦးတီခွန်မြတ်၊ ဦးအေးသာအောင် တို့လေးယောက်ကို တင်မြှောက်လိုက်ခြင်းပါပဲ။ လေးဦး အနက် တိုင်းရင်းသားသုံးဦး ပါဝင်လာလို့ပါပဲ။ တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ပြည်ထောင်စုအရေးကို ရှေးရှုတဲ့သဘော ဆောင်နေတာပဲလေ။

နောက်တကြိမ် နိုင်ငံတော်သမ္မတ အဖြစ် ဦးထင်ကျော်ကို တင်မြှောက်လိုက်တာပါပဲ။ ဒုတိယ သမ္မတများအဖြစ် ဦးမြင့်ဆွေနဲ့ ချင်းကိုယ်စားလှယ် ဦးဟင်နရီ ဗန်ထီးယူကို တင်သွင်းလိုက်ခြင်းပါပဲ။ ဦးထင်ကျော်ဟာ ဆရာကြီးမင်းသုဝဏ်ရဲ့ သားဖြစ်ပြီး ပညာတတ်၊ အရည်အချင်း ပြည့်ဝသူ ဖြစ်လို့ ပြည်သူက ကျေနပ်ကြပါတယ်။

ပြည်သူ့သမ္မတသစ် ဦးထင်ကျော်က အင်န်အယ်လ်ဒီအစိုးရအဖွဲ့သစ်ဟာ ဦးသိန်းစိန် အစိုးရအဖွဲ့လို ဝန်ကြီး ၃၆ ဦး ၊ ဝန်ကလေးပေါင်း ၉၀ ကျော် ရှိတဲ့နေရာမှာ ဝန်ကြီးအဖွဲ့ ၂၁ ဖွဲ့သာ ပါဝင်ကြောင်း တင်ပြလိုက်ခြင်းပါပဲ။ အဲသည်လို တင်ပြ ရာမှာ သမ္မတကြီးဦးထင်ကျော်က ဝန်ကြီးအဖွဲ့များ၊ ဝန်ကြီး အဆောင်အယောင် အခြွေအရံ၊ မော်တော်ကားများ အပါအဝင်  စုစုပေါင်း သိန်း ၅၀၀၀ နိုင်ငံတော်ဘဏ္ဍာ ကုန်ကျစရိတ် လျှော့ချလိုက်တာလို့ ဆိုပါတယ်။ သမ္မတကြီးဦးထင်ကျော်က ဝန် ကြီးဌာန ၂၁ ခုဖွဲ့ထားသည်သာ ပြောပေမဲ့ ဝန်ကြီးအဖွဲ့ဝင်များရဲ့ အမည်စာရင်းကိုတော့ အဲသည်နေ့မှာ မကြေညာပါဘူး။

နောက်နေ့ကျမှ လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက သမ္မတဦးထင်ကျော် တင်သွင်းလာတဲ့ ပြည်ထောင်စုဝန်ကြီးစာရင်းကို လွှတ်တော်မှာ တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးစာရင်း ၁၅ ဦး ကို ၁၈ နေရာအတွက် တင်ပြခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ ပြည်ထောင်စုဝန်ကြီး သုံးနေရာကတော့ တပ်မတော်က တင်ပြတာဖြစ်ပါတယ်။ အင်န်အယ်လ်ဒီက တင်ပြတဲ့ ဝန် ကြီး ၁၈ နေရာအတွက် အမည်စာရင်း ၁၅ ဦးရဲ့ ကိုယ်ရေးရာဇဝင်တင်ပြပြီး ကန့်ကွက်လိုသူရှိက ကန့်ကွက်နိုင်ကြောင်း ပြောဆိုပါတယ်။

အများပြည်သူက သူတို့ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဋ္ဌပဲ လုပ်တော့မှာလား၊ ဝန်ကြီးအဖွဲ့ထဲမှာ ပါမှပါပါ့မလားလို့ စောင့်စားမျှော်လင့်နေချိန်မှာ လွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက ပြည်ထောင်စုဝန်ကြီးစာရင်းကို ဖတ်ပြပါတော့တယ်။ ပြည်ထောင်စုဝန်ကြီးစာရင်းမှာ ထိပ်ဆုံးက ပါဝင်လာသူကတော့ အများမျှော်လင့်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါ တယ်။

ပြည်ထောင်စုဝန်ကြီးစာရင်းကတော့
၁။ ဒေါ်အောင်ဆန်းစုကြည်၊ ၇၀ နှစ်၊ M.A (Oxford)
၂။ ဒေါက်တာအောင်သူ၊ ၆၀ နှစ်၊ Ph.D
၃။ ဦးသန့်စင်မောင်၊ ၆၂ နှစ်၊ မဟာသိပ္ပံ (သင်္ချာ)၊
၎။ ဒေါက်တာမြင့်ထွေး၊ ၆၈ နှစ်၊ MB.B.S
၅။ ဦးဝင်းခိုင်၊ ၆၆ နှစ်၊ BE. (Mech.)
၆။ ဦးကျော်ဝင်း ၊ ၆၈ နှစ် ၊ B.Econ , Ph.D
၇။ ဦးအုန်းမောင် ၊၆၉ နှစ်၊ တိုင်းရင်းသား
၈။ ဦးခင်မောင်ချို၊ ၆၆ နှစ်၊ BE.(Mech.)
၉။ နိုင်သက်လွင်၊ BA (ဒဿနိက)၊ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ (၁)။
၁၀။ ဒေါက်တာသန်းမြင့်၊ ၇၃ နှစ်၊ B>Econ. M.Sc
၁၁။ ဦးအုန်းဝင်း၊ ၆၅ နှစ်၊ M.Sc
၁၂။ ဒေါက်တာဖေမြင့်၊ ၆၇ နှစ်၊ MB.B. S စာရေးဆရာ၊ အယ်ဒီတာ
၁၃။ ဒေါက်တာဝင်းမြတ်အေး၊ ၆၂ နှစ်၊ ပါမောက္ခချုပ် (ငြိမ်း)၊ ကလေးအထူးကုဆရာဝန်ကြီး
၁၄။ သူရဦးအောင်ကို၊ ၆၈ နှစ်၊ B.Sc (D.S.A)
၁၅။ ဦးသိန်းဆွေ၊ ၆၇ နှစ်၊ B.Sc (D.S.A)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

ဝန်ကြီးနေရာ ၁၈ နေရာရှိသည့်အနက်အမည်စာရင်းမှာ ၁၅ ဦးသာ ရှိပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးအပါအဝင် ဝန်ကြီး သုံးလေးနေရာကိုင်တွယ်မယ့် သဘောရှိတယ်လို့ ဆိုကြပါတယ်။

ဝန်ကြီးအဖွဲ့က ၂၁ နေရာဖြစ်ပါတယ်။  ကာကွယ်ရေး၊ နယ်စပ်နဲ့ ပြည်ထဲရေးအတွက် တပ်မတော်က တင်ပြထားတာဖြစ်ပါတယ်။

ဝန်ကြီးဌာန ၂၁ နေရာစာရင်း ကြည့်ရင် ယခင် ၃၆ နေရာတွေကို စုပေါင်းဖွဲ့စည်းမယ့်သဘောရှိပြီး တိုင်းရင်းသားရေးရာ ဝန် ကြီးဌာနအသစ်တခု ပါလာတယ်။

တိုင်းရင်းသားပြဿနာက မြန်မာနိုင်ငံမှာ အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ယခင် အစိုးရလက်ထက်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုကြဖို့ သမိုင်းဝင်လို့ပြောတဲ့ လက်မှတ်ရေးထိုးပွဲမှာ ထိုးတဲ့လူက ထိုး၊ မ ထိုးတဲ့သူက မထိုးဖြစ်ခဲ့တာလေ။ လက်မှတ် မထိုးကြသူများက နောက်အစိးရသစ် ဖြစ်လာမယ့် အင်န်အယ်လ်ဒီအစိုးရသစ်မှာ တိုင်းရင်းသားငြိမ်းချမ်းရေးကို ဦးဆောင် လုပ်ဆောင်ဖို့ တိုက်တွန်းထားတာလည်း ရှိပါတယ်။

ယခင် လွှတ်တော်မှာလည်း တိုင်းရင်းသားရေးရာဝန်ကြီးဌာနထည့်ဖို့ အဆိုတင်ခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ရာက ယခုပြည်သူ့ သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စုဝန်ကြီးစာရင်း တင်ပြရာမှာ ယခင်ဝန်ကြီးဌာန ၃၆ နေရာအစား ၂၁ နေရာသာ ရှိ တော့တယ်လို့ ပြောပါတယ်။ တချို့ဝန်ကြီးဌာနများဟာ စုပေါင်းဖွဲ့စည်းမယ့်သဘော ရှိနေပါတယ်။ ဒါပေမဲ့ ဝန်ကြီးဌာန အသစ်တခုကတော့ ပါလာပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်လာမယ့် သူကတော့ နိုင်သက်လွင်လို့ ဆိုကြပါတယ်။ မွန်ပါတီရဲ့ ဒုဥက္ကဋ္ဌပါ။

အဲသည်လို တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသစ် ဖွဲ့စည်းနေချိန်မှာ ကွတ်ခိုင်၊တာမိုးညဲ၊လောက်ကိုင်ဒေသက မြန်မာစကား မတတ်တဲ့ မုန်းဝန်းဗမာလူမျိုးဆိုပြီး တိုင်းရင်းသားစာရင်းမှာ ဦးသိန်းစိန်ကထည့်လာပါတယ်။ ဒါဆို မူလက ၁၃၅ လူမျိုးစာ ရင်းမှာ တမျိုးတိုးပြီး ၁၃၆ မျိုး ဖြစ်လာမှာပေါ့လို့ မောင်မိုးသူ မှတ်ယူရတော့မှာပေါ့။

တာမိုးညဲနဲ့ ကပ်လျက်ဖြစ်တဲ့ လောက်ကိုင်ကို ဖုန်ကြားရှင် ဝင်စီးလို့ အသေအလဲ တိုက်ခဲ့ရတာကို မေ့သွားပြီလား မသိပါဘူး။ မုန်းဝန်းဗမာဆိုတာတွေကလည်း ဗမာစကားသာ မတတ်တယ် လုပ်ငန်းရှင်တွေဆိုပဲ။

နေပြည်တော် သည်အရေး သာလှတယ်လေးပါပဲ။

ဘာပဲပြောပြော အမျှော်လင့်ဆုံး ကျော့ဆုံးလာချေပြီနှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts