မှတ်စုမှတ်တမ်း ဖြစ်ရပ်များ၊ အမှတ်တရများ

ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၁)

ရဲဘော် ဦးတင် (ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော) – ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် – အပိုင်း (၁)

ပန်ကော်-ချူးရွှေ တိုက်ပွဲစဉ် နိဂုံးချုပ် သုံးသပ်ချက် (၃၊ ၁၀၊ ၇၇ – ၃၁၊ ၁၀၊ ၇၇)
ပေးပို့သူ – အောင်တင်ထွန်း
(မိုးမခ) မတ် ၂၅၊ ၂၀၁၆

၁။ တိုက်ပွဲဖြစ်စဉ်များ အချိန်မလောက်၍ မရေးသေးဘဲ နိဂုံးချုပ်သုံးသပ်ချက်ကိုသာ ရေးသားပါသည်။ ယင်းတွင်လည်း အကျဉ်းချုပ်နှင့် အကြမ်းဖျဉ်းသာ ဖြစ်သည်။မှတ်တမ်းသဘော ရေးသားထားခြင်း ဖြစ်သည်။
ရဲဘော်ဦးတင် (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော)

အပိုင်း (၁)
မိမိတို့ဘက်၏ ထူးခြားကောင်းမွန်ချက်များ
၂။ ဤစစ်ဆင်ရေးသည် ၁၉၇၇ အောက်တိုဘာလ ၃ ရက်မှ ၃၁ ရက်နေ့အထိ ၂၉ ရက်ကြာ တိုက်ပွဲကြီးဖြစ်သည်။ ယင်း တိုက်ပွဲစဉ်တွင် ရန်သူ ၁၀၀၀ (တထောင်) မျှကို မိမိတို့ တပ်များက ချေမှုန်းနိုင်ခဲ့သဖြင့်တကြောင်း၊ ယခုပွဲတွင် မိမိတို့ ယခင်တိုက်ပွဲများထက် နေရာယူခံစစ်သုံး၍ ချေမှုန်းခြင်းကို အလေးထားဆောင်ရွက်သဖြင့် တကြောင်း အများက စိတ်ဝင် စားစွာလေ့လာကြသည်။ ယင်းတိုက်ပွဲစဉ်မှ ကျွန်တော်တို့ နောင်တိုက်ပွဲစဉ်များ အတွက်အကျိုးရှိမည့် နိဂုံးချုပ်သုံးသပ်ချက် များကို တတ်နိုင်သမျှ ဆက်လက်လေ့လာ ဖော်ထုတ်သွားသင့်ပေသည်။

ရည်ရွယ်ချက်
၃။ ယင်းတိုက်ပွဲကြီးတွင် မိမိတို့၏ ရည်ရွယ်ချက်ဖြစ်သည့် …
(က) ရန်သူကို တတ်နိုင်သမျှ ချေမှုန်းရေးနှင့်

(ခ) မိမိတို့၏ သေနင်္ဂဗျူဟာစီမံကိန်းအရ ရှမ်းပြည်အလယ်ပိုင်း ရန်သူ့နောက်ပိုင်း ၀င်ရောက်တိုက်ခိုက်နေသည့် ၆၈၃ တပ်မ ဟာ ၏တာဝန် ချောမောစေရေးအတွက် အကူအညီသွယ်ဝိုက်ပေးရန်တို့ ဖြစ်ရာ ယင်းစစ်ပွဲ တွင် အထက်ပါအတိုင်း ရန်သူကို ချေမှုန်းနိုင်ပြီး ၆၈၃ ရင်ဆိုင်နေရသည့်ဒေသမှ ရန်သူတပ်များဖြစ်သည့် ခလရ (၈၀) နှင့် (၈၁) တို့ ပါဝင်သည့် တပ်မ ၆၆ လက်အောက်ခံ ၆၆၃ ဗျူဟာနှင့် ခမရ (၁၀၇)၏ တပ်ခွဲ ၃ ခွဲပါ စစ်ကြောင်း (၁)၊ ရန်သူ ရမခတိုင်းမှ တပ်မ ၇၇ က ခေတ္တ ချေးထားသည့် ရှမ်း (၁) တို့ကို ယခုအချိန်ထိပင် ဆွဲငင်ထားနိုင်သည်။ ထို့ကြောင့် မိမိ၏စစ်ဆင်ရေးရည်ရွယ်ချက် ကောင်းစွာ အောင်မြင်သည်ဟု ယူဆသည်။

၎။ ကျွန်တော်တို့ တပ်များသည် တိုက်ပွဲစဉ်တွင် …
(က) ကတုတ်တိုက်ခြင်း
(ခ) နေရာယူခံစစ်ထိုးခြင်း
(ဂ) လှုပ်ရှားစစ် … ဖြစ်သည့် စစ်သုံးမျိုး အတွေ့အကြုံသင်ခန်းစာများ ရရှိခဲ့သည်။ ယင်းတွင် အောက်တို ဘာ ၄ ရက်မှ ၂၆ ရက်နေ့ အထိ ၂၃ ရက်ကြာသည့် ရေရှည်ခံစစ်ထိုးသည့် အတွေ့အကြုံမှာ ကျွန်တော်တို့ ပြည်သူ့ တပ်မတော်အတွက် သစ် ဆန်းပြီး တန်ဖိုးအသစ်တချို့ ရရှိခဲ့သည်။ အရင်က ရေရှည်ခံစစ်အတွေ့အကြုံနည်းခဲ့သော်လည်း ယခုစစ်ဆင်ရေးတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြသည်။ ယခုခံစစ်ကာလအတွင်း၌ မိမိတို့အင်အားကို တတ်နိုင်သမျှချွေတာပြီး တဘက်တွင် အစွမ်းကုန်ခံစစ်ထိုး၍ တဘက်တွင်လည်း ရေရှည်တိုက်နိုင်အောင် အင်အားချွေတာခြင်း၊ အနားယူခြင်း၊ ကျန်းမာရေး မထိ အောင် ထိန်းသိမ်းပြုပြင်ခြင်း။ အနိမ့် ဆုံးရိက္ခာ မပြတ်အောင် ထောက်ပံ့ခြင်းစသည်တို့ဖြင့် ရေရှည်စစ်ပွဲတွင် မိမိတို့တိုက် စွမ်းရည်မကျအောင် ထိန်းသိမ်းတိုက်ခိုက်သွားနိုင်ခဲ့ကြသည်။

၅။ ခံစစ်၏အသက်ဖြစ်သည့် ခံစစ်အတွင်း တန်ပြန်ထိုးစစ်အမျိုးမျိုးကို ကျွန်တော်တို့ တပ်မတော်က ဤဘက်တွင် အတွေ့ အကြုံနည်းသေး၍ ချို့တဲ့သော်လည်း နောက်ပိုင်းတွင် မိမိကတုတ်မှထွက်၍ တာတိုပစ်တိုက်ခိုက်ခြင်းများ ပြုလုပ်လာကြ၍ ရန်သူ နောက်ပိုင်း မြန်မြန်အကျအဆုံးများပြီး ဦးကျိုးသွားသည်။

၆။ ဤခံစစ်တိုက်ပွဲတွင် ကျွန်တော်တို့တပ်မတော်အတွက် မှတ်သားလောက်သည့် ထူးခြားသော အတွေ့အကြုံတရပ်မှာ ရန် သူ့လက်နက်ကြီး အမြောက်ကြီးနှင့် လေယာဉ်ပျံတို့က ၎င်းတို့အစွမ်းကုန်ပစ်ခတ်ဖိနှိပ်မှုအောက်တွင် ရက်ပေါင်းများစွာ ရဲရဲ ရင့်ရင့် ကြံ့ကြံ့ခံနိုင်သောအတွေ့အကြုံဖြစ်သည်။ အထူးသဖြင့် ရန်သူ့အမြောက်ဒဏ်မှာ ယခင်က မတွေ့ကြုံဖူးလောက် အောင် ပြင်းထန်ပေသည်။ ဤအတွက်လည်း ရန်သူက ကျွန်တော်တို့ တပ်မတော်အား အံ့သြကြသည်။ ၎င်းတို့ထိုးစစ် များအတွက် မီးကုန်ယမ်းကုန် လက်နက်ကုန် အချိန်အကြာဆုံး ထိုးစစ်တရပ်မှာ ၁၈ ရက်နေ့ ချူးဆွေစခန်းနှင့် ရင်ကွဲတောင် တစိတ်တဒေသကို ထိုးသည့်ပွဲဖြစ်သည်။ ရန်သူ့ ဗုံးကြဲတိုက်လေယာဉ်က ၅ နာရီမျှ ဗုံးကြဲပစ်ခတ်မှုဖြင့် မိုးထားပြီး အမြောက် များက ၂ နာရီကျော် ပစ်ခတ်ပြီးနောက် သူ့ခြေလျင်တပ်များက မိမိတို့အနီးကပ်၍ ဘန်ကာများကိုတိုက်ခိုက်ဖို့ ဓာတ်ဆီပုလင်း များကို ကိုင်စွဲလျက် ည ၆ နာရီမှ ၁၀ နာရီအထိ ၄ နာရီတိုင်တိုင် အကြိမ်ကြိမ် အနီးကပ်တက်ထိုးမှုကို မိမိတို့အောင်မြင်စွာ တွန်းလှန်ထိုးနှက်လိုက်နိုင်သည်။ ၎င်းပွဲသည် ၆ နာရီကြာ တိုက်ပွဲဖြစ်သည်။

၇။ ဤတိုက်ပွဲစဉ်တွင် ရန်သူက အတော်ခေတ်မီ စနစ်ကျစွာပြင်ဆင်ထားသည့် ချူးရွှေနဲ့ ပန်ကော် ကတုတ် စခန်းများသည် မြေအခြေအနေအရလည်း ၎င်းတို့အတွက် အတော်ကောင်းမွန်သည့်ပြင် မိုင်းများ၊ သံဆူးကြိုး၊ ဝါးညှောင့်များဖြင့် တားဆီး ထားသည့်ခံကတုတ်များ ဖြစ်သည်။ ယင်းကို ကျွန်တော်တို့ တက်ထိုးပြီး သိမ်းပိုက် နိုင်ခဲ့သည်။ ဒါနဲ့ပြောင်းပြန် ကျွန်တော်တို့ တပ်ရင်းကလေး တရင်းက တနာရီမျှနှင့် တိုက်ခိုက်သိမ်းနိုင်သည့် ချူးရွှေခံကတုတ်ကို ရန်သူတို့က ကျွန်တော်ထက် များစွာ(အရေအတွက်ရော အရည်အချင်းပါ) သာလွန်သည့် အမြောက်လက်နက်ကြီးများ (သူတို့တပ်ရင်း နောက်ပွင့်အ မြောက်များအပြင်၊ တောင်ပေါ်ပစ် ၇၆ မမ၊ ၁၂၀ မမ စိန်ပြောင်းကြီးများ၊ ၁၀၅ မမ ဟော်ဝစ်ဇာ)၊ လေယာဉ်များ၊ ထောင် ပေါင်းအတော်များများရှိသည့် အမြောက်ကျည်ဆန်များအသုံးပြုပြီး ၂၄ ရက်လုံးလုံး တပ်ရင်း ၆ ရင်းသည် တလှည့်စီ ၂၄ ရက်အတွင်း အကြိမ်ပေါင်းများစွာ ရာအချို့ထိခိုက်ကျဆုံးခံပြီး ထိုးသော်လည်း မြေတလက်မမျှ ၎င်းတို့ မရယူနိုင်ခဲ့။

၈။ ဤအချက်များက ပြသည်မှာ ….
(က) ကျွန်တော်တို့သည် ၎င်းတို့၏ မည်မျှတောင့်တင်းသည့် မည်သည့်ခံကတုတ်ကိုမဆို ကျွန်တော်တို့၏ သေးငယ်သော အမြောက်တပ်ကလေး၏ အကူအညီကို စနစ်တကျအသုံးပြုပြီး အရထိုးနိုင်ကြောင်း
(ခ) ခံစစ်တွင်လည်း ရန်သူအား မိမိက မပေးလိုသည့် မည်သည့်မြေကတုတ်မဆို ကြံ့ကြံ့ခံနိုင်ကြောင်း
(ဂ) ရန်သူ့အတွက် ကြည့်မူ –
ကျွန်တော်တို့ ထိုးလည်း မခံနိုင်၊ ကျွန်တော်တို့ခံလည်း သူမထိုးနိုင်သည်ကို တွေ့ရပေမည်။

ဤတွင် စစ်သဘောတရားအရ အခြေခံအားဖြင့် ကျွန်တော်တို့က ရန်သူ့ထက် တိုက်စွမ်းရည်သာနေကြောင်း ထင်ရှားစွာ တွေ့မြင်ရသည်။

၉။ ဤကဲ့သို့ နှစ်ဖက် ရင်ဆိုင်ကြရာ၌ မိမိတို့က နည်းပရိယာယ်အရ ရန်သူထက် တိုက်စွမ်းရည် အသာရနေမှုကို အမြဲပင် တ လျှောက်လုံးထိန်းသိမ်းသွားရန် လိုပေသည်။ ယင်းအသာရမှုအတွက် မိမိတို့ကပေးရသည့် တန်ဖိုးကို လျှော့ချရန်နှင့် ယင်း သာလွန်မှုကို တဆင့်တိုးဖွံ့ ဖြိုးတိုးတက်အောင် ကျွန်တော်တို့ ကြိုးစားရမည်။

၁၀။ ဤတိုက်ပွဲစဉ်အတွင်း ပန်ကော်နှင့် ချူးရွှေကတုတ်များကို တက်ထိုးသည့် မိမိတပ်များ အလွန်ရဲရင့် ကြံ့ခိုင်ပြီး စိတ်ဓာတ် ကောင်းမွန်ကြသည်။ အချိန်တိုအတွင်း ခက်ခဲတဲ့အထစ်အငေါ့မရှိဘဲ တဟုန်ထိုး ထိုးနှက် တိုက်ခိုက်ကြသည်။ အထူးသဖြင့် ပန်ကော်ကတုတ်မှာ ချူးရွှေကဲ့သို့ ကတုတ်များ ခိုင်ခံ့ကောင်းမွန်သည့်အပြင် မြေအနေအထားအရ အတော်စောက်မတ် ခက်ခဲသည့် အနေအထားတွင် မိုင်း၊ ဆူးကြိုး၊ ညှောင့်စသည်တို့ကို ကျော်လွှား၍ တက်ထိုးရသည်။ သေမှာမကြောက် မရ မနေ ပိုင်းပိုင်းဖြတ်ဖြတ်စိတ်ဓာတ်ဖြင့် ရဲရဲရင့်ရင့် တိုက်ပွဲဝင်သည့်စိတ်ဓာတ်ကို ကျွန်တော်တို့ အမြဲထိန်းသိမ်းထားဖို့ လိုအပ် သည်။

၁၁။ ၅၀၁ တပ်ရင်းသည် ပန်ကော်ကတုတ်ကို ခက်ခဲစွန့်စားစွာ အထိအခိုက် အကျအဆုံးများစွာခံပြီး (၇ ယောက်ကျ၊ ၇၅ ယောက် ဒဏ်ရာရ) နောက် ယင်းအောင်မြေပေါ်တွင် တပ်မနားဘဲ အရံတပ်ရင်း ၁၈ ကို လွှဲအပ်ပြီး အောင်ပွဲကိုအမြတ်ထုတ်ရန် ‘ဖာလန်’ ကို ဆက်တိုက် ချီတက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် မပြီးသေးသည့် တိုက်ပွဲဆက်ရန် ဖာလန်မှ ချူရွှေသို့  ချက်ချင်း ဆက်လက်ချီတက်ပြန်သည်။ ထို့နောက် ထိုနေ့ညနေ တာဝန်မပြီးဆုံးသေးသည့် တပ်မဟာ ၁၂ ရှိရာ လွယ်မလွန်မန် သို့ ဆက်လက်ချီတက်ပြန်သည်။ ကျွန်တော်တို့မှာ ယင်းတပ်ရင်း၏ ထူးကဲသည့်တိုက်ခိုက်ရေးစိတ်ဓာတ်ကို များစွာနှစ်ထောင်း အားရ ကျေနပ်ဖြစ်ကြသည်။ ထိုတပ်ရင်းသည် နောက်ရက်ပေါင်း ၂၃ ရက်ကြာသည့် ခံစစ်တိုက်ပွဲနှင့် ဟူစွမ်တိုက်ပွဲတို့တွင်လည်း တလျှောက် လုံး များစွာအားကိုးရပြီး အလွန်ကျေနပ်ဖွယ် တိုက်စွမ်းရည်ကို ပြသခဲ့သည်။

ကျွန်တော်တို့သည် ကျန်တပ်ရင်းများကိုလည်း ဤတပ်ရင်းကဲ့သို့ အလားတူအစွမ်းထက်မြက်လာအောင် လုပ်ကြရမည်။

၁၂။ စစ်ဒေသ၏ ဒုတိယအားထားရသော ၀၄၂ တပ်ရင်းမှာလည်း ချူရွှေ၌ အထိနာပြီး တပ်ရင်းမှူးဒဏ်ရာရ၍ ဆေးရုံ ခေတ္တတက်နေရသော်လည်း ၎င်းတို့၏တိုက်ခိုက်ရေးဂုဏ်သိက္ခာကို တလျှောက်လုံး ထိန်းသိမ်းနိုင်ခဲ့ကြသည်။

၁၃။ နှိုင်းယှဉ်ချက်အရ တိုက်စွမ်းရည်ခေါင်းဆောင်မှုတို့တွင် နောက်တန်းရောက်နေသည် ထင်ရသော တပ်ရင်း ၁၈ နှင့် ၄၀၄၆ တပ်ရင်းတို့မှာ ဤတိုက်ပွဲစဉ်အတွင်း အထက်ပါတပ်ရင်း ၀၄၂ နှင့် ၅၀၁ တို့ကြားတွင် တွဲဘက်ရင်ဘောင်တန်းတာ ဝန်ယူရင်းနှင့် တိုက်စွမ်းရည်များ စိတ်ချရလောက်အောင် မြင့်တက်လာသဖြင့် တပ်ရင်းကောင်းများအဖြစ် နောင် ကျွန်တော် တို့ ဆက်လက်အသုံးပြုသွားနိုင်မည် ဖြစ်သည်။

၁၄။ တပ်မဟာ ၁၂ နှင့် ယင်း၏တပ်ရင်း ၆ နဲ့ ၂၂ တို့သည်လည်း လွယ်မလွန်မန်တိုက်ပွဲ အရေးနိမ့်ရ၍ ပထမပိုင်းတွင် စိတ်ညှိုးညှိုးငယ်ငယ်ဖြစ်နေသော်လည်း နောက်ပိုင်းတဖြည်းဖြည်း ဤထူးခြားသည့်စစ်ပွဲက အတွေ့အကြုံသစ်မြောက်မြားစွာ ပေးသဖြင့် အခြားညီနောင်တပ်များကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည် မြင့်တက်လာသည့် တပ်ကောင်းများအဖြစ် မြင့်တက်လာ ကြသည်။ အထူးသဖြင့် ၂၀ ရက်နေ့  ဖာကျွတ် တန်ပြန်ထိုးစစ်ကို အောင် မြင်စွာဆင်နွှဲပြီးနောက် တိုက်စွမ်းရည်ရော စိတ် ဓာတ်ပါတက်လာသည်။

၁၅။ စစ်ဒေသအမြောက်တပ်ရင်းမှာလည်း ၎င်း၏ ရဲရင့်မှု၊ လျင်မြန်ဖြတ်လတ်မှုနှင့် အမြောက်နေရာကို ရန်သူနှင့် နီးကပ် လျင်မြန်စွာ နေရာယူနိုင်စွမ်းရှိမှု၊ ခြေလျင်တပ်များနှင့် ရင်ဘောင်တန်းတိုက်ခိုက်နိုင်မှုတို့ကြောင့် ကျွန်တော်တို့တပ်ဖွဲ့များ၏ ချစ်ခင်လေးစားမှုခံရပြီး ရန်သူ၏ ကြောက်ရွံ့ ရွံရှာမှုကို ခံရသည်။

၁၆။ ဤတိုက်ပွဲစဉ်အတွင်း ဝမြောက်ခရိုင်နှင့် ကိုးကန့်ခရိုင်မှ လက်နက်ကိုင် ပြည်သူ့စစ် ၅၀၀၀ ကျော် ပါဝင်ပြီး တပ်အသီးသီး ဖြန့်၍ ရှေ့တန်းစစ်မြေပြင် သယ်ယူပို့ဆောင်ရေးနှင့် မိမိတို့လူနာများ သယ်ယူပို့ဆောင်ရေးကို မိုးရွာဆိုးရွားနေသည့် အ ခြေအနေအောက်တွင် ခက်ခဲပင်ပန်းစွာ ရေရှည်တိုက်ပွဲကြီးတလျှောက်လုံး ပါဝင်ဆင် နွှဲခဲ့ကြသည်။

၁၇။ ဝ မြောက်ခရိုင်တပ်နှင့် ကိုးကန့်ခရိုင်တပ်တို့ကလည်း ၎င်းတို့ ကျရာတာဝန်ကို ဆောင်ရွက်ကြသည်။ ဝ မြောက်ခရိုင် တပ်မှာ အောက်တိုဘာ ၃ ရက်နေ့ ဟိုပန်ကူးတို့ဆိပ် တိုက်ခိုက်သိမ်းပိုက်ရေးတွင် ထိခိုက်ကျဆုံးမှု ဖြင့် ဆုံးရှုံးခဲ့ရသော်လည်း နောက်ပိုင်းတာဝန်များကို ဆက်လက်ဆောင်ရွက်ကြသည်။

၁၈။ ကိုးကန့်ခရိုင်တပ်ဖွဲ့မှာ အလွန်တက်ကြွဖျတ်လတ်သော တပ်ရင်းဖြစ်သည်။ တိုက်ပွဲစဉ်တလျှောက်လုံး ၎င်းတို့၏ ရန်သူ အား ပစ်ခတ်ထိုးနှက်သည့်အသံများ၊ ရန်သူ့လေယာဉ်နှင့် အမြောက်တို့က တန်ပြန်ပစ်ခတ် သည့်အသံများ နေ့တိုင်းလောက် ကြားနေရသည်။ ကွန်လုံကို ဟိုပန်ပြီး တိုက်မည့်သတင်းလွှင့်ပြီး ဖိကပ်ထားခြင်းနှင့် ကွန်လုံ-ဟိုပန်လမ်းတလျှောက်လည်း အတော်အတန်ထိန်းချုပ်နှောင့်ယှက်နိုင်ခဲ့ကြသည်။ အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ပန်ကော်တောင်မကြီးပေါ်မှ ကျွန် တော်သည် စစ်မြေပြင်အခြေအနေ ကြည့်ရှုသုံးသပ်စဉ် ၎င်းတပ်ဖွဲ့လေးတဖွဲ့က ကွန်လုံတံတားကို မော်တာဖြင့်တိုက်ခိုက် သည်ကို မြင်တွေ့ရသည်။ ၎င်း၏လှုပ်ရှားမှုကြောင့် ကွန်လုံတွင် ရန်သူစစ်ကြောင်းတခုကို အမြဲလိုလိုထိန်းချုပ်ထားနိုင်ပြီး ကွန်လုံမှ ၁၀၅ မမ အမြောက်ကြီးများကို ဟိုပန်ဘက်သို့ ၁၈ ရက်နေ့ညနေ တခါသာ ခေတ္တဆွဲယူပစ်ခတ်နိုင်ခဲ့သည်။

၁၉။ ဤရက်ရှည်စစ်ပွဲကြီးတွင် မိမိတို့၏ လူအင်အား ၄၀၀၀ နီးပါးခန့်ကို တရက်မပြတ် ကျွေးမွေးနိုင်ရန်နှင့် လက်နက်ကိုင် စစ်သည်တော် ၂၅၀၀ ကျော်အား လိုအပ်သည့် တရစပ်ပစ်ခတ်နေသည့် ခဲယမ်းမီးကျောက်များ အဆက်မပြတ် ရှည်လျား ခက်ခဲသည့်ခရီးလမ်းကြောင်းအတွင်း သယ်ပူပို့ဆောင်ရေးကို စစ်ဦးစီးဌာန၏ တောင်းဆိုချက်များအတိုင်း စည်းရုံးပို့ဆောင် ပေးကြသည့် ကိုးကန့်ခရိုင်၊ ဝမြောက်ခရိုင်ကေဒါများနှင့် ပြည်သူများ၏ ကြိုးစားအားထုတ်မှုကိုလည်း ကျွန်တော်တို့ ချီးကျူးအသိအမှတ်ပြုရပေမည်။ အထူးသဖြင့် ဝမြောက် ခရိုင်မှာ တာဝန်အကြီးလေးဆုံး ထမ်းဆောင်ခဲ့ရသည်။ ယင်းခရိုင်မှ ရာပေါင်းအတော်များသည့် နွားဝန်တင်များကို အသုံးပြုခဲ့ရသည်။ ထောက်ပံ့ရေးကို အုပ်ချုပ်ဖြန့်ချိသည့် အုပ်စုကလေးမှာ လူနည်းစုကလေးသာ ဖြစ်သော်လည်း ရန်သူ့ဒေသတွင်း ရုတ်တရက်ရရှိသည့် ရုပ်ပစ္စည်း၊ လူ၊ နွားတို့ကိုပါ ဆွဲယူပြီး လျင်မြန် ဖျတ်လတ်စွာ အလုပ်လုပ်ပုံကို တွေ့ရသည်။ မည်သူမျှ ထမင်းငတ်ခြင်း မရှိခဲ့ချေ။ သုံးမျိုးသုံးကျည် ခေတ္တအကျပ်အတည်း တွေ့ခဲ့ရသော်လည်း အန္တရာယ်ကျလောက်အောင် မပြတ်ခဲ့ပေ။ အခြားခဲယမ်းမီးကျောက်များကိုလည်း မပြတ်ရအောင် ခက်ခက်ခဲခဲ ကြိုးကြိုးကုတ်ကုတ်လုံးပန်းအားထုတ်ခဲ့သည်။

၂၀။ ကျွန်တော်တို့စစ်သည်တော်များ၏ တော်လှန်ရေးစိတ်ဓာတ်မြင့်မားမှုကို နောက်ထပ်တွေ့ရသည်မှာ ကျွန်တော်တို့ ရက်ပေါင်း ၂၄ ရက် ဆင်နွှဲပြီး အောက်တိုဘာ ၂၆ ရက်မှ ၂၇ နေ့ တနေကုန် ကြင်းချန်ဘက်သို့ ခွာစစ်ချီတက်လာခဲ့ရာ အတော်မြင့်မားသည့်တောင်တန်းများကို ဖြတ်ကျော်ခဲ့ရသည်။ ၂၈ ရက်နေ့တွင် တပ်အသီးသီး မိမိအနားယူမည့်နေရာတွင် ရက်အတော်ကြာကြာနေရန်အတွက် တဲများထိုးခြင်း၊ အဝတ်လျှော် ဖွတ်ခြင်းလုပ်ကြသည်။ ထိုည ၁၁ နာရီကျော် ရန်သူတို့ အလုံးအရင်းနှင့် ဟူစွမ်ကိုထိုးစစ်ဆင်မည့် သတင်းကြား ရ၍ ၂၉ ရက်နေ့နံနက်မိုးလင်းကတည်းက တနေကုန် ဟူစွမ်သို့ တောင်တန်းများကို ထပ်မံဖြတ်ကျော်ပြီး ညနေ နေမဝင်ခင်အရောက် တပ်မဟာ ၁၂ မှ တပါး ကျန်တပ်အားလုံး ချီတက်ကြ ရပြန်သည်။ ဤသို့ အနားမယူရဘဲ ဆက်တိုက်ချီတက်ခိုင်းရသဖြင့် စိတ်အနည်းငယ်ထင့်သော်လည်း ရန်သူကို ချေမှုန်းလို စိတ်နှင့် အခွင့်အလမ်းကောင်းအတွက် အားမာန်တင်း၍ ဆက်လက်ချီတက်ပြီး ဟူစွမ်တိုက်ပွဲကို ကျွန်တော်တို့စစ်သည် တော်များ ရဲရင့်စွာ ၃ ရက်တိုက်ပွဲဝင်ကြသည်။

၂၁။ ဤတိုက်ပွဲစဉ် နေရာစွဲခံစစ်ထိုးကာလအတွင်း ရန်သူ၏ ဖာကျွတ်ဒေသရှိညာတောင်ပန်ကို တန်ပြန်ထိုးစစ် ဆင်၍ ရိုက်ချိုးနိုင်ခဲ့သည်။ ယင်းတိုက်ပွဲတွင် ရန်သူ ၁၀၀ ကျော် ထိခိုက်ကျဆုံးပြီး ကျည်ဆန် ၂၀၀၀၀ (နှစ်သောင်း) ကျော်၊ ကျောပိုးအိတ် ၇၀ နှင့် ရန်သူအလောင်းများ၊ အခြားစစ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။ ဤတန်ပြန်ထိုးစစ်မှာ အောက်တိုဘာ ၁၈ ရက် ရန်သူတို့၏ မီးကုန်ယမ်းကုန် အစွမ်းကုန်ကြဲသည့်ထိုးစစ်နှင့် ၂၀ ရက်နေ့ ရန်သူ့ ၁၀၉ တပ်ရင်းသစ်က အမြောက် အကူအညီ မသုံးဘဲ ခတ်ရမ်းရမ်းတက်ထိုးသည့် ထိုးစစ်ကြီးများတွင် ရန်သူတို့အလွန်ထိခိုက်ကျဆုံးခံရပြီး လုံးဝဦးကျိုးသွား မှုကို စိတ်ဓာတ်ရေးရာပါ အဖတ်ဆယ်မရ အောင် ထပ်ပေါင်းထည့်လိုက်သည့် တိုက်ပွဲကြီးဖြစ်ခဲ့သည်။ ယင်းတိုက်ပွဲနှင့် ၂၀ ရက်နေ့ တိုက်ပွဲတွင် နောက် ဆုံး ရန်သူ ချူရွှေမှလန်ကျသွားသည်၊ ၅၀၁ တပ်ရင်းမှ တပ်သားအချို့က မိမိကတုတ်များထဲမှ ခုန်ထွက်ပြီး အတင်းလိုက်လံပစ်ခတ်ရာ ယခင်ထိုးစစ်များထက် များစွာအထိနာသွားသည်။ ၎င်းတို့၏အလောင်းနှင့် ဒဏ်ရာ ရသူအချို့ကို ဆွဲယူမသွားနိုင်၍လည်း ပို၍ထိခိုက်ကျဆုံးစေသည်။ ဖာကျွတ်ထိုးစစ်နှင့် ယင်းတာတိုတန်ပြန်ထိုး စစ်ကလေး များသည် ရန်သူသက်ရှိ ရုပ်ပစ္စည်းများကို ဖျက်ဆီးချေမှုန်းလိုက်နိုင်ရုံမက ယင်းထက်ပင် ၎င်းတို့၏ စိတ်ဓာတ်များကို များစွာထိခိုက်စေသည်။ အကြောင်းမှာ ၎င်းတို့တပ်အနေနှင့် အင်အားရှိသမျှ လက်စွမ်းကုန် အကြိမ်ကြိမ်ဖိထောင်းရိုက်ပုတ်ထားသည့်အထဲက ယခုကဲ့သို့ စနစ်တကျတည်ငြိမ်စွာ ခေါင်းထောင်ပြီး ပြန်လှန် ထိုးစစ်လုပ်နိုင်သဖြင့် ၎င်းတို့အဖို့ ဤတိုက်ပွဲ၏အနာဂတ်ကို ဘယ်လိုဆက်လုပ်ရမည် မသိလောက်အောင် သူတို့အတွက် မျှော်လင့်ချက်ကုန်ခန်းပြီး လူရော စိတ်ပါ လုံးဝဦးကျိုးသွားသည့်အဖြစ်သို့ ရောက်စေခဲ့သည်။

၂၂။ ယင်း ၂၀ ရက်နေ့နောက်မှ မိမိတို့တပ် ခွာစစ်ရွှေ့ပြောင်းသည့် ၂၆ ရက်နေ့အကြား ၄၀၄၆ နှင့် တပ်ရင်း ၁၈ တို့ကလည်း တပ်ဖွဲ့ကလေးများဖြင့် ကတုတ်ထဲမှ အလစ်ထွက်၍ တာတိုလိုက်ကာ ရန်သူ့အစုအဖွဲ့ကလေးများကို ချောင်းမြောင်းပစ် ခတ်ခြင်းနှင့် မိမိတို့အမြောက်တပ်ကလည်း ပေါ်လွင်နေသည့် ရန်သူ့တောင်ပံနှင့် အစွန်းအစအနများကို အလစ်ထိရောက်စွာ စည်းရုံးပစ်ခတ်မှုကြောင့် ထပ်မံထိခိုက် ကျဆုံးစေပြန်သည်။ ခလရ ၁၃ ရင်းမှူးနှင့်အဖွဲ့မှာ ဤမိမိတို့ အမြောက်ပစ်ခတ်စဉ် ကျဆုံးသွားသဖြင့်ပင် ကိုယ်လူ ၁၀၀ ကျော်လည်း ဒဏ်ရာ ရရှိပြီးဖြစ်သောကြောင့် ခလရ ၁၃ တပ်ရင်းသည် ထိန်းသိမ်း ရခက်လောက်အောင် စိတ်ဓာတ်ပြိုကွဲသွားသည်။ ဤသို့ဖြင့် ရှေ့တန်းရင်ဆိုင်တိုက်ခိုက်သည့် တပ်များ ၁၂ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကျဆုံးပြီး လူရောစိတ် ပါ လုံးဝနာလန်မထူနိုင်အောင် ဦးကျိုးသွားခဲ့သည်။

၂၃။ အောက်တိုဘာ ၃၁ ရက် ဟူစွမ်တိုက်ပွဲပြီးသည့်နောက် ကျွန်တော်တို့ တိုက်ပွဲဝင်စစ်သည်အားလုံးတို့မှာ မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှု အတော်အသင့်ရှိသော်လည်း ရာသီဥတုအေးပြီး မိုးမကြာခဏ ဆက်တိုက်စွေ နေသည့်အောက်တွင် ရက် ရှည်စစ်ပွဲဝင်ရ၍ ပင်ပန်းနွမ်းနယ်နေသော်လည်း ရန်သူတို့ ထိခိုက်ကျဆုံးမှုသတင်း များနှင့် အောင်ပွဲများကို အဆက်မပြတ် မြင်တွေ့ကြားသိနေရသဖြင့် များစွာပျော်ရွှင်ပြီးလည်းကောင်း၊ ထို့ပြင် ပြင်းထန်သော ရန်သူ၏ အမြောက်၊ လေယာဉ်၊ လက်နက်ကြီးများနှင့် ခြေလျင်တပ်၏ တိုက်ခိုက်မှုများကို ရက် ရှည်ခုခံတွန်းလှန်နိုင်စွမ်းကြောင့် မိမိကိုယ်မိမိ ယုံကြည်အားတက်လာမှုကြောင့်လည်းကောင်း၊ နောက်ဆုံး ဟူစွမ်တိုက်ပွဲတို့ကြောင့်လည်းကောင်း ကျွန်တော်တို့စစ်သည်များ မှာ အမြင်အရပင်ပန်းနွမ်းနယ်သည့် ရုပ်သဏ္ဌာန်အောက်တွင် ပျော်ရွှင်တက်ကြွနေကြသည်ကို ကျွန်တော်တို့ တွေ့မြင်ကြသည်။

အလားတူပင် စစ်နောက်ပိုင်း လုံးပန်းအားထုတ်ပေးရသည့် ပြည်သူ့စစ်များနှင့် ထိုဒေသခံ ပြည်သူလူထု ကြီးတရပ်လုံးလည်း ပင်ပန်းနွမ်းနယ်နေသည့်ကြားမှ ရွှင်လန်းဝမ်းမြောက်လျက်ရှိသည်ကို တွေ့ရပေသည်။

၂၄။ ဤတိုက်ပွဲစဉ်တွင် ကျွန်တော်တို့ဘက်မှ တော်လှန်ရေးသူရဲကောင်းစိတ်ဓာတ်ကို ပြသသွားကြသော သူရဲ ကောင်းများ ပေါ်ပေါက်ခဲ့သည်။ အချို့ဂုဏ်ရောင်ပြောင်စွာ ကျဆုံးသွားကြသည်။ ပန်ကော်တိုက်ပွဲတွင် အခြား ရဲဘော်များအတွက် ရန်သူ့မိုင်းကို မိမိကိုယ်ခန္ဓာနှင့်ကာကွယ်ရင်း အသက်စတေးသွားသူ၊ ၂၀ ရက်နေ့ ၅၀၁ မှ ရဲဘော်တချို့ ချူရွှေကတုတ်မှ ရန်သူလန်အသွား တာတိုလိုက်၍ပစ်ခတ်ကြသူတချို့တို့မှာ သူရဲကောင်းများ အဖြစ် ကျွန်တော်တို့အားပြသခဲ့ကြသည်။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts