ရသဆောင်းပါးစုံ ရေခြားမြေခြား မြန်မာများ

မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – အမေရိကန်တက္ကသိုလ်မှာ ခဏတာ

မောင်မောင်လတ်(ရွှေအင်းလေးစာပေ) – အမေရိကန်တက္ကသိုလ်မှာ ခဏတာ

(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၁၄

တည်ဆောက်ထားတဲ့ ကွင်းပုံစံက  ၁၀ပေ ပတ်လည်စတုရန်းပုံအဝိုင်းအဝန်းလေးပါ  ၊ အပြင်အဆင်က ညာဖက်ဒေါင့် အောက်ခြေမှာ  အဖျက်သမား အစွန်းရောက်တွေ ထောင်ထားတဲ့ မိုင်းဗုံးတလုံးရယ်၊ ညာဖက်ခြမ်းအပေါ်ဒေါင့် မှာတော့  ပတ်ဝန်းကျင်ညစ်နွမ်းစေမဲ့ သဘာဝဘေးအန္တာရယ်ဖြစ်တဲ့  ရေနံစိမ်းဆီကွက်တွေရှိပြီး၊ မျက်နှာချင်းဆိုင်တဖက်တချက်   ဝဲဖက်ဒေါင့်  အောက်ခြေမှာ   အကူအညီ အရေးပေါ်လိုအပ်နေတဲ့  တောင်ကုန်းပေါ်က လူသားနှစ်ဦး….အဲဒီဝဲဖက်ခြမ်းအပေါ်ဒေါင့် မှာတော့ အရေးပေါ်ကယ်ဆယ်ရေးဌာနချုပ်ကြီးဘဲပေါ့။ ကွင်းအလယ်နေရာမှာ အပေါ်အောက်ဒေါင်လိုက် တောင်တန်းရှည်ကြီးတခုရှိပြီး တောင်တန်းအလယ် ချိုင့် ဝှမ်းမှာ  စွန့် ပစ်အမှိုက် ထည့် ထားတဲ့  သစ်သားစည်ပိုင်းကြီးနှစ်ခုက နေရာယူထားပါတယ်။

“Ready  And  Go ” ရယ်လို့  ကြီးကြပ်သူဆရာအော်သံ ကြားရတာနဲ့  ကယ်ဆယ်ရေးယာဉ်က အရေးကြီးဆုံး အဖျက်သမားထောင်ထားတဲ့ မိုင်းဗုံးကို ရှင်းလင်းဖို့  တရှိန်ထိုး အပြေးခရီးနှင်နေပါပြီ ၊ ပြီုင်ပွဲမစတင်ခင် ကြိုတင်တိုင်ပင်ရွှေးချယ်ထားတဲ့ လမ်းကြောင်းအတိုင်း   ကယ်ဆယ်ရေးယာဉ်ကြီးက တသမတ်တည်းသွားနေတာက  အားမာန်စွမ်းအားအပြည့်။ တက်ကြွရွှင်လန်းမှု အပြည့် နဲ့ မို့  အားရစရာ ၊ အားတက်စဖွယ် ၊သတ်မှတ်ကာလ အချိန် (၄)မိနစ်အတွင်း  မလိုအပ်ဘဲ အချိန်မကုန်အောင် တောင်တန်းအလယ်မှာ စုံပုံထားတဲ့ အမှိုက်သရိုက် ပုံးကြီးကို ရှောင်ကွင်းသွားစေမယ်ဆိုတာက အဖွဲ့ ဝင်အားလုံးရဲ့ ဆုံးဖြတ်ချက်ပါ။

၁လတာ အချိန်အတွင်း  တပင်တပန်းကြိုးစားတည်ဆောက်ထားတဲ့ ကယ်ဆယ်ရေးယာဉ်ကြီး၊ မြေပြင်ခက်ခဲကြမ်းတမ်းတဲ့  တောင်တန်းကြီးကို  အလွယ်တကူ ကျော်ဖြတ်နိုင်ပြီးသကာလ အန္တာရယ်မိုင်းထောင်ထားတဲ့ နေရာရောက်ခါနီးတော့  ယာဉ်အရှိန် လျှော့ ချလိုက်ချိန် … အဖွဲ့ ဝင်အားလုံးက  မိုင်းရှင်းလင်းမဲ့ နေရာကို အပြေးနေရာယူစောင့် ကြည့်နေပါပြီ။

ထောင်ထားတဲ့ မိုင်းဗုံးက  ခလုတ်သုံးခုနဲ့ တပ်ဆင်ထားတာပါ  ၊အလယ်တည့် တည့် ခလုတ်ကိုထိမိနိုင်မှသာ မိုင်းစံနက်တံပြုတ်ပြီး  အန္တာရယ် ကင်းရှင်းကြောင်း အစိမ်းရောင်မီး လင်းလာမှာမို့  တမင်ရည်ရွှယ်တပ်ဆင်ထားတဲ့ ခလုတ် ပိတ်သံ နဲ့  အလယ်တည့် တည့် မိုင်းစနက်တံ ပြုတ်စေမဲ့  ခလုတ် ထိတွေ့ နိုင်ဖို့  အရေး ……….မချော်ထွက်အောင် အသေအချာ ချိန်တွယ်နေတာက ရင်တထိတ်ထိတ် ၊ လိုအပ်သလို နေရာရွှေ့ လျား ချိန်ရွှယ် ကြိုးပမ်းနေတာကလဲ အသည်းတယားယား ၊ စက္ကန့် အနည်းငယ် အကုန်ခံပြီးတဲ့ နောက်    ယာဉ်မောင်းနှင်သူကျောင်းသားရဲ့ တိကျတဲ့  အချိန်အဆ ၊မလွဲချော်အောင်ယူထားတဲ့ နေရာအကွာအဝေး ၊  ငြီမ်သက်အောင်စုစည်းထားတဲ့ စိတ်စွမ်းအား တွေကို တပြိုင်နက်စုစည်းပြီး ရှေ့ အတက်…. ဖျတ်ကနဲ လင်းလာတဲ့  အစိမ်းရောင်မီးအလင်းနဲ့ အတူ ပေါ်ထွက်လာတဲ့ လက်ခုပ်သံတွေက အဲဒီအဆင့်  ဖြတ်ကျော်အောင်နိုင်ပြီးပြီဆိုတဲ့ သဘောပါဘဲ။

အန္တရာယ်အရှိဆုံး အတားအဆီးတခုကိုအမှတ်ပြည့် ယူပြီးတဲ့ နောက်  ကယ်ဆယ်ရေးယာဉ်က  အပေါ်ဒေါင့်က ရေနံစိမ်းဆီကွက်တွေကို ကဲ့ယူပြီး  ကယ်ဆယ်ရေးဌာနချုပ်မှာ ရှိတဲ့ သိုလှောင်ကန်ထဲ အရောက်ပို့ ဖို့  ချက်ချင်းခေါင်းလှည့် မောင်းနှင်သွားနေပါပြီ။ ပင်လယ်ပြင်ပေါ် ပေါလောပေါ်နေတဲ့ ဆီကွက်ကြီးက  ရောင်စုံပင်ပေါင်ဘော်လုံးအဖြစ် – ပင်ပေါင်ဘော်လုံးနဲ့  အတူ ရှိနေတဲ့  ဖန်ဂေါ်လီလုံးလေးတွေက   ပင်လယ်ပြင်အောက်ရှိ ငါးသတ္တဝါအဖြစ် ကိုယ်စားပြုထားတဲ့ သဘောပါဘဲ။

လိုအပ်သလို အရှိန်နှုန်းထိမ်းချုပ်မောင်းနှင်နိုင်တဲ့   ကယ်ဆယ်ရေးယာဉ်အတွက် မလိုအပ်ဘဲ စွမ်းအင်မကုန်ရအောင် အပေါ်ခေါက်သိမ်းထားတဲ့   ကရိမ်းတံကြီးကို ပင်လယ်ဆီကွက်(ရောင်စုံဘော်လုံး)ကို  သယ်ယူဖို့ ရှေ့ သို့ အချ  ယာဉ်မောင်းနှင်သူမှ  တွက်ချက်ရပြန်ပြီ။ ရေနံဆီကွက်(ရောင်စုံဘော်လုံး) နဲ့ အတူ ငါးသတ္တဝါများ (ဖန်ဂေါ်လီများ) အတူတကွ မပါဝင်စေဘဲ သီးသန့်  ရောင်စုံဘော်လုံးချည်းကိုသာ သယ်ဆောင်အရေး၊  ပြီုင်ပွဲအမှတ်လျော့စေမဲ့  ငါးသတ္တဝါ အန္တရာယ် မဖြစ်စေဖို့  အရေး….အဖွဲ့ ဝင်တွေရဲ့ လျှပ်တပြက်ဆုံးဖြတ်လိုက်တဲ့ အတိုင်း    ယာဉ်မောင်းနှင်သူကျောင်းသားမှ  ရောင်စုံဘော်လုံးတွေကို  အပေါ်ပိုင်းကနေရှပ်တိုက်ပြီး ဒေါင့် တနေရာ စု ပုံရင်း တဖက်အောက်ခြေက ဖန်ဂေါ်လီလုံးတွေ သီးခြားစီ ရောက်သွားတာဟာ လှလှပပ သေသေသပ်သပ်ပါဘဲ။ ပစ်မှတ်တွေ တစုတပြုံကြီးကို  ခြေနိုင်လက်နိုင်  ပိုင်ပိုင်စိုးစိုး၊ အမှိုက်သယ်ကော်ပြားကြီးက ထိုးတင်မတက်လိုက်တော့ ပါလာတဲ့ ရောင်စုံဘော်လုံး(၉)လုံး အတွက်  ဝမ်းသာအားရလက်ခုပ်သံတွေက   တခဲနက်ပါဘဲ၊ ပြိုင်ခဲ့ တဲ့ ပွဲတလျှောက် အများဆုံးသယ်ယူနိုင်တဲ့ အဖြစ်က အဖွဲ့ သားတွေအတွက် မြူးကြွရွှင်လန်းစေခဲ့ တာကိုမငြင်းနိုင်။ အားရ ကျေနပ်ခြင်းနဲ့ ထပ်တူ စိုးရိမ်သောကတွေက  ထပ်ချပ်မခွာ ဒွန်တွဲနေသလိုပါဘဲ။

ရှေ့ ဆက်ရမဲ့ ခရီးက လွယ်မယောင်နဲ့ အခက်ကြုံရပြန်ပြီတခါ ၊ တုန်ခါမှုကို ထိမ်းရင်း၊ ရောင်စုံဘော်လုံးတွေ ပြန်မကျအောင် ထိမ်းရတာကတဖက်…..အပေါ်ထိုးထောင်နေတဲ့ အမှိုက်သယ်ကော်ပြားကရိမ်းတံ အောက်ပြန်မကျအောင် ထိန်းနေတာကတဖက် … အလာတုန်းက အလွယ်တကူ ဖြတ်ကျော်ခဲ့ တဲ့ တောင်တန်းကြီးဟာ   ယာဉ်အတွက် ကြီးမားတဲ့ အခက်အခဲတခုအဖြစ် ကြုံရတာကို  သူတို့ အဖွဲ့  ကြို မတွေးထားခဲ့တဲ့ မမျှော်လင့် ခဲ့ တဲ့  အတားအဆီးတခုပါ……၊၊

ကယ်ဆယ်ရေးယာဉ်ကြီးကို ခေတ္တခဏရပ်တန့် ပြီး  အဖွဲ့ သားအားလုံးစုပေါင်းတိုင်ပင်၊ ညှိနှိုင်းနေတာက ရင်ခုန်စရာ။ မရပ်မနားသွားနေတဲ့  အချိန်တွေနဲ့ အပြိုင်..စိတ်လှုပ်ရှားစရာ ၊ အဖွဲ့ သားတွေထဲက တဦးတည်းပါတဲ့  ကျောင်းသူတယောက်က   နောက်ပြန်လှည့် ပြီး၊ ဘက်ဂီယာနဲ့  ဖြတ်ကျော်ဖို့  အကြံရလာတာတော့  သူတို့ အဖွဲ့ ရဲ့  ကံကောင်းခြင်းတခုပါဘဲ။

တောင်တန်းသဖွယ် အတားအဆီးအဖြစ်ချထားတဲ့  သစ်သားပြားကြီးကို  ဘက်ဂီယာနဲ့ တဖြေးဖြေးချင်း လှိမ့် ဖြတ်ကျော်ရင်း   သယ်လာတဲ့ ရောင်စုံ ဘော်လုံး ပြန်မကျစေဖို့ … မ တင်ထားတဲ့  ကရိမ်းတံ အောက်မကျစေဖို့ ….၊ ပုံမှန်အရှိန်နိမ့် နိမ့် ကို တသမတ်ထဲထိန်းနိုင်ဖို့ ……အစရှိတာတွေ တပြိုင်ထဲ လုပ်ဆောင်နိုင်ဖို့ အတွက်  ပြိုင်ပွဲမဝင်ခင် အတန်တန် အကြိမ်ကြိမ် လေ့ကျင့် ထားခဲ့ တဲ့  အကျိုးကျေးဇူးပါဘဲ။

အမှိုက်ကော်ခြင်းထဲ ရောင်စုံဘော်လုံး(၉)လုံးစလုံး တပါတည်းပါအောင်ဖြတ်ကျော်နိုင်တဲ့ အခြေအနေက  ဒီအတားအဆီးအတွက် ၉၀% ကျော် ပြီးစီးအောင်မြင်တဲ့သဘော။ ယာဉ်က တောင်တန်းကျော်ပြီးတာနဲ့  ပထမပိုင်း ၂မိနစ်ပြီးသွားလို့  နောက် အဖွဲ့ သားအသစ်ဝင်ကိုင်တွယ်ရတာဟာ ပြိုင်ပွဲ စည်းမျဉ်းပါ။

အသစ်ဝင်လာတဲ့ ကျောင်းသားအနေနဲ့   သက်တောင့် သက်သာ ကယ်ဆယ်ရေးဌာနချုပ်ရှိ သိုလှောင်ကန်ထဲ  ရေနံဆီကွက်သွန်ချရမဲ့ အရေး – အလွယ်ဆုံးက  အခက်ကြုံနေရတာလဲ ဆင်ကောင်ကြီး အမြီးကျမှ တစ်ဆိုသလို….ကရိမ်းတံ အတင်အချထက်  ရှေ့ သို့ ငိုက်ချခြင်းအတွက် လိုသလို ထိမ်းချုပ် မကစားနိုင်တာက အသစ်ဝင်မောင်းနှင်သူ  သွေးမပူသေး၍လို့ လား – အားပေးနေတဲ့ လူအုပ်ကြီးအရှိန်ကြောင့် ၍လား မသိ။  ကရိမ်းတံကို  အတတ်နိုင်ဆုံး တည်ငြိမ်အောင် လုပ်ရင်း  သိုလှောင်ကန်ထဲ သွန်အချ၊ ရောင်စုံဘော်လုံး ၂ လုံး အောက်ကို ပြုတ်ကျသွားတာက နှမျှောစရာ ” ဟင်  ..ဟာ ” ဆိုတဲ့ အာမေဋိတ်သံတွေ ကြိုကြား ကြိုကြားထဲက  ရှေ့ ဆက်ဖို့  တိုက်တွန်းသံတွေလဲ တခဲနက် အားတက်သရော…..၊ ရောင်စုံဘော်လုံး ၇ လုံးအတွက် ရမှတ်ကလဲ မနည်း မနောပါဘဲလေ။

အချိန်က စက္ကန့်နဲ့အမျှ အရေးကြီးနေချိန် … ကျန်ရှိနေတဲ့ အတားအဆီးနှစ်ခုကို ကျော်လွှားဖြေရှင်းနိုင်ဖို့ ဆက်ကြိုးစားရမှာက  အဖွဲ့သားတို့ ရဲ့ အဓိဌာန်ပါဘဲ။

တောင်ကုန်းတခုပေါ်က အရေးပေါ်အကူအညီလိုအပ်နေတဲ့ လူနှစ်ဦးထက် ပိုလွယ်နိုင်တဲ့   အမှိုက်သိုလှောင်ပုံးကြီးနှစ်ခုကို  ကယ်ဆယ်ရေးဌာနချုပ်ဆီ တွန်းပို့ရွှေ့ ပေးတဲ့ အလုပ်ကလဲ မှန်းချက်နဲ့ နှမ်းထွက်မကိုက်။  အမှိုက်သိုလှောင်ပုံးရဲ့ သတ်မှတ်အလေးချိန်  ၁ ကီလိုဂရမ်က  ကယ်ဆယ်ရေးယာဉ်အတွက် အဟန့်အတားတခုအပြင်  ပုံးကြီးက  မြေပြင်ပေါ်ချာချာလည်နေတာဟာလဲ အဖွဲ့ ရဲ့ ကြိုတင် မတွေးဆထားတဲ့ အခက်အခဲတခုပါဘဲ ၊ မောင်းနှင်သူကျောင်းသားအနေနဲ့   အတော်ကြီး ကြိုးပမ်းနေတာလဲ အရာမရောက်၊ ခရီးကမပေါက် ၊သိုလှောင်ပုံးကြီးကယ်ဆယ်ရေးယာဉ်အောက်ရောက်လိုက်  မြေပြင်ပေါ်ချာချာလည်လိုက်နဲ့ – အဖွဲ့ သားတွေအတွက်  မခံချိမခံသာ…၊ တွန်းပို့ ယုံသာ တွန်းပို့ ပေးရမဲ့ အဖြစ်က ရှေ့ မတိုးနောက်မဆုတ်  ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ အဖြစ်နဲ့ ကြုံနေချိန် … “နောက်ဆုံး ၁ မိနစ်” အော်သံကြားလိုက်တော့    အလွယ်ဆုံးအလုပ်ကို  အောင်မြင်စွာလက်လျှော့ လိုက်ရတာ  မချင့်မရဲ….. မချိတင်ကဲ…စုပ်တသပ်သပ်။

ကျန်တဲ့နောက်ဆုံး ၁မိနစ်အတွက်  နောက်ဆုံးအတားအဆီးတခုဖြစ်တဲ့ တောင်ကုန်းပေါ်က အကူအညီလိုအပ်နေတဲ့ လူနှစ်ဦးကယ်ဆယ်ဖို့ ကယ်ဆယ်ရေးယာဉ် ရှိန်နှုန်းမြင့် သွားနေတာဟာ  အဖွဲ့ အတွက် ပထမဦးဆုံးအမှား ဆိုရမလိုပင်။ တောင်ခြေအရောက် အပေါ်ခေါက်သိမ်းထားတဲ့ ကရိမ်းတံကိုရှေ့ အချ၊ ယာဉ်အနေအထား  အလောတော်ချိန်ပြီး  တရှိန်ထိုးတက်သွားခဲ့ တာ  တောင်ကုန်းအလယ်ရောက်တော့ ယာဉ်က  ဆက်တက်မရတော့။ သတိနဲ့ ပြန်ထိမ်းဆင်းရင်း… တောင်ခြေအရောက် မနားစတမ်း တရှိန်ထိုးပြန်တက်စေခြင်းက  ဒုတိယအမှားတခုကို ထပ်ကျူးလွန်မိသလိုပါဘဲ။ ဒုတိယအကြိမ်မြောက် အရှိန်နဲ့ ထိုးတက်သွားတဲ့ ယာဉ်ကြီးဟာ  တောင်ကုန်းထိပ်ရောက်လုရောက်ခင် နေရာမှာ ရပ်တန့်သွားခံရပြီး… အခြေအနေဆိုးကို  မိမိရရ  ထိထိမိမိ မထိမ်းချုပ်နိုင်သေးခင်မှာဘဲ  အောက်ကိုတဟုန်ထိုး လျှောကျလာတာက  စိုးထိတ်စရာ။ စိုးရိမ်ရေမှတ်တခု ရောက်သွားသလို…၊ တောင်ကုန်းနံရံနဲ့ တိုက်ပြီး ပြန်လျှောကျလာတဲ့ ယာဉ်အနေအထားက  ပုံမှန်မဟုတ်တော့။ “နောက်ဆုံးစက္ကန့် ၃၀” အော်သံကြားတော့ ယာဉ်အနေအထားကို ပြင်ဆင်ရင်းနဲ့   ဝါယာကြိုးအစတချို့  ယာဉ်နောက်ဖက် ဘီးထဲ

ရစ်နှောင်စပြုနေပါပြီ..ရသမျှ အချိန်ကလေးမှာ ရနိုင်သလောက် အမှတ်ယူမယ်ဆိုတဲ့အတွေးနဲ့  မောင်းနှင်သူကျောင်းသားမှ  တတိယအကြီမ် တောင်ကုန်းပေါ် အရှိန်မြင့် ထိုးတက်လိုက်တော့ ယာဉ်က  တောင်ကုန်း အလယ်ထိတောင် မရောက်လှမ်းတော့။ တောင်ခြေအစပ်မှာတင်ရပ်တန့်ပြီး  ပြန်လှိမ့် ဆင်းလာခဲ့ တာ တောင်ခြေလဲအရောက် ၊  ယာဉ်ကလဲရပ် ၊ ဘီးတလုံးကလဲ ပြုတ် ၊ အချိန်ကလဲစေ့ ၊ အရာရာ အတိအကျ ပါဘဲလို့  ကောက်ချက်ချရမလိုလို။

ပြိုင်ပွဲရလာဒ်အဖြေက    အောင်မြင်ခြင်း ၊ ရှုံးနိမ့်ခြင်း အလယ်  ၅၀ – ၅၀ % ။

မေရီလန်းပြည်နယ် ၊ ဘော်တီမိုးမြို့ မှာရှိတဲ့  အထင်ကရ U M B C (University  of  Maryland  Baltimore  County )၊  တက္ကသိုလ်အင်ဂျင်နီယာကျောင်းသားတွေရဲ့ ရိုဘော့စက်ရုပ် စွမ်းရည်မြင့်ပြိုင်ပွဲ မြင်ကွင်းလေးပါ။ အင်ဂျင်နီယာကျောင်းသားတဦးအနေနဲ့  engineering science ဘာသာရပ်ထဲက မလုပ်မဖြစ်  မပါမပြီး၊ ဖြတ်ကျော်ရမဲ့  လက်တွေ့ စမ်းသပ်ပြိုင်ပွဲတခုမို့   မှတ်မှတ်သားသား မှတ်တမ်းတင်နေရခြင်းပါဘဲ။

အချိန်ကာလ ၁ လတာအတွင်း  ကြိုးစား ဝင်ပြိုင်ခဲ့ တဲ့ ပြိုင်ပွဲရဲ့ အမှတ်ပေါ်မူတည်ပြီး နောက်နှစ်အတွက် ဆက်တက်နိုင်  မတက်နိုင် အဆုံးအဖြတ်ပေးတာကြောင့်မို့ ကျောင်းသူကျောင်းသားအားလုံး  အထူးဂရုတစိုက်အလေးထားပြီး  ပြင်ဆင်ပြိုင်ခဲ့ တာကို ပြိုင်ပွဲနေ့က  အားပေးနေတာကြည့်ရင် သိသာထင်ရှားလှပါတယ်။

ပြင်ပက စက်ရုပ်နဲ့ အပိုပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ကုမ္မဏီကြီးတခုကနေ  လိုအပ်တဲ့ကုန်ကြမ်းတွေကို တက္ကသိုလ်က ဝယ်ယူပြီး   ၅ ယောက် တအုပ်စုအဖွဲ့တွေကို ပြန်လည်ရောင်းချ ယူသုံးစေခြင်းပါ။ စက်ရုပ်တရုပ်ရဲ့ ကုန်ကျစရိတ်ကို  အင်ဂျင်နီယာဌာနက  အလျဉ်းသင့် သလို  သတ်မှတ်ထားတဲ့ ငွေကြေးပမာဏ အတွင်းသာ  ဖြစ်အောင် တည်ဆောက်ရပါတယ်။ ပြိုင်ပွဲအပြီး  မိမိအဖွဲ့ ရဲ့ စက်ရုပ်ကို ပြန်ဖြုတ်သိမ်းပြီး      ကုန်ကြမ်းအပိုင်းအစတွေကို  အင်ဂျင်နီယာဌာနကို  စံနစ်တကျ ပြန်အပ်နှံရတာကိုကြည့် ရင်   ကုန်ကျစရိတ်သတ်မှတ်တာဟာ ပြိုင်ပွဲစည်းမျဉ်းတခုသာပင်။

ဆိုတော့ကာ – အချိန်ကာလအတူတူ၊ သုံးစွဲတဲ့ပစ္စည်းအတူတူ၊ ခွင့်ပြုငွေအတူတူ၊ အဖွဲ့ ဝင်လူ အရေအတွက်အတူတူ၊ အားလုံးတန်းတူညီမျှ  အခြေအနေအောက်မှာ ကိုယ့်ဉာဏ်ရည်ဉာဏ်သွေးအပေါ်မူတည်ပြီး  အဆုံးအဖြတ်၊ အရှုံးအနိုင်သတ်မှတ်ပေးတာမို့ ပြိုင်ပွဲက အကြိတ်အနယ်၊ သူ့ထက်ငါ ကောင်းအောင် ကြိုးစားပြင်ဆင် လုပ်ဆောင်ထားတာလဲ စုံစုံလင်လင်  ဆန်းဆန်းပြားပြား။

ကျောင်းသူကျောင်းသား တဦးစီရဲ့ တနှစ်တာရမှတ်အနေအထားနဲ့ အားလပ်ချိန်တူညီမှုအပေါ် အခြေခံပြီး ကွန်ပြူတာမှ တွက်ချက်ဖွဲ့ စည်းပေးတဲ့ အဖွဲ့ တဖွဲ့ ရဲ့ လုပ်ဆောင်ချက်က အဆင့်ဆင့်၊ တွေ့ ဆုံဆွေးနွေးတာ အကြိမ်ကြိမ် ၊ တည်ဆောက်လေ့ကျင့်တာ အခါခါ၊ စစချင်း  အဖွဲ့ သားအားလုံး တပတ်အနဲဆုံး ၂ ကြိမ် ၃ကြိမ် တွေ့ ဆုံဆွေးနွေးရတာ တကြိမ်တွေ့ ရင် အနဲဆုံး ၃ – ၄ နာရီမက။

ရိုးစင်းပြီး အခုထိသုံးစွဲကျင့်သုံးနေတာကတော့ – ပထမဦးဆုံးရိုဘော့စက်ရုပ်ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ အမှတ်ပေးစည်းမျဉ်း၊ မနှစ်နဲ့ မတူ ဒီတနှစ်ထူးခြားကွဲပြားတာတွေ၊ ရှောင်ရန် ဆောင်ရန် အချက်အလက်တွေကို  ဒေါင့်ပေါင်းစုံရှင်းလင်း ဆွေးနွေးပြီး ဦးခေါင်းထဲထည့်ရမဲ့အလုပ်ပါဘဲ။

ပြိုင်ပွဲအတွက် အသေးစိတ် သရုပ်ခွဲရှင်းလင်းပြီးတဲ့နောက် ကိုယ့် အဖွဲ့ အတွက်ယှဉ်ပြိုင်မယ့် စက်ရုပ်ဒီဇိုင်း ရေးဆွဲ၊ အတည်ပြု၊ ဆုံးဖြတ်ဖို့  ကြုံလာရပါပြီ။ မနှစ်ကနဲ့ မတူ  တနှစ်ထက်တနှစ် ပိုပိုခက်ခဲလာတဲ့ အတားအဆီးတွေကို ၄ မိနစ်အတွင်း အောင်မြင်စွာဖြတ်ကျော်နိုင်ဖို့ ရှင်းလင်းလွယ်ကူတဲ့ ပုံစံကို အမျိုးမျိုးစဉ်းစားရတာလဲ  အလေးအနက် အကြိတ်အနယ်။

မနှစ်က ပုံစံဟောင်းကိုလဲမယူချင်။  အများနည်းတူ ပုံစံနဲ့လဲ မတူချင်။ ဒီတနှစ်အတွက် အခက်အခဲတွေကို  အကောင်းဆုံးဖြေရှင်းနိုင်မယ့် ပုံစံအတွက်  အထပ်ထပ် အခါခါ ငြင်းခုံဆွေးနွေးရတာကလဲ  ပျော်တလှည့်၊ ညစ်တလှည့်။ ဥပမာ … ရောင်စုံဘော်လုံးညှပ်ရန်၊ သယ်ယူရန်၊ လူနှစ်ဦး ချီမရန်၊ အမှိုက်ပုံးတွန်းရန် – အစစအရာရာအတွက် တချို့ က ပလာယာပုံစံ၊ တချို့ က ဂဏာန်းလက်မပုံစံ၊ တချို့ က ညှပ်ကြီး၎ချောင်း၊ အမှိုက်ကော်ပြား၊ အစစ ပုံစံအမျိုးမျိုးအတွက်  ကိုယ်ထင်ရာမြင်ရာ  ကိုယ့် အဖွဲ့ ဆုံးဖြတ်ချက် ဒီဇိုင်းနဲ့ ကိုသာ အကောင်းဆုံးလို့  မှတ်ယူသတ်မှတ်တာကလဲ  လူ့ သဘာဝပါဘဲ မဟုတ်ပါလား။

ဒုတိယအဆင့် စက်ရုပ်ဒီဇိုင်း အတည်ပြုပြီးတဲ့ နောက်၊ တတိယအဆင့်က တပ်ဆင်ခြင်းပါဘဲ။ ကန့်သတ်ခွင့်ပြုငွေဘောင်ထဲကနေ  လိုအပ်တဲ့ပစ္စည်းကို တန်ဖိုးတွက်ချက်၊ ဝယ်ယူတပ်ဆင်ခြင်းဟာလဲ  အရေးပါတဲ့လုပ်ငန်းစဉ်တခုပါ။ စက်ရုပ်တခုရဲ့ တန်ဖိုး အနည်းအများအပေါ်

အမှတ်ပေးစည်းမျဉ်းက ရှိနေပြန်တော့  ဒီဇိုင်းပုံစံထုတ်တုံးကလို  ငြင်းကြခုန်ကြ၊ အပြန်အလှန် ဆွေးနွေးကြ၊ လက်တွေ့တည်ဆောက်ကြ၊ အချိန်တွေက  ကုန်လို့ ကုန်မှန်းမသိရ။

စက်ရုပ်တပ်ဆင်ဖို့ ကနဦးအစ   မော်တာတလုံး ၊ဘက်ထရီတလုံး ၊ ထိမ်းချုပ်ကိရိယာတခုက ကန့်သတ်ခွင့်ပြုငွေထဲ မပါဘဲ၊  သီးသန့် ထုတ်ပေးတာကလွဲလို့ ကျောင်းမှထုတ်ယူနိုင်သော ပစ္စည်းမှအပ  ပြင်ပ အခြားပစ္စည်းကို သုံးစွဲခွင့် မပြု။ သတ်မှတ်ပစ္စည်းအပေါ် အခြေခံတည်ဆောက်ထားတဲ့ စက်ရုပ်ရဲ့အလေးချိန်  ၊ အခက်အခဲ အတားအဆီးတွေကို စွမ်းရည်မြင့်ဖြေရှင်းနိုင်မယ့် နည်းလမ်းအထွေထွေ ၊ လိုအပ်သလို ရွှေ့ လျှားနိုင်မှု ၊ သွားနှုန်း အနှေးအမြန် စတာတွေကို ကွန်ပြူတာ ပရိုဂရမ်ရေးဆွဲရတာက  – စက်ရုပ်တခုအတွက်  အပြီးသပ် လုပ်ဆောင်ချက်ပါဘဲ။

ရိုဘော့စက်ရုပ်တရုပ်အဖြစ် ပီပီပြင်ပြင် သွားလာလှုပ်ရှား၊ လိုအပ်သလို အခက်အခဲတွေ ဖြေရှင်းနိုင်မဲ့ နည်းစံနစ်တွေ အဆင်သင့် ဖြစ်ပြီးတဲ့ နောက် ပြိုင်ပွဲမဝင်ခင်  အထပ်ထပ် အတန်တန် လေ့ကျင့်ရတာလဲ  ရှောင်လွဲမရတဲ့အလုပ်။ လုပ်ကို လုပ်ရမဲ့ အလုပ်တခု မဟုတ်ပါလား။

ပြိုင်ပွဲအတွက် အဖွဲ့ ငယ်တွေ စဖွဲ့ ပေးပြီးတာနဲ့   အင်ဂျင်နီယာဌာန  လက်တွေ့ ခန်းမဆောင်ကြီးကို ၂၄ နာရီ  ဖွင့် ပေးထားလို့   နေ့ နေ့ ညည အားရင်အားသလို  ကိုယ့် အစုနဲ့ ကိုယ်  စုဝေး စုဝေး။ ကိုယ့် မျှော်လင့် ချက်နဲ့ ကိုယ်  ခေါင်းချင်းရိုက်  တိုင်ပင် ဆွေးနွေးနေတာကလဲ  အခါမလပ်။ အချိန်ပြည့်  လူပြည့် ပါဘဲ………၊၊

ဆိုခဲ့ တဲ့ အတိုင်းပါဘဲ  သတ်မှတ်အချိန်ကာလ အတူတူ ၊သုံးစွဲရတဲ့ ပစ္စည်း အမျိုးအစားတွေ မကွဲပြား ၊ ခွင့်ပြုသုံးခွင့်ငွေပမာဏ တပြေးညီ ၊ အဖွဲ့ ဝင်လူအရေအတွက်ကလဲ ထပ်တူထပ်မျှ၊ အဖွဲ့ တိုင်း ညီတူညီမျှ အခွင့်အရေး အခြေအနေအောက်မှာ  ကိုယ့် ရဲ့ တီထွင်ကြံဆနိုင်စွမ်း၊  အခက်အခဲ ဖြတ်ကျော်နိုင်စွမ်း ၊ တပင်တပန်းအချိန်ကုန်ခံ လေ့ကျင့် မှု တွေ ပေါင်းစပ်ပြီး ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲနေ့ ရဲ့ မြင်ကွင်းက  တည်တည်ငြီမ်ငြီမ်  ရဲရဲဝံ့ဝံ့  မတုန်မလှုပ် ….နဲ့ ယှဉ်ပြိုင်သွားတဲ့ ပုံစံက  အတုယူအားကျစဖွယ်။ ကိုယ့်အဖွဲ့အတွက်သာမက ကိုယ်နဲ့ သိခြင်း၊ မသိခြင်းအပေါ် အခြေမခံဘဲ  တခြားသူတို့ ရဲ့ လုပ်ဆောင်ကြိုးပမ်းနေတာကို နှောက်ယှက် လှောင်ပြောင်ခြင်းမရှိ ၊ အောင်မြင်တဲ့အခါ အောင်မြင်တဲ့အလျှောက်   တခဲနက်လက်ခုပ်တီးအားပေးဖို့အတွက် ဝန်မလေးခဲ့၊ ကံအကြောင်းမလှ  ရှုံးနိမ့် တဲ့ အခါ၊ အဆင်မပြေ အခက်အခဲကြုံတွေ့ နေတဲ့ အခါမှာတော့ နှစ်သိမ့်အားပေးခြင်း၊ စာနာနားလည်မှုနဲ့  ငြိမ်သက်ပေးစေခြင်းအပြုအမူတွေဟာ  ယဉ်ကျေးသိမ်မွေ့ တဲ့ စည်းကမ်းရှိတဲ့၊ အဆင့် အတန်းရှိ လူသားတယောက်ရဲ့  တာဝန်ဝထ္ထရားတခုအဖြစ် UMBC အင်ဂျင်နီယာကျောင်းသားများက မီးမောင်းထိုးပြနိုင်ခဲ့ တာ   ချီးကျူးဂုဏ်ယူ၊ လေးစားလို့  မဆုံးနိုင်အောင်ပါဘဲ။

မှတ်မှတ်ရရ ရင်ထဲ၊ နှလုံးသားထဲ ထုတ်ချင်းဖောက် ဝင်ရောက်ခဲ့တဲ့အဖြစ်လေးက ရိုးစင်းစင်းလေးပါဘဲ။ အတူတွဲပြိုင်နေတဲ့ ကစားကွင်းနှစ်ခုအတွက်  ” Ready And Go ” အချက်ပေးသံအဆုံး –  တဖက်ကွင်းက စက်ရုပ်လေး တရှိန်ထိုးထွက်သွားတာကို  အော်ဟစ်အားပေးသံ မြိုင်ဆိုင်နေစ အချိန် – ဒီကစားကွင်းရဲ့  စက်ရုပ်လေးက  တုန်တုန်မလှုပ်၊ ၁၅စက္ကန့်  ၂၀စက္ကန့် အထိတောင်  စက်ရုပ်က မရွှေ့မလှုပ်၊ မောင်းနှင်သူကျောင်းသားမှ အပြင်းအထန်ကြိုးစားလေ… ကစားကွင်းပတ်လည်က လူတွေငြီမ်သက်လေ – တဖက်ကစားကွင်းက အော်ဟစ်အားပေးသံလဲ  တိုးလာလေလေ – အားလုံးမှ တစူးတစိုက်ကြည့်နေတဲ့စက်ရုပ်လေးက  ကျောက်ချထားတဲ့သဘောင်္တစီးလို  မရွှေ့မလျှား။

အချိန်ကလဲ ရပ်တန့် မနေ။ တရွှေ့ ရွှေ့ ကုန်နေရင်း  ခန်းမဆောင်တခုလုံး တိုင်ပင်ထားသလို ငြီမ်သက်သွားခဲ့ တာက တအံ့တသြဖြစ်မဆုံးတော့။ အံ့သြခြင်းနဲ့ အတူ  လူပေါင်းများစွာ စာနာနားလည်မှုအပြည့်နဲ့ တိတ်ဆိတ် အားပေးကြည့် ရှုပေးတာ အတုယူ လေးစား၊ ကြည်နူးပီတိ ဖြစ်ခဲ့ ရတာ –   နှိုင်းယှဉ်မပိုင်းခြားတတ်တော့။ ပိုင်းဖြတ်မသုံးသပ်နိုင်တော့။ မချင့်မရဲ  ၊ မရိုးမရွှ ၊ နေမထိထိုင်မတတ် ကြိတ်ဆုတောင်းပေးပေမဲ့ လည်း အချိန်ယန္တရားကြီး  အညှာအတာကင်းမဲ့ စွာနဲ့   မရပ်မနား ရွှေလျှားနေဆဲ။ စက်ရုပ်ကြီးကလဲ နဂိုရပ်မြဲ ရပ်နေဆဲ  ၊ မောင်းနှင်သူကျောင်းသား ဘယ်လိုကြိုးစား ကြိုးစား၊  သတ်မှတ်စည်းကမ်းအရ  အချိန် ၂ မိနစ် အရောက်မှာတော့ – အရှုံးတခုအတွက် ကိုယ့်စက်ရုပ်ကလေးကို  ရင်မှာပိုက်ပြီး  အေးငြိမ်းတည်ငြီမ်စွာ ထွက်သွားတဲ့အဖွဲ့ရဲ့ ကျောပြင်ကို ငေးမောရင်း၊ ငေးမောရင်း – အသက် ၂၀ စွန်းစွန်းသာရှိသေးတဲ့ အမေရိကန် အင်ဂျင်နီယာကျောင်းသားတွေက  အရွယ်လွန်ဇရာအိုတယောက်ကို အတုယူစရာ အတွေးအမြင်တွေ  တလှေကြီး ပေးအပ်သွားခဲ့ ပါတကား။

အလုပ်တခုကို ခွဲဝေ တာဝန်ခံ အတူတူ လုပ်ဆောင်နိုင်မှု၊

ကြုံလာသမျှ အခက်အခဲတွေကို  တည်တည်ငြီမ်ငြိမ် အများဆန္ဒနဲ့ အညီ ဖြေရှင်းနိုင်မှု၊

ရလာမယ့်အောင်မြင်မှုနဲ့ မမျှော်လင့်တဲ့ ဆုံးရှုံးမှုအတွက် တည်ငြီမ်စွာ ခံယူနိုင်မှု၊

လူသားတယောက်အနေနဲ့ ရင့်ကြက်တဲ့ ကိုယ်ရည်ကိုယ်သွေးပြသ နမူနာပေးနိုင်မှု၊

စတာတွေ စတာတွေ တပုံတပင်ကြီးကို ရင်ထဲထွေးပိုက်ရင်း … ….

အိမ်အပြန်လမ်းခရီးက  တပင်တပန်း လေးလေးပင်ပင်  နှုံးခွေ မောပန်းလျှက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts