ရသဆောင်းပါးစုံ

မောင်လူပေ – ဒီအလုပ်လေး ကျန်ပါသေးတယ်

ဒီအလုပ်လေး ကျန်ပါသေးတယ်

မောင်လူပေ၊ မေ ၂၃၊ ၂၀၁၄

 

မနေ့က မောင်လူပေဆီကို ကြော်ငြာ ပို့စကပ်တစ်ခု ရောက်လာတယ်။ တောင်တန်းပေါ်မှာနေသာနေတဲ့ ရှုခင်းပုံလေးနဲ့။ ရေးထားတာက ” ယခုထဲက သင့်ရဲ့ နောက်ဆုံးချိန်ခါကို ပြင်ဆင်ပါ။ င်္သဂြိုလ်စရိတ်တွေ တက်နေပြီ။ ကျန်ခဲ့သူတွေ ဒုက္ခ မကြုံရအောင် ဈေးသက်သာတုန်း ဝယ်ထား။ သင့်စိတ်တိုင်းကြဖြစ်စေမည်။ ဆက်သွယ်ပါ ” တဲ့။

 

ဟုတ်ပါတယ်။ အမေရိကားရဲ့  သုဘရာဇာ အဖွဲ့တစ်ခုက ကြော်ငြာပို့တာပါ။ အိမ်တိုင်းပို့တာပါပဲ။ သူ့လုပ်ငန်းတိုးချဲ့ရေးပေါ့။ မြန်မာပြည်မှာဆိုရင်တော့ ရိုက်ပေါက်ပါပဲ။

 

ဒီမှာက သူ့ဘရာဇာတွေက သန်းကြွယ်သူဌေးတွေပါ။ င်္သချိုင်းမြေတွေအများကြီးလည်းပိုင်ကြတယ်။ သူ့ဘရာဇာ ဒါရိုက်တာဖြစ်ဖို့တောင် မလွယ်ဘူး။ စာမေးပွဲတွေ အဆင့်ဆင့်စစ်ပြီးမှ လိုင်စင်ရတာ။

 

င်္သချိုင်းမှာ င်္သဂြိုလ်ဖို့ မြေရော င်္သဂြိုလ်စရိတ်အတွက်ပါ ကြိုဝယ်ထားလို့ရတယ်။ မြေကလည်းဈေးအမျိုးမျိုး။ ဝင်ပေါက်နီးတဲ့ အလည်ပိုင်းက ဈေးအကြီးဆုံး။ ဝေးလေ သက်သာလေပဲ။ လင်မယားဆို တစ်ကွက်ဝယ်ထား ရပြီ။ ဘယ်သူအရင်ရောက်ရောက် နာမည်ရေးတဲ့ အပြားတဝက်မှာ နေရာချန်ထားရုံပဲ။ နောက်တစ်ယောက်လာရင် အရင်လူကအောက် နောက်လူကအထက်ပေါ့။ လင်မယားဆိုတော့ ဘယ်သူ အပေါ်ကနေနေ အဆင်ပြေကြမှာပါ။

 

နာမည်ပြားဆိုလည်း အမျိုးမျိုးရှိတယ်။ ကြေးနီ၊ကြေးဝါ၊သံကျွတ် အစုံပဲ။ အရောင်တောက်တာ နဲ့  အရောင်မှိုင်းတာ တွေရွေးလို့ ရတဲ့အပြင် ဒီဇိုင်းမျိုးစုံ ပုံဖေါ်ပေးသေးတယ်။ စိတ်ကြိုက်စာလုံးပုံစံမျိုးစုံနဲ့  ကြိုက်ရာစာတွေ ရွေးနိုင်သေးတယ်။

 

နေရာမတတ်နိုင်ရင် ဘီဒိုရှိတယ်။ နရံကပ်ဘီဒို နှစ်ပေပတ်လည် ကျောက်ပြားနဲ့ အထပ်လိုက်နေမလား၊ မှန်ဘီဒိုဒေါင်လိုက်တွေထဲက တစ်ပေပတ်လည်လေးတွေမှာ အထပ်လိုက်နေမလား ရွေးရုံပဲ။ အဲဒါလည်း မျက်စိနဲ့ တန်းနေတဲ့ အထပ်ကဈေးကြီးတယ်။

 

စိတ်ကြိုက်အခေါင်းလည်းရွေးပါ။ သစ်သားအမျိုးမျိုး သူ့ဈေးနဲ့သူ။ ဒန်ခေါင်း၊ သတ္တုခေါင်း စိတ်ကြိုက်ရွေးပြီး အပြင်အရောင် အတွင်းအရောင် စိတ်တိုင်းကြစီစဉ်ပေတော့။ မတတ်နိုင်ရင် စက္ကူ ကပ်ထူခေါင်းရွေးပေါ့။ သစ်ရောင်ဆေးနဲ့ဆိုတော့လည်း သစ်သားအလားပါပဲ။ သစ်ရောင်ဆေးချယ်ထားတဲ့ ကပ်ထူပြားခေါင်းနဲ့ မီးင်္သဂြိုလ်ပြီး ပင်လယ်ထဲအရောက်သွားမျှောပေးပါသေးတယ်တဲ့။

 

အခန်းအနားအတွက် အသုဘ ရှုခန်းကလည်း အခန်းအကြီး အသေးဈေးမျိုးစုံ။ ပန်းအတွက်လည်း ကိုယ်ကြိုက်တဲ့ပန်းပြောထားလိုက် စိတ်ကြိုက်ဖြစ်စေရမယ်ပေါ့။

 

အားလုံးပြီးရင်ဈေးတွက်တော့။ သာမန် လောက်ဆို မြေနဲ့ င်္သဂြိုလ်စရိတ် နှစ်သောင်းကျော်နဲ့ အထက်လောက်တော့ကြသင့်မယ်။ ဒါကိုလည်း ဆယ်နှစ်ခွဲပေးနိုင်ပါသေးတယ်။

 

ကိုယ့်ရဲ့ နောက်ဆုံးခရီးကို လှလှလေးပြင်ဆင်ရင်း ပြုံးပြုံးလေး သွားလို့ရပါပြီ။

 

ဒါတွေက သူ့ ဝက်ဆိုက်ထဲဝင်ကြည့်ရင်းဖတ်မိတာတွေပါ။ သေရင် သူ့ဝက်ဆိုက်မှာ င်္ပုတွေတင်ပေးတယ်။ မိတ်ဆွေတွေကလည်း ဝမ်းနည်းကြောင်းကို ဝက်ဆိုက်မှာ ရေးနိုင်ပါသေးတယ်။ တော်တော်ပြည့်စုံတဲ့ ဝန်ဆောင်မှုပါ။

 

မြန်မာပြည်မှာလည်း င်္သချိုင်းတွေ လေလံပစ်တဲ့ခေတ်ရောက်ရင် ထုံးစံအတိုင်း ခရိုနီတွေပဲရကြမှာပါ။ ဒီတော့လည်း အဲဒီ သုဘရာဇာ ခရိုနီတွေဆီမှာပဲ ကိုယ့်ရဲ့ နောက်ဆုံးခရီးကို ပြင်ဆင်ကြတာပေါ့ဗျာ။

 

ကျန်းမာချမ်းသာကြပါစေ။ ဒီခရီးနဲ့ ဝေးကြပါစေ။ မောင်လူပေကတော့ အိုးလေးနဲ့ ပင်လယ်ခရီးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ရင်ဘတ်ချင်းတူမယ်ဆိုယင်တော့ ပင်လယ်ပျော်တွေ ဆုံကြဦးမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။

 

(Photo Credit – http://www.globaltimes.cn/content/772879.shtml (St. Peter’s Hospital Mortuary, Surrey, England))


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts