ရသဆောင်းပါးစုံ

အရှင်သြသဓ (ဟပ်မွန်းဗေး) – အခွင့်ရယ်သာ လာချင်ပါရဲ့လေး

အရှင်သြသဓ (ဟပ်မွန်းဗေး) – အခွင့်ရယ်သာ လာချင်ပါရဲ့လေး
စက်တင်ဘာ ၆၊ ၂၀၁၄

အရှေ့မလေးရှား၊ ဆားဘပြည်နယ်၊ ကိုတကိနဘာလုမြို့က ဝိမုတ္တိသုခါရာမရိပ်သာသို့ မေလနှင့် ဂျွန်လ လောက်တွင် တရားပြ သွားနေကြဖြစ်၏။ မနှစ်ကတော့ ဘရူနိုင်းမှ လင်းနှင့်တန်ဘီးလန်တို့ ဇနီးမောင်နှံက သူတို့ဆီကိုလည်း ကြွဖို့ ပင့်လာ၏။ သို့အတွက်ကြောင့် မေလ ၂၉-ရက်နေ့တွင် ကွာလလမ်ပူကနေ ဘရူနိုင်းနိုင်ငံသို့ ဝါရှင်တန်မြို့မှ မင်္ဂလာ ရာမကျောင်း ဆရာတော်ဦးအာသဘာစာရနှင့် နှစ်ပါးသွားကြ၏။ ဒါရုဆလန် (Darussalam)မြို့ လေဆိပ်သို့ ညနေ ၅-နာရီခွဲလောက်တွင် ရောက်ကြ၏။

ကံအားလျှော်စွာ လေဆိပ်တွင် ချောချောမောမောနဲ့ ဝင်ခွင့်ရခဲ့၏။ အပြင်က ကြိုနေသူများကတော့ ရမှ,ရပါ့မလားဟု ရင်တမမနှင့် စောင့်နေကြသည်ဆို၏။ အပြင်ရောက်တော့ သူတို့မျက်နှာတွေက သာမန်ပျော်ရွှင်မှုထက် များစွာ ပိုလွန်နေ သည်ကို စာရေးသူ ရိပ်စားမိ၏။ အပြင်ရောက်ရောက်ချင်း စာရေးသူတို့ကို ဖုန်းနဲ့ဓာတ်ပုံတွေရိုက်ပြီး သူတို့မိတ်ဆွေများ ဆီသို့ ချက်ချင်း သတင်းပို့နေသည်ကိုလည်း တွေ့ရ၏။ ကားပေါ်ရောက်တော့ သူတို့၏ စိတ်လှုပ်ရှားမှုများကို အားရပါးရ ပြောကြတော့၏။ အကြောင်းမှာကား ဘရူနိုင်းနိုင်ငံသည် အစ္စလာမ်နိုင်ငံဖြစ်၍ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဝင်ခွင့်ရဖို့ အင်မတန် ခက်ခဲသည်ဟု သိရ၏။ ထိုင်းဘုန်းကြီးများလည်း ခဏတဖြုတ်လောက်သာ ဝင်ခွင့်ရပြီး ကြာရှည်နေခွင့်မရဟု ဆို၏။ ထို့ကြောင့် စောင့်နေသူများ ရင်တမမ မျှော်နေရခြင်း ဖြစ်၏။ ပြီးတော့လည်း အကျွန်ုတို့နှစ်ပါးသည် ဘရူနိုင်း နိုင်ငံသို့ ကြွလာသည့် ပထမဆုံးသော မြန်မာဘုန်းကြီးများဖြစ်ကြောင်း သိလိုက်ရတော့၏။
စာရေးသူတို့ သီးသန့်အိမ်ကြီးတစ်ဆောင်တွင် တည်းခိုကြရ၏။ ထိုညတွင် မိတ်ဆက်အနေအားဖြင့် မင်္ဂလာရာမကျောင်း ဆရာတော်မှ တရားချီးမြှင့်၏။ ပင့်ဖိတ်သူမိသားစုနှင့် တရုတ်နွယ်ဖွား ဗုဒ္ဓဘာသာဝင်များ, သံအမတ်ကြီး ဒေါ်ရင်ရင်မြင့်နှင့် သံရုံးဝန်ထမ်းများ, မြန်မာပြည်မှ လာရောက် အလုပ်လုပ်နေကြသူများ, အားလုံး ၅၀-ခန့် တရားနာလာကြ၏။ အခြား သူများ တရားနာလာလိုသော်လည်း အစီအစဉ်ကို ရုတ်တရက်ပြုလုပ်လိုက်ရသည့်အတွက် မသိကြသောကြောင့် မလာနိုင်ကြဟု ဆို၏။

နောက်နေ့တွင် အာရုံစားပြီး မစ္စတာလင်းက ပင်လယ်ကမ်းခြေဘက်သို့ sightseeing လိုက်ပို့၏။ ပြီးတော့ Empire Hotel တွင် ကော်ဖီသောက်ကြ၏။ ဟိုတယ်ကို ဘုရင့်ညီက ဆောက်ထားသည်ဟုဆို၏။ အတော်လေး သားနားလှပေ သည်။ ပင်လယ်ကမ်းခြေတွင် ဆောက်ထားသဖြင့် ရှုခင်းကလည်း ရင်သတ်ရှုမော သာယာလှပေသည်။ ပြီးတော့ အချိန် ရခိုက် မြို့ထဲသို့ လှည့်ကြည့်ကြ၏။ မြို့လယ်ခေါင် မြင့်မားလှသည့် တိုက်ကြီးဘေးတွင် တရုတ်ဗုဒ္ဓဘာသာ ဘုရားကျောင်း လေးတစ်ခု သွားတွေ့၏။ ရှေးနှစ်ပေါင်းများစွာက ဘရူနိုင်းသို့ ရောက်လာကြသော တရုတ်ဗုဒ္ဓဘာသာဝင်များက ဆောက် လုပ်ထားခြင်း ဖြစ်၏။ ဘုရားကျောင်းက ဘေးချင်းကပ်နေသည့် တိုက်ကြီးနဲ့စာရင် ပမာဏအားဖြင့် အလွန် သေးငယ်လွန်း နေသဖြင့် စာရေးသူက “ဘာကြောင့် ဘုရားကျောင်းက သေးသေးလေး ဆောက်ထားရတာလဲ”ဟု မေးကြည့်မိ၏။ နောက်ထပ် တိုးချဲ့ဆောက်ခွင့် မပေးတော့သဖြင့် နဂိုမူလ ရှိပြီးသားကိုသာ ဆေးသုတ်မွမ်းမံ ထားရသည်ဆို၏။ ပုံမှန်ဝတ်ပြု သည်မှလွဲ၍ အခြား ဘာသာရေးအခမ်းအနားများ လုပ်ခွင့်မရဟု သိရ၏။ ဤတွင် အခြားဘာသာဝင်များအတွက် ဘာသာရေးလွတ်လပ်ခွင့် မရှိကြောင်း သိလိုက်ရပေသည်။ မနေ့က သူတို့ ရင်မောမယ်ဆိုလဲ မောလောက်ပေသည်။

ရှေ့ဆက်သွားရင်း ကမ်းနားဘက်ရောက်တော့ ရေပေါ်အိမ်များကို တွေ့ရ၏။ တချိန်တုန်းက ဘရူနိုင်းနိုင်ငံသား အများစု သည်  တံငါလုပ်ငန်းဖြင့် စားသောက်ကြသည်ဟု ဆို၏။ ထိုရေပေါ်အိမ်များသည် ယခင်တုန်းက တံငါများနေကြသည့်ရွာဟု ဆို၏။ အခုတော့ လူစုံနေကြ၏။ ထိုသူများ ချမ်းသာ၍ ကုန်းပေါ်တွင် နေနိုင်သော်လည်း ရေထဲတွင်သာ ဆက်နေကြ၏။ လှမ်းမြင်ရသလောက်တော့ အတော်လေးကောင်းအောင် ဆောက်လုပ်ထားကြ၏။ ရေပေါ်တွင်နေသော်လည်း အဆင့် မနိမ့်။ Shopping Mall ရှိ၏။ စာသင်ကျောင်း ရှိ၏။ ဗလီရှိ၏။ ဘုရင်က ဆောက်ပေးထားသည်ဆို၏။ သူတို့ကားတွေကို တော့ ကမ်းနားက parking ထဲတွင် ရပ်ထားကြ၏။ အရင်ကတော့ သူခိုးမရှိဟု ဆို၏။ သို့သော် အခုတော့ နိုင်ငံခြားမှ ဝင်သူများ ဗျောက်သောက်ဖြစ်လာသဖြင့် သူခိုးရှိလာပြီဟု သိရ၏။

ပြီးတော့ နေ့ဆွမ်းစားဖို့ မစ္စတာလင်းတို့ အိမ်သို့ ဆက်သွားကြ၏။ အချိန်လေး နည်းနည်းစောနေသေးသဖြင့် စကားပြော ဖြစ်ကြ၏။ အိမ်ရှင်က ဘုရားလေးတစ်ဆူ ပင့်ထားတာရှိကြောင်း၊ ထိုဘုရားကို စွန့်စွန့်စားစားဖြင့် မလေးရှားဘက်မှ ကားထဲဖွက်ပြီး နယ်စပ်က ပင့်လာခဲ့ရကြောင်း၊ အခုကြုံတုန်း အနေကဇာတင်လိုပါကြောင်း လျှောက်ထားသဖြင့် အကျွန်ုပ် တို့က အနေကဇာ တင်ပေးကြ၏။ အနေကဇာတင်ပြီးတော့ အိမ်ရှင်မက မျက်ရည်များကျလျက် သာဓုခေါ်နေ၏။ “ဘာလို့ ငိုတာလဲ”လို့ မေးကြည့်တော့ ဒီဘုရားရောက်တာ ၁၀-နှစ် ရှိပြီတဲ့။ အခုလို သံဃာတော်တွေနဲ့ အနေကဇာတင်ရလိမ့်မယ် လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ ဒိအတွက် သူ့မှာ ဝမ်းသာလွန်းလို့ ငိုတာပါ. . .တဲ့။ ဟုတ်မှာဘဲလေ…။

ဆွမ်းမစားခင် အနည်းငယ် အချိန်ရသေးသဖြင့် အိမ်ခြံပတ်လည် ဆင်းကြည့်ကြ၏။ အိမ်ရှင်က စဥ့်အင်တုန်ထဲတွင် ပွင့် နေသည့် ကြာပွင့်လေးတစ်ပွင့်ကို လက်ညှိုးထိုးပြီး “ဒီကြာပန်းက ဖူးနေတာကြာပြီ။ ပွင့်ချိန်တန်ပါလျက်နဲ့ မပွင့်ဘူး။ အရှင်ဘုရားတို့ လာတဲ့နေ့ကျမှ ပွင့်တာ။ ထူးဆန်းတယ်”ဟု ဆိုလာ၏။ ဟုတ်ပေမည်။ ကြာပန်းကလဲ အခုမှ ပထမဆုံး ရောက်လာကြသည့် ဆရာတော်များကို ပူဇော်လို၍ “အရှင်တို့ရောက်မှ ပွင့်ပါရစေ”လို့များ စောင့်ဆိုင်းနေလေရော့သလား မသိ။

ဆွမ်းကပ်တော့ မြန်မာဒကာများလည်း လာရောက်ကပ်ကြ၏။ မလာနိုင်သူများကလည်း ဆွမ်းဟင်းပါးလိုက်ကြ၏။ ဆွမ်းစားပြီး ခဏအနားယူ။ ပြီးတော့ မြို့ထဲ လှည့်ကြည့်ကြပြန်၏။ ဘုရင့်နန်းတော်ကြီးကတော့ အပေါက်ဝကသာ ဖြတ် သွားခဲ့ရ၏။ အခန်းပေါင်း (၁၈၀၀) ရှိသတဲ့။ ရေနံချမ်းသာသောနိုင်ငံဖြစ်၍ ဆူလတန်ဘုရင်က သူ့နိုင်ငံကို အားလုံး ပြည့်စုံအောင် လုပ်ပေးထား၏။ ဘရူနိုင်းသည် အရှေ့တောင်အာရှတွင် စင်္ကာပူပြီးလျှင် ဒုတိယအချမ်းသာဆုံး နိုင်ငံဖြစ်၏။ ထို့ကြောင့် ပြည်သူများက အစိုးရကို အခွန်မပေးရဘူးတဲ့။ ပြည်သူပြည်သားများ အိမ်တို့၊ ကားတို့ ဝယ်လိုလျှင် အတိုးနှုန်း သက်သက်သာသာဖြင့် ချေးပေးသတဲ့။ ရုံးအဆောက်အဦးများ အလွန်ကောင်း၏။ လမ်းများလည်း ကောင်း၏။ ဗလီကြီး များလည်း အလွန်လှပစွာ တည်ဆောက်ထား၏။ ပညာရေး, ကျန်းမာရေး အခမဲ့ဖြစ်၏။ ထူးချွန်သောကျောင်းသားများကို နိုင်ငံခြားပညာတော်သင်စရိတ်လည်း ထောက်ပံ့ပေး၏။ ကျန်းမာရေးအတွက် နိုင်ငံခြားသွားကုရမည်ဆိုလျှင်လည်း ဘုရင်က ကူညီပေးသေးသတတ်။ ကောင်းပေစွတကား။ တိုင်းသူပြည်သားများ ကံကောင်းလှ၏။

ညဘက်ရောက်တော့ စာရေးသူက တရားဟောရ၏။ တရားနာလာသူ အများစုမှာ မြန်မာများဖြစ်သော်လည်း တရုတ်နွယ် ဌာနေသားများလည်း ပါနေသဖြင့် အင်္ဂလိပ်လိုဘဲ ဟောခဲ့ရ၏။ စာရေးသူ ဘရူနိုင်းသွားမည်ဆိုတော့ ခေတ်အခြေအနေအရ တချို့ ဒကာ၊ ဒကာမများက စိတ်ပူကြ၏။ တချို့လည်း မသွားရန်တားကြ၏။ သူတို့ စိတ်ပူသော်လည်း ပင့်ဖိတ်သူတို့၏ သဒ္ဓါတရားကို ငဲ့ကွက်၍ ရှင်ပုဏ္ဏ၏ထုံးကို နှလုံးမူလျက် လာခဲ့ခြင်းဖြစ်ကြောင်းပြောပြီး ပုဏ္ဏောဝါဒသုတ္တန်ကို ဟောခဲ့၏။ ဘရူနိုင်းနေ မြန်မာဗုဒ္ဓဘာသာဝင်များသည် ဘုန်းတော်ကြီးကျောင်း မရှိသဖြင့် တစ်ပါတ်တစ်ခါ အိမ်တစ်အိမ်၌စုပေါင်း၍ တရားနာ, တရားထိုင်ကြကြောင်း သိရ၏။

၃၁-ရက်နေ့တွင် အာရုံဆွမ်းကိုတော့ ပင့်ဖိတ်သူမိသားစုနှင့် မြန်မာဒကာများ လာရောက်ကပ်ကြ၏။ ဆွမ်းစားပြီးတော့ ဘာသာရေးဆိုင်ရာ, တရားအားထုတ်မှုဆိုင်ရာ မေးခွန်းများကို လာရောက်မေးမြန်းကြ၏။ ၂-နာရီလောက်ကြာအောင် ဖြေဆိုခဲ့ရ၏။ သူတို့လဲ သိလိုသည်များကို မေးခွင့်ရလိုက်သဖြင့် တိမ်စင်လပမာ ဝင်းပလျက် ရွှန်းမြကြည်လင်သည့် မျက်နှာလေးများဖြင့် သာဓုခေါ်ကာ ပြန်သွားကြ၏။ မေးခွန်းများ၏ အတိမ်အနက်ကို ကြည့်သောအားဖြင့် သူတို့ဟာ တရား ကို တော်တော်လေး လိုက်စားအားထုတ်ထားကြောင်း သိလိုက်ရ၍ ဝမ်းသာမိ၏။
ဒီနေ့ နေ့ဆွမ်းကိုတော့ သံအမတ်ကြီး ဒေါ်ရီရီမြင့်က ဆွမ်းကပ်ဖို့ ဖိတ်ထား၏။ ၉-နာရီခွဲလောက် သံအမတ်ကြီးအိမ်က လာပင့်၏။ တရားမနာခင် အချိန်လေးရခိုက် ဧည့်သည်များနဲ့ သံအမတ်ကြီးက မိတ်ဆက်ပေး၏။ သူ့ကိုယ်သူလည်း မိတ် ဆက်ပေး၏။ သံအမတ်ကြီးသည် သံတမန်လောကမှ ရာထူးအလိုက် အဆင့်ဆင့်တက်လာသည့် ပထမဦးဆုံးသော အမျိုးသမီး သံအမတ်ကြီးဟု သိလိုက်ရ၏။ စာရေးသူတို့ ဘရူနိုင်းခရီးစဉ်တွင် အခုဆိုလျှင် “ပထမဦးဆုံးအဖြစ်” လေးခု တွေ့လာရ၏။ စာရေးသူတို့သည် ဘရူနိုင်းသို့ ပထမဦးဆုံးခရီးစဉ် ဖြစ်၏။ ပြီးတော့ ပထမဦးဆုံး ဘရူနိုင်းသို့ ကြွလာသော မြန်မာဆရာတော်များ ဖြစ်၏။ ပထမဦးဆုံး ဘုရားတစ်ဆူကို အနေကဇာ တင်ခဲ့ရ၏။ ပထမဦးဆုံး မြန်မာအမျိုးသမီး သံအမတ်ကြီး ဒေါ်ရီရီမြင့်နှင့် တွေ့ရ၏။ စာရေးသူ၏ဘဝတွင် သမိုင်းမှတ်တမ်း တင်စရာလေးတစ်ခု ရလိုက်ပေသည်။

နံနက် ဆယ်နာရီလောက်တွင် တရားနာဖို့ စတင်ကြ၏။ စာရေးသူက သီလများ ချီးမြှင့်ပေး၏။ မင်္ဂလာရာမ ဆရာတော်က တရားချီးမြှင့်ပေး၏။ တရားနာပြီး မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြ၏။ ထို့နောက်တော့ ဆွမ်းကပ်ကြပေသည်။ သံအမတ် ကြီးက ဆရာတော်များ ဆွမ်းကပ်ဖို့ မနက်သုံးနာရီထိုးကထဲက ထပြီး ချက်ပြုတ်ထားသည်ဟု လျှောက်၏။ သူကိုယ်တိုင် ချက်သည့် ဟင်းများကပ်ရ၍ သံအမတ်ကြီးလည်း ပျော်နေ၏။ မြန်မာဟင်းများဖြစ်၍ အင်မတန် စားကောင်းလှပေသည်။ ဆွမ်းစားပြီးတော့ အချိန်လေးရခိုက် ရောက်လာသောဧည့်သည်များနှင့် ခဏလောက် စကားပြောဖြစ်ကြ၏။ စာရေးသူတို့ကို ဖြစ်နိုင်လျှင် ဘရူနိုင်းကို နှစ်စဉ်မဟုတ်တောင် မကြာမကြာ ကြွစေလိုကြောင်း၊ ဘုန်း တော်ကြီး ကျောင်း မရှိသဖြင့် အခုလို သံဃာတော်များ ကြွလာမှသာလျှင် တရားနာခွင့်၊ ဆွမ်းကပ်ခွင့်၊ သိလိုသည်များကို မေးမြန်းခွင့်ရပါကြောင်း လျှောက်ထားကြ၏။

ဆွမ်းစားပြီး လေဆိပ်ဆင်းရန် အနည်းငယ်စောနေသေးသဖြင့် မရောက်သေးသော ပြည်သူ့ဥယျာဉ် တစ်ခုကို ဝင်ကြည့်ကြ ၏။ အချိန်ရောက်မှ လေဆိပ်ဆင်းခဲ့ကြ၏။ လေဆိပ်တွင် လိုက်ပို့သူများက ရောက်နှင့်နေကြ၏။ လေယာဉ်က ဘရူနိုင်း ဒါရုဆလန်လေဆိပ်ကနေ မလေးရှားဘက် ကူတကိနဘာလုကို ၁-နာရီလောက်သာ စီးရ၏။ အချိန်အနည်းငယ် စောသေး သဖြင့် အတွင်းသို့ မဝင်သေးဘဲ လိုက်ပို့သူများနဲ့ စကားထိုင်ပြောကြ၏။ သူတို့ကလည်း နောင်ကို ဖြစ်နိုင်လျှင် ဘရူနိုင်း ကို နှစ်စဉ်ကြွလာဖို့ လျှောက်ထားကြ၏။

အင်း….။ သူတို့တတွေက ဤကဲ့သို့ တဖွဖွနဲ့ ဖိတ်မာန်ခဲ့ကြပါသော်လည်း ဆူလတန်ဘုရင်က ဒီနှစ် မေလ ၁ ရက်နေ့က အစ္စလာမ်ဥပဒေ(Sharia Law)ထုတ်လိုက်ပေသည်။ ဘရူနိုင်းနိုင်ငံတွင် သုံးပုံ နှစ်ပုံက မူဆလင်များဖြစ်၏။ ကျန်တစ်ပုံမှာ တရုတ်များ၊ ဖိလစ်ပိုင်များ၊ ဒေသခံတိုင်းရင်းသားများနှင့် နိုင်ငံခြားမှလာရောက် အလုပ်လုပ်ကြသူများ ဖြစ်ကြပြီး ကိုးကွယ် ရာ ဘာသာလည်း မတူကြပေ။ ရှာရိယာဥပဒေသစ်ကို ဘယ်ပုံဘယ်နည်း ကျင့်သုံးမည်ဆိုသည်ကို တိတိကျကျ မသိရသေး သောကြောင့် အခုရက်များတွင် မူဆလင်မဟုတ်သူများမှာ အမှားမရှိအောင် သတိဆောင်၍ နေကြရသည် ဆို၏။ အထူး သဖြင့် ဘာသာရေးလုပ်ငန်းများကို တိတ်တိတ်ပုန်းကျိတ်ပြီးသာ လုပ်နေကြရ၏။ ဤရှာရိယာဥပဒေသည် အခြားနိုင်ငံမှ လာရောက် အလုပ်လုပ်သူများရော၊ မူဆလင် မဟုတ်သူများပါ လိုက်နာရမည် ဆို၏။

မနှစ်က ဘရူနိုင်းရှိ ဗုဒ္ဓဘာသာဝင်များ ဖိတ်ခဲ့စဉ်တုန်းကတော့ သူတို့ကို ကိုယ်ချင်းစာ သနားပြီး ဓမ္မအေးရိပ်ဖြင့် ချွေးသိပ် နိုင်ဖို့အရေး “ကြွပေးပါ့မယ်”ဟု ကတိပေးခဲ့ပေသည်။ ထို့ကြောင့် ကိုယ့်ဘက်ကလဲ ကြွနိုင်အောင် အခွင့်ရက်များ ဖွင့်ထား ခဲ့၏။ သို့သော်လည်း ယခုတော့ဖြင့် . . . .။       ။

၂၀၁၄-ခုနှစ်၊ စက်တင်ဘာလ ၅-ရက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “အရှင်သြသဓ (ဟပ်မွန်းဗေး) – အခွင့်ရယ်သာ လာချင်ပါရဲ့လေး
  1. If people really want the freedom of religion , they can make a choice not to live there. The choice is theirs to make and the problem will be solved. We can all make a choice.

Comments are closed.