ဆောင်းတွင်းကာလ ဖြစ်သည့်အလျောက် နေမင်းကြီး ကွယ်ပျောက်တာကလဲ စောလွန်းပါဘိခြင်း ၊ ဒီလို နေမင်းကွယ်စအချိန်မှာ နယူး ယောက်ပြည်နယ် Buffalo မြို့ မှ ရိုချက်စတာမြို့သို့ပြန်လည်ထွက်ခွာ ခရီးနှင်ခဲ့ပါတယ်။ ဟိုင်းဝေးပေါ်အရောက်မှာ ယဉ်ကို ဂရုစိုက် မောင်းနှင်နေတဲ့ မောင်အောလေးက ဘုန်းဘုန်း လမင်းကြီးက အကြီးကြီးပဲ လပြည့်နေလား တဲ့ …ဒီတော့မှ ထက်ကောင်းကင် အာကာက ထွက်ပေါ်လာတဲ့ လစန္ဒာကြီးကို သတိပြုမိလိုက်ပြီး ဟုတ်တာပေါ့ ပြာသိုလ်လပြည့် အမေနေ့လေလို့ အဖြေပေးမိတယ် ဒီနောက်မှာတော့ အရောင်အဝါ ထိန်လင်းစွာ ထွက်ပေါ်လာနေတဲ့ ဒီလမင်းကြီးကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ အတွေးလေးတွေ ချဲ့တွေးမိပြန်တော့ အတိတ်တခါးပေါက်ကို အလိုလို ခေါက်ပြီးသား ဖြစ်သွားပါတော့တယ်။
● ငိုချင်းနဲ့စတဲ့ ဘဝခရီးသည်
မရေမတွက်နိုင်လောက်သော ဘဝသံသရာခရီးပြင်းကို နှင်လာခဲ့ရတဲ့ မိမိတို့ဟာ ..၊ ဒီဘဝ ဒီခန္ဒာမှာ ဒီလို လူအဖြစ်ကို ရရှိလာဖို့ အမေရဲ့ ဗိုက်ထဲမှာ ကိုးလကြာမက နေခဲ့ရနော်၊ ဖွားချိန်တန်လို့ မွေးဖွားသန့်စင် လူလားမြောက်ခဲ့ပြန်တော့လဲ မိမိတို့မှာ ပုခက်အတွင်း သက်ဆင်းခဲ့ရ သည့် ထိုမွေးကင်းစမှသည် ယနေ့အထိ ငိုချင်းများစွာနဲ့ ခရီးဆက်နေရသည်မို့ ကိုယ့်ကိုယ်ကို ငိုချင်းသည်များတစ်ယောက်နှယ် ထင်မိနေပါ တယ်။
● အလိုရှိတိုင်း ငိုခဲ့တယ်
ကလေးငယ်ဘဝမှာတော့ ဘာကိုလိုလို ငို တဲ့ အတတ်မှ တစ်ပါး အခြား မသိလေတော့ ငိုခြင်းကိုပဲ အဖေါ်ပြုခဲ့ကြတာမျိုးမဟုတ်လား ဒါပေမဲ့ အလိုမပြည့်သည့်အခါတိုင်း ငိုတတ်ခဲ့တဲ့ ကလေးငယ်တစ်ယောက်ရဲ့ မျက်ရည်စတွေဟာ သူလိုတာ ရသည်နှင့် အမျှ ငိုသံတိတ်လို့ အိပ်ကုန် ကျတာကို သတိထားမိတယ် အသက်အရွယ်ရလာသည်နှင့်အမျှ ရလေ လိုလေ ဖြစ်လာကြတာမို့ ငိုသံတွေရဲ့ အဓိပ္ပါယ်ဟာလဲ အမျိုးမျိုး ပြောင်းလဲလာကြပြန်ကြရပြန်တယ် ကလေးဘဝတုန်းကလို တစ်ခုခု လိုတာရှိတိုင်း ငိုကြမယ်ဆိုရင်ဖြင့် လောက တစ်ခုလုံး ငုံသံတွေ လွှမ်း ဖုံးနေကြတော့မယ် ထင်ပါရဲ့…။
● အမေ့ငိုသံ
စာရေးသူ ရန်ကုန်ရောက်စကာလ တုန်းက စွယ်တော်မြတ်စေတီတော်ကြီးသည် တည်ပြီးကာစ ရှိပါသေးတယ် ၊ စာမေးပွဲတွေ ပြီးလို့ နွေ အခါ ရွာပြန်..အားယူပြီး အပြန်လမ်းမှာ အမေ ကို ရန်ကုန် ဘုရားစုံဖူး ခေါ်ခဲ့ဖူးပါတယ် …တစ်နေ့ စွယ်တော်မြတ်စေတီကြီးဆီ ဘုရားဖူး လိုက်ပို့တော့ ရင်ပြင်တစ်နေရာမှာ အမေက ထိုင်ချပြီး အီးအီးပါအောင် ငိုပါတော့တယ် … သားဖြစ်သူ မိမိမှာ အမေ ဘာအတွက် ငိုပါလိမ့်လို့ အဖြေထွက်အောင် မစဉ်းစားနိုင်အောင် ဖြစ်ကာ အမေကိုပင် မှင်တက်စွာ ငေးနေမိပါတော့တယ်
● အမေပြောတဲ့ ငိုခြင်းအကြောင်း
မနေသာတဲ့အဆုံး အမေကို မေးကြည့်မိတယ် ၊ ဦးဇင်းရယ် ဦးဇင်းအဖေ နဲ့ အတူ အဘိုးအဘွားတွေ ကို သတိရလို့ပါတဲ့ အမေက ဒီလို တန်ခိုးကြီးဘုရားတွေကို ဖူးခွင့်ရနေပေမဲ့ သူတို့မှာ သေသာ သေသွားတယ် တခါမှ အမေလို ဘုရားစုံ မဖူးခဲ့ရဖူးဘူးတဲ့ နောက်ပြီး ရွာမှာ ကျန်နေတဲ့ ဆွေမျိုးတွေလဲ အမေလို ဖူးခွင့်မရကြသေးဘူးတဲ့ အဲဒါ အားလုံးကို သတိရပြီူး အမေ စိတ်ကို မထိန်းနိုင်ပဲ ခုလို ငိုချလိုက်တာပါ လို့ ပြောပြပါတယ်
● အမေ့ ငိုသံ အရင်းခံ၍
ကလေး တစ်ယောက်ရဲ့ ငိုသံ ကိုလိုက်ပြီး မိဘတွေက ကလေး အကြိုက်ဖြည့်ကာ အငိုကို တိတ်စေခဲ့ပါတယ် ဒီလိုပါပဲ မိမိမှာ အမေ့ငိုသံ ကြားရပြီးနောက်မှာ အမေ့ ငိုသံ တိတ်ရန် ကြိတ်ကြံရပါတော့တယ် ဒီလိုနဲ့ပင် အမေ့ ငိုသံကြားလိုက်ရသည့် အဲဒီနှစ်က စပြီး အလျှဉ်းသင့်သလို ဇာတိနယ်မြေက သက်ရွယ်ကြီးမား ဆွေမျိုးများတွေကို ရန်ကုန် မန္တလေး ကျိုက်ထီးရိုး စသည်ဖြင့် နှစ်စဉ် ဘုရားဖူးပို့ပေးခဲ့ပါတယ် ထို့အတူ ပင် မိမိဇာတိရွာနယ်မြေက လူငယ် လူရွယ် များစွာအား ရန်ကုန် စက်မှုဇုံအသီးသီးမှာ အလုပ်တွေ ရှာဖွေအပ်နှံပြီး ဘဝတက်လမ်းရှာဖွေစေခဲ့ရာမှ သားသမီးတွေ အခြေပြုလို့ ရန်ကုန်ဆိုတာ မရောက်ဖူးသူ မရှိလောက်အောင် ဖြစ်ခဲ့ရပါတယ် ဒီဘက်ခေတ်မှာတော့ မလေးရှား စင်္ကာပူ ထိုင်း စသည်မှာ မိမိနယ်သူ နယ်သားများစွာ ရောက်ရှိလုပ်ကိုင် ငွေရှာနိုင်ကြပြီဖြစ်ပါတယ် ဒါတွေဟာ အမေ့ ငိုသံက အစပျိုးပေးခဲ့တဲ့ အောင်မြင်မှု အဆင့်ဆင့် ဆိုရင် မှားမယ် မထင်ပါဘူး။
● ငိုသံကြားပြီး နောက်ကွယ်မှာ
ငယ်စဉ်ကာလ စာသင်သားဘဝမှာ နေခဲ့ရတဲ့ ကျောင်းက စည်းကမ်းကြီးလွန်းလှတယ် ပြီးတော့ ပိဋကစာပေမှ တစ်ပါး အခြား စာအုပ်စာပေ ဖတ်တာကို ခွင့်မပြုပါဘူး ဒီတော့ စာရေးသူတို့မှာ လောကုတ္တရာ စာပေမှ တစ်ပါး အခြား ဘာမှလေ့လာဆည်းပူး သင်ယူခွင့်မရခဲ့ပါဘူး ရွာပြန်ရောက်တဲ့အခါ ဘာကိုမှ လက်တွေ့ပြန်လည် အကျိုးပြုနိုင်ခဲ့တာ မရှိသလောက်ပါပဲ မျှော်လင့်ချက်ကြီးမားစွာ မြို့ကို စာသင်ပို့လိုက်ပေမဲ့ မြို့ပြက အပြန်မှာတော့ ဘာမှကို ဟုတ်တိပတ်တိ အကျိုးရှိတာတွေကို ချမပြနိုင်ခဲ့ပါဘူး အမေ့ငိုသံကြားလိုက်ပြီးနောက်မှာတော့ စာမေးပွဲ အောင်မြင်ရုံမျှနှင့် ကျေနပ်နေဖို့ မသင့်ဘူးဆိုတာ တွေးမိလာခဲ့တယ် နောက်ပြီး နှစ်စဉ် စာမေးပွဲ အောင်မြင်နေတာကိုပဲ ကျေနပ်ဂုဏ်ယူ နေတတ်ကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေရဲ့ မျှော်လင့်ချက်ကိုဖြည့်ဖို့ သူတို့ရဲ့ အနာဂတ် ဘဝတက်လမ်းတွေ ပွင့်လန်းလာဖို့ မိမိမှာ တာဝန်ရှိ တယ် ။ အဲဒီ တာဝန်ကျေပြွန်ဖို့ ငါ ကြိုးစားရမယ် လို့ တွေးပြီး ဗဟုသုတ ဖြစ်ဖွယ်ရာ များစွာကို ထိုအခါမှစပြီး ကြိုးစားလေ့လာဖြစ်သွားပါတော့ တယ်။
● ကံကို ဉာဏ်ချင့် မြှင့်ခဲ့၍
ဘယ်လောက်ပင် ကြိုးစားခဲ့ပါချေ ၊ ကံ ဉာဏ် ဝိရိယ မမျှတ သလို ပါရမီ ဓါတ်ခံ မရင့်သန်သူ ဖြစ်လေသော စာရေးသူမှာ ဝိရိယ အကျိုးမျှသာ ရရှိခဲ့သလိုလိုပါပဲ ၊ ဒီလိုနဲ့ ဆရာအရှင်တို့ သွန်သင်သည့်အတိုင်း ကံ အဆင့်ဆင့်ကို ညာဏ်ချင့်ပြုလုပ် မြှင့်တင်ခဲ့ရာမှ နိုင်ငံအသီးသီးမှာ ပညာတွေ ဆည်းပူးသင်ယူခွင့် ကျောင်းထိုင် သီတင်းသူုံးခွင့်တွေ ရခဲ့ပြီး ယခုအခါမှာတော့ အမေရိကန်တွင် အခြေချ နေထိုင်သည်အထိ ဖြစ်ခဲ့ရပါတယ်။
● သိမ်သင်တန်းကို ဗဟိုလ်ပြု၍
အမေရိကန် ကျောင်းထိုင်သက်တန်း သုံးနှစ်အတွင်းရောက်လာချိန်မှာတော့ သာသနာရဲ့ အသက်သွေးကြောသဖွယ် ဖြစ်တဲ့ သိမ်အကြောင်း သိကောင်းစရာအဖြာဖြာကို ဒုတိယမြောက် ဓမ္မာနန္ဒဆရာတော်ကြီး ဘဒ္ဒန္တဇောတာလင်္ကာရမှ ပို့ချပေးမည့်အကြောင်း သတင်းကောင်းကို ကြားသိခဲ့ရပါတယ် ဒါကြောင့် သိမ်သင်တန်း ဖွင့်လှစ်ပို့ချရာ အမေရိကန်နိုင်ငံ ၊ ကာလဖိုးနီးယားပြည်နယ် ၊ ဟတ်မွန်ဘေးမြို့ ဓမ္မာနန္ဒကျောင်း တော်ကို ရောက်ရှိခဲ့ရပါတော့တယ်၊ သင်တန်းကာလအတွင်း ဆရာတော် ဦးသြသဓ ရဲ့ စီမံ ပေးမှုများဖြင့် ဘေးဧရိယာဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်း များစွာကို သွားရောက်လေ့လာ ခွင့်ကို ရရှိခဲ့ရာ အရှင်ဘဝမှာဖြင့် တကယ့်ကို မမျှော်လင့်သည့် ရလာဒ်ထူးတွေ ရနေသည့် ကာလ လို့ပင် ဆိုချင်ပါတော့တယ်။
● သမုဒ္ဒေါ မယာ ဒိဋ္ဌော
တကယ်တော့ အမေရိကန် လာခဲ့သူတိုင်းဟာ ကြာမြင့်စွာသော လေယဉ်ခရီးစီးခဲ့ရသူတွေ ချည်းပါပဲ .. သို့သော် သမုဒ္ဒရာ အစင်းစင်းကို ဖြတ်သန်းခရီးနှင်ခဲ့ရပေမဲ့ မျက်ဝါးထင်ထင် မြင်ခွင့်ရဖို့တော့ မလွယ်ကူပါဘူး အရှင်တို့မှာတော့ သိမ်သင်တန်း ပို့ချပေးတဲ့ ကျောင်းတော်ကိုက သမုဒ္ဒကမ်းကို မေးတင်ထားသလိုဖြစ်နေတဲ့ တည်နေရာမှာမို့ သမုဒ္ဒရာ ရေပြင်ကို မျက်ဝါးထင်ထင် တွေ့မြင်ရယုံမက လက်တွေ့ပင် ထိတွေ့ဆော့ကစားလို့ ရတဲ့ အနေအထားအထိ ကံကောင်းခဲ့ပါတယ် ၊ ကျယ်ပြန့် ကြီးမား တဲ့ မြေကွက်ပေါ်မှာ ထုထည်ကြီးမား ခန့်ငြား လှ စွာ တည်နေတဲ့ သာသနာပြု ကျောင်းတော်များစွာကိုလဲ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလေ့လာ မြင်တွေ့ခွင့်ရတဲ့အခါ ရင်ထဲမှာ ပေါ်လာတဲ့ သင်ဖူးတဲ့ စာသားတစ်ခုကို သွားသတိရလိုက်မိပါတော့တယ် ဒါကတော့ သမုဒ္ဒေါ မယာ ဒိဋ္ဌော တဲ့။
● ကိုယ့်အနေထား ပြန်စဉ်းစားမိ
တကယ်တော့ ပုထုဇဉ်ရဲ့ စိတ်ဆိုတာ အထင်ကြီးဖွယ်တွေ့အထငိကြီးတတ် တာမျိုး မဟုတ်လား မိမိမှာလဲ အတူတူပါပဲ အရင်က ကိုယ် နေထိုင်ရာ ကျောင်းလေးမှာ လုပ်သင့်လုပ်ထိုက်ရာ လုပ်နေရင်း ရနေတဲ့အောင်မြင်မှုလေးတွေနဲ့ပဲ ပီတိကိုစား အားရှိနေခဲ့မိပါတယ် ထို့အတူ ပဲ ဒါကိုပင် အကြီးကြီး အထင်နဲ့ ဘဝင်မြင့်နေခဲ့မိသလိုလို ဖြစ်တဲ့ မိမိကိုယ်ကိုလဲ ရှက်မိသွားသလိုလိုပါပဲ ဝါးလုံးခေါင်းထဲ လသာ နေမိသလို သမုဒ္ဒရာ မမြင်ဖူးတဲ့ အိုင်ထဲက ဖားသူငယ်လို ဖြစ်နေမိတဲ့ မိမိအနေထားကိုလဲ ပြန်လည် စဉ်းစားသုံးသပ်မိတယ်။
● မာန်ချ နိုင်မှ ဟန်ကျမယ်
ဖတ်ဖူးတဲ့ မြန်မာစွယ်စုံကျမ်းတစ်နေရာမှာ အရပ်တစ်ပါး ခရီးသွားခြင်းအားဖြင့် ဒေသန္တရ ဗဟုသုတ ရခြင်း ၊ ဘာသန္တရ ဗဟုသုတရခြင်း ၊ နိဂတမာန ဒဗ္ဗ ..မာန်ကျခြင်း ဆိုတဲ့အချက်တွေထဲက နောက်ဆုံးအချက်ဟာ မိမိအတွက်တော့ ခရီးသွားများလေလေ သိသာလာလေလေ ဖြစ်လာနေပါတော့တယ် … ဘဝ အနာဂတ်မှာ ဟန်ကျ ပန်ကျ ဖြစ်ချင်ရင်တော့ မာန်ကိုချ အလုပ်လုပ်ရတော့မယ်ဆိုတာ နားလည်ခဲ့ရတာမို့ ဒီခရီးသည် မိမိအတွက်တော့ ခြေလှမ်းတိုင်ပင် တန်ဖိုးရှိနေပါတော့တယ်။
● ဒေသများစွာ ရောက်ခဲ့ပါပြီ
သိမ်သင်တန်းကို အကြောင်းပြုပြီး ခရီးထွက်လာခဲ့ရာမှ တစ်ဆက်တည်း ဆက်လက်ခရီးတွေ နှင်နေခဲ့ရာ ယခုအခါ တော်တော် ခရီး ပေါက်ခဲ့ပါပြီ … ဒီမျှ တိုတောင်းသော ရက်ကာလ အတွင်း ပြည်နယ်ဒေသ မြို့ပြ ကျောင်းများစွာကို ရောက်ခဲ့ရပါတယ် ၊ မိမိအခြေချ နေထိုင်ရာ ကျောင်းပြန်ရောက်ရင် ဘာတွေကို ဘယ်လို အကောင်ထည် ဖေါ် ဆောင်ရွက်ရမည်ဆိုတာကိုလဲ စိတ်ထဲက ပုံစံချ နေမိပါတယ် ထို့အတူပင် အမေရိကန် ရောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်လင့်ကစား ယနေ့အထိ မိမိကဲ့သို့ ဒေသမျိုးစုံ နဲ့ မြို့ကြီးပြကြီးတွေဆီ ခရီးမနှင်ဖူး သေးတဲ့ မိမိအရပ်ဒေသက လက်တွဲဖေါ်များကိုလဲ ဟိုးးးးးးးးးးးး ငယ်စဉ် အမေငိုသံကြားပြီး ဆောင်ရွက်ခဲ့ချက်တွေ အတိုင်း လိုက်ပါ ဆောင်ရွက်ချင်စိတ် ပေါ်ပေါက်လာပါတော့တယ်။
● အမေလို ငိုချင်လိုက်ပါရဲ့..
ကောင်းကင်က လမင်းကြီးကို ကြည့်ရင်း အတွေးရေစီးကြောင်းမှာ စီးဆင်း လိုက်ပါခဲ့ရာ မိမိစီးလာတဲ့ကားလေးသည်လည်း တစ်ညတာ နားခိုမည့် နယူးယောက်ပြည်နယ်ထဲ Rochester မြို့လေးထဲသို့ ဝင်ရောက်လာပါပြီ ဒါပေမဲ့ အတွေးက မပြီးသေးဘူး …တွေးလဲ ဆုံးမယ် မထင်ဘူးလေ ဒီည တွေးမိသမျှ ရေးချနေတာကို နိဂုံးချုပ်လိုက်ရရင်ဖြင့် အမေရိကန် နိုင်ငံ အနှံ့အပြားက ကြီးမားခန့်ငြားသည့် မြို့ကြီးတွေ ဒေသကြီးတွေ နာမည်ကျော်ဋ္ဌာနကြီးတွေ ရောက်ရှိလယ်ပတ်ပြီးနောက်မှာတော့ …အမေ နဲ့ အတူ ဆွေမျိုးတွေ ကျေးဇူးရှင်တွေ နဲ့ လက်တွဲပြီး သာသနာ့အကျိုး သယ်ပိုးနေတဲ့ တက္ကဆက်ပြည်နယ် အမာရီလြိုမို့က လက်တွဲဖေါ်တွေ ကို သတိရလို့ အတွေးဆောင်းပါးလေး ခေါင်းစဉ်ကို အမေလို ငိုချင်မိပါရဲ့ ဟုသာ ခေါင်းစဉ် ပြုလိုက်မိပါတော့တယ် …..။