သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – စာနယ်ဇင်းသမား အမှားတစ်ထောင်

  စာနယ်ဇင်းသမား အမှားတစ်ထောင်

ငြိမ်းချမ်းအေး။ မိုးမခ။ မတ်လ ၁၉၊ ၂၀၁၄

တော်ဝင်နှင်းဆီ ဦးစိုးညွန့် က သူ့ အိမ်မှာ မွေးထားတဲ့ ခွေးဓာတ်ပုံကို 7 Day Daily သတင်းစာ  ခွေးရူးရောဂါ အကြောင်း သတင်း တပုဒ်မှာ မဆီမဆိုင် ယူသုံးထည့်ထားကြောင်း စိတ်ပျက်လက်ပျက် ရေးထားတဲ့ စာ ဖတ်ရတော့ “ဓာတ်ပုံများက ပြောနေသည်” လို့ပဲ အရင် ရေးဖူးခဲ့သလို ထပ်ညည်းမိတယ်။  လွန်ခဲ့တဲ့ နှစ်နှစ်လောက်က The Voice Weekly ပါ လိင်အလုပ်သမလေးများ အကြောင်းဆောင်းပါး မှာ မဆိုင်တဲ့ အမျိုးသမီးငယ်လေးတွေ ဓာတ်ပုံယူသုံးမှုကြောင့် ပုံပါ ကာယကံရှင်များ ကာယ၊ စိတ္တ ဒုက္ခ ရောက်ခဲ့ဖူးတာ အားလုံး မှတ်မိမယ် ထင်တယ်။

ဒီလို ဗမာ့စာနယ်ဇင်း က ကျင့်ဝတ် ဆက်စပ် ဓာတ်ပုံ ပြဿနာ တွေဟာ နေ့စဉ်လို မြင်တွေ့နေရတဲ့ ကိစ္စကြီး တရပ်ပါ။  သက်ဆိုင်သူ များ အလေးထားသင့်သလောက် မထားတဲ့ အကြောင်းကြီးတခုလည်း ဖြစ်နေတယ်။  ဗမာ့ စာနယ်ဇင်းသမားများ ရဲ့ လွတ်လပ်တဲ့ စာနယ်ဇင်းခေတ် ကွင်းဆက်ပြတ်ခဲ့မှု၊ အတွေ့အကြုံနည်းမှု၊ စနစ်တကျ လေ့လာ သင်ယူခဲ့ရခြင်းမဲ့မှု စတာတွေ ကို အကြောင်းပြချ ပေးနိုင်ပါတယ်။  ဒါပေမယ့် ဒါတွေ ဟာ အမြဲတမ်း အသုံးတည့်၊ ပေးလို့ ရနေမယ့် ကောင်းမွန်တဲ့ ဆင်ခြေ မဟုတ်ပါ။

အဓိက က ကျင့်ဝတ် အသိ ကို အလေးထား ပျိုးထောင်လိုစိတ် မရှိတာပါ။  အမှုမဲ့ အမှတ်မဲ့၊ ပေါ့ပေါ့လေး တွေး၊ လုပ်တတ်တဲ့ အရိုးစွဲ ဗမာ့ အကျင့်ကြောင့်လည်း ပါတယ်။  မလုပ်၊ မရှုပ်၊ မပြုတ် ခေတ်၊ စနစ်ကြီးစိုးခဲ့မှုကြောင့် ပြီးစလွယ် ပစ်စလက်ခတ် လုပ်ချင်တဲ့ စိတ်အခံက အသားကျသွားတာကြောင့်လည်း ပါတယ်။  ဘယ်လိုဆိုဆို “ငါတို့ စာနယ်ဇင်းကျင့်ဝတ်၊ သိက္ခာရှိရှိ ကြိုးစား ဆောင်ရွယ်မယ်” ဆိုတဲ့ ကျင့်ဝတ် အသိကပ်မှု နည်းမှု က အဓိက ပြဿနာကြီးပါ။  ဒီ အသိမရှိမှုက အောက်ခြေ က သတင်းထောက် တင် မက အထက်က ကြီးကြပ်သူ၊ တည်းဖြတ်သူများမှာပါ အားနည်းနေတယ်လို့ မြင်တွေ၊ ကြားသိ၊ ဖတ်နေရတဲ့ စာနယ်ဇင်း အလုပ်တွေ အပေါ် မူတည်ပြီး သုံးသပ်နိုင်တယ်။

ဟိုတလောက လုပ်တဲ့ ဂစ်တာပွဲတော်အကြောင်း သတင်းကို Daily Eleven က ရေးတော့ တီးခတ်သူ ဂီတပညာရှင်တွေရဲ့ သက်ဆိုင်ရာ ဂစ်တာအမျိုးအစားတွေ တလွဲတွေချည်း ဖြစ်နေတယ်။  ဂစ်တာသမားတွေ ဆိုတာ လူငယ် မျိုးဆက်သစ်နဲ့လည်း နီးစပ်တဲ့ ကိစ္စ၊ ဒါလည်း မှားရေးခဲ့တယ်။  ဒီသတင်းကို ဂီတချစ်သူ မိတ်ဆွေ တယောက် က လှမ်းပို့ပေးရင်း “ညီငြိမ်းရေ.. လုပ်ချလိုက်ပြန်ပြီကွာ..” ဆိုတော့ “နေ့စဉ် ပုဂ္ဂလိက သတင်းစာတွေ ထွက်ခွင့်ရလာတော့ ဒီလို အမှားတွေ၊ ကျင့်ဝတ် မညီတာတွေ ပိုဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်၊ ပုဂ္ဂလိက သတင်းစာ ထုတ်ခွင့်မရခဲ့တဲ့ ရာစုနှစ်ဝက်မှာ စာနယ်ဇင်း သမားတွေဟာ အချိန်နဲ့ တပြေးညီ အလျဉ်မီ သတင်းလိုက်၊ သတင်းရေး၊ တည်းဖြတ် အတွေ့အကြုံ နဲ့ ပညာ မဲ့ခဲ့ရတယ်၊ ပညာရေး ခေတ်ဆိုး၊ စနစ်ဆိုး ကို ဖြတ်သန်းခဲ့ရမှုကြောင့်လည်း သတင်းလိုက်သူ၊ ရေးသူ၊ တည်းဖြတ်သူ အားလုံးဟာ အချိန် အကန့်အသတ်ကြားမှာ ဒီလို အလုပ်တွေကို လက်တန်း လုပ်နိုင်စွမ်းတဲ့ ဝမ်းစာ နည်းခဲ့ရတယ်” လို့ ပြန်ပြောဖူးခဲ့တယ်။

ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကိုက ဒဂုန်တာရာ ထက် ဒဂုံဘီယာ က တွင်ကျယ်ခဲ့တာကိုး။  စာကြည့်တိုက်ထက် စင်တင် ဖော်ချွတ်ပွဲတွေက နေရာအနှံ့ ကျယ်ပြန့်ခဲ့တာကိုး။  တက္ကသိုလ်တွေမှာ ကျက်စားရမယ့် ကျောင်းသားတွေက နရသိမ်မှာ၊ တောရ မှာ ပျော်မွေ့ခဲ့ရတာကိုး။  စည်ပင် ဖွံ့ဖြိုးရမယ့် ပညာရပ်ဝန်းက သုသာန် တစပြင် အလား ဖြစ်ခဲ့ရတာကိုး။  စာပေ၊ ဗဟုသုတု ဝမ်းစာ ခေါင်းပါး ချွတ်ခြုံကျတဲ့ ခေတ်ဆိုးကြီး ကို အားလုံး ဖြတ်သန်းခဲ့ရတယ်။

တတ်လို့ လုပ်စားကြရတာထက်၊ ဝါသနာကြီးလို့ အလုပ်အကိုင် တခုကို ရွေးချယ်ရတာထက်၊ ဝမ်းရေး အခြေအနေ အရ ရွေးချယ်ခဲ့ရမှုတွေက တိုင်းပြည်ရဲ့ ကဏ္ဍ တိုင်းမှာ များလာခဲ့တယ်။

ဒီလိုနဲ့ ခေါင်းဆောင်ကြီး ဗိုလ်လက်ျာ ခမျာ ဗိုလ်လင်ကျာ ခေါ်ခံထိတော့တယ်၊ ခင်လက်ျာ က ခင်လင်ကျာ ဖြစ်ရတော့တယ်။  မြန်မာစာ မတတ်၊ သမိုင်း မသိ။  ဒါဆို ခေတ် အင်္ဂလိပ်စာ တော့ရ၊ ခေတ် အကြောင်းမှာတော့ သိပ်မဆိုးသေးပါဘူး လို့ ထင်ရင်လည်း မှားပါမယ်။  သူများ သတင်းကိုးကား ရေးရာမှာကို အင်္ဂလိပ်စာက အားနည်း၊ ဗဟုသုတ ကလည်း မကြွယ်ဝတော့ WhatsApp ကို Facebook က ဝယ်တဲ့ BBC သတင်းကို မြန်မာလို သတင်းဖတ်သူ ရူးသွားအောင် ရန်ကုန်တိုင်းမ် က ဘာသာပြန် ရေးထားတာ ဟိုတရက်ကတင် ဖတ်လိုက်ရသေးတယ်။

ဟိုးအရင် အိမ်မှာ အဖေ၊ အမေတို့နဲ့ အတူ စာနယ်ဇင်း မျိုးစုံ က အမှားတွေ၊ အလွဲတွေကို ထိုင်ဖတ်ကြည့်ပြီး ရယ်မောခဲ့ရတာကို သတိရတယ်။  ရယ်စရာတွေ ဖြစ်ရပေမယ့် တကယ်တော့ တိုင်းပြည် အနာဂတ် အတွက်က မော စရာတွေချည်းပါပဲ။  ဈေးကွက် က သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း တွေ၊ မီဒီယာ ရုပ်သံ၊ အသံလွှင့်တွေကို သေချာ သုတေသန ပြုပြီး စာအုပ်ပြုစုရင် “စာနယ်ဇင်းသမား အမှားတစ်ထောင်” ဆိုတဲ့ စာအုပ်မျိုး အတွဲလိုက် ရေးထုတ်နိုင်မယ် ထင်တယ်။

တိုင်းပြည် ရဲ့ အနာဂတ် ကို ဖွင့်လှစ်ပေး လမ်းပြ ဦးဆောင်ရမယ့် စာနယ်ဇင်း ရဲ့ အရည်အသွေးဟာ လူညွန့်တုံး၊ လူစွမ်းမထက်အောင် စနစ်တကျ ဖျက်ဆီးခြင်းခံရတဲ့ ခေတ်၊ စနစ်ကို ဖြတ်သန်းခဲ့ရမှု ဒဏ်ကိုအပြင်းအထန် ခံစားရင်း နိမ့်ကျလွန်းနေသေးတယ်။

ဆရာဦးဝင်တင် ဘွဲ့ရခါစ သတင်းစာလောက ကို စဝင်ချိန်မှာ မန္တလေး လူထု သတင်းစာ ကို သွား အလုပ် လုပ်ဖို့ အခွင့် အရေး ရခဲ့တယ်။  (တကယ်တော့ မလုပ်ဖြစ်ခဲ့ဘူး။)  အဲ့ဒီ အချိန်က ဆရာကြီး ရွှေဥဒေါင်း ကော၊ လူထု ဦးလှ ပါ အထိန်းသိမ်းခံနေရစဉ် ထင်တယ်၊ ဦးဝင်းတင် လူထု ဒေါ်အမာ ကိုပဲ တွေ့ခဲ့ရတယ် ဆိုတယ်။  ဖက်ဆေးလိပ်ကြီး တဖွာဖွာ၊ ကလေး ကို တဖက် က နို့တိုက်ရင်း၊ သတင်းခေါင်းကြီးတွေ ရေး၊ လာသမျှတွေ သတင်းတွေ တည်းဖြတ်နေတဲ့ အမေ လူထု ဒေါ်အမာ ကို တွေ့တော့ ဦးဝင်းတင်က ခေတ်စကားနဲ့ ဆိုရရင် “ကျနော် ဖျားသွားခဲ့တယ်ဗျာ..” လို့ ဆိုဖူးတယ်။  ဒီလို ဖျားလောက်အောင် ဝမ်းစာတွေပြည့်တဲ့၊ အလုပ်တွေ လုပ်တဲ့ သတင်းသမားမျိုးဆက်ဟာ ကြား ခေတ်မှာ မျိုးဆက်ပြတ်၊ နည်းပါးခဲ့ရတယ်။

ဒီလို နောက်ခံမှာမှ လျှင်မြန် မြန်ဆန်တဲ့ ဆက်သွယ်ရေး နည်းပညာထွန်းကားပြီး၊ သတင်းဆာလောင်မှု၊ သတင်း စားသုံးမှု အားကြီးတဲ့ မျက်မှောက် (၂၁) ရာစု သတင်းခေတ်ကြီးမှာ သတင်းသမား ဟာ အချိန်နဲ့ အပြိုင် Real Time သတင်းတင်ဆက်မှုတွေ လုပ်လာရတော့ ပညာဝမ်းစာမဲ့မှု က ပိုသိသာလာခဲ့တယ်။

ဒါက ဝမ်းစာ ချို့တဲ့မှု ပြဿနာ။  ဒီ ကိစ္စ က ဒီခေတ်လို အသိပညာ ရှာဖွေ ဆည်းပူးလေ့လာဖို့ အင်မတန် လွယ်ကူတဲ့ ခေတ်ကြီးမှာ စိတ် ဆန္ဒာရှိရင်၊ လေ့လာသင်ယူချင်စိတ် ရှိရင် ဖြေရှင်းဖို့ လွယ်ပါသေးတယ်။  ပိုကြီးကျယ်တဲ့ ပြဿနာ က ကျင့်ဝတ် အသိကိစ္စပါ။  စာနယ်ဇင်း လွတ်လပ်ခွင့် နဲ့ အတူ စာနယ်ဇင်း တာဝန်ယူမှု၊ စာနယ်ဇင်း ကျင့်ဝတ် ရှိမှု တွေဟာ ဒွန်တွဲ ပြုစု ပျိုးထောင်ရမယ့် အရေးကြီး အကြောင်းဖြစ်တယ်။  ဒီ့အတွက် နိုင်ငံတကာ အဆင့် တန်းဝင်တဲ့ စာနယ်ဇင်းပညာ၊ စာနယ်ဇင်းကျင့်ဝတ် ပို့ချမှုတွေ၊ သင်တန်းတွေ လိုတယ်။  သင်ကြားပေးနိုင်မယ့် ဆရာတွေ လိုတယ်။  ကမ္ဘာ့ အထင်ကရ သိက္ခာရှိ စာနယ်ဇင်းကြီးတွေ ဘယ်လို၊ ဘယ်ပုံ တင်ဆက်နေတယ်၊ ဘယ်လို စာနယ်ဇင်း အမျိုးအစားတွေက ကျင့်ဝတ် ပိုင်းအားနည်းတယ်၊ လူလေးစားခံရမှု မရှိဘူး စတာတွေ ခွဲခြားသိနိုင်အောင်၊ နမူနာယူ လေ့လာနိုင်အောင်လည်း အဆင့်အတန်း တခုရှိတဲ့ အင်္ဂလိပ်စာ အရည်အချင်း လိုတယ်၊ ကျယ်ပြန့်တဲ့ စာဖတ်အား လိုတယ်။

အရေးကြီးဆုံး လိုတာကတော့ ကျင့်ဝတ် ကိစ္စ “လေ့လာသင်ယူလိုစိတ်” ရှိမှုပါ။  ခလုတ်နှိပ်ရင် အရာရာ စူးစမ်း ရှာဖွေဖို့ လွယ်နေတဲ့ ခေတ်ကြီးမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ချို့တဲ့၊ မပြည့်စုံမှုတွေက ကိုယ့်ရဲ့ အားနည်း၊ ချို့ယွင်းချက်တွေအတွက် အကြောင်းပြချက်ကောင်း မဟုတ်တော့ပါဘူး။  တကယ် လေ့လာသင်ယူလိုစိတ် ရှိရင် အလွယ်တကူ၊ အခမဲ့ လေ့လာနိုင်တဲ့ နေရာတွေ ဒီ နည်းပညာခေတ်ကြီးမှာ အများအပြား ရှိနေပါတယ်။

စာနယ်ဇင်းသမား လူငယ်များ “ကမ္ဘာကြီး အမှန်ကို သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့” ဆိုတဲ့ ဝါဒဖြန့်ချီရေး သက်သက်၊ အမုန်းပွားလိုမှုသက်သက် မီဒီယာ ကို အသုံးချလိုမှု ခပ်တိမ်တိမ် အတွေးအခေါ်တွေကို သွား နားမယောင်စေချင်ပါ။  လူမှုကွန်ရက် စာမျက်နှာတွေရဲ့ အစွမ်း၊ လူထု အခြေပြု မီဒီယာ လုပ်ငန်းတွေရဲ့ အကျိုးရှိမှု က တကဏ္ဍ သီးသန့် အလေးထားရမှာ မှန်ပေမယ့် လူထု စာနယ်ဇင်း သိက္ခာ ရှိ အဆင့်အတန်းမီဖို့က တိုင်းပြည် ရဲ့ပျမ်းမျှ လူအများ ပညာ၊ အတွေးအခေါ်၊ ကျင့်ဝတ် ရေချိန် မြင့်ဖို့လိုတယ်။  အခုလို Facebook ပေါ် မြင်သမျှ ယုံ၊ ဆင်ခြင် သုံးသပ်မှု မရှိ ပြန်လည် မျှဝေနေတဲ့ စိတ်အခံရှိတဲ့ လူအများစုမျိုးနဲ့ မဖြစ်သေးဘူး။  ဗမာ့ စာနယ်ဇင်း က လူငယ်များ Facebook မှာပဲ အချိန်ကုန်မနေဘဲ သိက္ခာ ရှိ စာနယ်ဇင်းကြီးတွေရဲ့ အွန်လိုင်းစာမျက်နှာတွေကို နိုင်သလောက် ဖတ်နိုင်ရင် ကောင်းမယ်။  ဗြိတိသျှကောင်စီ စာကြည့်တိုက်၊ အမေရိကန်စင်တာ စာကြည့်တိုက်တွေကို သွား နိုင်ငံတကာ စာနယ်ဇင်းတွေကို တတ်နိုင်သမျှ ဖတ်စေချင်တယ်။

နိုင်ငံတကာ က လူပြိန်းကြိုက် ပေါ်ပြူလာ အဝါရောင်စာနယ်ဇင်းတွေကိုချည်း သွား အတု မခိုးမိဖို့လည်း လိုတယ်။  လူကြိုက်များရင် ပြီးရော ကျင့်ဝတ် မညီတာတွေ၊ မလုပ်သင့်၊ မလုပ်ထိုက်တွေကို မလုပ်မိစေဖို့ကို ကမ္ဘာ့ စာနယ်ဇင်းကနေလည်း အများအပြား သင်ခန်းစာ ယူနိုင်တယ်။  သူတို့ဆီမှာလည်း ကျင့်ဝတ် သိက္ခာမဲ့မှုတွေ ထုနဲ့ထည် ရှိတယ်။  ဒါတွေကို သိမြင်ပြီး ကိုယ့်ဆီမှာ ရှောင်နိုင်ရမယ်။  မကောင်းတဲ့ ကိစ္စ ကိုကျ နိုင်ငံတကာမှာလည်း လုပ်တာပဲဆိုကာ အတုခိုး လိုက်လုပ်ချင်နေလို့ မရပါ။

ဟိုတရက်ကတင် လူစိတ်ဝင်စားမှု များနေတဲ့ မလေးရှား လေယာဉ်ကိစ္စ သရော်စာ ဆိုပြီး ရေးထားတာ မိတ်ဆွေ တယောက် က ပို့ပေးလို့ တချက် ကြည့်ဖြစ်တယ်။  အလွန်အကျူး ထောက်ပြစရာ နည်းပေမယ့် ဒီလို ဝမ်းနည်းမှု ဆက်စပ် သတင်း အခြေခံ ကို သရော်စာ လုပ်မှုက သိပ်အကဲဆတ်တယ်၊ ပညာ လိုတယ်၊ ရှောင်နိုင်ရင် ကောင်းတယ်။  လူကြိုက်များနေတဲ့ သတင်း ကို အသုံးမချမိဖို့ အရေးကြီးတယ်။  သတင်း ဖြစ်စဉ်က လူသားတွေရဲ့ အသက်နဲ့ ဆက်စပ်နေတယ်၊ သူတို့ အတွက် ပူဆွေးသောက ရောက်နေရသူ လူသားပေါင်း မြောက်မြားစွာ ရှိတယ်ဆိုတာ တခုခု မရေးခင် အသိကပ် ဆင်ခြင်မှု ပြုဖို့ လိုတယ်။

ဘယ် အကြောင်း အရာမျိုး ကို မဆို သတင်းတင်ဆက်ရာမှာ၊ အသုံးပြုတဲ့ ဓာတ်ပုံ၊ စာသား တွေဟာ ဆင်ခြင်ဉာဏ်ထုတ်မှု ဦးနှောက်ဖြစ်စဉ် နဲ့ စာနာ နားလည် ခံစားပေးမှု နှလုံးသား ဖြစ်စဉ် နှစ်ခုလုံး ကို ဖြတ်သန်းခဲ့ပြီးမှာ အဆုံးသတ် လူထုကို တင်ဆက်၊ အများကို ချပြနိုင်ရင် ကောင်းတယ်။

ခု ဦးစိုးညွန့် ကိစ္စမှာ သူက ခွေးမို့လို့ပေါ့၊ လူသာဆို ပြဿနာတက်မယ် လို့ ဆိုပေမယ့် ခွေးလည်း ပိုင်ဆိုင်ကြောင်း သက်သက်ပြနိုင်တဲ့ အတွက် တရားရေး ဆိုင်ရာ အရ အရေးယူမှု၊ အနည်းဆုံး အသိပေး တောင်းပန်စေမှု လုပ်လို့ရတယ်။  ဒါ့အပြင် ဓာတ်ပုံပါ ခွေးဖြစ်ဖြစ်၊ လူဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ်၊ ပြည့်တန်ဆာ ဖြစ်ဖြစ်၊ ရှင်ဘုရင့် သမီးဖြစ်ဖြစ် သက်ရှိ၊ သက်မဲ့၊ ဂုဏ်ဒြပ် အလွှာစုံ ရုပ်ပုံတွေမှာ သူတို့ ကို အလေး ဂရုပြု၊ တန်ဖိုးထားတဲ့ လူတဦး တယောက် ရှိနေနိုင်တယ်၊ ဒါတွေကို အများပြည်သူ မြင်နိုင်တဲ့ နေရာမှာ အသုံးချမယ်ဆိုရင်၊ အထူးသဖြင့် စီးပွားဖြစ် သဘော အသုံးပြုမယ်ဆိုရင် ဆင်ခြင်ရမယ့် ကျင့်ဝတ်တွေ ရှိတယ်၊ အကြောင်းကြား ခွင့်ပန်မှု လို ကြိုတင် စီစဉ် ဆောင်ရွယ်ရမယ့် လုပ်ထုံး၊ လုပ်နည်း စည်းကမ်းတွေ ရှိတယ် ဆိုတာကို ဗမာ့ စာနယ်ဇင်းသမားများ အလေးအနက် နှလုံးသွင်း နောင်မှာ ကြိုးစား သတိချပ်စေချင်တယ်။  ဗမာ့စာနယ်ဇင်းက သြဇာရှိ လူကြီးများ မိမိတို့ရဲ့ စာနယ်ဇင်း လောကက ဝမ်းရေး အတွက် ကျင်လည်၊ ကျက်စား လုပ်ကိုင်နေရတဲ့ အတွေ့အကြုံ၊ ပညာ အားနည်းတဲ့ လူငယ်အများကို ပိုမို သွန်သင် ဆုံးမ၊ လမ်းညွှန် ပညာပေးစေချင်တယ်။

လူဆိုတာ မှားတတ်တဲ့ သတ္တဝါချည်းပါပဲ၊ ဒါကြောင့် ခဲတံတွေမှာ ခဲဖျက်ပါ တွဲ တီထွင် ခဲ့ရတာပေါ့။  ဒါပေမယ့် အမှားတွေ ထပ်ရင် အမှားက အမှန် ဖြစ်တတ်တယ်၊ အမှန်ကို အမှားလို့ မြင်နေတတ်တယ်။  ကျင့်ဝတ် မညီတာတွေ များရင် “အများ မိုးခါးရေ သောက်ချိန် မသောက်သူက” လူပေါကြီး ဖြစ်၊ လူ့ အဖွဲ့အစည်း စိတ်ဓာတ်၊ အကျင့် အဝီစိ ဆင်း ကလိယုဂ် ခေတ်ပျက်၊ ခေတ်ဆိုးကြုံရ၊ တိုင်းပြည် ပျက်တတ်တယ်။  ဖြစ်လည်း၊ ဖြစ်နေ ကြုံလည်း ကြုံနေပြီးတာ အတော်တောင် ကြာနေခဲ့ပါပြီ။  အားလုံး အသိကပ် နိုင်ငံ့ အနာဂတ် အတွက် ဆင်ခြင်သင့်လှတယ်။

“ဓာတ်ပုံများက ပြောနေသည်”၊ “မထူးဆန်းတဲ့ အမှားများ” အစရှိတဲ့ “စာနယ်ဇင်းသမား အမှားတစ်ထောင်”ဇာတ်လမ်းတွဲများ ထပ်မံ မရေးရတော့ဖို့ ဆန္ဒပြုလျက်…။

ငြိမ်းချမ်းအေး

မတ်လ ၁၉၊ ၂၀၁၄

ဆက်စပ် မိုးမခ ဆောင်းပါးဟောင်းများ ဖတ်ရန် –

ဓာတ်ပုံများက ပြောနေသည် Read @ http://moemaka.blogspot.com.au/2013/10/nyein-chan-aye.html

မထူးဆန်းတဲ့ အမှားများ Read @ http://moemaka.com/archives/34949

အကြောင်းကိုသိသော ငါ Read @ http://moemaka.com/archives/34882

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ငြိမ်းချမ်းအေး – စာနယ်ဇင်းသမား အမှားတစ်ထောင်
  1. စာရေးသူ ငြိမ်းချမ်းအေး ၏ ဤ ဆောင်းပါး ခေါင်းစဉ်မှာ လူထု ဦးလှ ၏ စာ ခေါင်းစဉ်များကို မှီးယူခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်း မှာ ဆရာ မြတ်ခိုင် ရေးသားနေသည့် “စာနယ်ဇင်းသမား အမှားတစ်ထောင်” ဆောင်းပါးများနှင့် မသက်ဆိုင်ပါ။ နောင် ဆက်စပ် ဆောင်းပါး များ ရေးဖြစ်ပါကလည်း ဤ ခေါင်းစဉ် ဆက်လက် သုံးစွဲရန် အစီအစဉ် မရှိပါ။

    ငြိမ်းချမ်းအေး
    nyeinchanaye81@gmail.com

  2. This article’s heading is based on Ludu U Hla’s famous titles — “1000 Errant Ways of an Alcoholic”, “2000 Errant Ways of an Alcoholic”, “A World of Errant Ways of a Drug Addict”. Ludu U Hla’s works have been an inspiration to me all. I previously used one similar title of him — “I, the Nationalist” like his famous series titles – “I, the Bureaucrat”, “I, the Reporter”, etc.

    My now article heading or contents has nothing to do with Sayar Myat Khine’s articles series with the same title.

    I have no intention to use this title again in my related articles in the future as well.

  3. ကြိုက်တယ်ဗျာ..Eleven သတင်းစာကိုပို့လိုက်ပါ

Comments are closed.