ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

Ni Ni Mar – လေးသန်းကြီးနဲ့  စကားပြောခြင်း (၃)


 

လေးသန်းကြီးနဲ့  စကားပြောခြင်း (၃)
နီနီမာ၊ မတ် ၂၀၊ ၂၀၁၄

ဒီနေ့  ညနေ..   လေးသန်းကြီး အိမ်ကို  သွားဖြစ်ပြန်တယ်..။လေးသန်းကြီး  အမ  ဒေါ်လေးတို့  နှစ်ယောက်က မီးရောင်မှောင်မှောင် လေးထဲမှာ  ထမင်းစားဖို့  ပြင်နေကြပြီ..။ဒေါ်လေးက  ထမင်းစားလှမ်းခေါ်ရင်း..

“ မီတာခတွေ  တက်ပြန်ပြီ..ဆို”  လို့  လှမ်းမေးတယ်..။ ကျမက..

“အစိုးရ  က  ပြည်သူတွေကို  လျှပ်စစ်မီးပေးရတာ..အရှုံးပေါ်နေတယ်ဆိုလို့  ..အစိုးရကို  သနားလို့  မီးတွေ သိပ်မထွန်းတာလား..ဒေါ်လေး” လို့     ကျီစယ်တော့

“ မီးလျှော့သုံးလဲ..မီတာထိန်းသိမ်းခ  က  အသားလွတ်(၅၀၀)ကျပ် ပေးနေရတာ  မဟန်ပါဘူး.။နောက်ပြီး တို့နိုင်ငံက  သယံဇာတတွေ  သဘာဝ ဓါတ်ငွေ့ တွေ  ဒီလောက် ထွက်နေတာ  ..ရောင်းရတဲ့  ပိုက်ဆံတွေနဲ့ ဆို..ပြည်သူတွေကို   လျှပ်စစ်မီး အလကားတောင် ပေးသင့်ပါတယ်နော်..။အခုတော့  သူတို့  အစိုးရ အရှုံးခံနေရလို့   ပြည်သူတွေ ဆီက   မီတာခ တက်တောင်းရတယ်လို့..။ဒါဆိုလဲ  အစိုးရ  လုပ်မနေပါနဲ့ တော့”

ဒေါ်လေးက  လေအေးအေးလေးနဲ့  ပြောနေတာကို  ဓါတ်ပုံထဲက  လေးသန်းကြီးက  ပြုံးကြည့်နေတယ်..။သူ့အမတွေ  နိုင်ငံရေး စကား ပြောနေတာကို သဘောကျနေတာ  ထင်ပါရဲ့ ..။ကျမလဲ လာရင်း  ကိစ္စကို  လေးသန်းကြီး  မြင်မှ  သတိရသွားတယ်..။

ဒါနဲ့   လာမဲ့  မတ်လ (၂၂)ရက်နေ့ မှာ ရန်ကုန်က တော်ဝင်နှင်းဆီ  ခန်းမမှာ   ကျင်းပမဲ့   ၁၉၉၀  ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ  တွေ့ ဆုံပွဲ  လုပ်မဲ့ သတင်း ကို  ပြောပြလိုက်တယ်..။

“ လေးသန်းကြီး ဆီကို  ဖိတ်စာ ရောက်ပြီလား..။ဖေဖေ့ ဆီကိုတော့   အင်းမ ၁၉၉၀ပြည်သူ့ကိုယ်စားလှယ်သမီးက   ကားကြုံ နဲ့  ပေးလိုက်လို့ ရောက်လာတယ်..”

လေးသန်းကြီးက  ခေါင်းကို ဖြေးဖြေးခါရင်း..

“ မရောက်သေးပါဘူး..။လေးသန်းကြီးက  ကွယ်လွန်နေပြီ ဆိုတော့  မပို့တာ ဖြစ်ပါလိမ့်မယ်..။ကိစ္စမရှိပါဘူးကွာ..။လေးသန်းကြီးလဲ  မသွားမှ မသွားနိုင်တာ”

“ ဟင်.. ဒီနေ့   ပြည်သူ့ခေတ်တို့  ဒေးလီး အလဲဗင်း တို့  ဂျာနယ်သတင်းစာတွေထဲမှာတော့  ကွယ်လွန်သူ ဆိုရင်  မိသားစုဝင်တဦး  တက်ခွင့်ရတယ်တဲ့ ..”

ကျမစိတ်ထဲမှာတော့  ကျမတို့   ယုံယုံကြည်ကြည် တက်တက်ကြွကြွ  မဲပေးခဲ့ တဲ့ ..ကျမတို့နယ်မြေရဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးမို့    လေးသန်းကြီး ဖိတ်စာမရတာကို  စိတ်မကောင်းဖြစ်မိတယ်..။၁၉၉၀ ရွေးကောက်ပွဲတုံးက  ကျမတို့ အိမ်သားတွေက  ပေါင်းတည် မဲဆန္ဒနယ်(၂) ထဲမှာမို့  ဖေဖေ့ကို  မဲမပေးရဘူး..။လေးသန်းကြီးကို  ပဲ မဲပေးခဲ့ တာလေ..။ဒါပေမဲ့  ကိုယ်တွေကိုယ်တိုင်တောင်  ဂျာနယ်သတင်းတွေလောက်  ရထားတာမို့  ဘာမှ မပြောနိုင်ဘူး..။လေးသန်းကြီးကို စိတ်မကောင်း မဖြစ်စေချင်တာနဲ့   ရီစရာပြောမိတယ်..။



“ လေးသန်းကြီး..ဖိတ်စာမရတာပဲ ကောင်းတယ်..။ခါတိုင်းဆို  လေးသန်းကြီးတို့  ၁၉၉၀ ပြည်သူ့ကိုယ်စားလှယ်တွေ ရန်ကုန်မှာ  ဆုံမယ်. ဆိုတိုင်း.လွှတ်တော်ခေါ်မှာစိုးလို့ .ထောက်လှမ်းရေးက  လာလာ ဖမ်းခေါ်တာနော်..”

“ အေးကွ….။ဒါနဲ့  ဆရာကြီးကော..ဒီပွဲ တက်မယ်တဲ့ လား..”

ဖေဖေလဲ  သတင်းတွေတော့  နားစွင့်နေတာပဲ လေ..။ဒါပေ..ဒေါ်စု ၂၀၁၁ ခုနှစ်မှာ ပြောခဲ့ တဲ့  ၉၀ရွေးကောက်ပွဲ ရလဒ် သဘောထား မိန့်ခွန်း ပြီးကတည်းက  ဖေဖေရယ်..အိမ်မှာ အနှစ်(၂၀)ကျော် ဘောင်ကြက်ပြီးချိတ်ထားတဲ့  ၉၀ ရွေးကောက်ပွဲ မဲကြို ဖျင်လိပ်ကြီးကို  ဖြုတ်သိမ်းထားတာလေ..။ ဖေဖေ့သဘောကတော့  ခုနေမှာ   ကိုယ်တွေရဲ့  လှုပ်ရှားမှုတွေဟာ  တိုင်းပြည်ကို အကောင်းဖက် တွန်းပို့တဲ့  လုပ်ရပ်တွေပဲ   ဖြစ်ဖို့နဲ့ ..လက်ရှိ နိုင်ငံရေး  အကွေ့ အချိုး  တွေမှာ  သတိကြီးကြီးနဲ့   ရေနှောက်တဲ့  အဖြစ်မျိုး  မလုပ်မိအောင်  အတော် သတိထားရမယ်လို့   ပြောတာပဲ..။၂၀၁၄ထဲမှာ   အပြောင်းအလဲ မလိုချင်သူတွေက  ရေနှောက်တဲ့  အလုပ်တွေ အများကြီး  လုပ်လာလိမ့်  ဦးမယ်။ကိုယ်တွေကို  အသုံးချမခံရဖို့  သတိထားရမယ် ပြောတယ်..။ဒါပေမဲ့   ဒီတွေ့ ဆုံပွဲ ကတော့   တိုင်းပြည်အတွက်..အားတခုခု  ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..။ပြည်သူ့ခေတ်ဂျာနယ်သတင်းထဲက သတင်းအင်တာဗျူးမှာတော့ တွေ့ ဆုံပွဲ ဖြစ်မြောက်ရေးကော်မတီ က  ဒေါက်တာ စိန်မြင့် ကတော့  တွေ့ ဆုံပြီး  နိုင်ငံရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်သွားမယ် ..။တွေ့ ဆုံပွဲ ပြီးရင်  ၁၉၉၀ ပြည်သူ့ကိုယ်စားလှယ်အဖွဲ့  ဖွဲ့ မယ်လို့လို့  ရေးထားတာပဲ”

“ အင်း..ဆရာကြီးကတော့  ပေါင်းတည် စည်းကော်မတီ  ပြသနာတွေကိုတောင်   အများပြည်သူချပြဖို့ သခွပ်ပင်က မီးတကျည်ကျည် ဖြစ်မှာစိုးလို့  ဆိုပြီး..အကုန်မပြောပြ  ခဲ့ ပဲ..ထားတာ”

“ ကျမကတော့  ကျမသိရသလောက်..သိအောင်  လုပ်ဦးမှာ..လေးသန်းကြီးရဲ့ ။ ကျမတို့ ယုံယုံကြည်ကြည်  မဲပေးခဲ့ တဲ့    အဖွဲ့ ကြီးလေ..။လေးသန်းကြီးက  အခုထိ  ကျမတို့ ရဲ့   ပြည်သူ့ကိုယ်စားလှယ်ကြီးပဲ..။ကျမ  ၂၀၀၈ အခြေခံဥပဒေကိုလဲ ကန့်ကွက်ခဲ့ တယ်..။၂၀၀၈ ကို  အခြေခံတဲ့   ဘယ်ရွေးကောက်ပွဲကိုမှလဲ  မဲမထဲ့ ခဲ့ ဘူး..”

“ နီနီရယ်..။ နင်လုပ်ပုံ နဲ့   ငါတို့မှာ  ခုထိ  ၁၉၉၀ ပြည်သူ့ကိုယ်စားလှယ် ဘ၀က  မကျွတ်မလွတ်သေးပါလား”

“ ဟုတ်တယ်..။ဒီမိုကရေစီ ရမှ အမျှဝေပါဆိုသလိုပဲ..။ကျမတို့   ပြည်သူတွေ မဲပေးထားတဲ့  ကိုယ်စားလှယ်တွေကို     တရားဝင် အသိအမှတ် မပြုပဲ  ဒီအတိုင်း  လက်လွတ်စပယ်  အကျွတ်အလွတ် မပေးနိုင်ဘူး..။ဒါက  ဖေဖေတို့  လေးသန်းကြီးတို့   တနိုင်ငံလုံးက  ၁၉၉၀ ပြည်သူ့ကိုယ်စားလှယ်တွေ  အာဏာမရလို့ ပြောနေတာ မဟုတ်ဘူး..။ကျမတို့  ပြည်သူတွေ  တခဲတနက် ပေးထားတဲ့   ဆန္ဒတွေကို ဘယ်သူမှ လွယ်လွယ် ဖျက်ဆီးခွင့် မရှိဘူး..။ဒါ`..ကျမခံယူချက်ပဲ”

“ဒါပေမဲ့   ဖျက်ဆီးတဲ့ သူတွေက  ဖျက်ဆီးနိုင်ခဲ့ တယ်လေ..။သမီးရေ..လောကဓမ္မအရ  ဖြစ်ရင်..ပျက်ရတဲ့  ဖြစ်ပျက်သဘောတွေပါကွာ..”

“ဟုတ်ပါတယ်..။ဖြစ်ပျက်သဘော ကို  ကျမ လက်ခံတယ်..။ဒါပေ..အခု  အပျက်က  တရားတဲ့ အပျက် မဟုတ်ဘူး..။မတရားတဲ့   အဓမ္မ အပျက်…။ ၁၉၉၀ ကိုယ်စားလှယ်အများစုက  ဖြစ်ပျက်သဘောအရ  အိုကြ  နာကြ သေကြပြီ..။သူတို့လဲ  သူတို့ စွမ်းသမျှ လုပ်ခဲ့ ကြပြီ..။ဒါပေမဲ့   သူတို့ကို  အာဏာအတွက် မဟုတ်ပဲ   ဒီမိုကရေစီကကျကျ   ပြည်သူ့ကိုယ်စားလှယ်ဘ၀ က  အနားယူပြီး  နောက်ထပ်လူထုက  ရွေးချယ်တဲ့  ကိုယ်စားလှယ်တွေ ဆီကို  လက်ဆင့်ကမ်း  နိုင်အောင် သိက္ခာရှိရှိ  လုပ်ပေးရမှာ ..။တနည်းအားဖြင့်  အစိုးရက  ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို  တရားဝင်  အသိအမှတ် ပြုကို  ပေးရမှာ..။၁၉၉၀ပြည်သူ့ကိုယ်စားလှယ်တွေ  သေလို့  အနှစ်(၁၀၀) ရှိပစေ.. ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို  လျှစ်လျူရှုထားသမျှ အတွက်….စစ်အစိုးရကော..သူ့အမွေခံ အစိုးရတွေ မှာကော .. တာဝန်ရှိတယ်..။မြန်မာ့ နိုင်ငံရေး  သမိုင်းမှာ   အမဲစက် စွန်းနေတယ်..”

“ အေးပါကွာ..။ဒါနဲ့   အခု ၁၉၉၀ ပြည်သူ့ကိုယ်စားလှယ်တွေ  ပြန်ဆုံကြတဲ့  ပွဲကို  ဘယ်သူတွေ ဦးဆောင်ကြတာတဲ့ လဲ..။တို့ မိခင်..အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်က  ကြီးမှူး ကျင်းပတာ တဲ့ လား..”

ဒီတခါ..လေးသန်းကြီး မေးခွန်း အတွက်…ကျမမှာ  အဖြေမရှိပါ..။လေးသန်းကြီးလဲ  ပြုံးပြီး  ခေါင်းတညိတ်ညိတ်နဲ့  ဓါတ်ပုံလေးထဲ  ပြန်ဝင်သွားပါတော့တယ်..။     ။

(မိုးမခမှတ်ချက် – ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးသန်း (ကွယ်လွန်)ကို စာရေးသူက တိုင်တည်ပြီး ရေးထားဟန်ရှိပါသည်။ ဦးအေးသန်း၏ သတင်းမှာ မိုးမခတွင် http://moemaka.com/archives/19965 သည်နေရာမှာ ဖော်ပြခဲ့ဖူးပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts