သူတို့အာဘော်

တင်အေး – ဘက် နဲ့ အကျိုးစီးပွား

 

တင်အေး – ဘက် နဲ့ အကျိုးစီးပွား

(မိုးမခ) ဇွန် ၃၊ ၂၀၁၇ဆိုက်ကားပဲနင်းနင်း၊ အကြော်ပဲရောင်းရောင်း၊ လန်ခရူဇာပဲ စီးစီး၊ စင်္ကာပူပဲ ဆေးသွား ကုကု ချစ်တတ်၊ မုန်းတတ်တဲ့စိတ်၊ လိုလား မလိုလားတဲ့စိတ်ဆိုတာ ရှိကြတာချည်းပါပဲ။ အဲဒီ့ ချစ်ခြင်း၊ မုန်းခြင်း၊ လိုလားစိတ်၊ မလိုလားစိတ်တွေဟာ ဘယ်အပေါ်မှာ အခြေခံ ဖြစ်ပေါ်သလဲဆိုရင် … အမျိုးမျိုးအကြောင်းတွေ ရှိပါလိမ့်မယ်။

လူတိုင်းဟာ နိုင်ငံတနိုင်ငံမှာ နိုင်ငံသားအဖြစ် နေထိုင်ကြတာချည်းပဲမဟုတ်လား။ နိုင်ငံတနိုင်ငံမှာ နိုင်ငံ သားအဖြစ် နေထိုင်ခြင်းဆိုတာ တကယ်တော့ နိုင်ငံရေးဘဝထဲမှာ နေထိုင်တာလို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးဘဝထဲမှာ နေထိုင်တဲ့အတွက် ကိုယ်နေထိုင်ရာနိုင်ငံရဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေဟာလည်း ကိုယ်စီရဲ့ဘဝကို ရိုက်ခတ်ပါတယ်။ အဲဒီ့ရိုက်ခတ်မှုတွေလိုက်လို့ရော၊ ရိုက်ခတ်မှုအပေါ် ကိုယ့်ရဲ့တုံ့ပြန်မှုတွေလိုက်လို့ရော ကိုယ့်ဘဝရဲ့ အဆိုးအကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲဒီ့အခါမှာ ကိုယ်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ နိုင်ငံရေးသဘောထား ထင်ဟပ်ချက်တွေကို ဖေါ်ပြတဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ လိုလားခြင်း၊ မလိုလားခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဘယ်သူ့ကို ချစ်တယ်၊ ဘယ်သူ့ကို မုန်းတယ်၊ ဘယ်သူတွေကို လိုလားတယ်၊ ဘယ်သူတွေကို မလိုလားဘူး၊ ဘယ်သူ့ကို မဲပေးမယ်၊ ဘယ်သူ့ကို မဲမပေးဘူး … စသဖြင့် ဖြစ်ပေါ်ရာကနေ၊ ဘယ်ဘက်က ပါမလဲ၊ ဘယ်ဘက်က မပါဘူးလဲ ဖြစ်လာတော့တာပါပဲ။

ဘက် နဲ့ အကျိုးစီးပွား
တကယ်တော့ ဘက် ဆိုတာ စိတ္တဇနာမ်ဆန်ဆန် အကောင်အထည်မရှိ၊ ဆုတ်ကိုင်ပြစရာမရှိ ဖြစ်နေတာ မဟုတ်ပါဘူး။ ဘက် ဆိုတာ အယူသည်းမှုတခုလည်း မဟုတ်သလို၊ မျက်စိမှိတ်ကိုးကွယ်မှုတခုလည်း မဟုတ်ပါဘူး။ ဘက် ဆိုတာ အကောင်အထည်နဲ့ အခိုင်အမာ ဖြစ်ပေါ်တည်ရှိနေတဲ့အရာပါ။

ဘက် ဆိုတာ ဘာလဲ။ ဘက် ဆိုတာ အကျိုးစီးပွားပါပဲ။ ပြည်သူ့ဘက်က ရပ်တည်တယ်ဆိုတာ ပြည်သူ့ အကျိုးစီးပွားဘက်က ရပ်တည်တယ်ဆိုတာပါပဲ၊ ပြည်သူကို ဖိနှိပ်တဲ့ ဖိနှိပ်သူဘက်က ရပ်တည်တယ်ဆိုတာ ဖိနှိပ်သူ အကျိုးစီးပွားဘက်က ရပ်တည်တာပါပဲ။ ဒီနေရာမှာ လူ့သဘာဝအတိုင်းပဲ ကိုယ်ကျိုးဆိုတာလည်း ထည့်ပြောရတော့မှာပါ။ ကိုယ့်အကျိုးစီးပွားဟာ ပြည်သူ့အကျိုးစီးပွားနဲ့ ထပ်တူရှိနေသူတွေဟာ ပြည်သူ့အကျိုးစီးပွားဘက်က ရပ်တည်ကြပြီး၊ ကိုယ့်အကျိုးစီးပွားဟာ ဖိနှိပ်သူတွေရဲ့ အကျိုးစီးပွားနဲ့ ထပ်တူရှိတဲ့အခါ၊ ဆက်စပ်ပတ်သက်နေတဲ့အခါ ဖိနှိပ်သူတွေဘက်က ရပ်တည်တာပါပဲ။

ကိုယ့်အကျိုးစီးပွားဟာ ဘယ်သူ့အကျိုးစီးပွားနဲ့ ထပ်တူရှိသလဲ၊ ဒါမှမဟုတ် ကိုယ့်အကျိုးစီးပွားဟာ ဘယ်သူ့ အကျိုးစီးပွားနဲ့ အနီးစပ်ဆုံး ဆက်စပ်ပတ်သက်သလဲဆိုတာက လူတယောက်ကို ဘယ် ဘက်က ရပ်တည် သလဲဆိုတာ ဆုံးဖြတ်ပါတယ်။ ဘက်ကို အကျိုးစီးပွားနဲ့ အခိုင်အမာ ဖေါ်ပြနိုင်ပါတယ်၊ ဆန်းစစ်နိုင်ပါတယ်။

ဒါဆို လူတယောက်ဟာ၊ သူ့ရဲ့ နိုင်ငံရေး ရပ်တည်မှုဟာ အချိန်တချိန်မှာ ဘက်ပြောင်းနိုင်သလား။

ဘက် ပြောင်းတယ်ဆိုတာ …
ကမ္ဘာ့သမိုင်းမှာပဲဖြစ်ဖြစ်၊ ဗမာပြည်သမိုင်းမှာပဲဖြစ်ဖြစ် နိုင်ငံရေးသမိုင်းမှာ ဘက်ပြောင်းခဲ့တဲ့လူပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။ အတွေ့အကြုံ ဖြတ်သန်းမှုတွေကနေ အမှားအမှန်အပေါ်မှာ ခံစားမှု ပြောင်းလဲပြီး၊ အသိပြောင်းလဲပြီး ဘက်ပြောင်းကြတာတွေ့ရပါတယ်။

ဖိနှိပ်သူဘက်ကနေ ရပ်တည်လာခဲ့ပြီး ပြည်သူ့ဘက်ကို ပြောင်းလာတဲ့ ဘက်ပြောင်းမှုမျိုးရှိသလို၊ ပြည်သူ့ဘက်က ရပ်တည်လာရာကနေ ဖိနှိပ်သူဘက်ကို ပြောင်းသွားတဲ့ ဘက်ပြောင်းမှုမျိုးလည်း ရှိပါတယ်။ ဘက်ပြောင်းတယ်ဆိုတာ တကယ်တော့ အကျိုးစီးပွားပြောင်းသွားတာပါပဲ။ ပြည်သူ့ဘက်က ရပ်တည်လာခဲ့ပြီး ဖိနှိပ်သူဘက် ပြောင်းသွားကြတဲ့ ဘက်ပြောင်းမှုတွေဆိုတာကတော့ သိလွယ်မြင်လွယ်ပါတယ် အကဲဖြတ်ရလွယ်ပါတယ်။ ကိုယ်ကျိုးသက်သက်သမား အချောင်သမားဖြစ်သွားကြတဲ့ ဘက်ပြောင်းမှုတွေပါ။

ဖိနှိပ်သူဘက်ကနေ ရပ်တည်လာရာကနေ ပြည်သူ့ဘက်ကို ပြောင်းလာတဲ့အခါ အဲဒီ့ဘက်ပြောင်းမှုကို စစ်မှန် တဲ့ဘက်ပြောင်းမှု ဟုတ် မဟုတ် ဘယ်လိုအကဲဖြတ်မလဲ။

ဖိနှိပ်သူဘက်ကနေ ပြည်သူလူထုဘက်ကို အမှန်တကယ် ဘက်ပြောင်းလာတာ ဟုတ် မဟုတ် ဆန်းစစ်ရင် ဒီနေ့လက်ရှိ ဗမာပြည်နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆန်းစစ်ကြည့်ရပါလိမ့်မယ်။ ဘယ်လို ဆန်းစစ်မလဲ။

ဘက်ပြောင်းတယ်ဆိုတာ အကျိုးစီးပွား ပြောင်းလဲတာဖြစ်လို့ ဘက်ပြောင်းလာသူဟာ ဒီနေ့အခြေအနေမှာ

၁။ စီးပွားရေးအရ –
(က) ဖိနှိပ်သူဘက်မှာ ရှိစဉ်အခါက အခွင့်အာဏာသုံးပြီး ပြည်သူလူထုအပေါ်ကနေ မတရား အမြတ်ထုတ် ရယူထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူလူထုထံ အသင့်တော် အဆင်ပြေဆုံးပုံစံနဲ့ ပြန်စွန့်လွှတ်ပေးရပါမယ်။

(ခ) ပြည်သူလူထုအပေါ်ကနေ မတရားအမြတ်ထုတ်ယူတဲ့နည်းလမ်းနဲ့ စီးပွားရှာမှုကို ရပ် ဆိုင်းရပါမယ်။

၂။ နိုင်ငံရေးအရ –
(က) ရှစ်လေးလုံးလူထုဒီမိုကရေစီအရေးတော်ပုံကြီးဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး တိုင်းရင်းသားပြည်သူ၊ လူထုလူတန်းစား အားလုံးပါဝင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ကြီးအဖြစ် ယုံကြည်ကြောင်း ဖေါ်ပြရပါမယ်။

(ခ) လူထုလူတန်းစားအသီးသီးရဲ့ ဒီမိုကရေစီရေးတိုက်ပွဲတွေမှာ ဖိနှိပ်သူအဖြစ် ကာယကံ မြောက်ပါဝင်ခဲ့ရင် အပြစ်ကျူးလွန်သူအဖြစ် ကိုယ့်ကိုယ်ကိုသတ်မှတ်ရင်း ပြည်သူလူထုကို ဝန်ချတောင်းပန်ကြောင်း ဖေါ်ပြရပါမယ်။

(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လှုပ်ရှားမှုတွေမှာ တနည်းနည်းနဲ့ ထောက်ခံကြောင်း ဖေါ်ပြရပါမယ်၊ ဒါမှမဟုတ် တတ်နိုင်တဲ့ပုံစံနဲ့ ပါဝင်ရပါမယ်။

(ဃ) ကိုယ်ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့၊ ပတ်သက်ခဲ့ဖူးတဲ့ ဖိနှိပ်သူဘက်တော်သားတွေနဲ့ ဆက်ဆံ ရေး ကင်းရှင်းရပါမယ်။ (ဖိနှိပ်သူဂိုဏ်းတဂိုဏ်းနဲ့ မတည့်ဘူး၊ ဒါပေမယ့် ဖိနှိပ်သူဘယ်သူနဲ့တော့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေဆဲဆိုတာမျိုး ဖြစ်လို့မရပါဘူး။)

(င) ဒီမိုကရေစီအင်အားစုတွေကို လိုလားမှုနဲ့ ဆက်ဆံရပါမယ်။ (ဒီမိုကရေစီဘက်တော်သား ဘယ်သူနဲ့တော့ ရင်းနှီးတဲ့နိုင်ငံရေးဆက်ဆံမှုရှိတယ်၊ ကျန်တဲ့ဒီမိုကရေစီဘက်တော်သားတွေ ကိုတော့ ဂရုမစိုက်ဘူး၊ ရန်လိုမုန်းတီးတယ်ဆိုတာမျိုး ဖြစ်လို့ မရပါဘူး။ ဒီနေရာမှာ ဒီမိုကရေစီ ဘက်မှာရှိပြီး ဖေါက်ပြန်နေသူတွေကို ဆက်ဆံရေး ကောင်းရမယ်လို့ မဆိုလိုပါဘူး။ )

တကယ်ဘက်ပြောင်းရင် ဘက်ပြောင်းလာသူ ဘယ်သူ့ကိုမဆို ကြိုဆိုရမှာပါပဲ။ ဒါပေမယ့်…အခုပြောခဲ့သလို စီးပွားရေးအရ၊ နိုင်ငံရေးအရ အကျိုးစီးပွားပြောင်းလဲမှု ဖေါ်ပြချက်မျိုးတွေ မရှိဘူးဆိုရင်တော့ အဲဒါ ဘက်ပြောင်းတာ မဟုတ်ဘဲ၊ သာကူး တာပဲဖြစ်ပါလိမ့်မယ်။ ။

တင်အေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts