သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဒီမိုကရေစီကို ‘ပြာ’ စေသူများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ငြိမ်းချမ်းအေး – ဒီမိုကရေစီကို ‘ပြာ’ စေသူများ
(မိုးမခ) မတ် ၂၀၊ ၂၀၁၅

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ (၅)

လူတချို့ဟာ လိင်ဆက်ဆံမှု အပျော်တမ်းရိုက် ရုပ်သေ၊ ရုပ်ရှင်တွေကို အသိ လက်လွတ် ပြောဆို ဖြန့်ဝေနေကြတယ်။  ဆေးကျောင်းက ဘယ်လို၊ ဂျီတီစီက ဘယ်ပုံ ဆိုပြီး လူမှုကွန်ရက်စာမျက်နှာများမှာ မြိန်ရေရှက်ရေ ရှိနေကြတယ်။

အဓိက အကြောင်းပြတာကတော့ ‘Victim-Blaming’ လုပ်ကြတာပါ။  ဦးနှောက်မရှိတဲ့ ကောင်တွေ၊ အရှက်မရှိတဲ့ ကောင်တွေ ရိုက်တုန်းက ရိုက်ခဲ့တာ၊ ငါတို့ ကြည့်တာ၊ ဖြန့်တာ ဘာဖြစ်သလဲ မလုပ်ချင်ကြပါနဲ့။  အထူးသဖြင့် မိန်းကလေးဘက်ကို ဖိနင်း မဆိုချင်ကြပါနဲ့။

တချို့ဖြစ်စဉ်တွေမှာ စုံတွဲ တွေ ခိုးရိုက်ခံရတာ၊ မိန်းကလေးငယ်တွေ ခိုးရိုက်ခံရတာ ဖြစ်တတ်ပါတယ်။  နှစ်ဦးသဘောတူ သိ၊ လိင်အာသာဖြေမှု လိုအင် အသုံးချဖို့ အတွက် ရိုက်တာ ရှိတယ်ဆိုတာလည်း မှန်ပါတယ်။  ဒါပေမဲ့ ဒါတွေက ပုဂ္ဂလိက အသုံးပြုဖို့သက်သက်ပါ။  အများ သိဖို့၊ ကြည့်ဖို့ မဟုတ်ပါ။  အာသာငမ်းငမ်းထ မြိန်ရေရှက်ရေ ပြုဖို့ ပိုလို့ မဟုတ်ပါ။   ဒါမျိုးကိစ္စက  ကာယကံရှင်တွေမသိဘဲ အခိုးခံရ၊ အွန်လိုင်းမှာ တင် ခံရတာ များပါတယ်။  ကာယကံရှင် နှစ်ဦးလုံး အလိုတူ အလိုကျ ကိုယ်တိုင် ဖြန့်တင်တယ်ဆိုတာ မရှိသလောက် ရှားပါတယ်။

နောက်တမျိုး ဖြစ်လေ့ရှိတာက သမီးရည်စား ကွဲချိန်မှာ ယောက်ျားကြီးခံယူပြီး အမျိုးသမီးကို လိင်ကျေးကျွန် လိင်ဆက်ဆံဖို့ သက်သက် လိင်အရာဝတ္ထု ပစ္စည်းသက်သက် အသုံးချလိုတတ်တဲ့ ကျားကြီးဝါဒီ ယုတ်မာတဲ့ အမျိုးသားဘက်က ဒီ ဓာတ်ပုံတွေ၊ ရုပ်ရှင်တွေ ဖြန့်ကြတာများပါတယ်။  ဟိုနှစ်ပိုင်းက နာမည်ကြီးခဲ့တဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသမီး ကိစ္စဆိုရင် သူလက်ထပ်ပြီးချိန်ကျမှ ပိုက်ဆံချမ်းသာ အာဏာရှိတဲ့ လူကြီးသား ရည်းစားဟောင်းက ရည်ရွယ်ချက်ချက် ရှိရှိ၊ ချိုးချင်တဲ့ ဆန္ဒနဲ့ အွန်လိုင်းမှာ ဖြန့်ခဲ့တာပါ။  ဒါတွေဟာ ရာဇဝတ်မှုတွေပါ။  ဒါတွေကို ကူညီ အားပေးသူ၊ ဖြန့်ဝေသူတွေက ပူးတွဲတရားခံတွေပါ။

လူလုပ် တရားဥပဒေကော၊ လူသား သီလ ကျင့်ဝတ် ကောနဲ့ ဒီကိစ္စတွေက အကြီးအကျယ် ဆွေးနွေး ပြောဆို ထောက်ပြစရာရှိပါတယ်။

ကျနော့်ရဲ့ အိမ်ထောင်မတိုင်မီ လိင်ဆက်ဆံခြင်း သဘော၊ အပျိုရည်၊ လူပျိုရည် ကိစ္စတွေ၊ လူငယ်နဲ့ လိင်မှုရေးရာ အာဘော်တွေ စာဖတ်ဖြစ်သူတချို့ သတိပြုမိမယ် ထင်ပါတယ်။

အိမ်ထောင်မရှိ လွပ်လပ်တဲ့ အပျို၊ လူပျို နှစ်ဦးသဘောတူ သဘာဝ အလို အရ လိင်ဆက်ဆံခြင်းနဲ့ ကျင့်ဝတ်၊ သီလ၊ စာရိတ္တ ဘယ်လိုမှ မဆက်စပ်ပါ။  ဒါကို “နှစ်ဦးသဘောတူ” မှတ်တမ်းတင်ခြင်းဟာလည်း လိင် စိတ်ပိုင်းဆိုင်ရာ စိတ်ပညာရှုထောင့်က ဆွေးနွေး ထောက်ချင့်စရာတွေ ရှိစေဦး၊ လူရဲ့ နာမ်ပိုင်းဆိုင်ရာ အပြစ်တခုလို့ လုံးလုံး သတ်မှတ်လို့မရပါ။

ဒါပေမဲ့ သူတပါးရဲ့ ပုဂ္ဂလိက ဘဝတွေက လျှို့ဝှက်မှု တကိုယ်ရေ ကိစ္စတွေကို ခိုးယူ အများသိအောင် မျှဝေခြင်း၊ မျှဝေမှုကို အားပေးခြင်း၊ အလိုတူ အလိုပါ ပြုခြင်း ကတော့  လူသား ကျင့်ဝတ် စောင့်ထိန်းရမှု သီလပိုင်းဆိုင်ရာအရ အင်မတန် အားနည်းကြောင်း ပေါ်လွင်ပါတယ်။

ဒါမျိုး လွတ်လပ်တဲ့ လိင်ပိုင်းဆိုင်ရာ ဖြစ်ရပ်တွေ အတွက် ဆိုရင် ရှေးရိုးစွဲ သမားရိုးကျ တိုက်ပုံသမားများနဲ့ စစ်အာဏာရှင် စရိုက်ဝင်နေသူများက “ဒီမိုကရေစီ” ကို လက်ညှိုးထိုး အပြစ်တင်ချင်ကြပါဦးမယ်။  တကယ်တော့ လူငယ်နဲ့ လိင်စိတ်ဟာ သဘာဝတရားသာဖြစ်တယ်။   ဂေါတမ ဗုဒ္ဓ ဘုရားရှင်တောင် ဘုရားမဖြစ်ခင် သိဒ္ဓတ္ထမင်းသားဘဝ သက်တော် (၁၆) နှစ်မှာ (အဲဒီခေတ် ထုံးတမ်းစဉ်လာပဲ ဆိုဆို) အိမ်ထောင်အမှုပြုပြီး ဖြစ်တယ်။  လူသားနဲ့လိင်စိတ်ဟာ ခွဲခြားလို့မရ၊ ဆက်စပ်ကိစ္စတွေ ခေတ်သမိုင်းအဆက်ဆက် ရှိခဲ့တယ်။  လွတ်လပ်လာတဲ့ ခေတ်စနစ်နဲ့ ပြောင်းလဲလာတဲ့ လူမှုစံတန်ဖိုး ရေစီးကြောင်းတွေကို အပြစ်တင်လို့ မရပါ။

အဲသလို အပြစ်တင်လို့ မရသလို တဖက်မှာလည်း ဒီမိုကရေစီနဲ့ လွတ်လပ်ခြင်းနဲ့ အတူ မြှင့်တင် သိတတ် စောင့်ထိန်းရမယ့် စာရိတ္တတရား၊ ကျင့်ဝတ် တာဝန် အသိ၊ လိုက်နာရမယ့် စည်းကမ်း၊ ကျင့်သုံး ခံယူတတ်ရမယ် မူဝါဒ အလုပ်တွေ ရှိပါတယ်။  သူတပါး တဦးတယောက်ရဲ့ ပုဂ္ဂလိက ဘဝတွေကို တန်ဖိုးထားတတ်ကြပါ။

ခေတ်နည်းပညာ ရုပ်ပုံ၊ ရုပ်ရှင်တွေထဲက ပုံရိပ်တွေဟာ လူတွေပါ။  သူတို့မှာ ခင်ဗျားတို့၊ ကျနော်တို့လိုပဲ မိသားစုတွေ ရှိပါတယ်။  ချစ်တဲ့သူတွေ ရှိပါတယ်။  ကိုယ်ချင်းစာ တရား ထားတတ်ကြပါ။  ဖန်သားပြင်မှာ ပေါ်နေတဲ့ သူတို့ပုံရိပ်မှာ အဝတ်ဗလာ ဖြစ်ကောင်း ဖြစ်နေပေမဲ့ သူတို့မှာ လူသား သိက္ခာ၊ တန်ဖိုး အပြည့်ရှိပါတယ်။  တဖက်သတ် တရားလွန် ချိးနှိမ် ပြစ်တင်ချင်လို့ မရပါ။  ဒါတွေကို ဖြန့်ဝေ သားပြော မယားပြော၊ မှိုချိုး မျှစ်ချိုး ဆိုချင်လို့ မရပါ။

လွတ်လပ်မှုကို အလွဲသုံးစားလုပ်သူတွေ ဆိုပြီး နင်းပြော ကိုယ်ကကျ သူတပါးရဲ့ တကိုယ်ရေ လွတ်လပ်မှုကို ကျူးလွန်ဝင်ရောက် မစော်ကားမိပါစေနဲ့။  ပုဂ္ဂလိက အခွင့်အရေးနဲ့ လွတ်လပ်မှုကို တန်ဖိုးထားတတ်ကြပါ။  ဒီမိုကရေစီရဲ့ ပြည့်ဝတဲ့ အနှစ်သဘောတွေကို လေ့လာ ကျင့်သုံးကြပါ။  တွဲလျက်ပါလာတဲ့ သိတတ် နာယူ လုပ်ဆောင်ရမယ့် ကျင့်ဝတ်၊ အလုပ် တာဝန်တွေကို လေးစားလိုက်နာကြပါ။

ဒီမိုကရေစီကို ဈေးမဖျက်ကြစေချင်ကြောင်း ထပ်လောင်း နှိုးဆော် ထောက်ပြလိုက်ပါတယ်။

ငြိမ်းချမ်းအေး
မတ် ၁၉၊ ၂၀၁၅

××××××××××××

ဆက်စပ်ဆောင်းပါးဟောင်းများ ပြန် ဖတ်လိုပါက —

ဒီမိုကရေစီကို ဈေးဖျက်ကြသူများ
@ http://moemaka.com/archives/41156
http://www.moemaka.blogspot.com.au/2014/12/blog-post_61.html

ဒီမိုကရေစီကို အိုးမည်းသုတ်သူများ
@ http://gita.cc/archives/42100
http://www.moemaka.blogspot.com.au/2015/01/blog-post_611.html

ဒီမိုကရေစီကို ဝမ်းယောင်စေသူများ
@ http://gita.cc/archives/42310
http://www.moemaka.blogspot.com.au/2015/02/blog-post_77.html

ဒီမိုကရေစီနည်းကျ သရော်ပါ
@ http://gita.cc/archives/42543
http://www.moemaka.blogspot.com.au/2015/02/blog-post_811.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts