ဖေဖေ့အကြောင်း
ဇွန်ပွင့် ၊ (ဖေ့စ်ဘွတ်စာမျက်နှာ) ဇွန် ၂၆၊ ၂၀၁၃
(ကာတွန်းဆရာကြီး ဦးဖေသိန်း (၁၉၄၆-၂၀၀၉ )
ဖေဖေဆုံးတာ လေးနှစ်ပြည့်ပြီ…. ။
ကာတွန်းဆရာဘ၀နဲ့ (၁၉၄၆-၂၀၁၃ )အထိ (၆၇)နှစ်တိုင် သံမဏိရှည်ကြာနေသွားခဲ့ပါတယ်။ ကာတွန်းရေးဆွဲခဲ့တာကတော့ ၁၉၉၈ခုနှစ်ထိပါပဲ။ ပထမအကြိမ် လေထိထိချင်းတော့ ဆေး
ခန်းပြပြီး ဆေးသောက်ရုံနဲ့ သက်သာလာပါတယ်။ တပည့်ကာတွန်းဆရာတွေနဲ့ စာပေအသိုင်း အ၀ိုင်းက သိသိချင်း လူမမာမေးလာကြပါတယ်။ မှတ်မှတ်ရရပါပဲ လျှပ်တပြက်ဂျာနယ် ထုတ်နေပြီဖြစ်တဲ့ ဆရာဦးမြတ်ခိုင်လာတော့ “ကိုမြတ်ခိုင် ကျွန်တော်လည်း လျှပ်တပြက် ဖြစ် သွားတာ ပါပဲ” လို့ တွေ့တွေ့ချင်း သူက အရင်ဧည့်ထောက်ခံပါတယ်။

နောက်တစ်ကြိမ် တစ်လလောက်နေတော့ ဘယ်ဘက် တစ်ခြမ်း လေဖြတ်သွားပြီးတော့ ဦးနှောက်အာရုံကြောဆေးရုံမှာတက်ရတာ လေးလကြာပါတယ်။ ဆေးရုံတက်တာနဲ့ ဦးခေါင်းကို တီဗွီစကင် ရိုက်တော့ ဦးနှောက်သွေးကြောလေးပေါက်သွားတာလို့ပဲ ကျွန်မ နားလည်လိုက် ပါတယ်။ ဘယ်ဘက်ကိုယ်တစ်ခြမ်းလုံးကတော့ မသန်စွမ်းတော့ပါဘူး။ မှတ်ဥာဏ်ကတော့ အထူးကောင်းပါတယ်။ ဆေးရုံလာမေးတဲ့ ဧည့်သည်တွေကို သူကပဲ အရွှန်းဖောက်ပြီး ဧည့်ခံ ပါတယ်။
ကာတွန်းဆရာတွေ လာတော့ သူက “ငါ့ခေါင်းထဲမှာ ပုဆိန်ရိုးရှိလားဆိုပြီး တီဗွီရိုက် ပြီးရှာတယ်ကွ”လို့ ရယ်လျက် ပြောပါတယ်။ ဖေဖေဟာ ကာတွန်းတွေကို လက်နဲ့မရေးနိုင်
တော့ပေမယ့် ပါးစပ်ကနေ ရေးခဲ့ပါတယ်။
တော့ပေမယ့် ပါးစပ်ကနေ ရေးခဲ့ပါတယ်။
နိုင်ငံရေးသတင်းကာတွန်းဆရာတစ်ယောက် ဖြစ်တဲ့ ဖေဖေဟာ ၁၉၈၈.ခုနှစ်၊ သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းနှစ်လည်မှာ တစ်ကွက်ကာတွန်းတစ်ပုံရေးဆွဲခဲ့ပါတယ်။ ဂျပန်နိုင်ငံ ဟီရိုရှီးမား
ဗုံးပေါက်ကွဲတဲ့ နှစ်လည်အဖြစ် ဂျပန်ပြည်က ငြိမ်းချမ်းရေးပန်းခြံထဲက ရုပ်တုပုံရဲ့ လက်နှစ်ဖက်ကို သံကြိုးကွင်းဆက် ပြုတ်နေတဲ့ 8888 ပုံကို ရေးဆွဲခဲ့ပါတယ်။ ၁၉၈၈ခုနှစ်ဟာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရရှိရေးတောင်းဆိုဖို့ အပြင်းထန်ဆုံး နှစ်တစ်နှစ်ပါ။

၁၉၈၇ခုနှစ် ဖေဖော်ဝါရီလမှာ အစိုးရက ၁၀၀ကျပ်တန် သိမ်းလိုက်တာကအစ….. ၁၉၈၈ မတ်လ ဘုန်းမော်နေ့…. တံတားနီနေ့၊ ဇွန်လ ကျောင်းသားအရေး…. တွေဆက်ပြီး လှုပ်လိုက်တာဟာ ပုဂ္ဂလိက မဂ္ဂဇင်းတွေကလည်း စာပေစီစစ်ရေးဌာနနဲ့အားပြိုင်ပြီး ဥာဏ်ကစားကြတော့တာပေါ့။
ဒီမှာတင် ဖေဖေ့ရဲ့ ချယ်ရီမဂ္ဂဇင်း ကပုံဟာ အရေးတော်ပုံကာလကျတော့ ပိုစတာ ဖြစ်လာခဲ့ပါတော့တယ်။
ဒီကာတွန်းပုံရဲ့ နောက်ကွယ်ကအကြောင်းကတော့ ကျွန်မတို့ အိမ်နီးချင်းသူငယ်ချင်း ဂျော်နီ (သူ့အဖေက ဂျပန်နိုင်ငံမှာ သံတမန် အဖြစ် လုပ်ခဲ့သူပါ) နဲ့ ကျွန်မတို့ကလေးချင်း တိုင်းရေး
ပြည်ရာ ရောက်တတ်ရာရာ ပြောနေကြတုန်း ဖေဖေက ပုံဆွဲနေရာက ထလာပြီး “ဟေ့- ဂျော်နီ၊ မင်း ဆီမှာ ဂျပန်က ပန်းခြံ ထဲကရုပ်တုပုံ ရှိလား” လို့ ၀င်မေးပါတယ်။ ဂျော်နီကလည်း “ကျွန်တော့် မှာ ပို့စ်ကဒ်ရှိတယ် ဦးဦး” လို့ ပြောတော့ “ဒါဆို ငါ့ခဏ ပြပါလားကွာ” လို့ တောင်းပါတယ်။ ဂျော်နီ လည်း ချက်ချင်းယူပြီး လာပေးပါတယ်။

တကယ်တော့ ဖေဖေက အဲဒီပုံကို အပြီအပြင် ဆွဲချင်လို့ ရှိများရှိလေမလားလို့ တောင်းလိုက်ခြင်းပါ။ ၁၉၅၈ခု တစ်ဝိုက်က အဲဒီ ရုပ်တုပုံဟန်နဲ့ အဲဒီခေတ်နဲ့ လျော်တဲ့ နိုင်ငံရေးကာတွန်း တစ်ပုံ ရေးဆွဲခဲ့ဖူးပါတယ်။
(“ဖေဖေ့ရဲ့ဘ၀ အစတစ်စကို ဒီနေ့ စဆွဲထုတ်လိုက်ပါပြီ…..)။
(ဆက်လက်ဖော်ပြပါမည်)
(သရုပ်ဖော် – ၂၀၀၉ ဇွန်လမှာ ဆရာကြီးကွယ်လွန်ခဲ့စဉ်က မောင်ရစ် ရေးတဲ့ပုံ)