ပိုင်စိုးမှုဧကရာဇ်တမ်းချင်း
ရာဇာ။ ဇူလိုင် ၁၅၊ ၂၀၁၃
(ဖိုးချို ၏ ထူးခြားသည့် တေးရေးဟန် တခု အကြောင်း)
(တေးရေး/တေးဆို ဖိုးချို ကွယ်လွန်ခြင်း နှစ် (၂၀) ပြည့် (၁၅၊ ဇူလိုင်၊ ၂၀၁၃) အထိမ်းအမှတ်)
ဓာတ်ပုံ မျှဝေသူ – ရာဇာ
သောတလင်္ကာရ သီချင်းတွေရဲ့ အင်္ဂါရပ်ထဲမှာ “ခြေဆင်း” ဟာလည်း တပါးအပါအ၀င်ပါ။ ဒါပေမယ့် ဒီဘက်ခေတ် တေးပြုစာဆိုများဟာ ခြေဆင်း ကို တခုတ်တရ ထည့်သွင်းစပ်ဆိုသူ နည်းပါးလှပါတယ်။ သီချင်းတပုဒ်ရဲ့ အစ(သို့) ခြေဆင်းရဲ့အစဟာ အခြေအနေသုံးမျိုးနဲ့သာ စနိုင်ပါတယ်။ အများဆုံး အသုံးများတဲ့ စ နည်းကတော့ အတီးနဲ့သာ ဖြစ်ပါတယ်။ နောက် အတော် အသုံးနည်းတဲ့နည်းက အဆိုနဲ့ အတီးတွဲလျက် စ တာပါ။ နောက်ဆုံးနဲ့ အနည်းဆုံး သုံးကြတာက အတီးမပါ အဆိုသက်သက်ပဲ အစချီ တာမျိုးပါ။
မြန်မာ့စတီရီယိုဂီတ (ကိုယ်ပိုင်သံစဉ်) လောက မှာ ခြေဆင်းကို နှစ်သက်ခုံမင်စွာဖြင့် ထည့်သွင်းစပ်ဆိုသူ ရှားလှပါတယ်။
သူကတော့ တကယ့်ကို ခုံခုံမင်မင် စပ်ဆိုခဲ့တာပါ။ ဟုတ်ပါတယ်။ သူကိုယ်တိုင် ရေးစပ်လို့ သူကိုယ်တိုင် သီဆိုခဲ့တာပါ။
တကိုယ်တော် တေးစု (၁၁) စုမှာ လက်ရွေးစင် ပြန်ထုတ်တဲ့ (၁) စု ကိုဖယ်လိုက်ရင် (၁၀) စု။ သီချင်းပုဒ်ရေ (၁၃၃) ပုဒ်၊ ကိုယ်တိုင်တဦးတည်းစပ်ဆို (၄၄) ပုဒ်၊ ပူးပေါင်းဖွဲ့ဆို (၅) ပုဒ်။
တဦးတည်း စပ်ဆိုမှု (၄၄) ပုဒ် ထဲမှာ ခြေဆင်း နဲ့ ဖွဲ့ဆိုတာက (၆)ပုဒ်ပါ။ ရာခိုင်နှုန်းအားဖြင့်တော့ ၁၃.၆% ပေါ့။ ဒါဆို သူ့ရဲ့ ခြေဆင်း အပေါ် အားပြုမှုကို ခန့်မှန်းနိုင်ပါလိမ့်မယ်။
ပြီးတော့ အဲဒီ (၆) ပုဒ်ကလည်း တော်တော်တန်တန်မှ မဟုတ်ဘဲ။
သူ့ကို “ဇော်နောင်” အမည်ပျောက်ပြီး “ဖိုးချို” အမည် ပေါက်စေတဲ့ “ပိုင်စိုးမှုဧကရီတမ်းချင်းများရဲ့” ပထမဆုံး အပုဒ်၊ ဆိုဒ်အေရဲ့ ထိပ်စ “ရေလိုအေးလို့ ပန်းလို ချမ်းမြေ့ပါစေ”။
သီချင်းရဲ့ အမည်ကိုပဲ ခြေဆင်းအနေနဲ့ ဖွဲ့ဆိုထားတာပါ။
အဆိုသက်သက်နဲ့ စတာတော့မဟုတ်၊ နောက်ခံဂီတသံကို မှိန်မှိန်လေးပေးထားပါတယ်။ သီချင်းအမည်ကို ၂ ခေါက်ကျော့ဆိုပြီးတဲ့နောက်မှ နရီစည်းမြိုင်မြိုင်ဝင်လိုက်ပါတယ်။ သူ့ရဲ့ ပင်ကိုယ်သံကို ရှင်းရှင်း သိမြင်စေတဲ့အပြင် မင်္ဂလာရှိတဲ့ ဆုတောင်းစာသားလေးဟာ နားဆင်မိသူတိုင်းကို ကြားလျှင် ကြားခြင်း အပြည့်အ၀ စွဲဆောင်သွားပါတော့တယ်။
ဆုတောင်းလေးကသာ မင်္ဂလာရှိ ကြည်နူးဖွယ် ဖြစ်ပေမယ့် ကာယကံရှင်အတွက်ကတော့ ချမ်းမြေ့ဖွယ်မရှိပါဘူး။ စွန့်ခွာရက်သူကို အငြိုးအတေး ထားဖို့ဝေး၊ သူ့ ဘ၀လေး ထိခိုက်မှာကို စိုးရိမ်တကြီးနဲ့ ကာကွယ်ပေးလိုပေမယ့် ဒီအချိန်မှာ ကိုယ် တတ်နိုင်တာက ဆုတောင်းပေးဖို့ တခုသာ..။
နောက်ထပ် တပုဒ်ကတော့ “ပိုင်စိုးမှုဧကရီတမ်းချင်းများ” ထဲမှာပဲ ဆိုဒ်အေ တတိယအပုဒ်အဖြစ် ပါဝင်တဲ့ “ဆူးများတဲ့ပန်း”။
ဒီမှာတော့ ပီပြင်တဲ့ ဂီတသံနဲ့ စ၊ သူ နှစ်သက်တဲ့ Plucking နဲ့ ဖြည့်ပြီးမှ ခြေဆင်း ၀င်ပါတယ်။ ခြေဆင်းတို့ရဲ့ သဘာဝအတိုင်းပဲ သီချင်းရဲ့ ရသနဲ့ အဓိပ္ပာယ်ကိုလည်း ဒီခြေဆင်းမှာ ကြိုတင်ခံစားလို့ ရပါပြီ။
♫..ဆူးများတဲ့ပန်းမို့ လက်လည်း မလှမ်းတော့ပါ
နောက်ဆုတ်လက်ပိုက်ကြည့်နေမယ်..♫
ရွှေနန်းလည်းထိုက်တာမို့ ဆူးများတာဟာ မဆန်းပါဘူးလေ။ ဒါပေမယ့် အဲဒီဆူးတွေ စူးမှာစိုးလို့ နောက်ဆုတ် လက်ပိုက်ကြည့်နေ့ခဲ့တာတော့ မဟုတ်ဘူးကွယ်။ မင်းလေး လန်းဆန်းဝေဆာစွာ ဖူးပွင့်နိုင်ဖို့ တခုတည်း ကြောင့်ဆိုတာ သစ္စာတိုင်တည်ဝံ့ပါတယ်။
တတိယမြောက် ခြေဆင်း သီချင်းကတော့ တတိယတေးစု “ညှို့မျက်ဝန်း” မှာ ပါဝင်ပါတယ်။
သူလည်း ဆိုဒ်အေရဲ့ ပထမဆုံး အပုဒ်ပါပဲ။ “နှလုံးသား လက်ဖွဲ့ခဲ့ပါတယ်”။
Keyboard သံပေးပြီး စတင်လိုက်တဲ့ ဒီတေးဟာလည်း “ရေလိုအေးလို့ ပန်းလို ချမ်းမြေ့ပါစေ” နဲ့ အဖွဲ့တူပါပဲ။
သီချင်းခေါင်းစဉ်ကို ခြေဆင်း အဖြစ်နဲ့ လေးခေါက် ကျော့ပြီး ဖွဲ့ဆိုပါတယ်။
ကြေကွဲဖွယ် စာသားတွေကို Twist နရီနဲ့ သွက်သွက် တီးခတ်ထားပေမယ့် ဆိုဟန်က အလွမ်းဖက်ယိမ်း။
(စကားချပ် – မလွမ်းရဲသေးဘူးမောင်ရယ်.. ကို ပျော်ပျော်ကြီးဆိုနေတဲ့ သူငယ်မကို မြင်တော့ ဒါကိုတောင် သတိရသွားသေး။)
ဒီအချိန်မှာတော့ ကြင်နာသူဟာ ကိုယ့် ကို စွန့်ပစ်သွားတဲ့အဆင့်တင် မဟုတ်တော့ပါဘူး။ တယောက်သောသူနဲ့ ဘ၀လမ်းခရီးကို အတူလျှောက်နေပါပြီ။ အဲဒီခရီး ဖြောင့်ဖြူးညီညာ လျှောက်လှမ်းသာအောင် နှလုံးသားလက်ဖွဲ့ရင်းနဲ့ ကိုယ့်မှာ ဆုတောင်းရုံမျှသာ။
♫..မကြင်နာလို့.. စွန့်ပစ်ခဲ့လည်း..
မနာနိုင်ရင်ထဲ.. အစဉ်အမြဲ.. တကယ်..♫
စတုတ္ထမြောက် ခြေဆင်း သီချင်းကတော့ အဲဒီ “ညှို့မျက်ဝန်း” တေးစုမှာပဲ ဆိုဒ်အေ ဒုတိယအပုဒ် ဖြစ်တဲ့ “ဆူးစူးခဲ့ပြီ”။
ခြေဆင်း စစ်စစ် ဖြစ်တဲ့ အားလျော်စွာ ဘာတူရိယာနဲ့ မှ မစဘဲ “အဆိုသံ” သီးသန့် စတင်ပါတယ်။ အကျော့ တောင်မပါဘဲ တကြိမ်ထဲသာ ဖွဲ့ပါတယ်။
♫..ဆူးစူးလို့.. သွေးစိမ်း.. ရှင်ရှင်.. ထွက်ခဲ့မှ..
အချစ်ရဲ့ ဒဏ်ရာရှိပြီ..♫
နရီစည်းရော Plucking Backing ရော “ဆူးများတဲ့ပန်း” နဲ့ အဖွဲ့တူပါ။ အကြောင်းခြင်းရာ ကျောရိုးလည်း တူပါတယ်။ ဒါပေမယ့် ဒီတခါတော့ လက်ပိုက်ကြည့်မနေတော့ဘဲ ခူးခဲ့မိတော့ စူးပြီပေါ့။ ချစ်ဆိပ်တက်တဲ့ ဝေဒနာလောက် ဘယ်ဝေဒနာမှ မဆိုးတော့ ဆူး စူးလို့ထွက်တဲ့ သွေးစိမ်းရှင်ရှင်ကို ဘယ်ကြောက်ပါ့မလဲ။
ပဉ္စမမြောက် ခြေဆင်း သီချင်းဟာ ဆဌမမြောက်တေးစု “မပန်းရယ် မငိုနဲ့” ဆိုဒ် ဘီ၊ စတုတ္ထ အပုဒ် “မျက်ရည်”။
အဆိုနဲ့ အတီး တပြိုင်တည်းစတဲ့ ခြေဆင်းပါ။ ခေါင်းစဉ်လည်း မပါဝင်ဘဲ အတန်ငယ် ရှည်လျားတဲ့ ခြေဆင်းဖြစ်ပါတယ်။
♫.. အိုး.. တယောက်သောသူ..
တို့..ကို.. တချက်.. စူးစိုက်.. ကြည့်ပါဦး..
ဘယ်သူဖြစ်မယ်..
မှတ်မိသလား.. မိန့်ဟ.. သွားပါဦး..♫
ခွဲခွာကာနီး ချစ်သူ ၂ ယောက်ရဲ့ နှုတ်ဆက်ချိန် ၊ ဘူတာရုံက မြင်ကွင်းလေးပေါ့။
နောက်ဆုံး ခြေဆင်း ထည့် စပ်ဆိုသွားတာက သူ့ရဲ့ ခြေဆင်း ခြောက်ပုဒ်ထဲမှာ တပုဒ်တည်းသော ခေါင်းစည်းတေးဖြစ်တဲ့ “ဥပေက္ခာလူသား၏ နောက်ဆုံးထွက်သက်”။
သူ အပိုင်နိုင်ဆုံး နရီစည်းနဲ့ သူ့ခံစားချက် အစစ်အမှန်တွေကို နောက်ဆုံးထွက်သက်အထိ ဖွဲ့ဆိုသွားတဲ့ ရင်နင့်ဖွယ် တေးတပုဒ်ပါ။ တေးပြုနေချိန် လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေ အကြောင်းကို တကြောင်းတည်းနဲ့ ဖေါ်ပြသွားနိုင်တဲ့ ခြေဆင်းလေးကတော့..
((( ဆွေးမြည့် နေ့တို့ တနေ့ စီ ကျော်ဖြတ်ရင်းနဲ့ ကိုယ့်အတွက် ဥပေက္ခာသာ ထာဝစဉ် အဖေါ်ဖြစ်ခဲ့တယ်..။)))
ခြေဆင်းများကို တခုတ်တရ ထည့်သွင်း စပ်ဆိုတတ်သူ ကတော့ဖြင့် တေးချစ်သူတွေရဲ့ နှလုံးသားကို ဧကရီ တပါးလို ပိုင်စိုးနိုင်ခဲ့ပြီး ဥပေက္ခာလူသားအဖြစ်နဲ့ နောက်ဆုံးထွက်သက်ကို ခံစားချက် သီချင်း နဲ့ အတူ ရှိုက်ထုတ်ခဲ့ရင်း နေဝင်အိမ်အပြန်ခရီး နှင်သွားတာ အခု နှစ်ပေါင်း နှစ်ဆယ် တိုင်ခဲ့ပါပြီ။
ရာဇာ
၁၄ ၊ ဇူလိုင် ၊ ၂၀၁၃
(မိုးမခ၏ ကျေးဇူးစကား၊ ဂီတအဆိုတော်အနုပညာရှင်များ၏ ရုပ်ပုံလွှာများကို အထူးပြုစုတင်ဆက်ပေးသူ မိုးမခ၏ ပင်တိုင်ဆောင်းပါးရှင် ငြိမ်းချမ်းအေးကို ကျေးဇူးမှတ်တမ်းပြုလိုက်ပါ၏)