ကိုယ်ပိုင်သံစဉ် စတီရီယိုတေး တေးရေး/တေးဆို (ကို) ဖိုးခွား တယောက် ဆုံးတာ ၂၅-မေ-၂၀၁၃ မှာ တနှစ်ပြည့်တယ်။ သူဆုံးတုန်းက ဝါသနာရှင် တချို့ကလွဲလို့ ကျန်တဲ့ အများစုတော့ အမှုမဲ့၊ အမှတ်မဲ့ပဲ။ ပြည်တွင်း ဂျာနယ် သတင်းတွေမှာလည်း မထင်မရှားပဲ ဖြစ်ခဲ့တယ် ထင်တယ်။ တေးပြုသူတွေဘဝကိုကလည်း နောက်ကွယ်က ပံ့ပိုးသူလိုဖြစ်နေပြီး အများအားဖြင့် သိပ်ပေါ်ပေါ်ထင်ထင် မရှိကြဘူးကိုး..။
ဒါပေမယ့် ဝါသနာရှင်တွေကြားမှာတော့ တေးစီးရီး အယ်လ်ဘမ် တခု ထွက်လာရင် တေးရေး ဘယ်သူတွေပါသလဲဆိုတာ အလေးထား စောင့်ကြည့်၊ ရှာဖွေတဲ့ အလေ့အကျင့် ရှိကြပါတယ်။ ကိုယ်တိုင်လည်း ငယ်ငယ်ကတည်းက အမြဲပဲ အကျင့်တခုလို လုပ်ခဲ့တယ်။ နောက်ပိုင်း ဝါသနာတူ ဂီတချစ်သူ မိတ်ဆွေတွေနဲ့ စကားပြောကြည့်တော့လည်း သူတို့လည်း တချို့ အဲဒီလို အကျင့်ရှိကြတာ သိရတယ်။
ကိုယ်ပိုင်သံစဉ် ဘုရားတွေ ဖြစ်တဲ့ စိုင်းခမ်းလိတ်၊ မဇ္ဈိမလှိုင်း အုပ်စု (ကိုနေဝင်း၊ ကိုမောင်မောင်၊ ကိုရဲလွင် အမှူးပြုတဲ့ သူတို့ အုပ်စု တေးရေးတွေ)၊ စောဘွဲ့မှူး၊ ဆလိုင်းသွှအောင်၊ ဆလိုင်းဂျွန်သင်ဇမ်း အုပ်စု က စလို့ ၁၉၈၀ ခုနှစ်တွေမှာ နိုင်မြန်မာ၊ မန္တလေးသား နန်းရှေ့က ဆူး ၊ သူ့အကို ကဗျာဆရာ ပိုင်သ အလယ် ၁၉၈၀ နှောင်း နဲ့ ၁၉၉၀ ခုနှစ်တွေမှာ စောခူဆဲ၊ ညီညီသွင်၊ ညီညီစံ၊ ဖိုးခွား၊ ရွှေဂျော်ဂျော်၊ အယ်လ်ဖြူ၊ မောင်မောင်ဇော်လတ် အဆုံး ဘယ်သူရေး သီချင်းတွေပါသလဲဆိုတာ အခွေ တခွေထွက်ရင်၊ အထူးသဖြင့် အဆိုတော်သစ် ဆိုရင် ဂရုတစိုက် မှတ်ရပါတယ်။ ဒါမှ ဒီအဆိုတော်က ဘယ်လိုင်း၊ ဘယ် သီချင်း အမျိုးအစား ဆိုပြီး အလွယ်တကူ ခွဲနိုင်ပါတယ်။ (စကားချပ် – အထက်မှာ ဆိုခဲ့တဲ့ တေးရေး နာမည်တွေက ဥပမာ သာ ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ် တေးရေးဆရာ များစွာ ကျန်ပါသေးတယ်။ စာရေးသူ စိတ်ကြိုက် တေးရေး နာမည်ချည်းကို အများကြီး ကျန်ခဲ့ပါတယ်။)
သာမန် ပေါ်ပင် ပရိသတ် အကြားမှာတော့ တေးရေး ဘယ်သူဆိုတာ အလေးဂရု မပြုကြတာ များပါတယ်။ တေးရေးဘဝတွေထက် ပို အပယ်ခံ၊ အမေ့ခံ ဖြစ်လေ့ရှိတာကတော့ တေးဂီတသံစဉ် တီးခတ်ပေးတဲ့ ဝိုင်းတော်သားတွေ၊ သံစဉ်စီမံခန့်ခွဲပေးတဲ့ ဂီတမှူးတွေ၊ စတူဒီယိုတွေမှာ အသံဖမ်းပေးတဲ့ စက်မှုပညာရှင်တွေပဲ ဖြစ်မယ်ထင်တယ်။
ရှမ်း ဂီတစာဆို ဆရာ စိုင်းခမ်းလိတ်ကတော့ သူ့ ရဲဘော်ရဲဘက် စိုင်းထီးဆိုင်ရဲ့ တလျှောက်လုံး အောင်မြင်လာခဲ့မှုကို ရေးသူရော၊ ဆိုသူရော၊ တီးကြသူတွေပါ အားလုံးကိုယ်စီ ဉာဏ် နဲ့ ဝီရိယ စိုက်ထုတ် ကြိုးစားခဲ့ကြတာကြောင့် လို့ သုံးသပ်ဖူးပါတယ်။ နောက် အရေးကြီးတဲ့ အချက်ကတော့ စိုင်းထီးဆိုင် ရဲ့ “စန်း” ဆိုတဲ့ မရှိမဖြစ် အရေးပါတဲ့ အကြောင်း ကြောင့် လို့လည်း ဆိုပါတယ်။
မှန်ပါတယ်..။ ပရိသတ် လက်ထဲ ရောက်လာတဲ့ သီချင်းတပုဒ်ဟာ တေးရေး၊ တေးဆို၊ တီးခတ်သူ၊ သံစဉ်စီမံသူ၊ အသံဖမ်းသူ အားလုံးရဲ့ စိုက်ထုတ်မှု အလုပ် နဲ့ ပါရမီ ဖြည့်ခဲ့တဲ့ အနုပညာ အရည်အသွေးတို့ ကြောင့် တောက်ပြောင် ဝံ့ကြွားပြီး အဆင်သင့် ခံစား၊ စားသုံးနိုင်ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ် အများစုကြား တပြည်လုံး အတိုင်းအတာ နဲ့ ကျယ်ကျယ်ပြန့်ပြန့် လူသိ အောင်မြင် ကျော်ကြားဖို့အတွက်ကတော့ သီဆိုသူ အဆိုတော် ရဲ့ အနုပညာ အရည်အသွေး၊ ပါရမီ အပြင် ဆရာလိတ် ဆိုခဲ့သလို စန်းဇာတာလည်း ကောင်းဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ “စန်း” မရှိလို့ အရည်အချင်း ရှိလျက် မအောင်မြင် (မ “ပေါက်”) ခဲ့တဲ့ အဆိုတော်တွေ အများကြီး ရှိခဲ့ပါတယ်။ တပါတည်း သီဆိုသူ အဆိုတော် ရဲ့ “စန်း” မရှိမှုကြောင့် သီချင်းကောင်းလေးတွေလည်း လူမသိ၊ သူမသိ ဖြစ်သွားတတ်ပါတယ်။
ဆိုခဲ့သလို အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်၊ ကံဇာတာ အားလုံး အကြောင်းတိုက်ဆိုင်သွားရင်တော့ အောင်မြင်တဲ့ သီချင်း နဲ့ ထင်ရှားတဲ့ အဆိုကျော် ဆိုတာတွေ မွေးဖွားလာပါတယ်။
ဒီလို လူကြိုက်များ၊ ဈေးကွက်ဝင် သွားကြတော့လည်း အများစုက ဆိုခဲ့တဲ့အတိုင်း ဝါသနာကြီးသူတွေ မဟုတ်ဘဲ ပေါ်ပင် ရေပန်းစားလိုက် ပရိသတ် ဖြစ်တော့ အသံကြား၊ အရုပ် မြင်နေရတဲ့ အဆိုတော် ကိုပဲ အဓိက အားပေး၊ အသိအမှတ်ပြုကြတာ များပါတယ်။
ဆိုတော့.. ဂီတ၊ သံစဉ်၊ စာသားတွေ ရဲ့ မူလ ဖခင် တေးပြုစာဆိုတွေမှာတော့ နောက်ကွယ်က ပီတကိုစားရင်းနဲ့ပဲ ကျေနပ်၊ အနုပညာမြောက်ဂုဏ်ကိုပဲ ယူကြရပါတယ်။ အောင်မြင်၊ လူကြိုက်များ၊ လူသိမှုဂုဏ်ကိုတော့ ရကြတာ ရှားပါတယ်။ တေးရေး အများစုကလည်း ဒီလို ဘဝမျိုးကို အပြည့်အဝ နားလည်ပြီး နေတတ်၊ ကျေနပ်ကြတာလို့ ယူဆပါတယ်။
ဒါပေမယ့် တေးရေး ဆရာတွေရဲ့ အသိဉာဏ် ပညာရပ်ပိုင်းဆိုင်ရာ၊ အနုပညာပိုင်းဆိုင်ရာ ခံစားခွင့်၊ ရပိုင်ခွင့်တွေကိုတော့ အပြည့်အဝ ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။ ခုခေတ်မှာ ခေတ်စားနေတဲ့ ပြန်ဆိုတေးတွေ၊ ရုပ်မြင်သံကြား တေးဂီတ အစီအစဉ်တွေ၊ အက်ဖ်အမ် ရေဒီယိုလိုင်းတွေ၊ စင်တင်တေးဂီတပွဲတွေ အားလုံးမှာ တေးသီချင်းတွေရဲ့ မူလပိုင်ရှင် တေးပြုစာဆို တွေရဲ့ နာမည်ကို အထင်အရှား ဖော်ပြတာ၊ ပြောဆိုတာ၊ မူလ သီဆိုသူ အဆိုတော် နာမည်တွေ အသိအမှတ်ပြု တင်ပြတာတွေကို အလေးအနက်ထား လုပ်သင့်ပါတယ်။ တေးပြုသူ နဲ့ မိသားစု အတွက် မူပိုင်ခွင့် ငွေကြေးခံစားခွင့်လည်း အမြဲတမ်း မပျက်မကွက် ရရှိနေသင့်ပါတယ်။ မူပိုင်ခွင့် ပြဿနာဟာ ဗမာ့ဂီတလောကမှာ အမြဲ မြင်တွေ့ကြားနေရတဲ့ ကိစ္စ တခုပါ။ ဂီတအစည်းအရုံး အနေနဲ့ လက်ရှိ အခြေအနေထက်ပိုပြီး ဂီတစာဆို တေးပြုသူတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ကြံစည်လုပ်ဆောင်သင့်ပါတယ်။
တေးပြုသူဆိုတာ အစကတည်းက ပရိသတ် အများစုကြား ထင်ရှားကျော်ကြား၊ နာမည်ကြီးခွင့်ရတာ မဟုတ်တဲ့အတွက် သူတို့ရဲ့ အနုပညာ ရပိုင်ခွင့်ကိုတော့ အလေးအနက်ထား ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။
ခု ကွယ်လွန်ရှာတာ တနှစ်ပြည့်တဲ့ တေးရေး ဖိုးခွား ကလည်း ဆိုခဲ့တဲ့ အများစု တေးပြုသူတွေရဲ့ ဘဝလိုပါပဲ လူသိများ၊ ထင်ရှားမှုတော့ သိပ်မရှိခဲ့လှပါဘူး။ ဒါပေမယ့် သူရေး သီချင်းတွေကတော့ တချိန်က ဗမာတပြည်လုံး အနှံ့ လူကြိုက်များ၊ လျှမ်းလျှမ်းတောက်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် နှောင်း ပိုင်း ကာလများ နဲ့ ၁၉၉၀ ဝန်းကျင်မှာ လူငယ် ဖြစ်ဖူးရင် ဖိုးခွား သီချင်းကို နားမထောင်ဖူးတဲ့ လူငယ်၊ မဆိုဖူးတဲ့ လူငယ်၊ မကြိုက်ဖူးတဲ့ လူငယ်ရယ်လို့ မရှိဘူးလို့တောင် ဆိုနိုင်မယ် ထင်ပါတယ်။
ဆယ်ကျော်သက် လူငယ် ဘာသာဘာဝ အချစ် ဆိုတဲ့ အရာတခုသာ ဘဝ မှာ အဓိက လိုဖြစ်နေတဲ့ အရွယ်၊ “ချစ်သူ့ရင်ခွင်” ကိုသာ အားထားရာ၊ “ချစ်သူကို” သာ ကိုးကွယ်ရာ ဖြစ်နေတဲ့ အချိန်မှာ အချစ်နတ်ဘုရား ဖမ်းစားစေဖို့၊ အချစ် ကို ခံစားဖို့၊ အလွမ်းကို ဖြေဖျောက်ဖို့၊ ချစ်သူကို ချော့မြူဖို့၊ ချစ်သူထံ ညချမ်းချိန်ခါ ရွှေနားတော်သွင်း ဂေါ်ရည်သွေး ဖိုသံပေးဖို့ အစရှိတဲ့ ချစ်သူရေးရာ ကိစ္စ အဝဝ၊ တနည်းအားဖြင့် လူငယ့်ရေးရာတွေမှာ ဖိုးခွား သီချင်းတွေဟာ သူသူ၊ ကိုယ်ကိုယ် အတွက် အရေးပါခဲ့ဖူးမယ်လို့ ထင်ပါတယ်။
ချစ်သူ မျက်မှောင်တချက်ကျုံ့ရင် ဘဝပျက်မလောက် ခံစားတတ်တဲ့ အရွယ်တွေမှာ ဖိုးခွား ရဲ့ “သောက.. ကျင့်စဉ်.. တွေကို.. နှလုံးသားထဲ.. ထည့်ခဲ့လေသလားကွယ်..” ဆိုတဲ့ တေးစာသားလိုမျိုးတွေဟာ ခံစားချက်နဲ့ တထပ်တည်း ကွက်တိ ဖြစ်ခဲ့ရပါတယ်။
တို့က ဘဝသမား၊ မြေကြီးပေါ် လမ်းလျှောက်နေတဲ့ လူထဲက လူ ပါ ဆိုပြီး ဆင်းရဲတာကို ဂုဏ်လုပ်၊ ချစ်သူကို ဆင်စွယ်နန်းတော်ပေါ်တင် ဘဝချင်း ကွာခြားလှချည်းရဲ့လို့ ဆွေးချင်နေတဲ့ လူငယ် သဘာဝ စိက်ကူးယဉ် ခံစားချက်မှာ “နန်းထိုက်တဲ့.. တော်ဝင်သူကို.. တို့.. လက်နဲ့.. မထိရက်.. ပါဘူးကွယ်..” ဆိုတဲ့ ဖိုးခွား ရဲ့ စကားလုံးတွေက လူငယ်တွေရဲ့ နှလုံးသားထဲ.ကို စူးနစ်စေခဲ့ပါတယ်။ သွှအောင် ရဲ့ “မြိုင်နန်းစံပန်းတပွင့်” က စလို့ ဖိုးချို ရဲ့ “ပိုင်စိုးမှုဧကရီ” အလယ် ဖိုးခွားရဲ့ “ကေသရီ” အဆုံး ချစ်သူကို အထွက်အမြတ်ထား ဦးခိုက်တတ်တဲ့ တေးစာသားသီချင်းတွေဟာ ခေတ်အဆက်အဆက် လူငယ်ထုရင်ဘတ် နှလုံးသား ကို စိုးမိုး သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဖန်တရာတေ၊ ခေါက်ရိုးကျိုး အချစ်၊ အလွမ်း သီချင်းတွေပါ လို့ ကဲ့ရဲ့ ပြစ်တင်ချင်သူတွေ ရှိကောင်း ရှိနိုင်ပေမယ့် လူငယ်တွေကို ချစ်ခြင်း မေတ္တာ ခံစား စားသုံးစေခြင်းဟာ အမုန်းတရာ ပွားစေချင်ထက် အကျိုးကျေးဇူးကြီးပါတယ်။ လောကမှာ လူရယ်လို့ဖြစ်လာရင် ဆရာလိတ် တေးစာသား နဲ့ ဆိုရရင် ရှင်ဘုရင် မဆိုထားနဲ့ သူတောင်းစား တောင်မှ နိမ့်ကျပေမယ့် အချစ် ရှိပါတယ်။ ဆိုတော့ အချစ်ခံစားမှု ချစ်သူဘွဲ့ တေးသီချင်းတွေဟာလည်း လူငယ်တွေရဲ့ စိတ်နှလုံး အာဟာရတွေ မရှိမဖြစ် အရေးကြီးလှပါတယ်။
ဖိုးခွားဟာ အချစ်ဘွဲ့ တေးကောင်းတွေ ဖန်တီးရာမှာ တော်ခဲ့သလိုမျိုး သူ့ရဲ့ နာမည်ကျော် “အတ္တ” လို လူ့သဘာဝကို သဘာဝကျကျ၊ အပြည့်အဝ ဖော်ကျူးနိုင်တဲ့ ဘဝနဲ့ ဆိုင်တဲ့ အတွေးအခေါ် သီချင်းတွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိသူလည်း ဖြစ်ပါတယ်။
ဒီလို တေးရေး ကျွမ်းကျင်မှုတွေ အပြင် ဖိုးခွားဟာ ဗမာပြည် အနေအထားအရ ခက်ခဲကြမ်းတမ်းလှတဲ့ ကိုယ်ပိုင်သံစဉ် တေးရေး ဘဝကို တစိုက်မတ်မတ် လျှောက်ခဲ့သူ အဖြစ်လည်း လေးစား အသိအမှတ်ပြုသင့်တယ်လို့ ထင်ပါတယ်။ ပေါ်ပင်လိုက်၊ သံစဉ်မရှာဘဲ တေးစာသားချည်းပဲ ရေးလည်း အောင်မြင်၊ ငွေရ လုပ်စားလို့ ရတဲ့ ခေတ်မှာ ကိုယ်ပိုင်သံစဉ်သမားဆိုတာကလည်း ချီးကျူး ဂုဏ်ပြုရမယ့် အချက်ဖြစ်တယ်လို့ ယူဆပါတယ်။
ဒါကြောင့် ဖိုးခွား နှစ်လည်မှာ “မထင်မရှား တေးပြုသူများ” ဘဝ ကို တစေ့တစောင်း လှစ်ဟာပြရင်း ဖိုးခွားအမှတ်တရ အစီအစဉ်လေး ကို ဖိုးခွား ရေး သီချင်းတွေ၊ ဖိုးခွား ကိုယ်တိုင် ဆိုခဲ့ဖူးတဲ့ သီချင်းတွေနဲ မိုးမခ မှာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်အတွက် မအားတဲ့ကြားက တကူးတက အမှတ်တရ စကားချီးမြှင့်ပေးတဲ့ ဦးဝင်းမော် (ရွှေသံစဉ် ဂီတမှူး/ နိုင်ငံရေး အကျဉ်းသမားဟောင်း) နဲ့ ကိုနေမျိုး (ဆေး) (ပန်းချီ/တေးရေး/တေးဆို) တို့ကို အထူး ကျေးဇူးတင် ရှိပါတယ်။
ဖိုးခွား အမှတ်တရ အဖြစ် မိုးမခ ပရိသတ် ကို အောက်ပါ သီချင်းတွေ မျှဝေ လိုက်ပါတယ်။ သီချင်းကောင်းလေးတွေကို ခံစား၊ နားဆင်ရင်း ဖိုးခွား ကိုလည်း အမှတ်တရ ရှိနေကြမယ်လို့ မျှော်လင့်ပါတယ်။
၁) ကေသရီ ဆို – တူးတူး ၊ ရေး – ဖိုးခွား (၁၉၈၆)
Music Video URL: http://youtu.be/FaeDmcERcrk
http://www.youtube.com/watch?v=FaeDmcERcrk
၂) ချစ်သူကို ၊ ဆို – ဖိုးချို ၊ ရေး – ဖိုးခွား (၁၉၈၉)
Music Video URL: http://youtu.be/So6sJUdGapA
http://www.youtube.com/watch?v=So6sJUdGapA
၃) ချစ်သူ့ရင်ခွင် Two Versions ဖိုးချို (၁၉၉၀) ၊ ဖိုးခွား (၁၉၉၈)
Music Video URL: http://youtu.be/uxuUoAUaK7E
http://www.youtube.com/watch?v=uxuUoAUaK7E
၎) မကြင်နာသူသို့ ၊ ဆို – ကိုမှိုး ၊ ရေး – ဖိုးခွား (၁၉၉၁)
Music Video URL: http://youtu.be/_v1ip6TY9a0
http://www.youtube.com/watch?v=_v1ip6TY9a0
၅) ချစ်သူနှင်းဆီ Two Versions တာရာ ၊ ဖိုးခွား (၁၉၉၂)
Music Video URL: http://youtu.be/FzKllHMpBtI
http://www.youtube.com/watch?v=FzKllHMpBtI
၆) အတ္တ ၊ ဆို – မေဆွိ ၊ ရေး – ဖိုးခွား (၁၉၉၂)
Music Video URL: http://youtu.be/vkfH2FffWuQ
http://www.youtube.com/watch?v=vkfH2FffWuQ
၇) စာနာတတ်သူမို့ ရေး/ဆို ဖိုးခွား (၁၉၉၇)
Music Video URL: http://youtu.be/1z_cAW832u4
http://www.youtube.com/watch?v=1z_cAW832u4
ကိုဖိုးခွား တယောက် မြင့်မြတ်ရာဘုံဘဝ မှာ ပျော်ရွှင်ပါစေ..။ သံသရာ တပတ်ကျော့လို့ လူ့ဘဝကို ပြန်ရောက်ခဲ့ရင်လည်း တေးသံစဉ်၊ စာသား အေးအေးချိုချိုလေးတွေ ဖန်တီးနိုင်စွမ်းသူပဲ ထပ်ဖြစ်ပါစေ..။
ငြိမ်းချမ်းအေး
၂၆၊ မေ ၊ ၂၀၁၃