Uncategorized

Maung Luu Pay – Essay

ခုနှစ်ထွေအက၊ ညတညနဲ့ သူတို့တတွေ
မောင်လူပေ
မေ ၂၆၊ ၂၀၁၃

“တရား ဥပဒေ ၏ အထက်တွင် မည်သူမျှ မရှိစေရ“ ။ ( No one is above the law. )။အတော်ကောင်းတဲ့ စာပါ ။“ တရားစီရင်ရေး အာဏာ“ ဟာ နိုင်ငံ တခုမှာ အမြင့်ဆုံးအာဏာ ပဲဆိုတာကို ပြဆိုချက်ပေါ့ ။ နိုင်ငံတော် မှ တာဝန်ရှိသူများ ဆိုသူတို့ ကလဲ မကြာခဏသုံးတတ်ကြပါတယ် ။
သို့ ပါသော်လဲ ပေါ့လေ ။ မောင်လူပေတို့ နိုင်ငံတော်ကြီးမှာ လူတိုင်းနားလည်ထားတာကတော့ ဥပဒေ ရဲ့  အထက်မှာ သူတို့ တွေ ရှိကြပါတယ် ။ ခေတ်တွေပြောင်း ၊စနစ်တွေပြောင်း နေပါပြီတဲ့ ။ ဟဲဟဲ.. ။ နားထောင်လို့ တော့ကောင်းသား ။ ဇာတ်မင်းသားလေး သိန်းဇော် ခုနှစ်ထွေ အက  ကပြနေသလိုပဲနော် လို့ပြောရမယ် ။ဘီလူးလဲ သူပဲ ၊ မင်းသားလဲ သူပဲ ၊ ဇော်ဂျီလဲ သူပဲ ၊ မျောက်လဲ သူပဲ ၊ —– လဲ သူပဲ
လေ ။
မောင်လူပေ ဆိုရင် ခေတ်တွေ များစွာထဲမှာ လူဖြစ်ခဲ့သူ လို့  ပြောရင် ရပါတယ် ။ခေတ်ပြောင်း တော်လှန်ရေးခေတ်မှာ လူဖြစ်ခဲ့ပြီး ဆိုရှယ်လစ်ခေတ်မှာ ကျောင်းတက်ခါ တပ်မတော် အစိုးရခေတ်မှာအလုပ်ခွင် ဝင်ခဲ့သူပါ ။အခု အသွင်ပြောင်း ပြည်သူ့ အစိုးရ ဆိုသူများ ခေတ်ထိ လူဖြစ်ခဲ့ရတဲ့ အချိန်တွေပြန်စဉ်းစား ကြည့်တော့ ခေတ်နာမည် တွေပြောင်းသွားပေမဲ့ သူတို့ တွေပဲ ပုံစံမျိုးစုံနဲ့  အသုံးတော်ခံခဲ့ ကြတာကို တွေ့  မိပါတယ် ။
ခေတ်အဆက်ဆက်  “ပန်းပန်လျှက်ပါ “ ဆိုတဲ့ သူတို့  တွေနဲ့  ပေါင်းစား ၊ ရိုက်စား ၊ဖါးစား ၊ ဝေစား ၊ မျှစားလုပ်တတ်သူတွေကလဲ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာသန်းကြွယ်သူဌေးများအဖြစ်နဲ့ နိုင်ငံတော် ဆိုသူများမှ ချီးမြှင့်သော ဘွဲ့ ထူး ၊ ဂုဏ်ထူး များပန်ဆင်ကာဥပဒေ အထက်မှ အကာအကွယ်များဖြင့် တင့်တယ် နေကြဆဲပါပဲ ။
သူတို့ တွေရဲ့ ခေတ် များစွာမှာ ခံခဲ့ရတဲ့ ၊ ခံနေရဆဲ ဖြစ်တဲ့ အဖိနှိပ်ခံ ပြည်သူ့ဘဝ များစွာ ကလဲ  “ထူးမခြားနား“ ဘဝတွေနဲ့ ပဲ ကျင်လည်နေကြဆဲ တွေ့ ရမှာပါ ။ဒီခေတ်များစွာမှာ ကြွေလွင့်ခဲ့ရသောဝိညာဉ် များစွာ ကလဲ အမေ့ခံ နေကြရဆဲပါ ။ “ ဒီပဲရင်း“ ကိစ္စ ကိုကြည့် လေ ။ ဘယ်သူတွေအမိန့် ပေးလို့ ဘယ်သူတွေ ကြူးလွန်ခဲ့  တယ်ဆိုတာ လယ်ပြင်မှာဆင်သွား သလို ထင်ရှားနေပေမဲ့ ဥပဒေ အထက်ကသူတို့ ကြောင့် ဆယ်စုနှစ် တခုကိုဖြတ်သန်းခဲ့သည့်တိုင် အမေ့ခံ နေရပါသေးတယ် ။ ဒီ အမှုအတွက် အရေးယူအပြစ်ပေးမှု မလုပ်နိုင်သေးပါ ။
၂၀၀၃ ခုနှစ် ၊ မေလ ( ၃၀ ) ရက်ရဲ့  ညတည မှာ ကြွေလွင့်ခဲ့ရသော အပြစ်မဲ့ပြည်သူများစွာရဲ့  အသက်ဝိညာဉ်များကတော့ “ဥပဒေ အတိုင်း အရးယူပြီး“ ( Justice is done. ) ဆိုတဲ့ အသံကိုစောင့်စားနေမှာ အသေအချာပါ ။အမှန်တရား တွေ တိမ်ဖုံးခံနေရဆဲ ၊ သင်ပုန်းခြေ မှု ဆိုတဲ့ ခေါင်းစဉ်အောက်မှာပျောက်ကွယ်နေဆဲ ဖြစ်တဲ့ ဒီလိုညတွေ ၊ ဒီလိုလူတွေ လွန်ပါစေလို့  ဆုတောင်းရင်း ရေးမိတဲ့ ကဗျာလေး ကိုရင်ဘတ်ချင်းထပ်တူကြမဲ့ သူများ အတွက် မျှဝေလိုက်ပါတယ် ။
“အမေ့ခံ ည တည“
– အဲဒီညက
  ကြယ်တွေကို တိမ်ဖုံးခဲ့တဲ့ ည ။
– အဲဒီညက
  လမင်းကို အကျယ်ချုပ်ထားခဲ့တဲ့ ည ။
– အဲဒီညက
  နာဂစ်နဲ့ အပြိုင် မုန်တိုင်းထန်ခဲ့တဲ့ ည ။
– အဲဒီညက
  ရွှေဝါရောင်တွေ အသုံးချခံခဲ့ရတဲ့ ည ။
– အဲဒီညက
  မိစ္ဆာတွေ အနိုင်ရခဲ့တဲ့ ည ။
– အဲဒီညက
  ဝံပုလွေတွေ ကခုန်ခဲ့တဲ့ ည ။
– အဲဒီညက
  သမင်ငယ်တွေ အစားခံရတဲ့ ည ။
– အဲဒီညက
  သမင်ငယ်တွေပဲ ပိတ်လှောင်ခံခဲ့ရတဲ့ ည ။
– အဲဒီညက
  သင်ပုန်းချေပြီး ပျောက်ကွယ်နေဆဲ ည ။
– အဲဒီညက
  —————————-
  ——————————–
  ———————————
  ——————————— ။   ။

(သရုပ်ဖေါ်ပုံကို ဆွဲသူအား Credit ပေးပါတယ်)

မိုးမခမှတ်ချက် = သရုပ်ဖော်ပန်းချီမှာ Vincent Van Gogh  ရဲ့ Wheat Field With Crows အမည်ရတဲ့ ပန်ချီကားပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts