>Win Pe – WIn Pe Bag 15
>
ဘီဘီစီ အပတ်စဉ်အစီအစဉ်
ဝင်းဖေ
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၀
သောတရှင်များ ခင်ဗျား …
ပြီးခဲ့တဲ့နှစ်ပတ်က လူထုဒေါ်အမာနဲ့ ပတ်သက်ပြီး ကျနော်နဲ့ ပေါ်ဦးသက် ကာတွန်းတွေ ပန်းချီတွေ ရေးကြတဲ့အကြောင်း စထားမိပါတယ်။ အသေးစိပ်ကလေးတွေ နည်းနည်းဆက်ပြီး တင်ပြပါအုံးမယ်။ ကျနော်တို့နှစ်ယောက် လူထုတိုက်ကို မရောက်ခင် ကာတွန်းတွေ ရုပ်ပြဇာတ်လမ်းတွေပါတဲ့ “ဂလိ”လို့ ခေါ်တဲ့ ဟာသ အပတ်စဉ်စာစောင်ကလေးတခု ထုတ်ဝေ ခဲ့ဖူးပါတယ်။
ကျနော်တို့ နှစ်ယောက်က အရုပ်တွေ ကာတွန်းတွေ ဒီဇိုင်းတွေ ကိုယ်တိုင်ဆွဲတတ်တာဆိုတော့ ကျနော်တို့ စာစောင်မှာ ကြော်ငြာတည့်သူတွေကို ဒီဇိုင်း အလကားဆွဲပေးတဲ့နည်းနဲ့ စည်းရုံးတော့ ကြော်ငြာတွေ အများကြီးရပါတယ်။ အမှတ်စဉ် ၁၆ အထိရောက်ပြီး အောင်မြင်ခဲ့ပေမယ့် အကြွေးတောင်းတဲ့ပညာကို အဓိကအားဖြင့် မတတ်တဲ့အတွက် အမြတ်ငွေတွေ သောင်းနဲ့ချီပြီး အကြွေးတွေဖြစ်နေလို့ ပြုတ်သွားပါတယ်။
အဲဒီလုပ်ငန်းရဲ့ ရလာဒ်ကတော့ ကျနော်တို့ နှစ်ယောက်ရဲ့ ပန်းချီ ကာတွန်းလက်ရာတွေကို လူတွေသိသွားကြတဲ့အတွက် ပေါ်ဦးသက်က လူထုတိုက်ကို ရောက်သွားပါ တယ်။  ကျနော်ကတော့ အသစ်စထုတ်တဲ့ ခေတ်ဂျာနယ်ကို ရောက်သွားပါတယ်။ ဦးဆောင်ပြီး လုပ်ကိုင်သူတွေကတော့ ယခု နာမည်ကြီး စာပေပညာရှင် ဦးသာနိုးတို့၊ ဘကြီးမိုးလို့ လူသိများတဲ့ ဦးမိုးသူ ခေါ် ဦးစိန်မြင့်တို့ မန္တလေး အေလမ်းက စာပုံနှိပ်စက်ပိုင်ရှင် ဦးမောင်ကိုတို့ ဖြစ်ကြပါတယ်။ အောင်မြင်ပေမယ့် နိုင်ငံရေးပုဒ်မနဲ့  အဖမ်းခံကြရလို့ ခဏနဲ့ ပြုတ်သွားပါတယ်။ အဖမ်းခံကြရတဲ့ထဲ ကျနော်တော့ မပါပါဘူး။ နောက် ဦးသာနိုးနဲ့ ဦးမိုးသူတို့ လွတ်လာကြတော့ သူတို့က မန်းခေတ် သတင်းစာ ဆိုပြီး ဆက်လုပ်ကြပါတယ်။
 ကျနော့်ကိုကျတော့ လူထုသတင်းစာတိုက်ကပဲ ခေါ်ထားလိုက်ပါတယ်။ ကျနော်နဲ့ ပေါ်ဦးသက်က လူထုသတင်းစာအတွက် နေ့စဉ် ကာတွန်းတွေ ရေးကြရပါတယ်။ သတင်းစာ အထူးထုတ်တွေနဲ့ ကြားဖြတ် လိုအပ်တတ်တဲ့ သရုပ်ဖေါ်ပုံတွေလည်း ဆွဲကြရပါတယ်။ နောက် လူထုတိုက်ကထုတ်တဲ့ စာအုပ်မျက်နှာဖုံး ဒီဇိုင်း တွေကိုလည်း ဆွဲကြရပါတယ်။
ကျနော်တို့ရှေ့က လူထုတိုက်မှာ ပန်းချီသရုပ်ဖော်ပုံတွေ ရေးဆွဲသွားသူကတော့ ပန်းချီ ဆရာကြီး ဦးဘရင်ကလေး ဖြစ်ပါတယ်။ ရန်ကုန်က အလွန်နာမည်ကြီးတဲ့ ပန်းချီ ကိုညိုဝင်းရဲ့ ဖခင်ဖြစ်ပါတယ်။ ပန်းချီ ဆရာကြီး ဦးဘရင်ကလေးဟာ သရုပ်ဖော်ပန်းချီတွေကို အလွန် ရဲရဲရင့်ရင့်၊ ခွန်နဲ့အားနဲ့ ရေးဆွဲတတ်သူ ဖြစ်ပါတယ်။ ခေတ်ပြိုင် ကမ္ဘာ့ပန်းချီလက်ရာတွေနဲ့ အလွန်နီးစပ်သူဖြစ်ပါတယ်။ ကျနော်တို့ လူထုတိုက်ကို မရောက်ခင်ကတည်းက ဆရာကြီး ဦးဘရင်ကလေးဟာ ရန်ကုန် ရုပ်ရှင်ရုံ ပိုစတာ ဒီဇိုင်းကြီးတွေဆွဲဖို့ အောက်ပြည်အောက်ရွာကို ဆင်းသွားပြီ ဖြစ်ပါတယ်။
လူထုတိုက်က ဆရာကြီး ဦးဘရင်ကလေးကို စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရေးဆွဲခွင့်ပေးခဲ့သလို ကျနော်နဲ့ ပေါ်ဦးသက်ကိုလည်း လွတ်လပ်ခွင့် အပြည့်ပေးပါတယ်။ ကျနော်တို့ကလည်း ရတဲ့အခွင့်အရေးကို အပြည့်အဝ အသုံးပြုကြတဲ့အတွက် ကျနော်တို့နှစ်ယောက်ရဲ့  စာအုပ် အဖုံးဒီဇိုင်းတွေ၊ သရုပ်ဖော်ပုံတွေဟာ သမရိုးကျမဟုတ်တဲ့ တသီးတခြား စတိုင်တမျိုးနဲ့ ထွက်လာပါတယ်။ အဲဒီအရှိန်နဲ့ ရန်ကုန်က စာအုပ်မျက်နှာဖုံး တော်တော်များများ ကျနော်တို့ဆီ လာအပ်တာတွေ ရှိလာပါတယ်။
ဦးလေးတို့ ဒေါ်ဒေါ်တို့က ကာတွန်းတွေကို သတင်းစာမှာ နေ့စဉ် မဖြစ်မနေ ပါချင်ကြ တယ်။ နေ့စဉ် နိုင်ငံရေးအခြေအနေတွေဟာ ကာတွန်းဆွဲဖို့ ဖြစ်ပျက်နေတာမဟုတ်တော့ ရေးစရာမရှိတဲ့အခါတွေမှာ အတော်ကြီးကို ဦးနှောက်ခြောက်စရာဖြစ်ပါတယ်။ ကျနော်နဲ့ ပေါ်ဦးက နေ့စဉ် ကာတွန်းရေးဖို့ ညနေလေးနာရီလောက်ကို သတင်းစာတိုက် အရောက်သွားကြရပါတယ်။ တမနက်ခင်းလုံး စဉ်စားပြီးရထားတဲ့ အိုင်ဒီယာကလေးတွေကို စက္ကူကြမ်း ပေါ်မှာ ပုံကြမ်းခြစ်ပြီး ဒေါ်ဒေါ့်ကို သွားပြကြရပါတယ်။ ဒေါ်ဒေါ့်ဆီက ခွင့်ပြုချက်ရပြီဆိုရင် အချောဆွဲ ဘလောက်ဌာနပို့၊ အိမ်ပြန်ရုံပဲ။ အလွန်ကြာလှရင် နာရီဝက်ပဲ။ ပိုက်ဆံရှာရတာတယ် လွယ်တာပဲလို့ အများက ထင်ကြတယ်။  ဒါက အဆင်ပြေတဲ့နေ့ ပြောတာနော၊ အဆင်မပြေတဲ့နေ့တွေကျရင် အိုင်ဒီယာက မရ၊ ရတဲ့အိုင်ဒီယာကိုလည်း ဒေါ်ဒေါ်က မကြိုက်ဆိုတော့ တညနေလုံး ချွေးစီးတွေပြန်ပြီး ည ၉ နာရီ ဘလောက်ခန်းပိတ်တဲ့ထိ အကြီးအကျယ် ဦးနှောက်ခြောက် ရပါတယ်၊ 
နေ့ချင်းသတင်း လတ်လတ်ဆတ်ဆတ်ရဖို့ဆိုတာ လေယာဉ်နဲ့လာတဲ့ သတင်းစာရမှ ဖြစ်တာပါ။ လေယာဉ် ပျံပျက်ကွက်တဲ့နေ့ဆိုရင် ကျနော် ဒုက္ခရောက်ပါတယ်။ အဲဒီလိုနေ့တနေ့မှာ ကျနော်လည်း စိတ်ညစ်ညစ်နဲ့ လူတယောက်က ကြွက်စုတ်တကောင်ကို အားရပါးရ ပစ်ကန်နေတဲ့ပုံဆွဲပြီး “လေယာဉ်ပျံက မဆိုက်လို့၊ သတင်းစာ မလာလို့ သတင်းမရှိရတဲ့ ထဲမှာ ဒီကြွက်စုတ်က ရှုပ်နေပြန်ပြီ ကဲကွာ” ဆိုတဲ့ စကားကို ထည့်လိုက်ပါတယ်။ ဒါက တကယ်သုံးဖို့ မဟုတ်ပါဘူး။ စိတ်ညစ်ညစ်နဲ့ ရေးလိုက်တာပါ၊ အဲဒီ Sketch ကို ဒေါ်ဒေါ်ကတွေ့သွားတော့ ရယ်လိုက်တာ၊ ဦးလေးလှကိုလည်း သွားပြတယ်၊ ပြီးတော့မှ အဲဒီနေ့အတွက် အဲဒီကာတွန်းကို သတင်းစာမှာ သုံးပါတယ်။ “ကာတွန်းဆရာ ဒုက္ခရောက်တာ လည်း လူတွေသိသင့်တာပဲကွ” လို့ ပြောပါတယ်။
တခါကလည်း ကာတွန်း အိုင်ဒီယာမရလို့ ချွေးစီးတွေပြန်ပြီး စိတ်ညစ်နေလို့ “ပန်းချီရေးစားရတာ မလွယ်ပါလား” ဆိုတဲ့ စာသားနဲ့  ပန်းချီဆရာက ပန်းချီကားကို ကိုက်စားနေတဲ့ပုံ သစ်သားဘောင်ကို ကိုက်ရတာမို့ သွားတွေ ကျိုးကုန်တဲ့ပုံကို ရေးမိပါတယ်၊ ဒါလည်း ဒေါ်ဒေါ်က တွေ့သွားပြီး သတင်းစာ မှာ သုံးပြန်ပါတယ်။ “ကာတွန်းဆရာရဲ့  ညည်းချင်းပေါ့ကွာ” တဲ့။ ကျနော်တို့ လူထုတိုက်မှာ သိပ်ပျော်ကြပါတယ်။
ဒါပေမယ့် ၁၉၆၂ ခု စစ်အစိုးရလည်းတက်ရော ကျနော်တို့ ကာတွန်းရေးတဲ့သူတွေ အရင်ဆုံး အလုပ်ပြုတ်တော့တာပါပဲ။ သူတို့က ဝေဖန်တာကို သိပ်ကြောက်ကြတယ်လေ၊ ဆက်လက် တင်ပြပါ့မယ်။ ကျန်းမာ ချမ်းသာကြပါစေ၊ ကျနော် ဝင်းဖေပါ။  
          (ဘီဘီစီ မြန်မာပိုင်းအစီအစဉ် – မှ ပြန်လည်ကူးယူဖော်ပြပါသည်)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
Similar Posts