>Htain Linn – Politics and Literature 54

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၅၄)
အာဏာရှင်များ နှင့် ကျောင်းသားတော်လှန်ရေး
ထိန်လင်း
ဖေဖော်ဝါရီ ၁၅၊ ၂၀၁၀
      မြန်မာ့နိုင်ငံရေးကို ကြည့်မယ်ဆိုရင် ကြီးမားတဲ့တော်လှန်ရေးတွေ ပေါ်ပေါက်ဖို့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေက အစပြုတယ်လို့ ဆိုရပါလိမ့်မယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကြီး မပေါ်ပေါက်ခင်မှာ ၁၉၂ဝ ကျောင်းသားသပိတ်နဲ့ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်တွေ ပေါ်ပေါက်ခဲ့သလို ၈ လေးလုံး လူထုတော်လှန်ရေး မပေါ်ပေါက်ခင်မှာလည်း ကျောင်းသားသပိတ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့ပါတယ်။
      ဒီသာဓကတွေကို ကြည့်တဲ့အခါ တော်လှန်ရေးတွေ သပိတ်တိုက်ပွဲတွေ ဆင်နွှဲပြီးမှသာ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုတွေ ပေါ်ပေါက်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့်လည်း ကံဆိုးတဲ့အချက်က မြန်မာ့သမိုင်းရဲ့ အကြီးမားဆုံး လူထုတော်လှန်ရေးကြီးဖြစ်တဲ့ ၈ လေးလုံး အရေးတော်ပုံအပြီးမှာ လုံးလုံးလျားလျား စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာပြီး ဆယ်စုနှစ် ၂ ခုကျော်လာတဲ့အထိ သက်ဆိုးရှည်နေခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပေါ်မှာလည်း သမိုင်းတလျှောက် အရက်စက်ဆုံး ဖိနှိပ်မှုတွေနဲ့ ရက်ရက်စက်စက် ဖြိုခွဲခဲ့ပါတယ်။ ဒါပေမယ့်လည်း ၈ လေးလုံး အရေးတော်ပုံကြီးမှာ လူထုလိုလားတဲ့စနစ်ကို မပြောင်းလဲနိုင်ခဲ့တဲ့အတွက် နိုင်ငံရေးတိုက်ပွဲတွေ ဆက်ရှိနေသလို ကျောင်းသားတွေရဲ့ ခေတ်ပြောင်းတော်လှန်ရေး သပိတ်တိုက်ပွဲတွေဟာလည်း မကြာခဏ ဆက်လက်ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။
      မြန်မာ့ စာပေနယ်မှာ ပထမ နဲ့ ဒုတိယ ကျောင်းသားသပိတ်၊ ၁၃ဝဝ ပြည့်အရေးတော်ပုံ စတဲ့ ကိုလိုနီခေတ် အရေးတော်ပုံများနဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ တော်တော်များများရှိပါတယ်။ ကျောင်းသားသပိတ်များနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မြင်ကွင်းတွေကို ဆရာသိန်းဖေမြင့်ရဲ့ ‘သပိတ်မှောက်ကျောင်းသား၊ ‘အရှေ့က နေဝန်းထွက်သည့်ပမာ၊  ဆရာဒဂုန်တာရာရဲ့ ‘ဒို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ၊ ဆရာမင်းကျော်ရဲ့ ‘ငါတို့ခေတ်နဲ့အပြိုင်၊ ဆရာကျော်အောင်ရဲ့ ‘သမဂ္ဂ အလံတော်အောက်ဝယ် စာအုပ်တွေမှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဆရာသိန်းဖေမြင့်ရဲ့ ‘သပိတ်မှောက်ကျောင်းသား နဲ့ ‘အရှေ့က နေဝန်းထွက်သည့်ပမာ စာအုပ်တွေက ရသ ကဲသလောက် မြင်ကွင်းကျယ် သရုပ်ဖော်ထားတဲ့အတွက် သပိတ်တိုက်ပွဲထဲ ကိုယ်တိုင် ရောက်နေသလို ခံစားရမှာဖြစ်ပါတယ်။ ဆရာအောင်ပြည့်ရဲ့ ‘ပြိုမှာလေလား မိုးရဲ့ စာအုပ်မှာတော့ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချလိုက်တဲ့ ဖြစ်ရပ်ကို ထည့်သွင်းရေးသားထားပါတယ်။
      ပထမ ကျောင်းသားသပိတ်နဲ့ ပတ်သက်လို့ မဆလ လက်ထက်မှာ ပါတီဌာနချုပ်ကနေ ‘အမျိုးသားနေ့နှင့် အမျိုးသားပညာရေးလှုပ်ရှားမှု သမိုင်းအကျဉ်းဆိုတဲ့ စာအုပ် ထုတ်ခဲ့ဖူးပါတယ်။ ကိုလိုနီခေတ်က အဖြစ်အပျက်မို့ အဲဒီလို ထွက်ရှိခဲ့တာဖြစ်ပေမယ့် မဆလ လက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးတော်ပုံ၊ ကျွန်းဆွယ်အရေးအခင်း စတဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ ဘာမှတ်တမ်းမှတ်ရာမှ မရှိခဲ့ပါဘူး။ ဒီအရေးအခင်းတွေရဲ့ ပုံရိပ်ကို ထင်ဟပ်စေတဲ့ တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွေတောင် ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ကျောင်းသားလှုပ်ရှားမှုများနဲ့ ပတ်သက်ပြီး ပြည့်စုံတဲ့ မှတ်တမ်းစာအုပ် မရှိခဲ့ပါဘူး။
      ဒီလို ဖြစ်ရတာဟာ အာဏာရှင်တွေက ကျောင်းသားလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ လူထုကြား ကျယ်ကျယ်ပြန့်ပြန့် မသိစေချင်တာထက် ကျောင်းသားလှုပ်ရှားမှုတွေ မကျယ်ပြန့်အောင်၊ ဆက်တိုက် မဖြစ်ပေါ်အောင် အညွန့်ချိုးတဲ့သဘော လုပ်ဆောင်တာ ဖြစ်ပါလိမ့်မယ်။ ဖြစ်လာတဲ့ အရေးကိစ္စမှာလည်း အင်အားသုံး ဖြေရှင်းမှုတွေ၊ တည်ဆဲဥပဒေ ဆိုတာတွေနဲ့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဦးသန့်အရေးအခင်းမှာ ကျောင်းသားအများအပြားကို နှစ်ရှည်ထောင်ချခဲ့သလို၊ တချို့ကိုလည်း ရာသက်ပန် ကျောင်းက ထုတ်ပစ်ခဲ့ပါတယ်။ သခင်ကိုယ်တော်မှိုင်း ရာပြည့်အထိမ်းအမှတ် နဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုမှာလည်း ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကို ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
      ဒီလို နှိမ်နင်းလိုက်တာနဲ့ အရေးတော်ပုံတွေ ထပ်မဖြစ်တော့ဘူးလို့ အာဏာပိုင်တွေက ယူဆထားပုံရပါတယ်။ ဒါပေမယ့် မျိုးဆက်ဟောင်းက အကြွေးကို မျိုးဆက်သစ်က ဆပ်တဲ့သဘောမျိုး အာဏာရှင်တော်လှန်ရေး ကျောင်းသားလှုပ်ရှားမှုတွေက ခေတ်အဆက်ဆက် ပေါ်ပေါက် ရှင်သန်နေဆဲဖြစ်ပါတယ်။ အာဏာရှင်တွေကတော့ ကျောင်းသားတော်လှန်ရေး ဖြစ်ဖို့မပြောနဲ့ တော်လှန်ရေးသမိုင်း ပြုစုတာကိုတောင် ခွင့်မပြုပါဘူး။
      အခုတော့ ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ ပတ်သက်လို့ တော်တော်ပြည့်စုံတဲ့ စာအုပ်တစ်အုပ် ထွက်ရှိခဲ့ပါပြီ။ စာအုပ်အမည်က ‘မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းဖစ်ပြီး ပြုစုသူက အောင်ထွန်း ဖြစ်ပါတယ်။ မြန်မာပြည်မှာက အချိန်မရွေး ကိုယ့်အိမ်ထဲ အာဏာပိုင် လက်မရွံ့တွေ ရောက်လာနိုင်သလို၊ ပိုင်ဆိုင်တဲ့ပစ္စည်းမှန်သမျှ သိမ်းယူနိုင်တာတွေ၊ အပြစ်မျိုးစုံ ခေါင်းစဉ်တပ်ပြီး ကြိုက်သလို ထောင်ချနိုင်တာကြောင့် ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းတောင် လွတ်လွတ်လပ်လပ် ရေးခွင့်မရှိပါဘူး။ ဒီကြားထဲက အခုလို သမိုင်းမှတ်တမ်းစာအုပ် ထွက်ပေါ်လာနိုင်တာဟာ ကြိုးပမ်းအားထုတ်မှု ဘယ်လောက်ကြီးမားခဲ့သလဲဆိုတာကို ဖော်ပြနေပါတယ်။
      ဒီစာအုပ်ကို မူရင်း ဖြန့်ချိခဲ့တာက ၁၉၉၇ ခုနှစ်လောက်မှာ ဖြစ်ပြီး လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့စာမူနဲ့ ဓာတ်ပုံမှတ်တမ်းတွေကို မိတ္တူပွား ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ပုံနှိပ်ထုတ်ဝေခွင့် မလွတ်တဲ့အတွက်ကြောင့် လျှောက်လွှာဆိုဒ် စာရွက်တွေနဲ့ မိတ္တူကူးပြီး ဖြန့်ခဲ့ရတာပါ။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် မဖြန့်နိုင်ခဲ့ပါဘူး။ ၂ဝဝ၇ ခုနှစ် ဧပြီလမှာတော့ ပုံနှိပ်စာမူအဖြစ် ထိုင်းနိုင်ငံအခြေစိုက် ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ထုတ်ဝေခဲ့ပါတယ်။
      ဒီသမိုင်းစာအုပ်မှာ ၁၉ဝ၃ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ သမိုင်းမှတ်တမ်းတွေကိုသာ ပြုစုတင်ပြထားတာ ဖြစ်ပေမယ့် လက်ရှိ စစ်အာဏာပိုင်တွေက ကိုအောင်ထွန်း အပါအဝင် စာအုပ်ပြုစုရေးမှာ ဝိုင်းဝန်း ကူညီခဲ့ကြသူ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ကိုအောင်ထွန်းကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၅(ည)၊ ၁၇/၂ဝ တို့နဲ့ ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ် ချမှတ်ထားတယ်၊ အခုချိန်ထိ အင်းစိန်ထောင်မှာ ရှိနေဆဲဖြစ်ကြောင်း အေအေပီပီလို့ အတိုကောက်ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
      ကိုအောင်ထွန်းနဲ့ အတူ တရားစွဲ ထောင်ချခံရသူ တော်တော်များများ ပြန်လည်လွတ်မြောက်ခဲ့ပေမယ့် အကျဉ်းထောင်ထဲမှာ ကွယ်လွန်ခဲ့ရသူ၊ ထောင်မှလွတ်ပြီး မကြာခင်မှာ ကွယ်လွန်ခဲ့ရသူတွေ ရှိခဲ့ပါတယ်။ လက်ရှိကာလ သမိုင်းအဖြစ်အပျက်တွေကို ရေးတာမဟုတ်ဘဲ အတိတ်က သမိုင်းကို ပြုစုတာတောင် ဒီလောက်အထိ အရေးယူခဲ့တယ်ဆိုတော့ ကျောင်းသားလှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ဘယ်လောက် ကြောက်လန့်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတွေရဲ့လှုပ်ရှားမှုက လူထုရဲ့ဆန္ဒနဲ့အညီ အမြဲတမ်း ရှင်သန်နေမှာ ဖြစ်သလို သမိုင်းဆိုတာလည်း ဘယ်လိုမှ ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။ ။ 
ထိန်လင်း (၁၅၊ ၉၊ ၂ဝဝ၉) 
      ၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts