လူများ၊ ရုပ်ပုံလွှာများ ဖြစ်ရပ်များ၊ အမှတ်တရများ

ကိုဂျေ ● ကျနော်ချစ်တဲ့ ပန်းချီဆရာဝသုန်

 ကိုဂျေ ● ကျနော်ချစ်တဲ့ ပန်းချီဆရာဝသုန်

(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၇

“ကိုဝသုန် ရောက်နေတယ်” အိပ်နေဆဲ ကျနော့်ကို ဇနီးက ပြောတယ်။

အိပ်ယာက နိုးနိုးချင်း အိမ်ရှေ့မှာထိုင်စောင့်နေတဲ့ ကိုဝသုန်ကို အရင်ဆုံး နှုတ်ဆက်စကား ဆိုလိုက်တယ်။ “အစ်ကို ခဏ လေးနော်၊ ကျနော် မျက်နှာသစ်လိုက်ဦးမယ်”

“ကိုဂျေ မင်းမျက်နှာက သစ်လို့မရဘူး။ ဆေးလို့ပဲရတယ်” ဆိုပြီး ကိုဝသုန်က ပြောတတ်တယ်။ ပန်းချီဆရာတွေထဲမှာ စကား လုံး သုံးနှုန်းတာကို လေးလေးနက်နက်စဉ်းစားပြီးမှ အသုံးပြုသူတဦးလို့ သတိထားမိလာတယ်။

အိမ်ကိုရောက်လာတိုင်း မိတ္တူကူးမယ့် စာရွက်တွေ၊ ဒီဇိုင်းစာလုံးတွေ ရာခိုင်နှုန်းအလိုက် ချုံ့မယ့် ချဲ့မယ့် ကိစ္စတွေကို ကျနော့်ဇနီးကို သေချာမှာတတ်တယ်။ သူပြောတဲ့အတိုင်း အတိအကျ မဖြစ်မချင်း အကြိမ်ကြိမ် ခိုင်းတတ်တယ်။ သူခိုင်းသမျှ ကိုလဲ အိမ်က မငြီးမငြူလုပ်ပေးခဲ့တယ်။ တခါတရံဆို ဆိုင်မှာ မိတ္တူလာကူးတဲ့သူတွေက ဈေးဆစ်တာ၊ အလုပ်ကို ကြားဖြတ် လုပ်ခိုင်းတာတွေ တောင်းဆိုလာရင်၊ သူ့ရဲ့ အားလေးလျှာလေးသံကြီးနဲ့ “ဈေးဆစ်ချင်ရင် အပျော်တမ်းဆိုင်တွေဆီသွားပါ” “အရင်လိုချင်ရင် ကိုယ့်လိုပဲ စောစောရောက်အောင်လာပါ” ဆိုပြီး အလုပ်အပ်သူတွေနဲ့ ကိုဝသုန်နဲ့ စကားများတတ်တယ်။ အလုပ်အပ်တဲ့သူက “ခင်ဗျားက ဘာမို့ဝင်ပြောနေရတာလဲ” လို့ ကိုဝသုန်ကို ပြောတဲ့ အခါဆိုရင်တော့… ကိုဝသုန်က “မင်း ငါ့ အကြောင်း တကယ်သိချင်လား၊ ဘေဘီရေ… နင်အလုပ်ပြီးတဲ့အခါ ငါဘယ်သူဆိုတာ ဒီကမိတ်ဆွေကို ပြောပြလိုက်ပါဦး”လို့ သူနဲ့ စကားများတဲ့သူကိုမကြည့်ဘဲ ကျနော့်ဇနီးကို ပြောတတ်တယ်။

တဖက်လူက စကားပြောတာရင့်လာရင်..ကျနော်က သူဟာ ပန်းချီဝသုန်ဖြစ်ကြောင်း၊ သူ့အလုပ်တွေ လုပ်နေချိန်မှာ ကြား ဖြတ်ဝင်လုပ်တာမကြိုက်ကြောင်း အကျိုးအကြောင်း ဝင်ရှင်းရပါတယ်။ သူ့အကြောင်း ပြောနေတဲ့အချိန်မှာလဲ။ အာရုံစိုက်နား ထောင်ပြီး.. “ကိုဂျေ မင်းက ငါ့ကို ပန်းချီဆရာတယောက်အနေနဲ့ ဘာလို့ဝင်ရှင်းပြနေရတာလဲ၊ ဒီလိုလူမျိုးတွေနဲ့ တန်တဲ့ စကားလုံးရှိတယ်၊ ပြောပြလိုက်စမ်း” ဆိုပြီး ဝင်ပြောတတ်တယ်။ ဒီလိုပြောတာကတော့ သူ့ရဲ့ငယ်နာမည်ဟာ ခင်လှ ဖြစ် ကြောင်း၊ တချိန်က စိန်ဂေါ်လီဂိုဏ်းရဲ့ ခေါင်းဆောင်တယောက် ဖြစ်ကြောင်းကို ပြောခိုင်းတာပါ။ သူ အိမ်ကိုရောက်လာတိုင်းလဲ အိမ်နားက လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ဖြစ်ပါတယ်။ သူဝတ္ထုတိုရေးဖြစ်တဲ့နေ့တွေဆိုရင်တော့ ညက ငါရေးတဲ့ ဝတ္ထုတို ကို မင်းဖတ်ချင်နေမယ်ဆိုတာ သိတယ်။ ရော့ “လေ့လာ” ဆိုပြီး သူရေးထားတဲ့ဝတ္ထုတိုကို ဖတ်ခိုင်းပါတယ်။ သူဟာ ပန်းချီ ရေးတာ၊ စာရေးတာကလွဲပြီး ကျန်တဲ့ကိစ္စကို ပြောလေ့မရှိပါဘူး။
xxxxx

၁၉၈၃ ခုနှစ်လောက်က ကိုဝသုန်ကို စတွေ့ဖူးတာပါ။ သူနဲ့ ဆုံခဲ့တဲ့ အိမ်ကတော့ မြောက်ဥက္ကလာပက ပန်းချီဦးညိုလှရဲ့ အိမ်မှာဖြစ်ပါတယ်။ အဲဒီအချိန်က ကိုဝသုန်ဟာ “လင်္ကာဒီပချစ်သူ” ရုပ်ပြကို ရေးနေတဲ့ အချိန်ဖြစ်ပါတယ်။ သူ့ရဲ့ လင်္ကာဒီပ ရုပ်ပြရေးလက်စ စာရွက်တွေကို ကြည့်ခွင့်ရခဲ့တယ်။ သူနဲ့ စကားပြောခွင့် ရခဲ့တယ်။ အဲဒီပြရုပ်ပြကို ရေးဖို့ ပုဂံခေတ်ယဉ်ကျေး မှုဆိုင်ရာ အဝတ်အစားတွေကို သူရှာဖွေစုစောင်းခဲ့ပုံတွေ၊ ဖန်တီးခဲ့ပုံတွေ၊ စာရေးဆရာ ကိုချစ်ဦညိုဆီက ဇာတ်လမ်းကို အခြေခံပြီး၊ သူကိုယ်တိုင် ဇာတ်ညွှန်းခွဲခဲ့တာတွေ၊ ဒီရုပ်ပြကို သူရေးနေတာ သုံးနှစ်ကျော်နေပြီ ဆိုတဲ့အကြောင်းတွေ ပြောပြ ခဲ့တယ်။

ပန်းချီဦးညိုလှ အိမ်ကစကားဝိုင်းလေးမှာ ကျနော်က မေးခွန်းတွေ တခုပြီးတခုမေးတာကို သူသေချာ နားထောင်ပြီး စိတ်ပါ လက်ပါ ပြန်ဖြေခဲ့ပါတယ်။ စကားဝိုင်းမဆုံးခင်မှာ သူက “ခင်ဗျားက ကျနော့်အကြောင်းတွေ အတော်သိပြီး၊ မေးခွန်းတွေ မေးနေပုံထောက်တော့ ဘယ်မဂ္ဂဇင်းမှာ ပြန်သုံးဖို့လဲ” လို့ မေးပါတယ်။ ဘယ်မဂ္ဂဇင်းမှာမှ သုံးမှာ မဟုတ်ကြောင်း၊ စိတ်ဝင် စားလို့ မေးတာဖြစ်ကြောင်းရှင်းပြပါတယ်။ ဦးညိုလှကလဲ ကျနော်ဟာ စာဖတ် စာရေးအလုပ်ကို ဝါသနာပါကြောင်း၊ ရုပ်ပြ ဇာတ်လမ်းတွေရေးနေကြောင်း ကိုဝသုန်ကို ပြောပြလိုက်ပါတယ်။ ဒီအချိန်ကစပြီး၊ ကိုဝသုန်နဲ့ကျနော် စတင် သိကျွမ်းခင်မင် ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျတော်ဟာ မဂ္ဂဇင်းအယ်ဒီတာဘဝမှာကော၊ ထုတ်ဝေသူဘဝမှာပါ ကျင်လည်ခဲ့ပြီး၊ အရင်ကထက် ကိုဝသုန်နဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။

စာပဲရေးရေး၊ ပန်းချီပဲရေးရေး စိတ်သန့်အောင်လုပ်ဖို့ လိုအပ်တယ်လို့ ကိုဝသုန်က ပြောတတ်တယ်။ စိတ်သန့်သန့်နဲ့ ဖန်တီး ထားတဲ့ အနုပညာရဲ့ရောင်ပြန်ဟပ်မှုဟာ ထာဝရတင့်တင်လှပတယ်လို့ ပြောတတ်ပါတယ်။ စာပဲရေးရေး ပန်းချီပဲရေးရေး ရှဲဒိုးဆိုတဲ့ အသုံးအနှုန်းကို သူအလွန် မုန်းတယ်လို့ ဆိုပါတယ်။ တခါက ရုပ်ရှင်မင်းသား ဦးကျော်ဟိန်းနဲ့ သူ့ကြားထဲမှာ ပြဿနာတခု ဖြစ်ခဲ့ကြောင်း၊ ပိုစတာတခု ရေးဖို့ သူ့ကို အလုပ်အပ်ကြောင်း၊ ဦးကျော်ဟိန်းက ပိုစတာဘယ်လိုရေးမယ်ဆိုတာကို အိုင်ဒီယာ၊ ကိုဝသုန်ကို ပန်းချီဆရာ တာဝန်ယူပေးဖို့ ဆွေးနွေးခဲ့ဖူးကြောင်း၊ ပိုစတာမှာ စာတမ်းထိုးတဲ့အခါမှာလဲ အိုင်ဒီယာက ကျော်ဟိန်း၊ ပန်းချီဆရာက ဝသုန်ဆိုတဲ့စာတမ်းကို ထိုးချင်တဲ့အကြောင်း တိုင်ပင်လာတယ်။ “ကိုကျော်ဟိန်းကို ပြောလိုက် တယ်။ ခင်ဗျား အလုပ်အပ်တာ လူမှားနေပြီလို့” ကိုယ်ပြောတဲ့စကားကို ဒီလူ နားလည် မလည် မသိဘူးလို့လဲ ကိုဝသုန်က ပြန်ပြောပြပါတယ်။ ရုပ်ရှင်ကို စော်ကားတာတော့ မဟုတ်ပါဘူး။ ဝသုန် မင်းသားဖြစ်ချင်ရင် ကြိုးစားပြမယ်။ ဖြစ်ကိုဖြစ်ရမယ်။ ပန်းချီဆရာတယောက် ဘဝကိုရဖို့ဆိုတာ ကိုယ်အခုထိ ကြိုးစားရှာဖွေနေရတုန်းလို့ ကိုဝသုန်က သူ့ခံယူချက်ကို ပြောခဲ့ တယ်။

ကိုဂျေ
ဒီ ၂၅၊ ၂ဝ၁၇
ခရစ္စမတ်နေ့က ကိုဝသုန်အကြောင်းတွေ ပြန်စဉ်းစားရင်း ဒီစာကိုရေးဖြစ်တယ်။ အချိန်ရရင် ရေးချင်သေးတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts