ဇင်လင်း သူတို့အာဘော်

ဇင်လင်း ● ပွင့်လင်းမြင်သာမှု တာဝန်ခံမှုရှိမှ စီးပွားရေး တည်ငြိမ်တိုးတက်မည်

ဇင်လင်း ● ပွင့်လင်းမြင်သာမှု တာဝန်ခံမှုရှိမှ စီးပွားရေး တည်ငြိမ်တိုးတက်မည်
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၇

လွန်ခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့က Roland Berger အတိုင်ပင်ခံလုပ်ငန်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ စီးပွားရေးစစ်တမ်းတခုထုတ်ပြန်ခဲ့ရာတွင် ယခုနှစ်အတွင်း စီးပွားရေး လုပ် ငန်းရှင်များ မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှု အကြီးအကျယ်ကျဆင်းသွားသည်ဟု ဖော်ပြခဲ့သည်။ အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD အစိုးရကို လူထုက မျှော်လင့်ချက်ကြီးစွာဖြင့် နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်နိုင်ရန် မဲပေး ခဲ့ပြီး၊ ၂ နှစ်အကြာတွင် လူမှုစီးပွားရေးဘဝ အခြေအနေ သိသာစွာ တိုးတက်လာခြင်း မရှိဟု ဝေဖန်သံများ ထွက်ပေါ်နေသည်။ ထို့ကြောင့် စီးပွားရေးပညာရှင်များက ရှင်းလင်းသော မူဝါဒများ ချမှတ်နိုင်ခြင်း မရှိဘဲ တုန့်ဆိုင်း တွန့်ဆုတ်မှုများ ရှိနေခြင်းက ပြည်သူလူထုကို စိတ်ပျက်လာစေကြောင်း ထောက်ပြကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နှင့် Roland Berger မဟာဗျူဟာ အတိုင်ပင်ခံ ကုမ္ပဏီ တို့၏ စစ်တမ်းကောက်ခံချက် (Myanmar Business Survey 2017) အရ မြန်မာ့ ရေတိုစီးပွားရေးလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ၂ဝ၁၆ ခုနှစ်က ၇၃ ရာနှုန်းရှိခဲ့ရာမှ၊ ၂ဝ၁၇ ခုနှစ်တွင် ၄၉ ရာနှုန်းအထိ ကျဆင်း သွားခဲ့သည်ဟု ဖေါ်ပြထားသည်။ ပြည်တွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း လုပ်ငန်းရှင် ၅ဝဝ ခန့်၏ သဘောထားအမြင်များကို မေးမြန်းခဲ့ရာတွင်၊ ရှင်းလင်းပြတ်သားသော စီးပွားရေး မူဝါဒနှင့် လုပ်ငန်းစဉ် ကင်းမဲ့နေသဖြင့် လုပ်ငန်းဆိုင်ရာ ယုံကြည်မှု ထိုးစိုက်ကျဆင်းသွားခဲ့ရသည်ဟု ဖေါ်ပြထားသည်။ ရှင်းလင်းတိကျသည့် ရည်မှန်းချက်များ၊ ထိုရည်မှန်းချက်များအတွက် အချိန်ဇယား၊ စီးပွားရေးတစ်ခုလုံး အမြန် အသွင်ပြောင်းလဲရေး အစီအစဉ် စသည်ဖြင့် ယခုထိ မရှိသေးဟု ပြောဆိုကြောင်း လည်း အစီရင်ခံစာ၌ ဖေါ်ပြထားသည်ဟု သိရသည်။

စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က မြန်မာ့ စီးပွားရေးအခြေအနေသည် နာမကျန်းဖြစ်နေသည်ဟု သုံးသပ်ပြခဲ့သည်။ ထို့ကြောင့် ထို နာမကျန်းသည့် စီးပွားရေးကိုကုသရန် ဆေးစစ်ရောဂါရှာ ဖွေပြီး ဆရာဝန်ညွှန်းသည့် ဆေးသောက်ဖို့ လို ကြောင်း ဝေဖန်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်း ဂျီဒီပီမှာ ၁၃ဝဝ ခန့်ဖြစ်သည်ဟု ဆိုသည်။ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) က ၂ဝ၂ဝ -၂၁ အရောက်တွင် တစ်ဦးချင်း ဂျီဒီပီ ၁,၈၃၂ ဒေါ်လာ ဖြစ်မည်ဟုခန့်မှန်း ထားသည်။ လာအိုနိုင်ငံ၏ ၂ဝ၁၅ နိုင်ငံသားတစ်ဦးချင်း ဂျီဒီပီမှာ ၂,၁၅၉ ဒေါ်လာဖြစ်သည်။ ထို့ အပြင် လာအိုမှာ နောင်ငါးနှစ် တွင် ဆက်လက်တိုးတက်ဦးမည်ဖြစ်၍ IMF ခန့်မှန်းထားသည့်အတိုင်း တိုးတက်ခဲ့လျှင်ပင် လက်ရှိအစိုးရ သက်တမ်းအတွင်း လာအိုကိုအမှီ လိုက်နိုင်ရန် အလားအလာနည်း နေကြောင်း ဒေါက်တာဦးမြင့်က သုံးသပ်သွားသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်၌ ပြုလုပ်သည့် Small and medium-sized enterprises (SMEs) လုပ်ငန်းများ ဖွံ့ဖြိုးရေးအစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ သည် ၎င်းတို့အစိုးရ မျှော်မှန်းထားသလောက် တိုးတက်မှု မရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျှက်ရှိသည်ဟု  နိုင်ငံတကာက သုံး သပ်ပြောဆိုမှုများရှိခဲ့သည်။ လူဦးရေ သန်း ၅ဝ ခန့်ရှိသော အရှေ့တောင်အာရှ မိသားစုဝင် မြန်မာနိုင်ငံသည် စစ်အာဏာ ရှင်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဆီသို့ ကူးပြောင်းနိုင်ရန် ကြိုးပမ်းနေသည်။ ဗဟိုချုပ်ကိုင် စီးပွားရေးစနစ်မှ ဈေးကွက်အခြေပြု စီးပွားရေးစနစ်ဆီသို့ ကူးပြောင်းရန်လည်း စတင်နေသည်။ ထို့ပြင် ဆယ်စုနှစ်များစွာ ပြည်တွင်း စစ်ဖြစ်ပွား နေရာမှ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းဖြစ်စဉ်ဆီသို့ပြောင်းလဲရန်လည်း ဦးတည်နေသည်။ သို့သော် ရှေ့ခရီးတွင် စိန်ခေါ်မှု ပေါင်းများစွာက စောင့်ကြိုလျှက်ရှိသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၏ ၂ဝ၁၅ ခုနှစ် ‘လူသားဖွံ့ဖြိုးမှုညွန်းကိန်း’ Human Development Index (HDI) အရ  မြန်မာနိုင်ငံအား အဆင့် ၁၄၈ သတ်မှတ်၍ ဖွံ့ဖြိုးမှုနည်းပါးနိုင်ငံစာရင်း၌ ထည့်သွင်းထားသည်။  အရှေ့တောင်အာရှ နိုင်ငံများ အနက် မြန်မာက အနိမ့်ဆုံးလည်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံ ၁၈၈ နိုင်ငံပါဝင်သော ၎င်းစာရင်းတွင်

၁။ ဖွံ့ဖြိုးမှု အလွန်မြင့်မားသောနိုင်ငံများ
၂။ ဖွံ့ဖြိုးမှုမြင့်မားနိုင်ငံများ
၃။ ဖွံ့ဖြိုးမှုအလယ်အလတ် နိုင်ငံများ
၎။ ဖွံ့ဖြိုးမှုနည်း ပါးနိုင်ငံများ ဟု အုပ်စု ၄ ခုခွဲထားသည်။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ နှစ်စဉ်ထုတ်ပြန်သည့်  HDI စာရင်းသည် နိုင်ငံအသီးသီး၏ လူ့သက်တမ်း၊ ပညာရေး လူနေမှု အဆင့်အတန်းများ အပေါ် မူတည်၍ တွက်ချက်ထားကြောင်း သိရသည်။ ၂ဝ၁၆ HDI စာရင်းအရ လူမှုဘဝ အမြင့် မားဆုံး နော်ဝေနိုင်ငံသားများ၏ ပျမ်းမျှလူ့သက်တမ်း ၈၂ နှစ်၊ ပျမ်းမျှတနှစ်ဝင်ငွေ  ဒေါ်လာ ၆ သောင်းခွဲဖြစ်သည်။ နော်ဝေ နိုင်ငံသားလူငယ်များ၏ ပျမ်းမျှပညာသင်ကြားခွင့် ကာလ ၁၈ နှစ်ဖြစ်သည်။ မြန်မာနိုင်ငံသားများ၏  ပျမ်းမျှ လူ့သက်တမ်း ၆၆ နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၄၉၄၃ နှင့် လူငယ်များ ပျမ်းမျှ ပညာသင်ကြားကာလ ၉ နှစ်မျှသာ ရှိသည်။ မြန်မာ့ အိမ်နီး ချင်း ထိုင်းနိုင်ငံသားများ၏ ပျမ်းမျှ လူ့သက်တမ်း ၇၅နှစ်၊ တနှစ်ဝင်ငွေက ဒေါ်လာ ၁၄,၅ဝဝ-ကျော်၊ လူငယ်များ ပညာသင် ယူနိုင်သည့်ကာလ ၁၄ နှစ် ဖြစ်သည်။ နှိုင်းယှဉ်ကြည့်ပါက မြန်မာ့ ဖွံ့ဖြိုးမှု အဆင့် မည်သိုရှိသည်ကို သိနိုင်သည်။

၂ဝ၁၆ မေလ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက်၊ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ  ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida က စကားပြန်ကတဆင့် အောက်ပါအတိုင်း ပြောကြား ခဲ့ကြောင်း RFA သတင်းအရ သိခဲ့ရသည်။

“မြန်မာနိုင်ငံဟာ အထူးသဖြင့် မြန်မာအစိုးရသစ်အနေနဲ့ အလေးအနက်ထားပြီးတော့ဆောင်ရွက်နေရာတွင် အလုပ်အကိုင်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံတည် ဆောက်ရေး၊ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး၊ အစရှိတဲ့ ကဏ္ဍတွေမှာ အစွမ်းကုန်ထောက်ပံ့ကူညီသွား မှာဖြစ်ပါတယ်၊ ဒါအပြင့် မြန်မာပြည်သူ၊ ပြည်သားရော လုပ်ငန်းရှင်တွေပါ နှစ်ဖက်စလုံးက အကျိုး ခံစားနိုင်ရန် ညီညီညွတ်ညွတ်နဲ့ အတူတကွ လက်တွဲပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်”

သတင်းစာရှင်းလင်းပွဲ၌ ဂျပန်သတင်းထောက်တစ်ဦးက မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံ၏ ဆက်ဆံရေးနှင့်  အနောက်နိုင်ငံ များ၏ ဆက်ဆံရေး မတူညီမှုအပေါ် မည်သို့ထင်မြင်ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့သည်။  ဂျပန် နိုင်ငံသူ နိုင်ငံသားများ၏ စေတနာ မေတ္တာကို အမြဲတမ်းတန်ဖိုးထားပြီး ကျေးဇူးတင်နေမှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ မြန်မာနိုင်ငံတွင် အစိုးရသစ်ဦးဆောင်လျှက်ရှိသော  ဒီမိုကရေစီ အသွင် ကူး ပြောင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဂျပန်အစိုးရနှင့် ပုဂ္ဂလိကကုမ္ပဏီများက ပူးပေါင်းပါဝင်သွားမည်ဖြစ်ပြီး၊ နိုင်ငံတကာ စိန်ခေါ်မှုများကိုလည်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် သဘောတူညီချက် ရရှိပြီးဖြစ်သည်ဟု  ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း သတင်းအရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှု မရှိ ဖြစ်နေရသည့် ကိစ္စနှင့်ပတ်သက်၍ ယေဘုယျသုံးသပ်ရလျှင် နိုင်ငံခြား အကူများရရှိရုံမျှဖြင့် ဖြေရှင်းနိုင်မည်ဟု မဟုတ်ဟု ယူဆမိသည်။ အဓိကအားဖြင့် ငွေမည်းများ အလုံးအရင်းနှင့် စီးဝင်နေသည့် လမ်းကြောင်းများကို ပိတ်ဆို့ဟန့်တား အရေးယူမှု မလုပ်နိုင်လျှင် ငွေကြေးဖေါင်းပွမှုနှုန်း မြင့်တက်လာ နေသည်ကို ထိန်းနိုင် မည်မဟုတ်။ မူးယစ်ဆေးဝါး၊ သစ်နှင့် ကျောက်စိမ်းစသော သယံဇာတ တရားမဝင် ရောင်းဝယ်နေမှု များ၊ လူကုန်ကူမှု များစသည့် လုပ်ငန်းများမှ ငွေမည်းအများစု စီးဝင်နေသည်။ အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍ တာဝန်ရှိသူများက သစ္စာရှိရှိ လာဘ်မစားဘဲ အကူအညီပေးမှသာ ငွေမည်းထုထည်ကို လျှော့ချနိုင်မည်။ တရားဥပဒေ စိုးမိုးမှု ခိုင်မာအောင် လုပ်နိုင်မှသာ ငွေကြေးဖေါင်းပွမှုကို လျှော့ချနိုင်မည်။ အထူးသဖြင့် အကျင့်ပျက်ခြစားမှု (Corrupting) လျော့ပါးသွားအောင် မလုပ်နိုင်ခြင်း၊  အကျင့်ပျက်ဝန်ထမ်းများကို အရေးယူမှု လျော့ရဲခြင်း တို့ကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်း တင်၍မရ ဖြစ်နေသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားပြီး ကုန်ဈေးနှုန်းမြင့်တက်ကာ စီးပွားရေးကျဆင်းနေသော အခြေအနေတွင် အစိုးရက အခွန် တိုးမြှင့် ကောက်ခံရန် လုပ်ဆောင်ခြင်းသည်လည်း လူလတ်တန်းစားများနှင့် အသေးစား အလတ်စား လုပ်ငန်းရှင်များအား ကြီးစွာ အခက်တွေ့စေသည်။ အစိုးရအနေဖြင့် အခွန်မဆောင်သူများ၊ အခွန်ရှောင်သူများထံမှ အခွန်ငွေ ရရှိအောင် စီမံ ဆောင်ရွက်နိုင်ခြင်း မရှိဘဲ ပုံမှန်အခွန်ဆောင်သူ လက်လုပ်လက်စားပြည်သူများထံမှသာ အခွန် တိုးမြှင့် ကောက်ခံနေခြင်း သည် တိုင်းပြည်စီးပွားရေး တိုးတက်မှုကို နှေးကွေးစေမည်သာဖြစ်သည်။ အခွန်တိုးကောက်မည်ဆိုလျှင် အစိုးရအနေဖြင့် ပြည်သူ့အခွန်ဘဏ္ဍာထဲမှ လစာပေးထားရသော ပြည်သူ့ဝန်ထမ်းများ၏ ဝန်ဆောင်မှု ကောင်းမွန်လာစေရန် ကြိုတင် ပညာပေးဖို့လိုသည်။ အခွန်မှန်သမျှ သာမန် အလုပ်သမား လယ်သမား အသေးစား အလတ်စား လုပ် ငန်းရှင်များနှင့် ဆင်းရဲသားပြည်သူများကသာ ပေးဆောင်နေရပြီး၊ အိမ်ခြံမြေနှင့် မော်တော်ယာဉ်များကို လက်ဝါးကြီးအုပ် ဈေးကစား ရောင်းဝယ်နေသူများ၊ ရွှေနှင့် ဒေါ်လာဈေး ကစားနေသူများ၊ စက်ရုံ အလုပ်ရုံ လုပ်ငန်းရှင်ကြီးများက နည်းလမ်း အမျိုးမျိုး ဖြင့် အခွန်ရှောင်နေကြသည်။ ထိုသို့ စီးပွားရေး ကမောက်ကမ ဖြစ်အောင် ဝိသမလောဘဖြင့် စီးပွားရေး လုပ်နေသူများကို အစိုးရက ထိန်းချုပ်ရန် လုပ်ရမည့်အစား၊ ပြည်သူများအပေါ် အခွန်တိုးကောက်ခြင်းဖြင့် ဘဏ္ဍာရေးအခက်အခဲကို ဖြေရှင်း ရန်လုပ်လျှင်၊ သာမန် ဆင်းရဲသားပြည်သူနှင့် လစာနည်း ဝန်ထမ်းများသာ နစ်နာရပေလိမ့်မည်။

ထို့ကြောင့် အစိုးရအနေဖြင့် လူထုအပေါ် သင့်တင့်မျှတရုံသာ အခွန်ကောက်သင့်သည်။ ငွေမည်းစီးဆင်းမှု လက်သည်များ ကို အဂတိကင်းစွာ အမြန်ဆုံးဖေါ်ထုတ်အရေးယူခြင်းဖြင့် ငွေကြေးဖေါင်းပွမှုကို လျှော့ချဖို့ လိုသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အသီးသီးအနေဖြင့်လည်း ပြည်သူများအတွင်း ကွင်းဆင်း၍ ပြည်သူ့အသံနားထောင်ကာ ပြည်သူတို့၏ စီးပွားရေးအကျပ်အတည်းကို မည်သို့လျော့ပါးအောင် လုပ်ဆောင်ပေးနိုင်မည်နည်း ဆိုသည်ကို ကြံဆသင့်သည်။ အထူး သဖြင့် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် အကျင့်ပျက်ခြစားမှု (Corrupting) တိုက်ဖျက်ရေးကို ဦးစားပေးကာ ထိထိရောက်ရောက် လုပ်သင့်သည်။ တရားစီရင်ရေးနှင့် ရဲလုပ်ငန်းတာဝန် ဆောင်ရွက်မှုအပိုင်းတွင် ပိုမို မြင်သာထင်သာရှိ လာရေးလည်း စီးပွားရေးမြှင့်တင်ရာတွင် အရေးကြီးသည်။  အကျင့်ပျက် ဝန်ထမ်းများကို အရေးယူမှု လျော့ရဲခြင်းကြောင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကျဆင်းနေသည်ကိုလည်း သတိချပ်သင့်သည်။

ယင်း ပြည်တွင်းအခြေခံ အားနည်းချက်များကို ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ပါက၊ နိုင်ငံတကာမှ ပေးလာသည့် စီးပွားရေး အကူအညီများသည် သဲထဲရေသွန် ဖြစ် မည်။ နိုင်ငံတကာအကူအညီကြောင့် ထွက်ပေါ်လာမည့် စီးပွားရေး အကျိုးအမြတ် များကိုလည်း ပြည်သူတို့ မခံစားရဘဲ အကျင့်ပျက်ခြစားသူများနှင့် ဝိသမစီးပွားရေးလုပ်ငန်းရှင်ကြီးများကသာ ရယူခံစား သွားလိမ့်မည် ဖြစ်သည်။ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောက်လုပ်သော အဆောက်အအုံများကို အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အထူးဂရုပြုစောင့်ကြည့်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော် ကိုယ်စားလှယ်များအား အောက်တိုဘာ ၂ဝ ရက်နေ့တွင် နှိုးဆော်ခဲ့ဖူးသည်။ လွှတ်တော်ဥက္ကဋ္ဌ၏ အထက်ပါ မှာကြားချက်ကို ထောက်ရှုပါက ယခင်နှစ်ပေါင်းများစွာက မြန်မာနိုင်ငံတွင် လမ်း တံတား ကျောင်း ဆေးရုံ အစိုးရရုံး အစရှိသည့် အဆောက်အအုံပေါင်းများစွာ ဘတ်ဂျက်ချထား သုံးစွဲခဲ့ရာတွင် အကျင့်ပျက်ခြစားမှု ကြောင့် အရည်အသွေး မပြည့်မီဘဲ အချိန်တိုအတွင်း ပျက်စီးခဲ့ရ၍ သဲထဲရေသွန်ဖြစ်ခဲ့ရသည်ကို သတိပြုသည်။

ပြည်သူ့ဘဏ္ဍာငွေကို ခန့်ခွဲသုံးစွဲရာတွင် ပြည်သူများ ပါဝင်စောင့်ကြည့်ခွင့် ရရှိအောင် အစိုးရက ဆောင်ရွက်ပေးသင့် သည်။ ပြည်သူပါဝင်ခွင့် မရစေရန် ကန့်သတ်ထားသည့် စနစ်များကြောင့် အကျင့်ပျက်ခြစားမှု ကြီးထွားခဲ့ခြင်းဖြစ်သည်။  တနည်း အားဖြင့်  ပွင့်လင်းမြင်သာမှု၊ (Transparency) နှင့် တာဝန်ယူမှု တာဝန်ခံမှု (Accountability) ကို ကျင့်သုံးခြင်း အားနည်းလွန်း သဖြင့် အကျင့်ပျက်ခြစားမှု နေရာရနေခြင်းဖြစ်သည်။  ဆန်းစစ်ကြည့်လျှင် အစိုးရအပါအဝင် အင်အားစု အသီးသီး၊ အဖွဲ့အ စည်း ပါတီအသီးသီးတွင် အဓိကတာဝန်ရှိကြသော ပုဂ္ဂိုလ်များအနေဖြင့် ပွင့်လင်းမြင်သာမှု (Transparency) ရှိရှိ အလုပ်တာ ဝန် ဆောင်ရွက်မှုအပိုင်း အားနည်းနေသေးသည်။ ထို့ကြောင့် မိမိတို့ ဦးဆောင်နေသော လုပ်ငန်းကဏ္ဍအသီးသီးနှင့်ပတ်သက်၍ ပြည်သူအား တာဝန်ယူမှု တာဝန်ခံမှု ကျင့်စဉ်ကို ကျင့်သုံးကြစေလိုသည်။ ထိုသို့ စီးပွားရေး တည်ငြိမ်မှုရရှိစေရေးအတွက် ပွင့်လင်းမြင်သာစွာ တာဝန်ယူရန် ပျက်ကွက်ကြပါက၊ နိုင်ငံရေး မတည်မငြိမ်အောင် ဖန်တီးလိုသူများအား အခွင့်အရေး ပေးရာရောက်သွားနိုင်သည်။ ထိုအချက်ကို အစိုးရအဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အထူး နိုင်ငံရေးသတိ ရှိစေလိုကြောင်း နှိုးဆော်အပ်ပါသည်။။။

*[ဒီလှိုင်းဂျာနယ်၊ အတွဲ (၆)၊ အမှတ် (၅ဝ)၊ တနင်္လာနေ့၊ ၂၅-၁၂-၂ဝ၁၇ ၌ ဖေါ်ပြခဲ့သည့် ဆောင်းပါး]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts