မှတ်စုမှတ်တမ်း

တင်ဇော်လွင် – ဗိုလ်ချုပ် ဖွင့်ခဲ့သော စာအိတ်များ

တင်ဇော်လွင် – ဗိုလ်ချုပ် ဖွင့်ခဲ့သော စာအိတ်များ
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅

“ ဗိုလ်ချုပ်ရာပြည့်ပွဲတွေ ဆင်နွှဲနေလိုက်တာ အားရစရာပါ ဦးလေးရာ ”

“ အေး –တို့ပြည်သူတွေ အနှစ်နှစ် အလလက တောင့်တခဲ့ရတာတွေကို အခုလို တပြုံတမကြီး တွေ့ရ၊ကြားရ၊ ဖတ်ရတော့ – မင်းတို့လူငယ်တွေအတွက်တော့ ဦးလေး ဝမ်းသာသကွ ။ နောက် မျိုးဆက်သစ်တွေ အတွက် သမိုင်းခြေရာ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်ပြန်ကောက်နိုင်တာပေါ့ကွာ ။အခုဆိုရင်ဘဲ ဗိုလ်ချုပ်တို့အကြောင်း၊ တော်လှန်ရေး ကာလ အကြောင်းရေးထားတာတွေ အများကြီး ထွက်လာပြီ မဟုတ်လား ။ မင်းတို့တတွေ အငမ်းမရ ဖတ်နေကြတာ ကြားရလို့ ဦးလေးသိပ်အားရတာဘဲ ။ ရေးတဲ့သူတွေကလဲ ရေးကြ၊ ဖတ်တဲ့သူတွေကလဲ ဖတ်ကြရင်းနဲ့ သမိုင်းဖြစ်ရပ်တွေကို ပီပီပြင်ပြင် မှန်မှန်ကန်ကန် မြင်တတ်၊ သုံးသပ်တတ်တဲ့ ဥာဏ်တွေ အလိုအလျောက် ပေါ်လာလိမ့်မယ်လို့ ဦးလေးတော့ ယုံတယ်။ ”

“ အဲဒီ ဥာဏ်တွေက  ကျနော်တို့တတွေကို အလိုအလျောက် လမ်းပြ လမ်းညွှန်သွားလိ့်မယ်လို့ ဆိုချင်တာလား ဦးလေး ။”

“ အေးပေါ့ကွ ။ သူများရေးတာတွေ ဖတ်ရင်းနဲ့ ကိုယ့်ရဲ့စိတ်က ဓမ္မနဲ့ အဓမ္မ ၊ကောင်းတာနဲ့ ဆိုးတာ၊ အတုနဲ့ အစစ်ကို အလိုလိုခွဲခြားပြီး ဖြစ်သွားလိမ့်မယ်ကွ။ အဲဒီတော့မှ မှန်းဆ ၊တွက်ဆနိုင်တဲ့ အမြော်အမြင်ဆိုတာပေါ်ထွက်လာမှာ ။ ဥာဏ်ရယ်၊ပညာရယ်၊ အမြော်အမြင်ရယ် ဆိုပြီး (၃) မျိုးရှိတဲ့ အထဲက  အမြော်အမြင်ဆိုတာ အဲဒါကိုပြောတာကွ။ ”

“ စုံအောင်တော့ ဖတ်ချင်ပါတယ် ဦးလေးရာ။ စာအုပ်တွေက ဈေးကြီးတာက ခက်တယ်။ ”

“ စာအုပ်တွေ ဈေးပေါပေါ နဲ့ ဖတ်နိုင်အောင်လို့ အစိုးရ က ဝင်ကူပေးရမှာကွ။ မင်းသိတဲ့အတိုင်း တို့ပြည်သူလူထုဟာ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ ငမွဲတွေ ဖြစ်နေကြပြီလေ။ ချမ်းသာတဲ့ သူဌေးတွေကလဲ စေတနာနဲ့ ဝင်ကူပေးကြရမှာကွ။ စာအုပ်တင်မဟုတ်ပါဘူးကွာ။ပြတိုက်တွေ ၊ပြခန်းတွေ ၊မော်ကွန်းတိုက်တွေမှာလဲ သမိုင်းတန်ဘိုးရှိတာတွေကို ရှာဖွေ စုဆောင်းပြီး ထိန်းသိမ်း ပြသထားတာဖို့ လိုတယ်ကွ။ ”

“ ဟုတ်ပါတယ် ဦးလေးရာ ။ ကျနော်တို့မှာ အစိုးရဘဲ အားကိုးစရာ ရှိတာပါ။ ”

“ ဒါနဲ့ မင်းကို အရင်က တခါမှ မပြခဲ့ဘူးတဲ့ စာအိတ်ကလေး (၃) လုံးကို ဒီနေ့ပြရဦးမယ်ကွ။ ဟောဒီမှာကြည့်။… ”

 

 

 (၁၉၄၂-၁၉၄၅ ဂျပန်ခေတ်)

“ ဂျပန်ခေတ် ၃ နှစ်တာကာလအတွင်းမှာ တံဆိပ်ခေါင်းတွေ မျိုးစုံအောင် သုံးခဲ့ကြတယ်ဆိုတာ မင်းကို ဦးလေးပြောဘူးတယ်လေ။ အင်္ဂလိပ်ပြေးတော့ ကျန်ခဲ့တဲ့ အင်္ဂလိပ် လက်ကျန် တံဆိပ်ခေါင်းတွေပေါ်မှာ ဒေါင်းပုံပါတဲ့ တံဆိပ်တုံးတွေကို ထပ်ရိုက်ပြီးသုံးတာတွေ၊ ဂျပန်စစ်ဗိုလ်ယာနိုး( YANO ) ရဲ့ လက်မှတ်တုံးနဲ့ တံဆိပ်ခေါင်းတွေ ။ ရှမ်းပြည်နယ်မှာ သီးခြားထုတ်တာတွေ။ ဂျပန်တွေ သယ်လာတဲ့ သူတို့ နိုင်ငံက တံဆိပ်ခေါင်းတွေ ပွလံကြဲနေတာဘဲ ဆိုတာတွေလေ။ ”

ဒေါင်းတံဆိပ်နှင့်

 

 

ယာနိုတံဆိပ်ခေါင်းများ

 

“ ကျနော်မှတ်မိပါတယ် ဦးလေး ။ အင်း  ဒီစာအိတ်လေး (၃) လုံးကတော့ တကယ့်ကို တန်ဖိုးရှိတာပါဘဲ။ ကျနော်မှန်းဆ ကြည့်လို့ရပါတယ်။ ယာနိုး( YANO ) တံဆိပ်ခေါင်းကော ၊ဂျပန်ခေတ်ရဲ့ စာတိုက်တုံးကောပါတယ် ။ ဒါနဲ့ အဲဒီ စာအိတ်တွေကို ဗိုလ်ချုပ်ကိုယ်တိုင် သူ့လက်နဲ့ ဖွင့်ခဲ့မှာပါနော် ။ ဦးလေးကလဲ ဗျာ။ ဦးလေးမှာရှိနေရက်သားနဲ့ ကျနော့ကို ဟိုးစောစောကတည်းက ဘာလို့ မပြရတာလဲ ။ ခုကျမှ။ ”

“ အပြစ်တင် မစောပါနဲ့ဦးကွ။ ဘာလို့ မပြရသလဲဆိုတော့….ဒီစာအိတ်တွေက “ အတု ” တွေကွ။

“ ဟင်- ဘယ်လို  အတု တွေ ဟုတ်လား ။”

“ ဟုတ်တယ်ကွ၊ အတုတွေ ။”

“ ဦးလေး ဘယ်လို ရခဲ့တာလဲ ဟင်။ ”

“ ပြောပြမယ်ကွာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကပေါ့ကွာ။ အမေရိကန် နိုင်ငံ နယူးယော့ ( NEW YORK) မှာ လုပ်တဲ့ တံဆိပ်ခေါင်းပြပွဲကြီး တခုမှာ ဦးလေးတွေ့လို့ ဝယ်ခဲ့တာကွ။ မှတ်တမ်းတင်ချင်လို့ ၊ အဲဒီပြပွဲကိုတောင် ဓါတ်ပုံရိုက်ခဲ့သေးတယ်။ ဒီမှာ ကြည့်ပါဦး ။

 

 

“ အတုမှန်း သိရက်သားနဲ့ ဘာဖြစ်လို့ ဝယ်ခဲ့ရတာလဲ ဦးလေးရ ။ဘယ်လောက်တောင် ပေးခဲ့ရသလဲ။ ”

“ အတုမှန်းသိရက်သားနဲ့ ဘာလို့ ဝယ်ခဲ့ရသလဲဆိုတော့ အစစ်မရှိလို့ပေါ့ ငါ့တူရ ။ အစစ်ရရင် ဒီအတုကို ဦးလေး မဝယ်ဘူး ။ ခုလိုလဲ သိမ်းမထားဘူး ။ ရှင်းရှင်းပြောရရင် မင်းကို ခုလိုတောင် ထုတ်ပြီးပြမနေဘူး ။ အစစ်ကို မမြင်ဘူးလို့ ဒီအတုလေးတွေကို (အာသာပြေ ) သိမ်းထားရတာပေါ့ကွာ။ နောက်တချက်က ဒီအတုတွေကို လုပ်တဲ့လူတွေက တကယ့်တံဆိပ်ခေါင်းကျွမ်းကျင်တဲ့လူတွေကွ ။ သူတို့ လုပ်တဲ့အတုတွေဟာ အစစ်နဲ့တောင် လုံးလုံးခွဲမရဘူးဆိုဘဲ။ ဒီတော့ကာ ဒီဟာတွေဟာ အတုဆိုပေမဲ့ အစစ်နဲ့တော့  တထပ်တည်းတူတယ်လို့ ယူဆရတော့မှာပေါ့ကွာ။ ”

“ ဒီတော့ ဦးလေးက ဆက်ပြီး သိမ်းထားမယ်ပေါ့ ဟုတ်လား ။”

“ အေးပေါ့ကွာ ။ ဆက်ပြီး သိမ်းထားမှာပေါ့ ။အစစ်ရတဲ့ နေ့ကျမှ ဒီအတုတွေကို စွန့်ပစ်မှာ ”

“ အစစ်တွေကော ရနိုင်ပါဦးမလား ဦးလေးရာ ။ ရှိကော ရှိပါတော့မလား။ နှစ်တွေလဲ ကြာပြီဆိုတော့ ”

“ ဟ ငါ့တူရ ။ ၁၉၄၅ ကနေ စတွက်ရင် ခုမှ နှစ်ပေါင်း ၇၀ ဘဲ ရှိသေးတာကွ။ ဘာကြာသေးတာမှတ်လို့။ ကုန်းဘောင်မင်းဆက် စခဲ့တဲ့ အလောင်းဘုရားမင်းကြီး ၁၇ ရာစုက ပို့လိုက်တဲ့ စာချွန်လွှာတောင် ဂျာမနီ မှာ ပြန်တွေ့သေးတာဘဲ ။ တနေ့နေ့ တချိန်ချိန် တနေရာရာမှာ အစစ်ဟာပေါ်လာပါလိမ့်ကွာ ။ အစစ်ဟာ တကယ်ရှိနေသေးတယ်လို့ ဦးတော့ ယုံကြည်တယ်။ ”

“ ခုတော့ ဘယ်သူ့ဆီမှာ ရှိနေသလဲ ဘယ်သိနိုင်မလဲနော်။ ”

“ တို့နိုင်ငံကနေ ခုန်ပျံကျော်လွှားပြီး အဲဒီ နယူးယော့ အရောင်းပွဲကို ရောက်လာတဲ့ တခြား ဂျပန်ခေတ်စာအိတ်တွေကို ဦးလေးဝယ်ခဲ့သေးတယ်ကွ ။ အဲဒါတွေကတော့ အစစ်တွေဘဲ။ ဒီမှာကြည့်ပါဦး …”

မြောင်းမြနှ ဟင်္သာတသို့

 

တွံတေးမှ ၀ါးခယ်မသို့

 

ရှမ်းပြည်နယ် သိန္ဒီမှ ပေါင်သို့

 

ဂျပန်ပေးတဲ့ လွတ်လပ်ရေးနေ့၊ ၁၉၄၃ သြဂုတ်လ ၁ရက်

 

တသွေးတသံတမိန့် ဒေါက်တာဘမော် အစိုးရ

“ ဒါပေမဲ့ ဗိုလ်ချုပ်ဖွင့်ခဲ့တဲ့ စာအိတ်တွေတော့ ဘယ်သူ့ဆီမှာ ရှိနေသလဲ ဆိုတာတော့ ဘယ်သူက သိနိုင်မှာလဲကွာ။ ”

“ တပ်မတော်မော်ကွန်းတိုက် ၊ပြတိုက်လိုနေရာမျိုးမှာ ဂျပန်ခေတ် နဲ့ ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေ ထားတယ်ဆို။ အဲဒီမှာကော….။

“ အေး- – အဲဒီ မော်ကွန်းတိုက်ကော အခု ဘယ်နား ရောက်သွားပြီလဲ။ အဲဒီမှာ ရှိ- မရှိ အဲဒီက တာဝန်ရှိတဲ့သူတွေဆီ စာရေးပြီး မေးကြည့်မလို့လား ။ တယ်လီဖုန်း ဆက်ပြီး မေးကြည့်ဦးမလို့လား ။ဟင်း –ငါ့တူကြီးလဲ ကိုယ့်စစ်ဗိုလ်တွေအကြောင်း ခုထိ မသိသေးပဲကိုး ။ ဒီလို ထိန်းသိမ်းခြင်း ၊ပြုပြင်ခြင်း၊စုဆောင်းခြင်း စတဲ့ အလုပ်တွေကို တစ်ဦးတစ်ယောက်ထဲက တဖွဲ့တစည်း ထဲက လုပ်ဘို့မဖြစ်နိုင်ဘူးကွ ။ အစိုးရ ကိုယ်တိုင်က စိတ်လိုလက်ရ ဦးဆောင်ပြီးလုပ်ပါမှ ဖြစ်နိုင်တဲ့ ကိစ္စမျိုးကွ ။ တန်ဖိုးကိုလဲ သိဦးမှ ။ အမြော်အမြင်လဲ ရှိဦးမှ ။ ခုတော့ — ပုဂံဘုရားတွေက အဖိုးတန်တဲ့ ရှေးဟောင်းနံရံပန်းချီတွေကိုတောင်ဆေးထပ်သုတ်ပစ်တဲ့ ဥာဏ်ကြီးရှင်တွေ ရှိနေသရွေ့တော့ ဗိုလ်ချုပ်ရဲ့ စာအိတ်အစစ်ကို ပြန်တွေ့ဖို့ လွယ်မယ်မထင်ပါဘူးကွာ။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts