စာအုပ်စင်

မိုးမခလစဉ် ဖေဖော်ဝါရီ တကယ်ထွက်ပြီ ဆိုတဲ့အကြောင်း ဧရာဝတီဘလောက်က ညွှန်း

  
မိုးမခလစဉ် ဖေဖော်ဝါရီ တကယ်ထွက်ပြီ ဆိုတဲ့အကြောင်း ဧရာဝတီဘလောက်က ညွှန်း
(ဧရာဝတီဘလောက်က ကောက်နုတ်တယ်) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅

ဒီလထွက်တဲ့ စာစောင်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အငွေ့အသက် အများအပြား ပါဝင်နေတာ သတိထားမိကြမှာပါ။

နှင်းဆီဖြူ ဂျာနယ် နဲ့ မိုးမခမဂ္ဂဇင်းတို့ကလည်း သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းကို မျက်နှာဖုံးမှာ ဂုဏ်ပြု ဖော်ပြကြပါတယ်။
ဒီစာစောင်နှစ်ခုကို ဖတ်ပြီး  အနည်းအကျဉ်း ပြန်လည် ဖောက်သည်ချရရင်တော့ ….

မိုးမခ …

မိုးမခ ဆောင်းပါးရှင်  နန်းညွှန့်တေဇရဲ့ ဆောင်းပါးမှာတော့  ဗိုလ်ချုပ်အောင်ဆန်း အသက် ၃၀ အရွယ်မှာ  ဖဆပလ တပ်ပေါင်းစု  ဥက္ကဋ္ဌဖြစ်လာပုံနဲ့ ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာ့နိုင်ငံရေး အခြေအနေကို လှလှပပ ရေးထားပါတယ်။

အိမ့်ခိုင်ဦးရဲ့ ဆောင်းပါးရှည်ကတော့  သေနတ်ကိုင်တဲ့  စာနယ်ဇင်းသမားများအကြောင်းပါ။
သူက ဒါကို ဖိလစ်ပိုင်နိုင်ငံမှာ သွားရောက် လေ့လာ ရေးသားခဲ့ခြင်းပါ။  အဲဒီက သတင်းသမား အများအပြား   ဘာကြောင့် သေနတ်ကိုင်ကြသလဲ ဆိုတဲ့ အငြင်းပွားဖွယ် အကြောင်းအရာက ကိုယ်ရော အဲဒီဒေသမှာ သတင်းလုပ်ငန်း လုပ်တဲ့အခါ သေနတ်ကိုင်ဖြစ်မလား ဆိုတာကလည်း သေချာပေါက် စဉ်းစားလို့ကောင်းပါလိမ့်မယ်။ ဆောင်းပါး ခေါင်းစဉ်က “ကျည်ဆန်ကြားက သတင်းသမား”။

မိုးမခမှာ လူကြီးပိုင်းလက်ရာတွေကိုလည်း ဖတ်ရမှာပါ။

ဆရာ မောင်စွမ်းရည်က သူ့ဆောင်းပါးမှာ သူ “ဓားရေးလှံရေး” မပြတော့တာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြထားပါတယ်။

အုန်းနိုင်ရဲ့ ဆောင်းပါးမှာတော့ ၁၉၉ဝ ဝန်းကျင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကနေ  ထုတ်ပယ်လိုက်တဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ ခေတ်လူငယ်များ၊ မျက်ခြေပြတ်သွားသူများ ဖတ်သင့်ပါတယ်။

မိုးမခ အွန်လိုင်းမီဒီယာဟာ  နိုင်ငံရေးနဲ့ ရသစာပေ အသားပေး လစဉ်ထုတ် စာစောင်ကို ထုတ်နေတာ တနှစ်ရှိသွားပါပြီ။

အိုင်ဒီခေတ်၊ ဒစ်ဂျစ်တယ်ခေတ်မှာ တခြားသော မီဒီယာ အများအပြား နည်းတူ မဂ္ဂဇင်းတွေလည်း ဈေးကွက်ပျက်နေပါပြီ။ ဈေးကွက်မရှိတော့ဘူးလို့တောင် ပြောသူက ပြောနေပါပြီ။

ဒီအချိန်မှာ မိုးမခ ထွက်လာခြင်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts