ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – “ အောင်ဆန်း ရာပြည့် ၊ ဘာတွေကြည့် ”

မောင်စွမ်းရည် –  “ အောင်ဆန်း ရာပြည့် ၊ ဘာတွေကြည့် ”
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅

(၁)   အောင်ဆန်းဆို အောင်ဆန်းတဲ့ ၊မှောင်သမ်းတဲ့ ဗမာပြည်

လင်းစေခဲ့ပြီ။

ဗြိတိသျှ ကိုလိုနီ ၊ဘာမထီ ဖယ်ရှား

ဖက်ဆစ်တို့ ကျူးကျော်ရန်ကို ၊တွန်းလှန်ကာ တိုက်တဲ့ ယောက်ျား ။

(၂) ဗိုလ်ချုပ်ဆို အောင်ဆန်းတဲ့ ၊တောင်တန်းနဲ့ ဗမာညီ

ပေါင်းစည်းခဲ့ပြီ ။

ရှမ်း ၊ချင်းနဲ့ ကချင်ညီ ၊ ကရင်ပြည် မခြား

ပြည်ထောင်စု တည်ထောင်သည် ၊ညီနောင်တွေ သွေးစည်းခဲ့သား ။

(၃) အောင်ဆန်းခေါ် ဗိုလ်ချုပ်က ၊မွေးထုတ်တဲ့ တပ်မတော်

ဘီအိုင်အေ သူဖေါ်၊ ဘီဒီအေ ကျော်ကြား

ပြည်သူ့စစ် အာဇာနည်တွေ၊ ဘာမထီ သွေးသောက် ပြောက်ကျား ။

(၄) အောင်ဆန်းဆို ဗိုလ်ချုပ်က ၊စည်းကမ်းထုတ် လမ်းဖေါ်

ရဲဘော်သည် တိုင်းပြည်တွက်တဲ့၊ ရဲဘော်တွက် ကိုယ်ကျိုးမမျှော်။

ကိုယ်ကျိုးဖက်၊ ကိုယ်ကျိုးဖေါ်လျှင်၊ မသူတော်လူသွမ်း။

အောင်ဆန်းကို ချစ်တယ်ဆိုရင်၊ ဗိုလ်ချုပ်ကို ချစ်တယ်ဆိုရင်

အောင်ဆန်းလို ကျင့်လိုက်ကြစမ်း။

(၅) ဗိုလ်ချုပ်ဆို အောင်ဆန်းက ၊ ဖေါ်ညွှန်းတဲ့ လမ်းစဉ်

လူထုအတွက် ၊လူထုတင်၊ လူထုပင်အုပ်စိုး

ဒီမိုကရေစီ ပန်းတိုင် ရောက်အောင် ၊ လမ်းဖေါက် ဆော်နှိုး

(၆) ရာပြည့်ခေါ် ပွဲတော်ကြီး ၊ခြိမ့်ခြိမ့်ဟည်းစည်လိုက်တာ

သမီးသမက် စုံညီစွာ၊ ခမည်းခမက် အကုန်ဒီလာ

ပွဲတော်မှာ ဘာတွေပြတယ်၊ ပွဲတော်လာ ဘာတွေရတယ်

ပြောပြပါအုံး ။

(၇) ဗိုလ်ချုပ်ဆို အောင်ဆန်းက ဖေါ်ညွှန်းခဲ့ နမူနာ၊နည်းယူရမှာ

သတ္တိရှိလို့ စွန့်စားတာ၊ စွန့်စားနိုင်လို့ စွန့်လွှတ်တာ

စည်းစိမ်ဥစ္စာ ရတနာ၊ ဘာကိုမှ မက်ဘူး

တိုင်းပြည် နဲ့ပြည်သူတွက်ဆို ၊သူ့ဘဝ သူ့အသက်ကို

ဖက်ရွက်လောက်မက်ဘူး။    ။

မောင်စွမ်းရည်

၂၀၁၅ ဇန်နဝါရီ ၁၇ – ၂၀၁၅ ဖေဖေါ်ဝါရီ ၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts