ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် – စကားအချေအတင်

ကိုသန်းလွင် – စကားအချေအတင်
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅

(၁)

မြတ်သောမင်းကြီး သင်သည် ပညာရှိတို့၏ တိုင်ပင်ပြောဆိုခြင်းမျိုးကို အကယ်၍ တိုင်ပင်ပြောဆိုသည် ဖြစ်အံ့၊ တိုင်ပင် ပြောဆိုပါအံ့၊ စကားအချေအတင်ပြောကြသည်ဆိုရာတွင် စကားဖြင့် ရစ်ပတ်ချည်နှောင်ခြင်းကိုလည်း ပြုလုပ်အပ်၏။ တုံ့ပြန် ဖြေချွတ်ခြင်းကိုလည်း ပြုလုပ်အပ်၏၊ နှိမ်နှင်း ရှုတ်ချ ခြင်းကိုလည်း ပြုလုပ်အပ်၏၊ မြှင့်တင် ချီးမြှောက်ခြင်း ကို လည်းပြုလုပ်အပ်၏၊ အကျွမ်းတ၀င်ကိုလည်း  ပြုလုပ်အပ်၏၊ ထိုသို့ ပြုလုပ်ခြင်းများကြောင့် ပညာရှိတို့သည် အမျက် မထွက်ကုန်။

ရှင်နာဂသေနမထေရ်သည် မိလိန္ဒမင်း၏ တိုင်ပင်မေးမြန်းခွင့်ပြုရန် လျောက်ထားချက်ကို အထက်ပါအတိုင်း တုန့်ပြန် လေသည်။ မိလိန္ဒ ပညာစာအုပ်ကို ဖတ်သော် ဗုဒ္ဓ၀ါဒနှင့် ပါတ်သက်၍၄င်း၊ စကားအချေအတင်ပြောဆိုခြင်းနှင့် ပါတ်သက်၍၄င်း၊ ဗဟုသုတ ဖြစ်ဖွယ် အကြောင်းအရာများစွာကို ကျွန်တော်တို့ တွေ့ကြရပါသည်။

(၂)

ကျွန်တော်တို့ ကျောင်းသားအရွယ် ခေတ်က   စကားအချေအတင် ပြောဆိုခြင်းဆိုသည်ကို ကျောင်းများတွင်           “ စကားရည်လုပွဲ ” ဟု ခေါ်ကြ နားလည်ကြရပါသည်၊ ကျောင်းသားများက စဉ်မြင့်ပေါ်သို့တက်ပြီး ပြောကြဆိုကြ သည် ကို ကျောင်းသားအများ နားထောင်ကြရပါသည်၊ ဥပမာ “ ကလောင်သွားသည် ဓါးသွားထက် ထက်သည် ’’  ဆိုသော  အဆို ကို  အဆိုဘက်က လေးယောက်၊ အချေဘက်က လေးယောက် စသည်ဖြင့် တဦးချင်းစီ စင်မြင့်သို့ တက်ပြီး ပြောကြရပါသည်။ အချေဘက်က အားလုံးပြီးသော် အဆိုဘက်ခေါင်းဆောင်က တစ်ကြိမ်ထပ်ပြောခွင့် ရ သည်။ သူတို့ ပြောဆို ချက်များကို အမူအယာ၊ လေယူလေသိမ်း၊ အကြောင်းအရာ (Substance) စသည်ဖြင့် အောက်မှာထိုင် ပြီးနားထောင်နေသော ဆရာ၊ ဆရာမ  ဒိုင် တွေ ကအမှတ်ပေးသည်။

မန္တလေးတက္ကသိုလ် မှ စကားရည်လုပွဲတွေ မှာနာမည်ကြီးသည်၊ နာမည်ထင်ရှားသော ပုဂ္ဂိုလ်ကျော်တွေ၊ စာရေးဆရာတွေ ၀င်ပြီး စကား ပြောကြသည်။ စကားရည်လုပွဲ အကြောင်း နှစ်ပါတ် တစ်လ ခန့် ကြိုတင်၍ ကြေငြာထားသည်။ မည်သူမဆို တက် ရောက်နားထောင်နိုင်သည်။
စကားရည်လုပွဲများ မှာ အချေအတင် ပြောကြရသည် ဆိုသော်လည်း တစ်ဦးက အကြောင်း အရာကို အချိန်အတိုင်း အတာနှင့် ပြော၍ နောက် တဦးက သူ့အလှည့်တွင် ဆန့်ကျင်ပြောကြရခြင်း ဖြစ်သည်၊ စကားအပြန် အလှန် အတိုက် အခံ ပြောကြရခြင်း၊ ဖြေရှင်းကြရခြင်း မဟုတ် မိမိပြောလိုသည်တို့ကို ရေးချ ဇာတ်တိုက် လာနိုင်သည်၊ အကြိတ်အနယ် စဉ်းစား Challange  လုပ်ရသောပွဲ ဟူ၍ကား မဆိုနိုင်။

(၃)

အမေရိကန်တွင် လေးနှစ် တကြိမ်သမ္မတ ရွေးကောက်ပွဲရာသီရောက်ပြီဆိုသည်နှင့် ပါတီကြီး ၂ ခု မှ ပြိုင်ဘက် နှစ်ယောက် ဖြစ်စေ၊   ပါတီ ၂ ခုထက် များပါက ပြိုင်ဘက် သုံးလေးဦးခန့် စင်ပေါ်ကို  တက်ကြရပါသည်။   Moderator    ဆိုသူမှာ အခြား TV  Presentator  တဦး ဖြစ်စေ၊ ဂျာနယ်လစ်(စ) တဦးက အခမ်းအနားမှူး  (သို့ ) သဘာပတိ လုပ်ရသည်။ သူသည် ဘယ်သူမှ မသိသော မေးခွန်း နှစ်ဆယ်၊ သုံးဆယ် ခန့်ကို ရေးယူလာလေသည်။

ပထမ သမ္မတလောင်း တဦးချင်းစီကို သုံးမိနစ် ခန့်  စကားပြောခွင့် ပေးသည်။ ထို့နောက် သူကမေးခွန်း ၁ ခုစီကို ဘယ်သူပြောပါဟူ၍ အဖြေခိုင်းသည်။  ၃ မိနစ် ဖြေပြီး သော်တဖက် လူကို ၃ မိနစ်ခန့် ဖြေခွင့်ပေးသည်။ အချေအတင် ပြောပွဲ၏ Format ခေါ်လိုက်နာရန်စည်းကမ်းတွေကို သမ္မတ လောင်းနှစ်ဦး၏ ကိုယ်စားလှယ်များက ကြိုတင်ဆွေးနွေး ညှိနှိုင်းသဘောတူထားကြရပါသည်၊

လက်ရှိ အုပ်ချုပ်ဆဲ သမ္မတကြီး ဖြစ်စေကာမူ သဘာပတိ  ဆုံးဖြတ်သည် ကိုလိုက်နာရသည်။ ရပ်ပါတော့ဆိုလျင် ရပ်ရသည်။ သူကခွင့် ပေးမှ  ဆက်ပြောခွင့် ရှိသည်။ ကျွန်တော်တွေ့ဘူးသမျှ  ထို ဒီဘိတ် ( Debate)  များမှာ သမ္မတလောင်းများ၏ စိတ်နေ  သဘောထား၊ အယူအဆ အပြုအမူ၊ အပြောအဆို  များကို လွန်စွာ ထင်ရှား ပေါ်လွင် စေပါသည်။ တခါမှဒေါသထွက်ကြသည်ကို မတွေ့ရစဖူး၊ ဒေါသကို ပြလျင်တော့ ရှုံးဘို့သေချာနေပါသည်၊

ပညာရှိမဆန် အမျက်ထွက်ပြီး ဒေါသကိုပြလျင် သမ္မတ ရာထူးနှင့် မထိုက်တန်သူသာဖြစ်လေသည်၊။ သမ္မတကြီး စီနိယာ ဘွတ်(ရှ) မှာ ချဲ့လင့်ခေါ်သူကလင်တန် နှင့် စကား ပြောကြရာ တွင် မပြီးနိုင် ကောင်းလားဟု နာရီ ကို အခါများစွာ ကြည့်သဖြင့် ရှုံးသွားသည်ဟု မှတ်သားရဘူးသည်၊
နစ်ဆင် နှင့် ကနေဒီ တို့၏  debate မှာ နစ်ဆင်ရှုံးရခြင်းမှာ နစ်ဆင် ၏  Personality  နှင့် ကနေဒီ တို့မှာ များစွာကွာ သည်ဟု ဆုံးဖြတ်ကြသည်၊ စကားပြောကြရာတွင် နစ်ဆင်မှာ မျက်နှာရှုံ့ မဲ့နေသည်၊ ကနေဒီက ပေါ့ပေါ့ပါးပါး ဟာသ နှော၍ စကားပြောနိုင်ပါပေသည်ဟုချီးကျူးသံတွေကြားရသည်၊

သမ္မတ အိုဘားမား ၏ ဒုတိယ အကြိမ်  မစ် ရွန်မနီ  နှင့် ပြောကြရာ  ပထမ အကြိမ် တွင် သမ္မတကြီးလုပ်သုမှာ သိသိ သာသာ ကြီး ရှုံးနေ သည်၊ အတိုက်အခံကပြောသမျှ အိုဘားမားမှာ ထိထိရောက်ရောက်ပြန်လည်မချေပနိုင်၊ ဒုတိယ အကြိမ်တွေ့ကြသော အခါ  သမ္မတ ကိုသူ့အကြံပေးတွေက ဘယ်လိုသင်ကြားလိုက်ကြသည်မသိ၊  သိသိသာသာ ကြီးချေပပြောဆိုနိုင်ပြီး အရွေးခံရသည်။

ပရိတ်သတ်ထဲမှ မေးလာသောမေးခွန်းတွေကိုလည်း လက်ခံသေးရာ သဘာပတိ လုပ်သူက ဘယ်သူဖြေပါဟု စီစဉ်ပေးသည်။ ကျွန်တော်တို့ ကမ္ဘာ၏ တဖက်ခြမ်း မှ မြင်ရသူတွေ မှာ သမ္မတ အသစ်သည် ဘယ်လိုလူ ဖြစ်သည်ဟု တွေးဆ  ကြည့်နိုင် ကြသလို အမေရိကန်ပြည်သူ တွေ အဖို့ မှာလည်း ဘယ်သူကို မဲပေးရမည်ဆို သည်ကို  ကြည့်ရှု အကဲခတ် နိုင် ကြပါသည်။

ရည်ရွယ်ချက် မှာ သမ္မတ လုပ်ချင်သူတို့၏ ကိုယ်ရည် ကိုယ်သွေး ၊ ကိုယ်ပိုင် ဗဟုသုတ၊ အတွေး အခေါ် ခံယူချက်တို့ ကို  ပြည်သူက တွေ့မြင် အကဲခတ် နိုင်ကြစေရန် ဖြစ်ပါသည်။ အခါများစွာ၌ မဲပေးမည့်သူသည် ဘယ်သူ့ကို ပေးရမည် ဟု မဆုံးဖြတ်နိုင်ဖြစ်နေတတ်ပေရာ ထို အချေအတင်ပြောပွဲများက မဲပေးသူကို ဘယ်သူ့ကိုပေးရန် ဆုံးဖြတ်ချက် ကျ စေနိုင်သည်ဟု ယုံကြည်ကြပါသည်၊

ထိုသို့သော ရည်ရွယ်ချက်တွေ မှာ စကားရည်လုပွဲ ပုံစံ စကားပြောခိုင်းရုံဖြင့် မဖြစ်နိုင်ပါ။ မိနစ် ၉၀ မျှ စင်မြင့် တွင် တက်ပြီး စကားအချေအတင် ပြောနေရခြင်း မေးခွန်း ကိုတုန့်ပြန် နေရခြင်း တို့ဖြစ်ရာ သမ္မတ လောင်းတို့၏ ကိုယ်ရည် ကိုယ်သွေး ကို ပရိသတ်က  ကောင်းကောင်း မြင်နိုင်ကြပါသည်။ ဖြီးဖြန်းပြောဆိုခြင်းဖြင့် စကားတွေ ဟိုရောက် သည်ရောက်ဖြစ်နေလျင် သန်းပေါင်းများစွာသော ပရိတ်သတ်က အလွယ်တကူမြင်နိုင်ကြပါသည်၊

တို ဒီဘိတ်မျိုး ကို နိုဝင်ဘာ ၂ ရက် ရွေးကောက်ပွဲ မတိုင်မီ သုံးကြိမ် ပြုလုပ်ပေးကြပါသည်။ အများအားဖြင့် ကိုယ်စား လှယ် နှစ်ဦးလုံး သဘောတူသည့် တက္ကသိုလ် တခုခု တွင်တွေ့ဆုံကြသည်၊ ဒုတိယ သမ္မတ များအတွက်မူ တကြိမ် သာပြုလုပ်ပေးသည်။

(၄)

ကျွန်တော်တွေ့ဖူးသော စကားရည်လုပွဲ တခုတွင် ပြိုင်ပွဲဝင်သူ တဦးက စင်ပေါ်တက်လာပြီး ကြေးစည် ကလေးထုတ်ခါ  ထုလေသည်။ ဘာမှ မျှော်လင့် မထားသော ပရိသတ်က တ၀ါးဝါး ပွဲကျပြီး သူ့ကို အားပေးကြလေသည်။ ကျောင်းအုပ်   ကြီးက ထို ကြေးစည် ထုသူကို မှတ်ချက်ပေး စကားပြောချိန် မှာ အပုပ်ချလေသည်။ သို့ပါသော်လည်း ပရိတ်သတ် တ၀ါးဝါး ပွဲကျအောင် လုပ်တတ်သော သူတို့ အဖွဲ့က  အနိုင်ရသွားသည်ကို ကျွှန်တော်တွေ့ဖူးသည်။

ကျွန်တော်ပြောလိုသည် မှာ ထို စကားရည်လုပွဲ ပုံစံထက် သူတို့အခေါ်  Town Hall Meeting  ပုံစံ  debate မျိုးကို ကျွန်တော်ပိုပြီး သဘောကျမိပါသည်။ ကြေးစည်ထုနေရန်လည်း အကြောင်းမရှိ၊ တကယ်မေး၍ တကယ်ဖြေကြ ရခြင်း သာဖြစ်သည်၊ စင်မြင့်ပေါ်တွင် စကား အချေအတင် ပြောမည့်သူတွေမှာ မိမိ တတ်ကျွမ်းသမျှ အနိုင်ပြောကြရန်သာ ဖြစ်သည်၊ မော်ဒရေတာ  လုပ်သူက တဖက် နှင့် တဖက် အခြေအတင် ပြောဆိုခြင်း ကို ဦးဆောင်ရမည်၊ မေးခွန်းကို သူက မေး သလို ပြိုင်ပွဲဝင်သူတွေကို မေးခွင့် ပေးရမည်။ ပရိသတ် ထဲ မှ မေးလိုသူကို မေးပြီး  Panel  လူကြီးတွေက  တဦးချင်း  မိမိ အယူ အဆ ကို ပြောခွင့် ပေးရမည်။

ကျွန်တော်တို့ မြန်မာ ကျောင်းတွေက ကလေးများကို စကားအခြေအတင် ပြောဆိုခြင်း ကိစ္စကို သင်မပေးလိုက်ကြပါ။ ယနေ့ စာသင် နေသော ပုံစံ သည် တချိန်တွင် ဆယ်တန်းစာမေးပွဲကို ကောင်းကောင်း မွန်မွန် ဖြေဆိုနိုင်ရေး၊ အမှတ် ကောင်းရ ၍ ကျောင်းကောင်းသို့ သွားနိုင်ရေး မှာသာ အဓိက ဖြစ်နေသည်ဟုကျွန်တော်ယူဆမိပါသည်။ ဆရာ နှင့် ကျောင်းသား တို့သည် အမြဲတွေ့ကြုံ နေရသူများဖြစ်သည်။ ကျောင်းသားလုပ်သူသည် မိမိ အယူအဆကို တင်ပြခွင့် ရှိပုံ၊၊ မိမိတို့ လိုအပ်ချက် ကို  ပြောပိုင်ခွင့် ရှိပုံ တို့ကို မြန်မာ နိုင်ငံ တ၀ှမ်းလုံးက ကျောင်းများတွင် သင်ပေးထိုက် သည် ဟု ကျွန်တော် ယူဆပါသည်။

ပထမဆုံး လုပ်ရန် လိုအပ်သည်မှာ ပညာရေးဌာန တာဝန်ရှိသူများက ဒီဘိတ်  လုပ်ခြင်းကို ပညာရပ်တခု သဖွယ်  သတ်မှတ်ပြီး ကျောင်းများကို  Guide Line  ချပေးရန်ဖြစ်သည်။ ဆရာတွေ အတွက် ဒီဘိတ်လုပ်နည်း မွန်းမံသင်တန်း ကို တိုင်းအလိုက်ဖြစ်စေ၊ နိုင်ငံနှင့်အ၀ှမ်း ဖြစ်စေ စုပေါင်းသင်ကြားပေးရန်ပင်ဖြစ်သည်။

ဆရာများက ဒီဘိတ်  လုပ်ခြင်းသဘောကို သိပြီဆိုလျင် ကျောင်းတခုစီ အလိုက် ခေါင်းစဉ်တွေ သတ်မှတ်ခါ လူအုပ် စု နှင့် စကားပြော ခြင်း အတတ်ပညာကို သင်ကြားပေးသင့်သည်ဟု ကျွန်တော်ထင်ပါသည်။

ယနေ့ အလုပ် ခွင်များတွင်၎င်း၊ မြန်မာ့တပ်မတော် တွင်၎င်း စီမံအုပ်ချုပ်မှု မှာ အထက် မှ စကားကို အောက်ကနာခံ တတ်ရေးပင် ဖြစ်နေပါသည်။ အမိန့် တခု သည် စောဒက တက် စရာမဟုတ်၊ ကြိုက်တာ မကြိုက်တာ အပထားပြီး  အမိန့် အတိုင်း ဆောင်ရွက်ရန်ပင် ဖြစ်နေပေသည်။
ရုံးသူ၊ ရုံးသား  အချင်းချင်း ဆက်ဆံရာတွင်၎င်း၊ မိမိဖောက်သယ် များနှင့် စကားပြောရာတွင်၎င်း၊ စောဒက တက်ခြင်း၊  ညှိနှိုင်း ပြောဆိုခြင်းတို့ မှာ လိုအပ်သော အရည်အချင်း မဟုတ် သလို ဖြစ်နေသည်။ လူသည်အုပ်စုဖွဲ့၍  အလုပ်  လုပ်   တတ်ရမည်။ မိမိကို ဝေဖန်လာလျင် ခံနိုင်ရည်ရှိရမည်။ ခုခံ ပြောဆိုနိုင်သော အရည်အချင်းရှိကြရပေမည်။

ကျောင်းများကသင် မပေးလိုက်သော ကြောင့် ဒီဘိတ်  ဆိုသည် ကိုလည်း နားမလည်၊ မိမိအထက် အရာရှိကလည်း  ပြောဆို တိုင်ပင်ဆွေးနွေးခြင်းဆိုသည်ကို လက်မခံသော အခါ အလုပ်ခွင်တွေမှာလည်း ဆွေးနွေးကြခြင်း အလေ့အထ၊ အကျင့် မှာ မရှိသလို ဖြစ်နေပေသည်။
ကျွန်တော်တို့သည် ဒီမိုကရေစီ နိုင်ငံတော်ကို  ဒီဘိတ်  လုပ်နိုင်ကြသော  နိုင်ငံသားများ နှင့် ထူထောင်နိုင် မှသာ  အောင်မြင် နိုင်ပါလိမ့်မည်။  အထက်လူကြီးကလည်း ဆွေးနွေးခွင့်မပေး၊ ဆွေးနွေးနိုင်သော အရည်အချင်းကလည်းမရှိ ခေါင်းဆောင်နိုင်သည့် အရည်အချင်းကလည်းမရှိ ဖြစ်နေလျင် တနည်းဆိုသော် မိမိ အရည်အချင်းနှင့် ဆီလျော်မှုမရှိ လျင် အရည်အချင်းရှိသူတွေ အတွက်နေရာဖယ်ဖပးသင့်ပါသည်၊

ခြစားမှုကင်းရှင်းအောင် စည်းကမ်းလိုက်နာတတ်သူ၊ မိမိ၏ရိုးသားမှုကို အစစ်ဆေးခံနိုင်သူတို့သာ နိုင်ငံတော် အတွက် အရေးကြီးသောနေရာများတွင်ရှိနေသင့်ပါသည်၊ ရိုးသားသူတို့သာ မိမိ လုပ်ငန်းဆောင်တာများနှင့်ပါတ်သက်ပြီး လူပုံအလယ်တွင် ဒီဘိတ်လုပ်နိုင်ကြပါလိမ့်မည်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “ကိုသန်းလွင် – စကားအချေအတင်
  1. ခေါင်းဆောင်များ၊ အချေတင်အပြောကောင်းသလို၊ အလုပ်လည်း ကောင်းကောင်း လုပ်နိုင်ကြပါစေ..။ အမေရိကန်မှာတော့ အောက်ဆုံးအဆင့်ရွေးကောက်ပွဲအထိ ဒီဘိတ်ပွဲတွေ ကျင်းပကြပါတယ်။ အခု အင်ဒိုနီးရှားမှာလဲ ဒီဘိတ်နေကြပါပြီ။ မြန်မာပြည်မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးရွှေမန်းတို့ ဒီဘိတ်နားထောင်ရလို့ အဆင့်မြင့်လာပါပြီ။

Comments are closed.