ရသဆောင်းပါးစုံ

မောင်ဦး – ဒီနေ့ ‘ဒီစကား’

 

မောင်ဦး – ဒီနေ့ ‘ဒီစကား’

(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅

‘သခင်ဘစိန်ကြီး ဝက်သားတစ်ပိသာချက်ရင် သူမြည်းတာနဲ့ပဲ ကုန်တယ်’

ဒီစကားကို ဗိုလ်ချုပ်အောင်ဆန်းက သူ့ချစ်ဇနီး ဒေါ်ခင်ကြည်ကို ပြောခဲ့သတဲ့။

နေဦး။ ကျွန်တော်ကလည်း စကားပြောရင် လောတယ်။ ဒီလို ဒီလို။ ဒီနေ့(၂၃ ဖေဖေါ်ဝါရီ ၂၀၁၅)ထုတ်တဲ့ ‘ဒီလှိုင်း’ဂျာနယ်မှာ အပါတ်စဉ်ပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ‘ဒီစကား’ မှာ ဖတ်ရတာ။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရိလ ၇ ရက်က စပြီးတော့ နတ်မောက်မှာ ဗိုလ်ချုပ်ရာပြည့် အမှတ်တရ အခမ်းအနားတွေ ကျင်းပခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာ နတ်မောက်ကို ရောက်ခဲ့တယ်။

သိကြတဲ့အတိုင်းပဲ။ နတ်မောက်မှာသာမက တစ်တိုင်းပြည်လုံးလိုလို နေရာအနှံ့မှာ ဗိုလ်ချုပ်ကို သတိရခြင်းအားဖြင့် ပဲပြုတ်နဲ့ နံပြား စတုဒီသာ ကျွေးကြတယ်။ အကြောင်းအရင်းကလည်း ‘ကြည် … ပဲပြုတ်နဲ့ နံပြား ရရင် စားချင်တယ်’ ဆိုတဲ့ စာတိုလေးကြောင့်ဆိုတာ အထွေအထူး ပြောစရာ မလိုပါဘူးလေ။

ဒီနေ့’ဒီစကား’မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီစာတိုကလေးကို ရေးခဲ့တဲ့အချိန်နဲ့ ပတ်သက်လို့ အခုလို ရေးထားပါတယ်။

‘ဒီစာကလေးကို ထိုအချိန်က နိုင်ငံရဲ့အစိုးရရုံးစိုက်ရာ ‘အတွင်းဝန်များရုံး’ကြီးမှာ ဘုရင်ခံရဲ့ကောင်စီဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ် တစ်နေ့မှာ ဖေဖေ ရေးလိုက်တာပါ။ ဘုရင်ခံကောင်စီရဲ့ဒုတိယဥက္ကဌဆိုတာက လွတ်လပ်ရေးကို ဦးတည်နေတဲ့ အကူးအပြောင်းခေတ်မှာ အစိုးရခေါင်းဆောင်တာဝန်တွေကို ထမ်းဆောင်နေရတာပါ။ အထက်က ဘုရင်ခံနဲ့ဗြိတိသျှအစိုးရ ရှိနေပေမယ့် တိုင်းပြည်ယန္တရား လည်ပတ်မှုအတွက် အဓိကကျတဲ့ လုပ်ငန်းတွေကို လက်တွေ့ကျကျ ကိုင်တွယ်နေတာကတော့ ဒုဥက္ကဌဦးဆောင်တဲ့ ကောင်စီပါပဲ။ ဒီလို ရာထူးသြဇာ ကြီးမားနေလျက်နဲ့ ပဲပြုတ်နဲ့နံပြား စားချင်တယ်လို့ ပြောတဲ့ အညာသားကို ပြည်သူတွေက ချစ်ခင်သနား၊ လေးစားကြတာပါ’

ဒေါ်အောင်ဆန်းစုကြည်က ပဲပြုတ်နဲ့ နံပြား အကြောင်းကို စဉ်းစားလိုက်တော့ ‘ဖာလူဒါ’ ကိုပါ သွားပြီး သတိရမိသတဲ့။ အဲ့ဒီအပိုဒ်အရောက်မှာ ကျွန်တော် လန့်သွားတယ်။ သူ့ရဲ့ စာရေးခြင်းမှာ မှော်ဝင်နေပုံကို လန့်သွားမိတာပါ။ ဒီအကူးအပြောင်းဟာ စာဖတ်သူတစ်ယောက်အနေနဲ့ သတိမထားမိနိုင်လောက်အောင် လှပလွန်းတယ်လို့ ခံစားရတယ်။ အဲ့ဒီ့ဖာလူဒါ အကြောင်းမှာ အဖွင့်မှာကျွန်တော်ရေးခဲ့တဲ့ သခင်ဘစိန်ကြီး ပါလာတာပါပဲ။ ‘ဖာလူဒါ’ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖော်ပြထားပါတယ်။

‘ပဲပြုတ်နဲ့ နံပြား အကြောင်းစဉ်းစားလိုက်ရင် ကျွန်မက ‘ဖာလူဒါ’ ကိုပါသွားပြီး သတိရပါတယ်။ မေမေ့အစ်မအကြီးဆုံး ကြီးတော်ကြီး ပြောပြဖူးတဲ့ အဖြစ်လေးတစ်ရပ်ကြောင့်ပါ။ စစ်ပြီးခါစအချိန်၊ ရန်ကုန်မြို့တော်ကြီးမှာ ‘ဖာလူဒါ’ နာမည်ကြီးတဲ့ အအေးဆိုင်တစ်ခု ရှိပါတယ်။ ဖေဖေက ဘုရင်ခံကောင်စီဒုဥက္ကဌ ဖြစ်လာပြီး မကြာမီ လခထုတ်ရက်မှာ မိသားစုတွေ အဲဒီအအေးဆိုင်မှာ ဖာလူဒါ သွားသောက်ကြပါတယ်။ အဲဒီတုန်းက ဖာလူဒါဖန်ခွက်တွေက အကြီးကြီးတွေပါ။ မလိုင်တွေ၊ ကြက်ဥပူတင်းဖတ်တွေ၊ ဖာလူဒါစေ့တွေ၊ နှင်းရည်တွေနဲ့ တစ်ပွဲဆို တစ်ဝကြီးပါပဲ။ ကလေးတွေ အပါအဝင် မိသားစုအားလုံး တစ်ယောက် တစ်ခွက်မှာလိုက်တော့ တစ်နှစ်ကျော်ကျော် ကျွန်မအပါအဝင် ကလေးတွေကလည်း တစ်ခွက်ဆီ ရပါတယ်။ ဖေဖေ၊ မေမေ၊ ကြီးဒေါ်ကြီးစတဲ့ လူကြီးတွေကတော့ သောက်လို့ကုန်ပေမယ့် ကလေးတွေက ဘယ်ကုန်နိုင်ပါ့မလဲ။ ကလေးတွေ ဖန်ခွက်တွေထဲမှာ ကျန်နေတဲ့ ဖာလူဒါတွေကို မေမေကပဲ တစ်ခွက်ပြီး တစ်ခွက် သောက်လိုက်ပါတယ်။ အစားနည်းတဲ့ ဖေဖေက မေမေ့ကို အံ့သြတဲ့မျက်လုံးတွေနဲ့ ကြည့်ပြီး ပြောတယ်တဲ့။

‘သခင်ဘစိန်ကြီး ဝက်သားတစ်ပိသာချက်ရင် သူမြည်းတာနဲ့ပဲ ကုန်တယ်’

ကြီးတော်ကြီးက ဒီလိုပြောတာကို သဘောကျလို့ မဆုံးပါဘူး။

‘သူ့မိန်းမ အစားကြီးတာကို ဘယ့်နှယ် သခင်ဘစိန်ကြီးဘက် မြားဦး လှည့်သွားရတာလဲ’

ဖေဖေက ဘုကျကျနဲ့ သွေးထွက်လောက်အောင် မှန်တဲ့ ဒဲ့ဒိုးစကားတွေ ပြောတတ်တယ်ဆိုပေမယ့် မေမေ့ကိုကျတော့ နူးညံ့နေလိုက်တာကို ကြီးတော်ကြီးက အတော့်ကို ပီတိဖြစ်ပါတယ်’

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်ဟာ သူ့ဇနီးကို စိတ်ရှုပ်အောင် မလုပ်တဲ့အကြောင်း၊ အစားအသောက်နဲ့ပတ်သက်ပြီး ကြေးမများကြောင်း၊ ချက်ကျွေးတာကိုပဲ စားတဲ့အကြောင်း၊ အကြိုက်ဆုံးဟင်းမှာ ဆိတ်ကလီစာ ဖြစ်တဲ့အကြောင်း၊ ကလီစာထဲမှာမှ ‘မျက်နှာသုတ်ပဝါ’ ကို အကြိုက်ဆုံးဖြစ်တဲ့အကြောင်း စတာတွေကို ဆက်ပြီး ရေးပါတယ်။

‘မျက်နှာသုတ်ပဝါ’ ကို ဖတ်ပြီးတော့ ကျွန်တော် ထ,ရယ်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့မိတ်ဆွေတွေကလည်း ‘မျက်နှာသုတ်ပဝါ’ လို့ ကြားရတဲ့အခါ ရယ်ကြတယ်လို့ ရေးထားပါတယ်။ ကျွန်တော်တို့သိတဲ့ ‘ပုဆိုးကြမ်း’ ကို မျက်နှာသုတ်ပဝါ လို့ပဲ သိပါသတဲ့လေ။

ကျွန်တော် မြင်ယောင်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ‘သခင်ဘစိန်ကြီးတို့ ‘မျက်နှာသုတ်ပဝါတို့’ ရေးနေတဲ့အချိန်မှာ ပြုံးနေမှာ သေချာတယ်။ သူ့ဖခင် ဗိုလ်ချုပ်ကိုလည်း သတိရနေမိမှာ အမှန်ပါပဲ။

နောက်ဆုံးစာကြောင်းတွေက ခံစားရတယ်။

‘နောက် ဖေဖေက တစ်ခါတစ်လေ ‘ငရုတ်သီးဟင်း’ စားချင်တယ် ပြောတာ ဘယ်လိုဟင်းမျိုးမှန်းမသိလို့ မကျွေးနိုင်ခဲ့တာကို မေမေက ဝမ်းနည်းစွာ ပြောဖူးတယ်။ ကျွန်မလည်း ဒီ ‘ငရုတ်သီးဟင်း’ ရှာပုံတော်လုပ်တာ အသက်အတော်ကြီးမှပဲ တောင်တွင်းကြီး ဇာတိ ညီမတစ်ယောက် ချက်ကျွေးလို့ စားဖူးဖြစ်တော့တယ်။ ရိုးရိုးသားသားနေခဲ့တဲ့ ဖေဖေနဲ့ မေမေကို သတိရခဲ့ရတယ်။’

ထူးဆန်းတယ်။ မနေ့က ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ သူ့ကို ကျွန်တော် ကန်တော့ခဲ့တယ်။ ဒီနေ့ ‘ဒီစကား’ကို ဖတ်ပြီးတော့ စိတ်ထဲကနေ နောက်တစ်ကြိမ် ထပ်မံကန်တော့လိုက်တယ်။

ကြီးကျယ်မြင့်မြတ်တဲ့ ဉာဏ်ပညာကို ကန်တော့တာပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်ဦး – ဒီနေ့ ‘ဒီစကား’

Comments are closed.