Nyi Saw Lwin – Essay

ချစ်စနိုးနဲ့ ၀ှက်ထားခဲ့တဲ့ တန်ဖိုးတွေအကြောင်း
ညီစောလွင်
စက်တင်ဘာ ၂၂၊ ၂၀၁၃


ဝေဒအဆုံးအမက ဘုရားမပွင့်ခင်ကတည်းက ရှိခဲ့တဲ့ အယူအဆဖြစ်ပါတယ်၊ နောက်ပိုင်းမှာ ဘုရားရဲ့ ဒကာရင်းဖြစ်သွားတဲ့ အနာထပိဏ်လည်း ဝေဒအဆုံးအမနဲ့ ကြီးပြင်းခဲ့ရတဲ့ သူတော်ကောင်းတယောက်လို့ ဆိုပါတယ်။ ကျေးဇူးရှင် ငါးမျိုးကို ဒီလို ဆိုပါတယ်။
၁၊ ပထမ ကျေးဇူးရှင်မှာ တရားဓမ္မဖြစ်သည်။
၂။ ဒုတိယကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ ဝေဒဓမ္မကို ထိန်းသိမ်းစောင့်ရှောက်နေသော သူတော်စင်များဖြစ်၏။
၃။ တတိယကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ မိဘမျိုးရိုးဖြစ်သည်။
၎။ စတုတ္ထကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ ပတ်ဝန်းကျင်ရှိသော လူသားများဖြစ်သည်။
၅။ပဉ္စမကျေးဇူးဆပ်ရမည့် ကျေးဇူးရှင်မှာ ရေမြေ တောတောင်နှင့် ကျေးငှက်တိရစ္ဆာန်များဖြစ်၏။
၁ ကနေ ၄ အထိ Principle အရ ဘာသာတရားအားလုံးရဲ့ အဆုံးအမ ဖြစ်မယ်လို့ ယုံကြည်ပါတယ်၊
ကမ္ဘာ့ဂေဟစနစ်ပျက်စီးနေတဲ့ ခေတ်မှာ လူဖြစ်နေရသူ တစ်ယောက်အနေနဲ့ နံပါတ် ၅ ကို ဖတ်ပြီး ဝေဒဘာသာကို တီထွင်ခဲ့တဲ့ ဝေဒ ဆရာကြီးကို အကြိမ်ကြိမ် ဦးခိုက်မိပါတယ်။ သူတို့ခေတ်မှာ ကိုပင်ဟေဂင်စာချုပ်ထက် ထိရောက်တဲ့ social contract ပဲ မဟုတ်ပါလား။
ကျနော်တို့ ငယ်ငယ်က ကျနော်တို့ ဆွေမျိုးတွေ ၅ နှစ်တကြိမ် လုပ်လေ့ရှိတဲ့ ၃၇ မင်း နတ်ပွဲ ဆိုတာ ရှိပါတယ်၊ နတ်ပွဲ လုပ်မယ့် အချိန်ကို အားလုံးက ၀ိုင်းတိုင်ပင်ပြီး သတ်မှတ်ကြပါတယ်၊ ကျနော်တို့ မတွေ့ဘူးတဲ့ အဘိုးတွေရဲ့ ညီအစ်ကိုတွေကနေ ဆင်းသက်လာတဲ့ မျိုးဆက်တွေ (စတုတ္ထမျိုးဆက်တွေအထိ) ဆုံကြတဲ့ ပွဲပါ၊ အလွန်ကြီးကျယ်ပါတယ်၊
ဘယ်နယ်ရောက်ရောက်၊ ဘယ်လောက်ပဲ ဆင်းရဲ၊ ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ တတ်နိုင်သလောက် ထည့်ပြီး ၇ ရက် ၇ နေ့ နတ်ကကြတဲ့ ပွဲပါ၊ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြ၊ နတ်သီချင်းနဲ့ ဟဲလိုက်၊ တခြား က- ချင် ဆိုချင်တဲ့ လည်း ရပါတယ်၊ မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ မဏ္ဍပ်ကြီး ထိုးပြီး ဆိုကြ၊ ကကြ၊ စုချက်၊ စုစား၊ — အလွန်ပျော်စရာကောင်းပါတယ်။ အားလုံး တသားတည်း ရှိကြပါတယ်၊
နောက်တပွဲက ကျနော့် အဖေဘက်က အိမ်ကြီးနတ်ရှင်ကို ပ-သတဲ့ ပွဲပါ၊ ကျနော့် အဘိုးရဲ့ ညီအစ်ကို ၀မ်းကွဲတယောက် အိမ်မှာ လုပ်ပါတယ်၊ သူက အသက်အကြီးဆုံး မို့လို့ သူ့အိမ်မှာ လုပ်တာပါ၊ ကျနော်တို့က တတိယမျိုးဆက်ပါ။ မိသားစုတွေက ကျနော့်အမေအပါအ၀င် အမျိုး သမီးတွေက မုန့်ပဲသရေစာတွေကို အတူတူလုပ်ပြီး၊ နတ်ကို ပူဇော်ပ-သတဲ့အခါကျရင် ကျနော်တို့အရွယ် တတိယမျိုးဆက် ယောင်္ကျား လေးတွေက ရှေ့ဆုံးက ထိုင်ရပါတယ်၊
ငယ်ငယ်က ဒီလို နတ်ပွဲတွေက မုန့်စားရတယ်လောက်ပဲ နားလည်ခဲ့ပေမယ့် တစိမ့်စိမ့်တွေးလေ အရေးကြီးတဲ့ တန်ဖိုးတွေကို ကျနော် နားလည်လာလေပါပဲ၊ကျနော်တို့ အသိုင်းအ၀ိုင်းမှာ ဆွေမျိုးစပ်မယ်ဆိုရင် တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ ပြီးရင် “တစ်နတ်တည်း” ဆိုတဲ့ အသုံး အနှုန်း ရှိပါတယ်။ တသွေးတသားတည်းလို ရင်းနှီးကြပါတယ်၊ စည်းလုံးကြပါတယ်။
နယ်တကျေးက မိသားစုတွေ တနှစ်တခါ ပြန်လည်ဆုံတွေကြတဲ့ ခရစ်စမတ်ပွဲတော်လေးလိုပဲ၊ ကျနော်တို့ ဓလေ့က Romantic ဖြစ်တဲ့ ဘာသာရေးဆန်ဆန် ပွဲတော်ပါပဲ၊ အလွန် လှပါတယ်။
ဘယ်ခေတ်ရောက်ရောက်၊ သိပံပညာတွေ ဘယ်လောက်ထွန်းကားထွန်းကား အရေးကြီးတာက သဟဇာတဖြစ်တဲ့ harmonious လူ့အဖွဲ့အစည်းဖြစ်ဖို့ပါပဲ၊

ပြန်စဉ်းစားကြည့်တော့ အယူသည်းလွန်းတယ်လို့ ကျနော်တို့ ထင်နေတဲ့ ဓလေ့ဟောင်းထဲမှာ တန်ဖိုးတချို့ မြှုပ်နေတာ ရိပ်မိလာပါတယ်။ ကျနော်တို့ရဲ့ အဘိုး အဘေးတွေက ကျနော်တို့ကို ချစ်စနိုးနဲ့ ၀ှက်ထားခဲ့တဲ့ တန်ဖိုးတွေလို့ ရိပ်မိလာပါတယ်။